Friday, September 16, 2016

မြို့ကို မင်ရည်ကျဲကျဲနဲ့ ကျဲပက်လိုက်တိုင်း


လျော့ရဲနေတဲ့ လမ်းမကြီးမှာ အရှိန်အမြင့်ဆုံးတင်ထားတဲ့ စိတ်နဲ့ ပေါက်ပြဲနေတဲ့ ဘီးတစ်ခု ။
အိပဲ့အိပဲ့ ပေါ့။
သေသေသပ်သပ် ရိုက်ထားတဲ့ သစ်သားခုံတန်းလေးမှာ ချစ်စိတ်အပြည့်နဲ့
ရေးထိုးထားတဲ့ ကော်ရက်ရှင် ဖြူဖြူလေးတွေ
ညအခါ ကြည်သာတဲ့ ကောင်းကင်မှာ ကြယ်တွေလို ဖွေးဖွးလှုပ်။
ခေတ်တစ်ခေတ် မြို့တစ်မြို့ရဲ့ တက်တူးတွေပေါ့။
ညနေခင်းများစွာမှာ မြစ်ရေဟာ ငြိမ်လွန်းတယ်
သေနေတဲ့ အလျင်နဲ့ ရွေ့နေလိုက်တာများ
စနစ်တစ်ခုက လေ့ကျင့်ပေးလိုက်တဲ့ ခြေလှမ်းများအတိုင်း။
ပုဂံဟာ တည်နေဆဲ မြဲမြံနေဆဲ။
ရောခ့်သီးချင်း အပြင်းစားတွေ မှုတ်ထုတ်နေတဲ့ အိတ်ဇောပိုက်တွေဟာ
ကမ္ဘာမပျက်မီ တပ်လှန့်သံတွေလား
2012 ရုပ်ရှင်ဟာ စိတ်ကူးယဉ် ဆန်လွန်းခဲ့ပေါ့။
တစ်ခါက မြို့အထွက်မှာ သက်တမ်းရှည် သစ်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်
သက်တမ်းရှည်သစ်ပင်ကြီးဆိုတော့ သက်တမ်းက အရှည်ကြီးပေါ့
ဒီ့ထက်လည်း မပိုပါဘူး ပြီးတော့လည်း
မိုးသည်းတဲ့ တစ်နေ့မှာ လဲပြိုသွားခဲ့တာပဲ။
ဆိတ်ငြိမ်ရပ်ကွက်များမှာ ပျော်ရွှင်သံဟာ ယောင်မှားလို့တောင် ထွက်မလာခဲ့ဘူး။


မိုးအိမ်လူ
၁၇.၉.၂၀၁၆
နေ့လည် ၁၂ နာရီ ၄၄ မိနစ်

နံရံတစ်ခုကနေ နံရံတစ်ခုဆီ အဖိတ်အစင်



ဒီနေ့ ထိတွေ့မိတဲ့ စာရွက် အရေအတွက်ကို စိတ်နဲ့ ပြန်ရေတွက်ကြည့်။
နေ့ဟာ စာရွက်တစ်ရွက်လို လေထဲမှာ ဝေ့ကာ ၀ဲကာ။
မြို့ရဲ့လမ်းတွေပေါ် ရှုပ်သထက် ရှုပ်လာတဲ့ ယာဉ်မီးခိုးငွေ့တွေထဲ
အောက်စီဂျင်တွေ ဘယ်သစ်ပင်မှာ သီးပွင့်နေကြပါလိမ့်။
ဘယ်သူမှ မရွှေ့လို့ မရွေ့ခဲ့တဲ့ အတိတ်ကာလ ချဉ်ဖတ်များနဲ့။
ကော်ဖီမစ်ထုပ်ထဲမှာလည်း ကျေးဇူးတရား သက်တမ်းဟာ ကုန်ဆုံးသွားပြီ ဖြစ်တဲ့အကြောင်း မနက်က ကော်ဖီဖျော်တုန်းက သတိတရ။
အခုတော့လည်း လွမ်းသလိုလို ဆွေးသလိုလို ပစ္စုပ္ပန် ကိစ္စများ မှာ ပျင်းရိနေမြဲ။
ပွဲတော်ဟာ ဗျောက်ဖောက်သံတွေနဲ့ ပြန်လည် ၀င်ရောက်လာခဲ့ပြန်ပြီ။
ကိုယ့်ကိုကိုယ် ပြန်ရှာရင်း နိုင်ငံတော် သစ္စာဖောက်ဖြစ်သွားလေခြင်း ဂျေဆွန်ဘွန်း နဲ့အတူ
ဦးရှည်ကြီးဆိုင်မှာ ပေါ့ဆိမ့်သောက်ဖြစ်ခဲ့သေးသလား။
လူတွေများခဲ့တယ်။ နာမည်တွေများခဲ့တယ်။ စရိုက်တွေ များခဲ့တယ်။
ဒီအရေးအသား မချောမမွေ့ကြီး အသက်ရှည်မှ ရှည်ပါ့မလား စိုးရိမ်ခဲ့ရ။
နှစ်ရှည်လများ အသံဆိုးတွေဟာ အသက်ရှည်ခဲ့တုန်း Short Film တွေမှာ
ကြည့်ရ မောရ ဒါပဲလား ဒီလိုချည်းပဲလား ဘယ်မှာလဲ ဘာလဲ ဘာညာ ဘာညာ။
နေ့စဉ် သူများတကာရဲ့ Status တရားတွေ လိုက်နာရင်း ခေတ်ပေါ်လူသားတစ်ယောက်ရဲ့ ဘ၀ ဟာ မလွယ်ပါဘူး။
မြန်မာစကားပုံ ကျမ်းကုန်အောင် ဖြစ်ပျက်နေခြင်းထဲ သိုးဆောင်းစကားပုံထဲက လူ ။
မတရားမှု ဖြစ်ဖြစ် တရားမမျှတမှုဖြစ်ဖြစ် ရေးကြီးခွင်ကျယ် ကောက်ရိုးမီးအဖြစ်နဲ့ပဲ
မီးခိုးတွေ မွှန်ခဲ့ရတဲ့ အဆုတ်နဲ့ ကြပ်ခိုးတွေ စွဲခဲ့ရတဲ့ စိတ်နဲ့။
အသေခံဖောက်ခွဲချင်စိတ်တွေဟာ အမည်နာမ အစစ်အမှန်မရှိ။
ဖောက်ခွဲပြီးတိုင်း ဖြစ်နေကျကြီးအတိုင်း လည်ပတ်ပြီးတိုင်း တစ်ကမ္ဘာလုံး
အာရုံကြောတွေ အားနည်းခဲ့တယ် အရိုးကျီးပေါင်းတွေ တက်ခဲ့တယ်
ကဲ ဘာကောင်းခဲ့သလဲ ယနေ့ သတင်းထူးများ။


မိုးအိမ်လူ
၁၆.၉.၂၀၁၆
ညနေ ၄ နာရီ ၁၁ မိနစ်

အပြင်းတွေ သောက်တိုင်း ဖြစ်ရတဲ့ ကိစ္စ



ဘယ်သူမှ ရေရောတာ သိပ်မကြိုက်လှဘူး
ဒီလိုပဲ အကျင့်ဖြစ်နေတဲ့အတိုင်း ပြုံးပြလိုက်တယ်
နှစ်ဦးနှစ်ဖက် အကျိုး စီးပွားဖို့ တစ်ယောက်ကိုတစ်ယောက်
ခြေဆုံး ခေါင်းဆုံး အတွင်းထဲထိ ထိုးဖောက် လှန်လှောကြည့်
ရေရောထားတဲ့ ရွှေရည်တွေ ငါ့ရှေ့ကနေ ဖယ်လိုက်စမ်းကွာ

ကြယ်ပြောက်ကြယ်မွှန်း တွေ နဲ့ စကားတွေက တောက်ပလှရဲ့
အပေးအယူကိစ္စတွေ နိုင်ငံပိုင်သတင်းဌာနတွေက တရားဝင်ထုတ်ပြန်ပြီးပြီ
လက်ဆွဲခလုတ်ကို ဘယ်သူဆော့နေသလဲ
မီးလင်းလိုက် မီးမှောင်လိုက် မီးတောက်လိုက်
အဲ့ဒီရေရောထားတဲ့ အရေးအသားတွေ ပိုစ့်လုပ်တာတွေ တော်ကြစမ်းကွာ
တည့်လွန်းတော့ ရွဲ့သွားတာပေါ့ လမ်းကြောင်းမှန်သမျှ
ရွဲ့သမျှ အမှားကောင်ကြီးဖြစ်ပြီးတိုင်း ရေမရောတာပဲ ကြိုက်တတ်လာ
ကြောင်တွေကလည်း ကြောင်တွေပဲ အကျင့်ကို မဖျောက်
ကြွက်တွေကလည်း ကြွက်တွေပဲ အသံကို မရပ်
ဝက်တွေကလည်း ဝက်တွေပဲ ခဏလေးကို မနား
အဲ့ဒီရေရောထားသမျှ ရေထဲသာ သွန်ပစ်လိုက်ကြစမ်းကွာ။

မိုးအိမ်လူ
၁၅.၉.၂၀၁၆
ည ၈နာရီ ၂၂မိနစ်

ကြိယာများ ပျောက်ဆုံးခြင်း



အလယ်အလတ် တန်းစား
နေ့စဉ် ရက်စွဲ

မပြယ်နိုင်တဲ့ မီးခိုးငွေ့
အသက်ရှူကြပ်နေတဲ့ တောင်ကတုံး

 ခြစ်ချထားတဲ့ အမှတ်အသား
အမှောင်ထဲက မျက်ရည်စီးသံ

လူခေါ်ခေါင်းလောင်း
အပျင်းပြေတိုက်ခတ်နေတဲ့ လေ

မိတ်ဆွေ၏ ဖိတ်စာ
ဓားဦးချွန်ထက်က အထီးကျန်ခြင်း

ရှုံးနိမ့်ခြင်း ရယ်မောသံ
Black Hole ထဲ ကျွံနေတဲ့ ခြေထောက်တစ်ဖက်

အသံမြည်ပြီး မရွေ့တဲ့ နာရီလက်တံ
ကလေးဘဝက ထိုင်ခုံပု အဟောင်းကလေး။

မိုးအိမ်လူ
၁၄.၉.၂၀၁၆
ညနေ ၄နာရီ ၅၈မိနစ်

အချပ်​လိုက်​ကွာကျ​နေတဲ့ ​ဆေးသား​တွေလို အာရုံ



ယုံကြည်​ချင်​တဲ့ စိတ်​ရှိရင်​ ယုံကြည်​လိုက်​ ။ ​ဝေဒနာ​တေးထပ်​​တွေဟာ
မရိုးနိုင်​ မအီနိုင်​တဲ့အပြင်​ ပလက်​​ဖောင်း​ပေါ်မှာ အနင်းခံ​နေရတဲ့ စိတ်​​တွေကသာ ဇာတ်​လိုက်​ဖြစ်​လာခဲ့​တော့။ အဆင့်​အတန်းဟာ ခွဲခြားစရာ မလိုဘဲ ကွဲပြားပြီးသားဖြစ်​တဲ့အ​ကြောင်း။ လမ်း​ဘေး​​ဈေးမှာ​ရောင်းတဲ့ ပစ္စည်း မဟုတ်​တဲ့အတွက်​ ကဗျာကို ​ဈေးမဆစ်​ဖို့ ​ပြောချင်​တယ်​။ မ​ကောင်းမှုဟာ နက်​ဝက်​ဘ်​ ​ဒေတာ အွန်​လိုက်​တိုင်း တလှိုင်​လှိုင်​ နယူးဖိဒ်​​လေ့ရှိ။ အခုရက်​ပိုင်းမှာ ခပ်​စိပ်​စိပ်​ဖြစ်​လာသမို့ လက်​​တွေလည်း ပွန်းလာသလို စတစ်​ကာလည်း ​ပေပွ။ ပရိုမိုးရှင်း​ပေါင်းစုံဟာ မိုးရာသီ​ရောက်​ရင်​ မိုးရာသီအတိုင်း တဖွဲဖွဲနဲ့ ပိုင်​ဆိုင်​မှုအစစ်​​တွေကို ပိုင်​ဆိုင်​မှုအတု​တွေနဲ့ လဲလှယ်​သွားကြ။ သတ်​မှတ်​ရက်​ထက်​​ကျော်​လွန်​မှုမှန်​သမျှဟာ ​ကြေကွဲဖို့ရာချည်း။ အိပ်​မက်​ထဲမှာ​တော့ အိပ်​မက်​မက်​တဲ့အ​ကြောင်းသာ အိပ်​မက်​မက်​​လေ့ရှိခဲ့။ ​ဆစ်​ ပွိုင့်​ တူး အပြီး။ ဘယ်​သူ ကိုယ့်​​လောက်​ ​ကြေကွဲခဲ့ပါလိမ့်​။

မိုးအိမ်​လူ
၁၂.၈.၂၀၁၆
ည ၁၁နာရီ ၅၉မိနစ်

ခေတ်​ မလွန့်​တလွန်​ ရုပ်​ရှင်



မြို့ပြ၏ မိုးရာသီ​နောက်​ဆုံး​နေ့များ သီအိုရီအတိုင်း လည်​ပတ်​​နေပုံသည်​ ယန္တရား ဆန်​ဆန်
တကယ်​က အရာအားလုံး ယန္တရား ဆန်​ခဲ့ကြသည်​ပဲ မဟုတ်​လား။

လှောင်​​ပြောင်​ရယ်​​မောစရာများ၊ စိတ်​ညစ်​ညူးဖွယ်​ရာများ ပြီးသည့်​အခါ ကြည်​နူး​နွေး​ထွေးမှုများ ထီးတစ်​​ချောင်း​အောက်​တွင်
ဖူးပွင့်​ခဲ့ပြီ မဟုတ်​လား။

ဧရာဝတီမြစ်​ကို မြင်​ရသည့်​အခါ အ​တွေး​များ ကျယ်​ပြန့်​ရှည်​လျားရပြီး
မြစ်​ကမ်းနံ​ဘေးတွင်​ ထိုင်​ရင်း ဖြတ်​သွားဖြတ်​လာများကို ကြည့်​ရသည့်​အခါ အမြင်​​များ ကျယ်​ပြန့်​ရှည်​လျားရ၏။
မြစ်​တစ်​စင်းကို ​ခွေလိပ်​ထိုးသိပ်​ ထည့်​ထားခဲ့​သော စာအုပ်​​ဟောင်းများ၊စာရွက်​အတိုအစ အ​ဟောင်းများ ရှိခဲ့ပြီ မဟုတ်​လား။

ကောက်​ရိုးမီးသဖွယ်​ စည်းစနစ်​ကျမှုသည်​ ရာသီအစများတွင်​ ဟုန်းခနဲ
အချိန်​ကို တိရိ​သေသပ်​ဖို့ ကြိုးစား​သော သူရဲ​ကောင်းတစ်​​ယောက်​၏ ဓားသည်​ ​ဟောင်း​ဆွေး တုံးတိ​နေခဲ့ပြီ မဟုတ်​လား။

ပွင့်​ဖတ်​များ​ပေါ်မှ တက်​တူးရုပ်​သည်​ ​ပေါ်ပင်​ငြိမ်းချမ်း​ရေး မဟုတ်
အမြီးကျက်​ လျှင်​ အမြီးစားမည့်​သူ အဆင်​သင့်​ရှိ၍
ခေါင်းကျက်​လျှင်​ ​ခေါင်းစားမည့်​သူ အဆင်​သင့်​ရှိပြီး ဖြစ်​၏
ကုသခြင်းထက်​ ကြိုတင်​ကာကွယ်​ခြင်းက ပို​ကောင်း၍
လက်​နက်​သစ်​များအပြိုင်​အဆိုင်​ထုတ်​၍ စစ်​ပွဲများ အပြန်​အလှန်​ စတင်​ခဲ့ကြသည်​ မဟုတ်​လား။

စီးပွား​ရေးဆိုသည်​မှာ အမြင်​ရှိဖို့ပဲ လို၏
အာဏာရှင်​ ဖြစ်​စရာမလို ဒုက္ခသည်​တို့၏ မျက်​ရည်​ကို ခု၍လည်း ပန်းတိုင်​​ရောက်​နိုင်​၏
အနည်းငယ်​ ယုတ်​မာရသည်​​ပေါ့
ယုတ်​မာနိုင်​ခဲ့လို့ ယုတ်​မာခဲ့ပြီးကြပြီ မဟုတ်​လား။

ဗိုင်းရပ်​စ်​များ ကဲ့သို့ အဖျက်​ပိုးမွှားများ ရှိမှသာ ပဋိဇီဝ​ဆေးများလည်း ရှိနိုင်​မည်
သူရှိမှ ကိုယ်​ရှိ အပြန်​အလှန်​မှီခို ဆက်​ဆံ ရုန်းကန်​ ဝံ့ကြွားခဲ့ကြပြီး
မိုး​ရေထဲမှာပင်​ မီးခိုးများ အူထွက်​​နေတတ်​ခဲ့ကြပြီ မဟုတ်​လား။

မိုးအိမ်​လူ
၁၁.၉.၂၀၁၆
ည ၁၀နာရီ ၂၀မိနစ်