Thursday, May 12, 2016

အရေးမကြီးတဲ့ စာရွက်




လူတစ်ယောက်၏ တစ်သက်တာမှတ်တမ်းတွင် ထည့်သွင်းအပ်သော (လူမြင်ကောင်းသောလူကြားကောင်းသော) အရာများကိုစစ်ထုတ်ကြည့်လိုက်သောအခါ အေဖိုးစာရွက်တစ်ရွက်စာပင် မရှိကြောင်းအံ့သြကြီးစွာတွေ့လိုက်ရသည်။ အက်စစ်လောင်းခံရသောစိတ္တဇနေ့ရက်များသည် နွေရွက်ကြွေတစ်ရွက်ထက် မပိုခဲ့။ စာရင်းပေးတန်းစီစောင့်ဆိုင်းစရာမလိုအပ်သော်လည်းထိုပန်းပွင့်လေးသည် ကျွန်တော်နှင့် ဝေးကွာလွန်းနေပါ သည်။ ပင်လယ်ပြင်တွင် ကျဲပက်ထားသောလရောင် ပင်လယ်တစ်ခုစာကို ကျွန်တော် နှမြောတသဖြစ်မိသည်။ ထိုပင်လယ်ထဲသို့ ကြွေကျခဲ့သော ကြယ်စင်တို့၏ အရိုးစုကို ကျွန်တော် သနားမိပါသည်။ ထို့အတူအစဉ်အမြဲလည်းဦးညွတ်ခဲ့ပါ သည်။

အခါလွန်မိုးများကို ကျွန်တော်မုန်းတီးပါသည်။ ကျွန်တော်နှင့် အခါလွန်မိုးတို့ သွေးထွက်သံယို ဖြစ် သည်အထိသတ်ပုတ်ရန်ဖြစ်ဖူးသည်။ အရက်ဖြူပုလင်းထဲမှ အမှန်တရားကိုရှာရင်းယုတ္တိဗေဒနယ်ပယ်၏ အပြင်ဘက် သို့ ရောက်နေသော ကျွန်တော်၏ စိတ်ကို ပြန်လည် ဆွဲဆောင်ခဲ့ရပါသည်။ လွဲချော်မှုများကိုအပြစ်မဆိုလိုပါ။ မိုးကိုမိုးဟုသာသတ်မှတ်ပါ။ ည ကိုညဟုသာသတ်မှတ်ပါ။ နံနက်ခင်းများတွင် မပွင့်ဝေသော ပန်းများကိုထည့်မတွက်ပါနှင့်။

ချစ်ဦးသူများကိုတမ်းတတတ်သူများအတွက် သီချင်းတစ်ပုဒ် ရှိသည်။ ဘ၀တွင် ကွမ်းယာထက် ပို၍ အရေးကြီးသော အရာများ များစွာ  ရှိပါသည်။ လူနှစ်ဦးသာ သိခဲ့သော လမ်းကျဉ်းလေးတစ်ခု ရှိပါသည်။ လူနှစ်ဦးသာ သိသော နှစ်ရှည်သစ်ပင်တစ်ပင် ရှိပါသည်။ လူနှစ်ဦး၏ ရနံ့များ စွဲထင်နေသော လမ်းကျဉ်းလေးတစ်ခုနှင့် နှစ်ရှည် သစ်ပင်တစ်ပင်တို့ ရှိပါသည်။ မည်သည့် ရာဇ၀င်မှတ်တမ်းမှာမှ ရေးသားဖော်ပြခြင်း မခံရသော အဖြစ်အပျက်များသည် သက်ဆိုင်ရာ နှလုံးသားတို့တွင် အဆိပ်တက်လျက်ရှိသည်။ တိမ်တိုက်များဖြင့် မိုးထားသော အိမ်တစ်လုံးတွင် နေထိုင်မိ ခဲ့သော ကျွန်တော်သည် အခြားသော လူများထက် ၀ဋ်ကြွေးကြီးမားသူ ဖြစ်ခဲ့သည်။ မောပန်းနွမ်းနယ်ခဲ့သော အစောပိုင်း သက္ကရာဇ်များကို ပြန်လည် ခံစားရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်လှပါသည်။ ဒဏ်ရာများထံမှ သွေးများ တစိမ့်စိမ့် ယိုလျက်ရှိသည်။ အမှန်ကို မမြင်ခြင်း မောဟများ၏ လွှမ်းမိုးမှုအောက်တွင် ကျွန်တော်၏ အိမ်ရာမှာ လမ်းဘေးဓာတ် တိုင် ဖြစ်နေခဲ့သည်။

သက်တမ်းကုန်လုနီးပြီဖြစ်သော စွဲလမ်းစိတ်များမှာ တဖြည်းဖြည်း နှင့် မှုန်ဝါးလာပါသည်။ အိပ်မက်များ ထဲတွင်လည်း မပါဝင်တော့။ လေတိုက်တိုင်း လှုပ်တတ်သော သစ်ခက်ငယ်၏ အကျင့်ကို ဘယ်အချိန်က စ ကျင့်ခဲ့သလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင် မမှတ်မိတော့ပါ။ ဖြစ်နိုင်လျှင် ဧဒင်ဥယျာဉ်၏ ဖုန်းနံပါတ် လိုချင်ပါသည်။ အာဒံ၏ အီးမေးလ်လိပ်စာ ကို သိချင်ပါသည်။ ကျွန်တော် ပန်းသီးမကြိုက်ပါ။ ကျွန်တော် ချောကလက်လည်း မကြိုက်ပါ။ ကျွန်တော့်ထံတွင် နံရိုးအပြည့်အစုံ မရှိခြင်းသည် ဇီဝဗေဒသဘောတရားတစ်ခုကြောင့်သာ ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကျွန်တော်သတိရတိုင်း ပန်းပင်လေးကို ရေလောင်းပေးပါသည်။

ကျွန်တော်၏ရှေ့တွင် တစ်ရွက်ပြီးတစ်ရွက် ကြွေသွားသော သစ်ရွက်ခြောက်များထဲတွင် မတ်လ၏နေ့စွဲ များ၊ ကောင်မလေးတစ်ယောက်ကို သတိရစွဲလမ်းမိသော စိတ်များ၊ ဒွိဟများ လွန်ကဲစွာပါဝင်နေသော ကျွန်တော်၏ ရှေ့ ရေး စီမံကိန်းများ၊ ဘယ်လိုနည်းနှင့်မှ မရနိုင်သော ဖုန်းနံပါတ်တစ်ခုကို လိုချင်တပ်မက်လွန်းသော စိတ်များ ကပ်ငြိပါ သွားသည်။ ကျွန်တော်သာသိသော အမှန်တရားများတွင် မှားယွင်းမှုများ ကြည့်မကောင်း မြင်မကောင်းအောင် ပါဝင်နေပါ သည်။ တိမ်တစ်စအတွက် ကျွန်တော်၏အသက်ကို ကျွန်တော် မနှမြောမိ။ ဖုန်မွှန်လွန်းသော ခရီးလမ်း၏ အဆုံးကို ကျွန်တော် ဘယ်လိုမှ စိတ်ကူးပုံဖော်၍ မမျှော်မှန်းတတ်ပါ။

ကိုယ်ထည်မဲ့ အတောင်ပံများပေါ်တွင် မနက်ဖြန်များ အစီအစဉ်မကျစွာ တန်းစီနေကြသည်။ မုန်တိုင်း များကို မကြိုဆိုပါ။ လေပြင်းများကို မကြိုဆိုပါ။ နာမည်ကြီးနေသော ဘေးဒုက္ခမှန်သမျှကို မကြိုဆိုပါ။ တစ်နည်းအားဖြင့် ဆိုးယုတ်မှုများကို မကြိုဆိုပါ။ ဆိုးယုတ်မှု၏ ဒဏ်ကို ပြင်းစွာ ခံခဲ့ရသော ပန်းတစ်ခင်းပေါ်တွင် လမ်းမလျှောက်ကြပါနှင့်။ လတ်ဆတ်နေသေးသော ရနံ့များနှင့်စိုလက်နေသေးသော ပွင့်ဖတ်များကို အားနာပါ။ ကောင်းမြတ်ခြင်းကို အလိုကြီးစွာ မမျှော်လင့်ပါနှင့်။ မတောင်းဆိုပါနှင့်။ ကမ္ဘာကြီးနှင့် လောကကြီး နှစ်ဦးပေါင်း၍ ဖော်ထုတ်ခဲ့သော ညီမျှခြင်းများမှာ သချာင်္ စာအုပ်တစ်အုပ်ထဲမှ ညီမျှခြင်းများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်ပင် မများပါ။ ရှေးဟောင်းဂရိလူမျိုးများနှင့် ကျွန်တော် သာ သိသော ဒဏ္ဍာရီတစ်ပုဒ် ရှိပါသည်။

တစ်ချိန်က သာယာစိမ်းလန်းခဲ့ဖူးသော လမ်းကျဉ်းလေးသည် ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေ သည်။ ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေသော လမ်းကျဉ်းလေးသည် နောင်တစ်ချိန်တွင် သာယာစိမ်းလန်းနိုင်ပါ သည်။ မဖြစ်နိုင်ဘူးဆိုတာ သူ၏အဘိဓာန်တွင် မရှိဟု ကြွေးကြော်ခဲ့သော စစ်ဘုရင်၏ အဘိဓာန်ကို ကျွန်တော်ဖတ်ဖူး ချင်ပါသည်။ သူ၏အဘိဓာန်တွင် အရှုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာကို ကျွန်တော်သိချင်ပါသည်။ သူ၏ အဘိဓာန်တွင် အရှုံးပါချင်မှ ပါလိမ့်မည်။ သေချာတာကတော့ သူ မသေခင်မှာပင် ရှုံးနိမ့်သွားပါသည်။ ဒဿနပညာရပ် များ၏ မှော်ဝင်ကကြိုးများသည် လူသားများအတွက် ညတာရှည်လွန်းသော အိပ်မက်များ ဖြစ်သည်။ နွေသည် နွေသက် သက်သာ ဖြစ်သည်။

ဝရန်တာတွင် ခိုများ လာရောက်နားနေသည်။ မဖိတ်ခေါ်ဘဲရောက်လာတတ်သော ဧည့်သည်များတွင် ငှက်များလည်း ပါသည်။ နေ၀င်ချိန်တွင် ကြေးနန်းတစ်စောင် ရောက်လာသည်။

ဘာမှအရေးမကြီးတဲ့

စာရွက်တစ်ရွက်ရဲ့ ရင်ခုန်သံကို

ဂရုစိုက်ပေးပါ

မျက်လုံးထဲပေါ်ရာ တွေးရင်း

ဝိုင်တစ်ခွက်နဲ့

လမင်းကို မျှော်ကြစို့

ကျွန်တော်မသိသော အရာများတွင် အရေးကြီးတာတွေ ပါသလို ကျွန်တော်သိသော အရာများတွင် အရေးမကြီးတာတွေ အများကြီး ပါဝင်သည်။ သဘာဝ၏ ပြုလုပ်ချက်ဖြင့် နွေစစ်စစ်များကို ကျွန်တော် မကြိုဆိုလိုပါ။ ပန်းကုံးစွပ်၍ ပြုံးပြဖို့ရာ ကျွန်တော်၏ စိတ်သည် ယခုအချိန်အထိ အဆင်သင့် မဖြစ်သေးပါ။ နာရီများအော်ဟစ်ပေါက်ကွဲ သော ညများတွင် တောတန်းမှ သစ်ပင်များလည်း ရွက်ကုန်ကြွေကြသည်။ ပန်းပွင့်လေးကို မမေ့နိုင်ခြင်းသည် ကျွန်တော် ကိုယ်တိုင် မဖယ်ရှားနိုင်သော ၀ဋ်ကြွေးတစ်ခု ဖြစ်သည်။ ချစ်စဖွယ်ကောင်းခြင်းသည် မြတ်နိုးဖွယ်ကောင်းခြင်းနှင့် မတူ ညီကြောင်း သူတို့ သိကြသည်။ မေ့စရာရှိတာ မေ့၍ သတိရစရာရှိတာ သတိရရင်း နေ့ရက်များကို အရေးအကြောင်း တိုးစေခြင်းသည် ကောင်းသော အိုမင်းခြင်း ဖြစ်ပါသည်။


မိုးအိမ်လူ

ပန်းအလကာင်္၊၂၀၁၀