Sunday, December 4, 2011

သစ်ရွက်ကလေးတွေ ပြောတဲ့ ပုံပြင်




အိပ်မက် မဟုတ်တဲ့ အကြောင်း ကောင်းကင် က လာပြောတယ်။ ကိုယ် မယုံပါဘူး။ အရာအားလုံးဟာ အိပ်မက်ပဲ လေ။
ဒီလို ရူးသွပ်မှုတွေ သွေးမဆုံးခင်ကတည်းက အဲဒါတွေ အိပ်မက် ဖြစ်သွားတာ ကြာပြီ။ တကယ် ကိုယ် လိုအပ်နေတာကလည်း အိပ်မက်ပဲ
မဟုတ်လား။ ဘာတွေ လိုဦးမှာမို့လို့လဲ။ စကားတွေ ပြောခဲ့ပါတယ် တစ်ထောင့်တစ်ည။ ကတိတွေတော့ မပေးဖြစ်ဘူး။ ကိုယ်က ကတိ
တွေကို မယုံကြည်ဘူး။ ကိုယ့်ရဲ့ ရိုးသားမှုကိုတော့ အတတ်နိုင်ဆုံး ကိုယ် ဖွင့်ဆိုပြခဲ့ပါတယ်။ သူ မယုံရင်တော့ မတတ်နိုင်ဘူး။
နောက်ဆုံးတော့ ကြယ်စင်တွေလည်း ပျင်းလာပြီ ထင်ပါရဲ့။ ယိုင်တိယိုင်ထိုးနဲ့ အိမ်အပြန်လမ်းဘက် ထွက်သွားကြလေရဲ့။

*

နေ့မဟုတ်လျှင် ည ပဲ ဖြစ်သင့်သည်။ အခုတော့ ညနေခင်းတဲ့။ အပိုတွေ။ လူတွေက စကားတတ်တိုင်း ပေါက်တတ်ကရတွေ အကုန်
လျှောက် နာမည်တပ်နေတာ။ ထားပါ။ အချိန်ကိစ္စက ကိုယ့် အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက သူ ဘာပြောသလဲ။ သူ ဘာ
လုပ်နေသလဲ။ သူ ဘာတွေ တွေးနေသလဲ။ ပြတင်းပေါက်ဘောင်ကို ကျော်ပြီး သူ့ ဆံနွယ်တွေ ယိမ်းက နေတယ်။ ကိုယ် လွမ်းသွား တယ်။
တကယ်ဆို ကိုယ်တို့ အတည်တကျ တစ်ခုခုကို လုပ်သင့်တယ်မဟုတ်လား။ အခုလို မရေမရာ မှုန်ဝါးမှုကြီးနဲ့တော့ ကိုယ်တို့ နေ့စွဲတွေ
ကို အဟောင်းစာရင်း မသွင်းချင်ဘူး။ အခုဆို ကိုယ် ဆိုတဲ့သီချင်း သူလည်း ဆိုနေလောက်ရောပေါ့။

*

အဆစ်အပိုင်းတွေ တစ်ခုချင်းစီမှာ သစ္စာတရား လို့ ထွင်းထားတယ်။ သစ္စာတရားဆိုတော့ အမှန်တရားပေါ့။ အမှန်တရားဆိုတာ
တကယ်မှ မရှိဘဲ။ သူကတော့ အလှပဆုံး အပြုံးတစ်ခုကို ပေါ့ပေါ့ပါးပါး ပြုံးရယ်လို့။ ကိုယ် ရင်တွေ ခုန်လိုက်တာ။ ပွင့်ဖတ်လေးတွေ
မှာ သူ့ နာမည်လေးတွေ ရေးပြီး ကိုယ့် ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာ ထောင့်စွန်းတွေမှာ ကပ်ပေးနေတယ်။ ဒါဟာ အိပ်မက်မဟုတ်ဘူး။
ကိုယ်သိတယ်။ သူ့ ကိုယ်သင်းရနံ့လေးက လတ်ဆတ်နေတယ်လေ။ တစ်ခါတစ်ခါ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တယ် အရာတွေ
တကယ်ဖြစ်လာတော့ ချက်ချင်း အလွယ်တကူ မယုံချင်ပြန်ဘူး။ စိတ်က လည်း ခက်ပါတယ်။ လောလောဆယ်တော့ ကိုယ်မှာ
မြတ်နိုးခြင်းတွေသာ တတွင်တွင် စိမ့်ထွက်ရင်း သူ့ရဲ့ ဆံနွယ်လေးတွေ တစ်လျှောက် ရူးသွပ်လို့။

*

" ဒါဟာ အချစ်လို့ ရှင် ထင်နေတာလား "
" မဟုတ်ဘူးလား "
" မဖြစ်နိုင်ပါဘူး ။ မတော်တဆ ဖြစ်ပေါ်လာတဲ့ စိတ်ဆုံချက်လေးတစ်ခုပဲ လို့ ထင်တယ်။ "
" ဘယ်လို "
" ရှင် ဒီလို တစ်ခါမှ မခံစားဖူးဘူး မဟုတ်လား။ တစ်ခါမှလည်း ဒီလို မမြင်ဖူးဘူးလေ။
တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အရာတစ်ခုကို တွေ့ကြုံရတဲ့အခါ စိတ်တွေဟာ အလိုလို နိုးကြွလာတတ်ကြတယ်။ ပြီးရင်တော့
တစ်နေရာရာမှာ အချို့တွေ တိုက်မိကုန်တာပေါ့။ အဲ့လို တိုက်မိကုန်တဲ့အခါ ရှောခ့်ဖြစ်သလိုဖြစ်သွားကြပြီး နောက်ထပ် မတူတဲ့
စိတ်ခံစားမှုလေးတွေလည်း ပေါ်လာတတ်တယ် "
" အဲ့ဒါ အချစ်မဟုတ်ဘူးလား "
" မဟုတ်ပါဘူး "  ( ညင်ညင်သာသာလေး ပြောတာပါ )
" ဒါဆို ဘာလဲ "
" ပြောပြီးပြီလေ စိတ်ဆုံချက်လို့ "
" ရူးတာပဲ "
" ဟုတ်မှာပါ "
" ဒါဆို အချစ်ကကော ဘာလဲ "
" အချစ်က လောကမှာ တကယ်မ၇ှိဘူး "
" မဖြစ်နိုင်ဘူး "
" ယုံချင်ယုံ မယုံချင်နေလေ "
" ယုံချင်ပေမယ့် မယုံတော့ဘူး "
သံလွင်ခက်တို့ လေပြေ လျှောက်လမ်းမှာ ရုန်းကြွ ကခုန်ကြတဲ့ အခါ ထွက်ပေါ်လာတဲ့ သံစဉ်လေးလိုမျိုး သူက ရယ်မောလိုက်တယ်။
ကိုယ် လွမ်းသွားတယ်။

* * *

မိုးအိမ်လူ
၎ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်သုံးမိနစ်