Tuesday, October 25, 2011

အလျင်စလို မဟုတ်ဘူး အေးအေးဆေးဆေး ဒါပေမယ့်



အခုအချိန်က တောင်တောင်အီအီ တွေးပြီး ကြောင်စီစီ ရပ်နေရမယ့် အချိန်မဟုတ်ဘူး
ငါ သိတယ်  ငါ  မသိဘူး
ရေလိုက် ငါးလိုက် လူမှုဆက်ဆံရေး ဗေဒရဲ့ မာတိကာ အသစ်
သူ့မှာမှ သူ့အကြောင်းတရားနဲ့ သူ ရှိရင် ငါ့မှာလည်း ငါ့ဖတ်စာနဲ့ ငါပဲ
ရွှေကို မလို ရေကို မလို နည်းပညာပဲ လိုတယ် သူတို့ အော်တောင်းနေကြပြီ
ငါ့ဆီကလည်း ဖြစ်နိုင်တယ် မင်းဆီကလည်း ဖြစ်နိုင်တယ်
ဟိုလူကြီးဆီကလည်း ဖြစ်နိုင်တယ် ဒီလူငယ် ဆီကလည်း ဖြစ်နိုင်တယ်
မနေ့ညက ပျို့အန်ခဲ့တဲ့ ပုံပြင်တွေကို ဆေးကြောလိုက်တော့ အနံ့တွေ ဆိုးလွန်းတယ်
ထစ်ချုန်းမိုးလည်း မမျှော်နဲ့ အခါလွန်မိုးလည်း မစောင့်နဲ့
ဖြစ်ပျက်သဘောတရားကို လက်ဖျံမှာ တက်တူးထိုးထား
ဘ၀က နာမည်ကြီး အမှတ်တံဆိပ်နဲ့ ဒီဇိုင်းအသစ်နဲ့ ဒီနေ့  ၀တ်ရမယ့် အင်္ကျီ
ဈေးကြီးတယ် ကြာရှည်မခံဘူး  အကြမ်းပတမ်း သုံးလို့ မရဘူး
မနက်ဖြန်ဆို ဟောင်းပြီ
သိထားတဲ့အတိုင်း  ဒီရေတော့ မသေချာဘူး အချိန်ကတော့
မင်းကိုလည်း မစောင့်ဘူး ငါ့ကို လည်း မစောင့်ဘူး
အောက်သိုးသိုး ခံစားချက်တွေ ၀ဲပစ်လိုက်
နောင်တ အတွက် အချိန် အများကြီး မပေးနိုင်ဘူး
ဖြစ်သမျှ အကြောင်း ဘယ်လောက်ဆိုးဆိုး ကောင်းတယ်လို့ မှတ်
ဖိနပ်ကြိုး ကို ချည်လိုက်ဦး။


မိုးအိမ်လူ

နှစ်ဆယ့်တစ်ရာစု ကဗျာကောက်ကြောင်း




နားလည်ခြင်းလား နားမလည်ခြင်းလား
ကဗျာဟာ နှစ်ဆယ့်တစ်၇ာစုထဲကို အမိုက်စား ဒီဇိုင်းနဲ့ ၀င်လာပြန်ပြီ
ဒါက ဘိုးဘွားပိုင် ဒါက နိုင်ငံခြားဖြစ် ဒါက ဖက်စပ်
စကားလုံးတွေ ခွဲထုတ် တွဲဆက် ယက်ဖောက်ပြီး
လူသားတွေရဲ့ ဦးနှောက်ကို ရှောခ့်တွေ တစ်ခုပြီး တစ်ခု တိုက်
ဘာဘာညာညာ တွေ သာရကာတွေ နေကြာတွေ ကွာစေ့တွေ
နိဒါန်းချီ ခြေဆင်း ခပ်ရွရွလေး လှမ်းမလာတော့ဘူး
ကီးဘုတ် ပေါ်က ခလုတ်တစ်ချက်ခေါက် ထွက်လာပြီ အဲဒါ ကဗျာ
ခေတ်ပေါ် မဂ္ဂဇင်း တစ်အုပ်ကို ဆွဲလှန် တွေ့ပြီ အဲ့ဒါ ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
အွန်လိုင်း ဘလော့ဂ်စာမျက်နှာမှာလည်း ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
ကဗျာမှာ ဂိုဏ်းစတား မရှိဘူး ကဗျာမှာ နောက်လိုက်မရှိဘူး
ကဗျာဟာ အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို
ကဗျာဟာ သင်းကွဲနေတဲ့ တစ်ကိုယ်တော် သမားလည်း မဟုတ်ဘူး
ကဗျာထဲမှာ ကမ္ဘာကြီးဟာ သေးငယ်နေပေမယ့်
ကမ္ဘာကြီးထဲမှာတော့ ကဗျာဟာ သေးငယ်မနေဘူး
ကမ္ဘာကြီးက ကမ္ဘာကြီးလောက်ပဲ ကျယ်တယ်
ကဗျာကတော့ ဗုဒ္ဓသခင် ခွဲစိတ်ပြခဲ့တဲ့ စိတ်ရှိသလောက်ကျယ်တယ်
ကဗျာဟာ ဆရာနဲ့ မတွဲဘူး ကဗျာဟာ သမား နဲ့ မတွဲဘူး
ကဗျာဟာ ၀ါသနာရှင် အဆင့်လောက်နဲ့လည်း ကျောက်ချမထိုင်ဘူး
ကဗျာမှာ ဖတ်သူ ရှိတယ် ကဗျာမှာ ရေးသူ မ၇ှိဘူး
ကဗျာဟာ တန်ခိုးရှင် တစ်ပါး ဖန်ဆင်း ဖန်တီးထားတဲ့ အရာမဟုတ်ဘူး
ကဗျာဟာ အနုပညာ ကဗျာဟာ နူးညံ့ တဲ့ နှလုံးသား ရဲ့ ကိုယ်ပွား
ကဗျာဟာ လွတ်လပ်ခြင်းရဲ့ချစ်သူ
စကားလုံး အများကြီးနဲ့ ကဗျာကို သားရဲတွင်းထဲ ပစ်ချ အစ ဖျောက်လို့ မရသလို
စကားလုံးတစ်လုံးတည်းနဲ့ ကဗျာကို ကောင်းကင်ထက်မှာ လွင့်ပျံစေနိုင်တယ်
ကဗျာက အပြောမကြီးတဲ့ လူ သန်လိုမျိုး
စကားလုံးတွေ ရစ်ဖောက် ထုချေ မွေးဖွားခြင်းနဲ့
လောက အသစ်တစ်ခုအတွက် ကဗျာဟာ ကဗျာ အဖြစ်နဲ့
နှစ်ဆယ့်တစ်ရာစုထဲကို အမိုက်စားဒီဇိုင်းနဲ့ ၀င်လာနေပြီ။


မိုးအိမ်လူ