ရည်ရွယ်ချက် ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ဒီလမ်းကို သူလျှောက်လမ်းနေတယ်။ သူ
လမ်းကို လျှောက်လှမ်းနေတယ်။သူ လမ်းကို လျှောက်လှမ်းနေတယ်။ မဟုတ်သေးဘူး။ သူ လမ်းပေါ်မှာ
လျှောက်လှမ်းနေတယ်။
မှတ်တိုင်တစ်ခု။ ဘတ်စ်ကားမှတ်တိုင် မဟုတ်တဲ့ မှတ်တိုင်တစ်ခု။ ညဥ့်ဦးယံ အိပ်မက် တဲ့။ မှတ်တိုင်နာမည်က။
သူ ရပ်လိုက်တယ်။ အချိန်အနည်းငယ်ရွေ့လျားပြီး တဲ့နောက် လှည်းတစ်စီး ရောက်လာတယ်။ လှည်းထဲမှာ
ဗလာ။ သူ လှည်းပေါ် တက်ထိုင်လိုက်တယ်။
လမ်းချောတဲ့ နေရာမှာ ငြိမ့်ငြိမ့်ညောင်းညောင်း။ လမ်းကြမ်းတဲ့ နေရာမှာ လှုပ်လှုပ်ခတ်ခတ်။
လမ်းဘေးမှာ လူတွေ ဆိုင်းဘုတ်တွေ ဈေးဆိုင်တွေ
ဓာတ်တိုင်တွေ အသံတွေ။ အတိုင်းအတာတစ်ခုကို ရောက်တဲ့အခါ
လှည်းက ရပ်သွား တယ်။
သူ လှည်းပေါ်က ဆင်းလိုက်တော့ မေရီက ပြုံးပြတယ်။ သိလို့ တော့မဟုတ်ဘူး။ အကျင့်ပါနေတဲ့
မျက်လုံးက ရင်ဘတ်မှာ ချိတ်ထားတဲ့ ကဒ်ပြားကို ဖတ်မိသွားလို့ ။
နေကောင်းလား မေရီ
မေရီ အံ့သြဟန်ပြတယ်။ သူက မေရီ့ ရင်ဘတ်ကို လက်ညှိုးထိုးပြတော့ မေရီက ထပ်ပြီး အံ့သြဟန်ပြတယ်။
အံ့သြ နိုင်လွန်းတဲ့ မေရီကို သူ ပြန်ပြီး အံ့သြရတယ်။
မေရီခေါ်တဲ့နောက် သူ လိုက်လာခဲ့တယ်။ ဂေဟာကြီးတစ်ခု။ ခမ်းနားတယ်။ ကြီးကျယ်တယ်။
လင်းထင်းတယ်။ နောက် လှပတယ်။ လှေကားကြီးတစ်ခု အတိုင်း သူနဲ့ မေရီ တက်လာတယ်။ နောက် လှေကားငယ်
ငါးခုကို တက်တယ်။ ခန်းမကြီးနှစ်ခုကို ဖြတ်တယ်။ နောက် ရှည်လျားတဲ့ ၀ရံတာကြီးတစ်ခုကို
ဖြတ်သန်းတယ်။ ဥယျာဉ်ကြီးတစ်ခုရဲ့ အ၀င်ဝကို ရောက်တော့ မေရီက
လူကြီးမင်းရဲ့ အိပ်မက် ဒီမှာပဲ ပြီးဆုံးသွားပါပြီ
သူ ခေါင်းညိတ်ပြလိုက်တယ်။
၁/ မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော အချစ်ည ကောင်းကင်ထက်မှာ အပြာရောင်တိမ်များ
တဆတ်ဆတ် တုန်၍ ခုန်နေကြသည်။လုံးဝန်းသော အရာဝတ္ထုများသည် ပတ္တမြား မီးကျီခဲကဲ့သို့  ရဲစွာ
တောက်ပနေ၏။ ခမ်းနားသော စင် မြင့်ပေါ်မှာ မုသားတို့ ပြိုးပြိုးပြက်ပြက် မြင်နေရဆဲ။ အစစ်အမှန်လား
မာယာလား။ စစ်မှန်သော မုသားလား။ မာယာယောင်ဆောင်သော အစစ်အမှန်လား။ ဝေဖန်ပိုင်းခြားရန်အလို
့ငှာ ဆင်ခြင်တတ်သော အလေ့အကျင့်သည် ကြာပြီ ဖြစ်၍ ပျောက်ပျက်ခဲ့လေ၏။
၂/ အဆုတ်ကင်ဆာနှင့် အစားအစာတို့ ရဲ့ ပတ်သက်မှုဟာ ထူးခြားချက် အတော်ကလေးရှိပါတယ်။
ဘယ်လိုလဲ ဆိုရင် ဟင်းသီးဟင်းရွက် အစားနည်းလို့  အဆုတ်ကင်ဆာဖြစ်ရခြင်းနဲ့  ဆေးလိပ်သောက်လို
့အဆုတ်ကင်ဆာ ဖြစ်ရခြင်း တို့ဟာ တန်းတူနီးပါး လောက်ကို အေ၇းကြီးတဲ့ အဆင့်မျိုးမှာ
ရှိနေတယ်။
၃/ ကျုပ် ကပ်စထရိုကို အချိန်တစ်နှစ် ပေးမယ်။ ဒီ့ထက် ပိုမပေးဘူး။
၎/ သောကြာနေ့ မွေးဖွားသူများသည် စိတ်ခံစားချက် ပြင်းထန်သူများ ဖြစ်သည်။…… အချို့သောကာလများတွင် လိုသည်ထက်ပို၍ တွက်ဆမှုလွန်ကဲခြင်းကြောင့် နှောင့်နှေး
ကြန့်ကြာခြင်း ဖြစ်တတ်သည်။
၅/ ရွေးချယ်ခြင်းဟူသည်က လွယ်မယောင်နှင့် အတော်ခက်သော ကိစ္စ ဖြစ်သည်။ …တစ်ခါတစ်ခါကျတော့လည်း
ကြိုက်ရာရွေးပါဆိုပြီး မကြိုက်တာတွေချည်း ထိုးပေးတာမျိုးဖြစ်ချင်ဖြစ်နေတတ်သည်။
သူ လမ်းပေါ် ပြန်ရောက်သွားတယ်။ သူ လမ်းလျှောက်နေတယ်။ ညှော်နံ့တွေ နှာခေါင်းထဲ
ဝင်လာလို့  ဘေးဘီဝဲ ယာ ကြည့်လိုက်တော့ မီးခိုးတွေ အူထွက်နေတဲ့ ကမ္ဘာကြီးကို တွေ့လိုက်ရတယ်။လေတာပဲ။
သူ လမ်းဆက်လျှောက်နေ လိုက်တယ်။
မှောင်သလား ။ လင်းသလား။ သူ မသိဘူး။ ဒီနေရာကို အရောင်တွေလည်း ရောက်မလာကြဘူး။
သူကိုယ်တိုင်က လည်း ဘာအေ၇ာင်ကို မြင်တွေ့ပါစေဆိုပြီး မျှော်လင့်ချက်တွေ အတောင်ဖြန့်မထားဘူး။
သူသိတာက သူ လမ်းလျှောက် နေတယ်။ ရွေ့လျားနေတဲ့ မြစ်တစ်စင်းထဲမှာ သူ လမ်းလျှောက်နေတယ်။
သူ သတိထားမိတာကတော့ သူ့ ရဲ့ လမ်းလျှောက်နှုန်းတွေ အတော် မြန်နေတယ်။ ပြေးနေတာလည်း
မဟုတ်ဘူး။ လေထဲမှာ ဆပ်ပြာပူဖောင်းလေး လေထဲလွင့်မျောနေသလို အလျင်တစ်ခုနဲ့ သူ လွင့်မျောနေတယ်။
သူ လမ်းလျှောက်နေရာ ကနေ ရပ်လိုက်တယ်။ ရှေ့မှာ ပွဲတော်ကြီး တစ်ခု။ အ၀င်ဝ ဆိုင်းဘုတ်မှာ
သန်းခေါင်ယံ အိပ်မက် တဲ့။
သူ ပွဲတော်ထဲ ၀င်ရောက်လိုက်ပြီဆိုတာနဲ့  တိတ်ဆိတ်မှုကို စတင် ခံစားလိုက်ရတယ်။
လူတွေအားလုံးဟာ တိတ် ဆိတ်နေကြတယ်။ ဒါပေမယ့် သူတို့ ရဲ့ လှုပ်ရှားမှုတွေကတော့ ဆူညံနေတယ်။ လူတွေရဲ့ မျက်နှာတွေကို
ကြည့်လိုက်တော့ အားလုံး မှုန်ရီေ၀၀ါး။ မျက်နှာတွေ မသဲကွဲပေမယ့် ဘယ်လူဟာ ဘယ်သူဆိုတာကို
သူ့ စိတ်က အလိုလိုသိနေပြန်တယ်။ ဥပမာ - သူ့အလုပ်ရှင် သူဋ္ဌေးကို သူ သိတယ်။ တီလေးကို သူ
သိတယ်။ ချစ်သူကို သူ သိတယ်။ သူ့ အစ်မကို သူသိတယ်။ သူ့ သူငယ်ချင်းနှစ်ယောက်ကို သူ သိတယ်။
သူ့ညီလေးကို သူ သိတယ်။ အချို့လူတွေကို သူ သိတယ်။ အချို့ လူတွေကို သူ မသိဘူး။ အားလုံးရဲ့မျက်နှာတွေက
မှုန်ရီေ၀၀ါး။
ပွဲတော်ထဲ လျှောက်သွားနေရပေမယ့် လူတွေကလွဲပြီး ကျန်တာကို သူ မတွေ့ရဘူး။ လူတွေ
စုနေတဲ့ အစုအဝေး တစ်ခု …ပါတီပွဲလား ။ ဘာလဲ။ သူ မစဉ်းစားမိဘူး။ ရုတ်တရက် မိုးရေစက်တွေ
သူ့ မျက်နှာပေါ်ကို လာရောက်ထိမှန်တယ်။ သူ ထွက်ပြေးခဲ့တယ်။ ဘောလုံးကွင်းတွေ ၊ တောင်ကမ်းပါးတွေ
၊ ချောင်းငယ်တွေ ၊ မြို့ ရဲ့ လမ်းမတွေ အားလုံးကို
လွယ် လင့်တကူ လျင်လျင်မြန်မြန် သူ ကျော်ဖြတ်လာခဲ့တယ်။
၆/ မမေ့ဘူး
တွေ့ ဖူးသည့်
မျက်နှာ..
မကြည်ဘူး
သိဖူးသည့်
မျက်နှာ…
မခေါ်ဘူး
မော်ဖူးသည့်
မျက်နှာ….
မမက်ဘူး
ပျက်ဖူးသည့်
မျက်နှာ….
မတိမ်းဘူး
စိမ်းဖူးသည့်
မျက်နှာ…
၇/ အိပ်မက်ထဲမှာ ငါပြေးနေ၏ နေရာမရွေ့
နေရာမရွေ့
အိပ်မက်ထဲမှာ ငါ ပြေးနေ၏
ငါ ပြေးနေ၏
နေရာမရွေ့ အိပ်မက်ထဲမှာ
၈/ အိပ်မက်ဆိုတာ
ဆာလောင်မှုရဲ့
တံခါးပေါက်
၉/ မကျွတ်လွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်း ဘယ်တော့
အမျှဝေမှာလဲ?
၁၀/ သို့ သော် ကျွန်တော် နိုးလာခိုက်
ကျွန်တော့်အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာ
တစ်ခုလို
နံရံ ပုလင်း
ပြတင်း တံခါး
ကြမ်းခင်း
ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆို ဘာမှ
ရစရာမရှိတော့သလို
အခန်းကိုယ်တိုင်
အခန်းထဲတွင်
အခန်း မရှိတော့သဖြင့်
ညွှန်းဆိုချက် တစ်စုံတစ်ခုမှ မလိုဘဲ ဒါဟာ မိုးသောက်ယံ အိပ်မက် ပဲလို့ သူ သိလိုက်တယ်။ သူ ရင်တစ်ချက် ခုန် သွားတယ်။
အိမ်တစ်အိမ်ထဲကို သူရောက်နေတယ် ။ အိမ်ဆိုပြီး အသိသာရှိတာ ပုံရိပ်တွေကတော့ ထုံးစံအတိုင်း
ဝေေ၀၀ါး ၀ါး။ သူ့ အမေရဲ့ ဘုရား ရှိခိုးသံကြားနေရတယ်။
သူ့ စိတ်ထဲမှာ ၀မ်းနည်းအားငယ်စိတ်တွေ ဖြစ်ပေါ်လာတယ်။ သူ တစ်စုံတစ်ရာကို တောင့်တနေမိတယ်။
ဒါပေမယ့် အဲဒီအရာဟာ သူနဲ့ အဝေးကြီးမှာ ဆိုတာကိုလည်း သူ သိနေပြန်တယ်။ သူ့ စိတ်ထဲမှာ
အထီးကျန်မှုကို နင့်နင့် သီးသီး ခံစားနေရတယ်။ အုန်းမောင်းခေါက်သံ ကြားနေရတယ်။ ပဋ္ဌာန်း
ရွတ်သံ တွေ ကြားနေရတယ်။ သူ ဘာမှ မမြင် တော့ဘူး။ အသံတွေပဲ တစ်ခုပြီး တစ်ခု နားထဲ ၀င်လာတယ်။
၁၁/ တကယ်က
အ၀ိဇ္ဇာဆိုတာ
အမှောင်ထဲမှာ နှစ်စိမ်ထားတဲ့ ညပါ…။
မှောင်လွန်းလှချည်ရဲ့လို့  သူတွေးနေမိတယ်။ ဒါဟာ ညလား။ သူ မဝေခွဲတတ်ဘူး။ ဒါဟာ
အတုအယောင်လား ။ သူ မပိုင်ခြားတတ်ဘူး။ ဒါဟာ အိပ်မက်လား ။ သူ မဆုံးဖြတ်နိုင်တော့ဘူး။
၁၂/ ကြယ်ကလေးရေ
နေမင်းဟာ
မိုးကုတ်စက်ဝိုင်းမျဉ်းကနေ
အထက်ကို မြင့်တက်လာပြီ။
နိုးကြားသူတို့ နံနက်ခင်း
ရွှေအဆင်းနဲ့ ဝင်းလိမ့်မယ်။
*
မိုးအိမ်လူ
စပ်ထည်များ
၁။ ဇော်ဇော်အောင် - ကြာပန်းအိုင်နှင့် ခရေဖူး မချစ်သောအကြောင်း
၂။ မောင်မောင်လှိုင် ( အပ်စိုက်ကု ) - အစားအစာနှင့် ကင်ဆာ
၃။ Fulgencio Batista Y Zalvidar - ကျူးဘားသမ္မတ
၎။ စံ- ဇာဏီဘို
၅။ ဖေမြင့် - ရွေးချယ်ခွင့်ပြဿနာ
၆။ နောင် - မျက်နှာ ( ကဗျာ )
၇။ သုခမိန်လှိုင် - ရွေ့ကဗျာ ( ကဗျာ )
၈။ စိုးရိမ် - ပုဏ္ဏားတို့ မြို့  ( ကဗျာ )
၉။ မင်းခိုက်စိုးစန် - သူငယ်တန်း ( ကဗျာ )
၁၀။ ၀င်းမြင့် - အိပ်မက် ( ကဗျာ )
၁၁။ သျှီသူအောင် - မိုးတစိမ့်စိမ့်နွေထဲက တနင်္ဂနွေ ပြကွက် ( ကဗျာ )
၁၂။တာရာမင်းဝေ - စကား ၆၄ ပွင့်
မဟေသီ ၊ မေ ၊ ၂၀၁၂