Wednesday, February 15, 2012

စိတ္တဇ မြို့ တော်၏ ညမှတ်တမ်း




ပထမ လဆုတ်ည

ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူသံသည် မူလ စတည်ရာနေရာမှ တဆင့် လမ်းမကြီးတစ်လျှောက် နှင့် လမ်းကြို လမ်းကြားမကျန် ၀င်ရောက် ပျံ့နှံ့သွားသည်။ ရာသီမသိသော ညတစ်ညသည် အပူအအေး ကင်းမဲ့စွာ ။ အရက်မူးလွန်နေ သော လေပြေသည် ထူမည့်သူ လိုက်ရှာရင်း ဦးတည်ချက်မဲ့ တရွေ့ရွေ့ လျှောက်သွားနေသည်။
သူ၏ ဘေးတွင် သူ ရှိသည်။ သူ မဟုတ်သော သူသည် မည်းနက်နေ၏။ သူ လောက် အချိုးမကျသော ပုံရိပ်နှင့်။ နာရီသံသည် စည်းချက်မှန်၏။ မြို့တစ်မြို့ ၏  ညသည် မှောင်လွန်းနေသည်ဟု သူ ထင်သည်။ မြို့တစ်မြို့၏ ညသည် တိတ်ဆိတ်လွန်းသည်ဟု သူ ထင်သည်။ သူ ထင်သော ထင်မြင်ချက်များသည် အတွေးဟူသော ခေါင်းစဉ်အောက်တွင် ဦး နှောက်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။

                                                           *

ဒုတိယ လဆုတ်ည

လျှပ်စစ်နှင့် အလင်းသည် ချစ်တင်းနှောရင်း မြို့သူမြို့သားတို့ ကို စောင့်ရှောက်နေသည်။ ခြေသံတို့  ရုန်းရင်းဆန် ခတ် အော်ဟစ်နေကြသည်။ အဓိပ္ပာယ်မဲ့နေသော ၀ါကျတစ်ကြောင်းသည် လေညှင်းခံရင်း လမ်းလျှောက်ထွက်နေသည်။
မြို့အစွန်ကုက္ကိုပင်ကြီးအောက်တွင် ကိုယ်ခန္ဓာရောင်းစားသော မိန်းမငယ်တစ်ယောက် သွေးစွန်းနေသော ဖြစ်ရပ် မှန်ဇာတ်လမ်းများကို လက်ထိုးအန်နေသည်။ ဒဿနသစ်များ၏ သက်တမ်းကုန်ဆုံးရက်မှာ မြန်ဆန်လွန်းလှသည်။ လူငယ် တစ်သိုက် ဂစ်တာထမ်း၍ ပုလင်းဆွဲ၍ လမ်းလျှောက်လာနေသည်။ ကုက္ကိုပင်အောက်တွင် ရှယ်ယာဈေးများ ထိုးတက်သွား သည်။
သူ၏ စာအုပ်ပေါ်တွင် ပိုးဟပ်တစ်ကောင် ပစ္စည်းပျောက်ရှာနေသည်။ သူ ဖုန်းကို  ကောက်ကိုင်လိုက်သည်။ နံပါတ် တစ်ခုကို နှိပ်လိုက်သည်။ ( - - - ) ။ ဖြစ်မြောက်စေလိုခြင်း စိတ်အလျဉ်းမရှိပါဘဲ ရာဇ၀တ်မှုတစ်ခု ဖြစ်မြှောက်ခဲ့ သည်။

                                                                *

လကွယ်ည

ကြယ်တစ်သန်း၏ ကကြိုးကြောင့် ကြမ်းပြင်ကြားမှ ကြမ်းပိုးတို့  အိပ်ရေး ပျက်ခဲ့ကြရသည်။ ဒြပ်မဲ့သစ်ပင်သည် ဟီးဟားတိုက်၍ ရယ်မောနေသည်။ အိမ်စောင့်ခွေးတို့ အိပ်ချင်ယောင်ဆောင်နေသည်။ ခြေသံတဖျပ်ဖျပ်သည် ယခုထိ ကြားနေရဆဲ။  သူခိုးတစ်ယောက်သည် သန်းခေါင်ယံကို စောင့်ရင်း အိပ်ငိုက်နေသည်။
စိတ်ကူးယဉ်မှုများ တောထွက်သွားကြသည်။ မြို့တောင်ဘက်ပိုင်းမှ ရမ္မက်တို့ ၏ ဆူညံပေါက်ကွဲသံကို အတိုင်းသား ကြားနေရသည်။ သုဿာန်ထဲရှိ ဇရပ်ပေါ်တွင် လူတစ်ယောက်၏ ဟောက်သံကို ကြားနေရသည်။ ဖောက်ပြန် နေသော ရာသီဥတု၏နောက်တွင် ကူးစက်ရောဂါ ပိုးမွှားများ တပျော်တပါး လိုက်ပါလျက်။
သူ တစ္ဆေ၏မျက်နှာကို လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးလိုက်သည်။ တစ္ဆေက ဂျွန်ထရာဗိုတာ အက်ရှင်ဖြင့် ပါးစပ်မှ သွေးများကို လက်ခုံဖြင့် သုတ်ပြီး လျှာနှင့် လျက်နေသည်။ သူ စိတ်အချဉ်ပေါက်၍ လက်သီးဖြင့် ထပ်ထိုးလိုက်သည်။
မြို့ ဦးတွင် တည်ထားသော စေတီဆီမှ ဆည်းလည်းသံများ ကြားနေရသည်။

                                                                 *



ပထမ လဆန်းည

ပျောက်သောသူကို မရှာဘဲနှင့် တွေ့ လိုက်ရသည်။ စိတ်ဓာတ်ကျဆင်းရာ ကျဆင်းကြောင်း မူလ ဇစ်မြစ်သည် မပြည့်ဝသော အပြုံးများကြောင့် ဖြစ်သည်။ ဟိုးအဝေးမှ နက်နဲသိပ်သည်းသော ခံစားချက်များ လွင့်ကျလာသည်။ ငိုရှိုက်မှု တွင် မျက်ရည်တစ်စက်မှ မပါ။ ကော်ဖီလို ခါးခြင်း မဟုတ်ပါဘဲ ကြက်ဟင်းခါးသီး လို ခါးခြင်းမျိုးဖြင့် လူ့ဘ၀သည် နေပျော် စရာ ကောင်းနေသည်။
မြို့ကလေး၏ တစ်ဦးတည်းသော သူခိုးသည် ခွေးကိုက်ခံရ၍ ဆေးရုံတက်နေရသည်။ မြို့သူမြို့သားများ စိတ်မ ကောင်းကြ။ ထိုသူခိုးအပေါ် သစ္စာစောင့်သိသော အားဖြင့် ပစ္စည်းများကို လုံခြုံစွာသိမ်းပြီး အိမ်တံခါးကို လုံခြုံစွာပိတ်၍ အိပ်စက်ကြသည်။ ငှက်ဆိုးထိုးသံများ ကြားရသည်။ မြို့ထိပ်မှဖြစ်သည်။ ထို့နောက် ခွေးတွေ အူကြသည်။ တစ်မြို့ လုံးမှ ခွေးများ အားလုံး အူခြင်းတော့ မဟုတ်။ အနည်းငယ်သော ခွေးတို့ မှာ အသံဝင်နေကြသည်။
သူ အပါအ၀င် အခြားသောလူများ ကျန်းမာ ချမ်းသာကြစေရန် မေတ္တာပို့ အမျှဝေ၍  ကြေးစည်ကို ထုလိုက်သည်။ အရှေ့နှင့်အနောက် ခုနှစ်အိမ်မှ အိပ်မက်တို့ ရိုးတိုး ရွတ ဖြစ်ကုန်ကြသည်။ ကလေးငယ်တစ်ယောက်၏ ပုံရိပ်ဖြင့် မေတ္တာ တရားသည် ဘုရားရိပ်တရားရိပ်တွင် အိပ်စက်နေပြီ။ သူ၏ အိမ်ပေါ်သို့  နောက်ဆုံးမှ ရောက်လာသော ၀ိဥာဉ်သည် ချာလီ ချက်ပလင် မျက်နှာနှင့် မစ္စတာဘင်း စတိုင်လ်ဖမ်းထားသည်။
သူ ပေးလိုက်သော လက်ဆောင်ကို လပြည့်နေ့ တွင် ဘုရားမှာလျှူဖို့  အားလုံးကို မေတ္တာရပ်ခံထားသည်။ လ နှစ် ချောင်းငင်တို့၏ လ တစ်ချောင်းငင်လိုသော စိတ်သည် ဘုရားဟောလည်း မပျောက် ၊ တရားရေတိုက်လည်း မကွယ်။ ဗီဇ သည် ပြင်ဖို့ ခက်သည်။
မြို့ဦးတွင် တည်ထားသော စေတီဆီမှ ဆည်းလည်းသံများ ကြားနေရသည်။ စာအုပ်စင်မှ စာအုပ်များ ကြက်သီး မွေးညှင်းများ ထသွားသည်ကို သူ တွေ့လိုက်ရသည်။

                                                               *


အချပ်ပို နံနက်ခင်း

မြို့ဈေးနေ့ တွင် ဖြစ်သည်။ အတင်းအဖျင်း စကားလုံးများကြားတွင် အမှန်တရားသည် အသက်ရှုရကျပ်လျက် ရှိသည်။ သားစိမ်းငါးစိမ်း ညှီနံ့များသည်  တစ်မြို့လုံးကို စွဲထင်နေပြီ။ အစိမ်းရောင်ဖျော့နေသော အသီးအရွက်များ၏ နွမ်း ပါးမှုကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက မျက်စိကျနေသည်။
အပျိုရည်ပျက်နေသော သူ၏ နှင်းဆီခင်းကို ကာလသားတို့  မနှစ်မြို့ကြ။ ထမင်းကြော်တစ်မျိုးတည်းနှင့် ရောင်း အားကောင်းနေသော လက်ဘက်ရည်ဆိုင်ကို အသုပ်စုံဆိုင်တို့ မနှစ်မြို့ကြ။ မြို့အစွန်မှ ပြန်လာသော မိန်းမငယ်ကို မြို့သူ တို့  မနှစ်မြို့ကြ။
သူ စာအုပ်ကို သော့ခတ်လိုက်သည်။ စာအုပ်မှ အစွယ်တစ်ချောင်းကျိုးသွားသည်။ ရှည်လျားရှုပ်ပွနေသော သူ၏ ဆံပင်ကို ရေစည်ထဲ နှစ်စိမ်ထားလိုက်သည်။ ညက သတင်းစကား အချို့သူ၏ အိမ်ရှေ့လမ်းကလေးသို့ ရောက်လာသည်။ အပုပ်နံ့ထွက်၍ ရှုရှိုက်မိလျှင် လူကို ပြုံးရယ်စေသော ထိုစကားလုံးများသည် နံနက်ခင်း၏ နံနက်စာဖြစ်သည်။

                                                                 *

လပြည့်ည

လင်းလက်လွန်းနေသည်ဟု ယူဆကာ တစ်အိမ်လုံးရှိ မီများအားလုံးကို ဖွင့်ထားလိုက်သည်။ အဆိပ်ကို အဆိပ်နှင့်  ဖြေသောနည်း ဖြစ်သည်။ အိပ်စက်ရမှာ နှမြောနေသော ဆင်ခြေဖုံးရပ်ကွက်လေးသည် မြို့ဦးတွင် တည်ထားသော စေတီ ရင်ပြင်ရှိ အမှိုက်များကို ရှင်းလင်းနေသည်။
ပုလင်းဖြူများသည် အလွမ်းသီချင်းကို သီဆိုနေကြသည်။ ထွက်ပေါ်လာသော အသံများသည် ကမ္ဘာ့ဆွဲအားနှင့် နီးနေသည်။ ဥာဥ့်ငှက်တို့ စိတ်အနှောက်အယှက် ဖြစ်နေကြသည်.။ ပျော်ရမှာလား။ မပျော်ရဘူးလား။ ဝေခွဲရခက်ခဲနေသော ကြောင့် ခွဲဝေ၍ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ခုနှစ်စဉ်ကြယ် အရုပ်ကြိုးပြတ် လဲကျသွားသည်။ ရပ်ကွက်ထိပ်ရှိ ရေတွင်း ထဲမှ ၀ိဥာဉ်တစ်ကောင် တွားတက်လာနေသည်။
သူ၏ မျက်လုံးသည် ပြတင်းပေါက်ဆီကို ရောက်နေသည်။ ထုပ်တန်းမှ ကြိုးတစ်ချောင်းကျလာသည်။ သူ၏ နောက်မှ ကြိုးများက သူ့ ကို လွှတ်မပေးကြ။ ဗီရိုထဲမှ ဆေးပုလင်းများ ထကြွ သောင်းကျန်းနေကြသည်။ မီးဖိုချောင်ထဲမှ ဓားများ အရောင်တလက်လက် ထ၍ ဟန်ရေးပြနေကြသည်။
နာမည်မေ့နေသော သူ၏ တစ်ခါတုန်းက ဇနီးဟောင်းတစ်ယောက် ရောက်လာသည်။ ဇနီးသည်၏ နီဆွေးသော နှုတ်ခမ်းများသည် နမ်းရှိုက်ချင်စဖွယ်အတိ။ဇနီးသည်၏ စကားလုံးများသည် သူ၏ ဦးနှောက်ကို အလုပ်ကောင်းကောင်း ပေးနေသည်။ သူ….. ဇနီးသည်၏ လက်ကို ဆုပ်ကိုင်ရင်းဂန္တ၀င်တေးတစ်ပုဒ် သီဆိုနေမိသည်။ ထို့ နောက် ကဗျာတစ်ပုဒ် ရွတ်ပြသည်။ ဇနီးသည်၏ နှုတ်ခမ်းများ ပြုံးရိပ်သန်းလာသည်။ ထို့ နောက် သူ့ဘ၀တွင် ပထမဆုံး မြင်ဖူးသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။မျက်ရည်..။ ဇနီးသည်၏ မျက်ရည်..။ ပြုံးရယ်နေသော နှုတ်ခမ်းနှင့် ပါးပြင်ထက်မှ မျက်ရည်စီးကြောင်းတို့ သည် ဇနီးသည်၏ အလှဆုံးသော အစိတ်အပိုင်း( သို့ ) ဇနီးသည်၏ လျှို့ဝှက်အလှဟု သူ ထင် သည်။
သူ၏ နားထဲတွင် နာရီသည် စည်းချက်မမှန်ချင်တော့။ လေတိုးသံသည် အစစ်လား .. အတုလား။သူ မခွဲခြားတတ်။ သူ သတိရ၍ ကြည့်လိုက်တော့ ဇနီးသည် မရှိတော့။ ဇနီးသည်၏ စကားလုံးများကတော့ မျက်နှာကြက်မှ ခုန် ပေါက်ကျလာသည်။
မြို့လေး၏ လမ်းကြိုလမ်းကြားထဲတွင် အမှိုက်များ ပြေးလွှားနေသည်။မြို့စွန်ရှိ အိမ်မည်းကြီးမှ ကြောင်အော်သံများ ကြားနေရသည်။ ခွေးများ ဟောင်နေကြသည်။ မလိုလားအပ်သော ပတ်ဝန်းကျင် အခြေအနေကို ဖောက်ခွဲပစ်ဖို့  ကြိုးစားခြင်းသည်  မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ပုလင်းဖြူထဲတွင် ဘာမှ မရှိတော့။ မြို့လယ်မှ အား ဟူသော အော်သံတစ်သံကြားရသည်။ ထို့ နောက် ၀ုန်းခနဲ  လဲပြိုသံများ ကြားရသည်။
ရာသီဥတုသည် နွေဥတု ဖြစ်သည်။ အချိန်သည် ည  တစ်နာရီ ဆယ့်ငါးမိနစ် ဖြစ်သည်။ နေ့ရက်သည် ဆယ့်သုံး ရက် သောကြာနေ့ဖြစ်သည်။ လပြည့်ညတွင် လမင်းမရှိ။ ကောင်းကင်သည် ပကတိ နက်ပြာ။

                                                                  *

အချပ်ပို နံနက်ခင်း

ထိုလူ ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဆိုတာကို မြို့သူမြို့သားများ အသေအချာ ဘယ်သူမှ မသိ ကြ။ သို့ သော် သူတို့၏ ဦးနှောက်ထဲတွင် ကိုယ်စီ ထင်မြင်ချက်လေးတွေ ဖျပ်ဖျပ်လူးနေသည်။ ယနေ့  ဈေးနေ့မဟုတ်ပါ။

                                                                    *


မိုးအိမ်လူ