Friday, September 16, 2016

မြို့ကို မင်ရည်ကျဲကျဲနဲ့ ကျဲပက်လိုက်တိုင်း


လျော့ရဲနေတဲ့ လမ်းမကြီးမှာ အရှိန်အမြင့်ဆုံးတင်ထားတဲ့ စိတ်နဲ့ ပေါက်ပြဲနေတဲ့ ဘီးတစ်ခု ။
အိပဲ့အိပဲ့ ပေါ့။
သေသေသပ်သပ် ရိုက်ထားတဲ့ သစ်သားခုံတန်းလေးမှာ ချစ်စိတ်အပြည့်နဲ့
ရေးထိုးထားတဲ့ ကော်ရက်ရှင် ဖြူဖြူလေးတွေ
ညအခါ ကြည်သာတဲ့ ကောင်းကင်မှာ ကြယ်တွေလို ဖွေးဖွးလှုပ်။
ခေတ်တစ်ခေတ် မြို့တစ်မြို့ရဲ့ တက်တူးတွေပေါ့။
ညနေခင်းများစွာမှာ မြစ်ရေဟာ ငြိမ်လွန်းတယ်
သေနေတဲ့ အလျင်နဲ့ ရွေ့နေလိုက်တာများ
စနစ်တစ်ခုက လေ့ကျင့်ပေးလိုက်တဲ့ ခြေလှမ်းများအတိုင်း။
ပုဂံဟာ တည်နေဆဲ မြဲမြံနေဆဲ။
ရောခ့်သီးချင်း အပြင်းစားတွေ မှုတ်ထုတ်နေတဲ့ အိတ်ဇောပိုက်တွေဟာ
ကမ္ဘာမပျက်မီ တပ်လှန့်သံတွေလား
2012 ရုပ်ရှင်ဟာ စိတ်ကူးယဉ် ဆန်လွန်းခဲ့ပေါ့။
တစ်ခါက မြို့အထွက်မှာ သက်တမ်းရှည် သစ်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်
သက်တမ်းရှည်သစ်ပင်ကြီးဆိုတော့ သက်တမ်းက အရှည်ကြီးပေါ့
ဒီ့ထက်လည်း မပိုပါဘူး ပြီးတော့လည်း
မိုးသည်းတဲ့ တစ်နေ့မှာ လဲပြိုသွားခဲ့တာပဲ။
ဆိတ်ငြိမ်ရပ်ကွက်များမှာ ပျော်ရွှင်သံဟာ ယောင်မှားလို့တောင် ထွက်မလာခဲ့ဘူး။


မိုးအိမ်လူ
၁၇.၉.၂၀၁၆
နေ့လည် ၁၂ နာရီ ၄၄ မိနစ်

No comments:

Post a Comment