Friday, September 16, 2016

နံရံတစ်ခုကနေ နံရံတစ်ခုဆီ အဖိတ်အစင်



ဒီနေ့ ထိတွေ့မိတဲ့ စာရွက် အရေအတွက်ကို စိတ်နဲ့ ပြန်ရေတွက်ကြည့်။
နေ့ဟာ စာရွက်တစ်ရွက်လို လေထဲမှာ ဝေ့ကာ ၀ဲကာ။
မြို့ရဲ့လမ်းတွေပေါ် ရှုပ်သထက် ရှုပ်လာတဲ့ ယာဉ်မီးခိုးငွေ့တွေထဲ
အောက်စီဂျင်တွေ ဘယ်သစ်ပင်မှာ သီးပွင့်နေကြပါလိမ့်။
ဘယ်သူမှ မရွှေ့လို့ မရွေ့ခဲ့တဲ့ အတိတ်ကာလ ချဉ်ဖတ်များနဲ့။
ကော်ဖီမစ်ထုပ်ထဲမှာလည်း ကျေးဇူးတရား သက်တမ်းဟာ ကုန်ဆုံးသွားပြီ ဖြစ်တဲ့အကြောင်း မနက်က ကော်ဖီဖျော်တုန်းက သတိတရ။
အခုတော့လည်း လွမ်းသလိုလို ဆွေးသလိုလို ပစ္စုပ္ပန် ကိစ္စများ မှာ ပျင်းရိနေမြဲ။
ပွဲတော်ဟာ ဗျောက်ဖောက်သံတွေနဲ့ ပြန်လည် ၀င်ရောက်လာခဲ့ပြန်ပြီ။
ကိုယ့်ကိုကိုယ် ပြန်ရှာရင်း နိုင်ငံတော် သစ္စာဖောက်ဖြစ်သွားလေခြင်း ဂျေဆွန်ဘွန်း နဲ့အတူ
ဦးရှည်ကြီးဆိုင်မှာ ပေါ့ဆိမ့်သောက်ဖြစ်ခဲ့သေးသလား။
လူတွေများခဲ့တယ်။ နာမည်တွေများခဲ့တယ်။ စရိုက်တွေ များခဲ့တယ်။
ဒီအရေးအသား မချောမမွေ့ကြီး အသက်ရှည်မှ ရှည်ပါ့မလား စိုးရိမ်ခဲ့ရ။
နှစ်ရှည်လများ အသံဆိုးတွေဟာ အသက်ရှည်ခဲ့တုန်း Short Film တွေမှာ
ကြည့်ရ မောရ ဒါပဲလား ဒီလိုချည်းပဲလား ဘယ်မှာလဲ ဘာလဲ ဘာညာ ဘာညာ။
နေ့စဉ် သူများတကာရဲ့ Status တရားတွေ လိုက်နာရင်း ခေတ်ပေါ်လူသားတစ်ယောက်ရဲ့ ဘ၀ ဟာ မလွယ်ပါဘူး။
မြန်မာစကားပုံ ကျမ်းကုန်အောင် ဖြစ်ပျက်နေခြင်းထဲ သိုးဆောင်းစကားပုံထဲက လူ ။
မတရားမှု ဖြစ်ဖြစ် တရားမမျှတမှုဖြစ်ဖြစ် ရေးကြီးခွင်ကျယ် ကောက်ရိုးမီးအဖြစ်နဲ့ပဲ
မီးခိုးတွေ မွှန်ခဲ့ရတဲ့ အဆုတ်နဲ့ ကြပ်ခိုးတွေ စွဲခဲ့ရတဲ့ စိတ်နဲ့။
အသေခံဖောက်ခွဲချင်စိတ်တွေဟာ အမည်နာမ အစစ်အမှန်မရှိ။
ဖောက်ခွဲပြီးတိုင်း ဖြစ်နေကျကြီးအတိုင်း လည်ပတ်ပြီးတိုင်း တစ်ကမ္ဘာလုံး
အာရုံကြောတွေ အားနည်းခဲ့တယ် အရိုးကျီးပေါင်းတွေ တက်ခဲ့တယ်
ကဲ ဘာကောင်းခဲ့သလဲ ယနေ့ သတင်းထူးများ။


မိုးအိမ်လူ
၁၆.၉.၂၀၁၆
ညနေ ၄ နာရီ ၁၁ မိနစ်

No comments:

Post a Comment