Wednesday, December 7, 2011

အများသူငါ ပိုင်ဆိုင်တဲ့ ပုံပြင်





နယ်နိမိတ် အစွန်း ။ ဘယ်ဒေသ ဘယ်အရပ်ရယ်လို့  သတ်မှတ်မနေတော့ဘဲ လောက ကမ္ဘာကြီးရဲ့ နယ်နိမိတ်အစွန်းမှာ ကျွန်တော်
ရပ်တည်။ ဟိုး ပြည်မ လို့ ခေါ်တဲ့ မြို့ကြီးကို လှမ်းငေးကြည့်တော့ အနက်ရောင် မီးခိုးတွေ တလူလူလွင့်လို့။ ကျွန်တော့်ကို ကန်ထုတ်
လိုက်သော စေတသိတ်များ။ ထိုစေတသိတ်များကို ငုံထားကြသော ခန္ဓာများ။ ထိုခန္ဓာများပေါ်မှာ တပ်ဆင်ထားသော မျက်နှာများ။
ကျွန်တော် မေ့ပစ်လိုက်ပါပြီ။ ကိုယ်နဲ့ မထိုက်တန်လို့ လွင့်မျောရတာပဲ ။ ကျွန်တော့်ဘေးမှာ ကဗျာဆရာရဲ့ ၀ိဥာဉ်ဟာ တည်ငြိမ်စွာ
ဖြူစင် ရပ်တည်လို့။

*

တကယ်တမ်းကျတော့ နတ်ဆိုးတွေဟာ မဆိုးသွမ်းကြပါဘူး။ နတ်ယုတ်တွေကသာ ကောက်ကျစ်တတ်ကြတာ။ နတ်ကောင်းယောင်
ဆောင်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ရက်ရက်စက်စက် စုတ်ဖြဲပစ်ကြတာ။ ကျွန်တော်မမုန်းပါဘူး။ အရာအားလုံးဟာ ထိုးဇာတ်တွေ
ချည်းပဲလေ။ ဘာအတွက်မှာ အမုန်းတရားတွေနဲ့ ပူလောင်နေစရာ မလိုဘူး မဟုတ်လား။ အဲဒီ ထိုးဇာတ်တွေကို နောက်ကျမှ သိခဲ့ရခြင်း
ကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပေါ့။ မီးကျွမ်းရာတွေ အပြည့်နဲ့ ကျွန်တော့်ရဲ့ အတိတ်စာမျက်နှာဟာ ကျွန်တော့် နှလုံးသားထဲမှာ
နွမ်းကြေ လို့။ ဘာအတွက်နဲ့ ပန်းရိုင်းတို့ ပွင့်နေကြရတာလဲ။ ကမ္ဘာကြီးဟာ ဘယ်လို လဲ။ လောကကြီးကကော ဘယ်လိုလဲ။
ကမ္ဘာနဲ့ လောက ကကော မတူဘူးလား။ လူတွေကတော့ အတူတူပဲ ထင်ပါရဲ့။ ဆိုးယုတ်တတ်တဲ့ နေရာမှာလေ။

*

အဆိုးတရားတွေ ချည်းကိုပဲ ဖွဲ့နွဲ့လို့တော့ စိတ်ညစ်ရုံပဲ ရှိမယ် ထင်ပါရဲ့။ မပြောတော့ပါဘူး။ အဲဒီ မြေခွေးတို့ မင်းမူတဲ့ ပုံပြင်တွေကို။
နတ်သမီးပုံပြင်လေးတွေပဲ နားထောင်ကြရအောင်လား။ ကြယ်စင်တို့ရေ ချွေချပေးလှည့်ပါဦး ။ နတ်သမီးပုံပြင်လေး တစ်ပုဒ်လောက်။
ကျွန်တော်က ညည်းရုံရှိသေးတယ်။ ကဗျာဆရာက ကဗျာတစ်ပုဒ် ရွတ်လိုက်တယ်။ နတ်သမီးပုံပြင်ပြောပြပါတဲ့။ ကြားဖူးကြတယ် ဟုတ်။
ဒီလိုပဲပေါ့။ ကျွန်တော်တို့ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် နတ်သမီးပုံပြင်လှလှလေးတွေ ရေးကြ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပန်း လှလှလေး
တွေပွင့်တဲ့ ဥယျာဉ်လေးတွေ စိုက်ကြ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အလှပဆုံး သီချင်းလေးတွေ ဆိုကြ။ အလှပဆုံး ယဉ်ကျေးမှုတွေကို
ကိုယ်ချင်းစာတရားတွေနဲ့ တည်ဆောက်ကြ။ ဘယ်လောက်များ လှပနေမလဲ။ ကမ္ဘာမြေကြီးဟာ နေခြည် ပျိုတို့နဲ့ လန်းဆန်းလို့
နေမှာပဲနော်။ ဒါတွေက စိတ်ကူး တွေပါလေ။

*

အလျားလိုက်ကော ဒေါင်လိုက်ကော ထိုးသွင်းထားတဲ့ လောကဓံဓားသွားပေါ်က အဆိပ်တွေဟာ ကျွန်တော့် ခန္ဓာထဲ ပျော်ဝင်ဖို့ တွန့်
ဆုတ်နေကြလေရဲ့။ သူတို့အရင် သူတို့ထက် ပြင်းတဲ့ အဆိပ်တွေက ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ရောက်နှင့်နေပြီးသားလေ။
သေလူထက် ပိုတဲ့ သေလူ။ ခက်တာက နှလုံးသားတွေဟာ တဆတ်ဆတ် ခုန်နေတုန်း။ ကျဉ်းထဲ ကျပ်ထဲမှာ ရှုရတဲ့ အောက်စီဂျင်က
မသန့်စင်ပေမယ့် အဆုတ်ကိုတော့ ကောင်းကောင်း အလုပ်ပေးနိုင်ခဲ့ပုံပဲ။ ထိခိုက်ရှနာတွေ အသွားစိပ်နေတာတောင်မှ ကျွန်တော်က
ပြုံးပြုံးကြီး နေနေခဲ့တာလေ။ မျက်ရည်တို့လည်း မျိုးသုဉ်းပျောက်ကွယ်ခဲ့တာကြာပြီ မို့လား။ နာကျင်တိုင်း ပြုမှုမိတဲ့ အပြုအမူက
ပြုံးရယ်ခြင်းပဲ တတ်နိုင်တော့တယ်။ ဘာထူးဆန်းလဲ။ နှုတ်ခမ်းတွေက ရယ်နေပြီး မျက်လုံးတွေက ငိုနေတဲ့သူတွေ လောက တစ်နံတစ်လျား
အပုံကြီးပဲ မဟုတ်လား။ နာကျင်တေးတွေ မကြားချင်တော့တာ တော့ အမှန်ပဲ။ အမှန်တွေလည်း မမှန်နိုင်တော့တာလည်း အမှန်ပဲ။

*

ပြောနေကြတိုင်းပြောရရင် ဒုက္ခတွေအတွက် ညည်းညူလိုက်ရုံသက်သက်ပါ။ စိတ် အနှောက်အယှက် ဖြစ်သွားရင် စိတ်မကောင်းပါဘူး။
တစ်ယောက်ရဲ့ ဝေဒနာကို တစ်ယောက်က ဖေးကူ ခံစားအားပေးရင်း ကျွန်တော်တို့ ယဉ်ကျေးမှုကို ကျွန်တော်တို့ မြှင့်တင်သွားရမှာပဲ
မဟုတ်လား။ အရာရာကို ဥပေက္ခာပြုနေရင်တော့ လူသားတွေ ပျောက်ကွယ် မျိုးသုဉ်းဖို့ အလားအလာကောင်းတွေ ဖြစ်လာတော့မှာပဲ။
မဆုံးတဲ့ ခရီးကို လျှောက်နေကြတဲ့သူချင်းအ တူတူ အတ္တတွေကို အိပ်မက်ထဲမှာ ထားခဲ့ပါလား။ လောဘ ဒေါသတွေကို အိပ်မက်ထဲမှာ
ထားခဲ့ပါလား။ မမြင်ချင်တဲ့ မျက်နှာတွေအတွက် သည်းခံစိတ်လေးနဲ့ ချစ်ခြင်းကို ကြိုးစားမွေးမြူလိုက်ရင် လောကကြီးဟာ ဘယ်လောက်
နေပျော်စရာကောင်းလိုက်မလဲနော်။ ဒါက စိတ်ကူးပါ။ နောက်ဆုံးတော့လည်း ကျွန်တော်အပါအ၀င် အားလုံးဟာ ကိုယ့်အတ္တအတွက်ပဲ
ကိုယ့်ကိုယ်ကို ရင်းနှီးပေးဆပ် တိုက်ပွဲတွေဝင် အသေအကြေ ခံခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ရိုးအီလွန်းနေတဲ့ ပုံပြင်တွေကို
အထပ်ထပ် အခါခါ မရိုးမအီ နားထောင်ရင်း အရှိတရားကို မျက်ကွယ်ပြုချင်နေတဲ့ ကလေးတစ်ယောက်ဟာ ကျွန်တော်ပေါ့။

* *  *

မိုးအိမ်လူ
၇ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ခွဲ

တောသီချင်း ( ၂ )




အားလူးတွေ စားရတာ
ဟမ္ဘာဂါ စားရတာ
နင်နေပြီလား

ဆိုလို့ အဆင်မပြေတဲ့ သီချင်းတွေ
ဘာလို့ကြိုးစားပမ်းစား ဆိုနေမှာလဲ
အဆင်ပြေတဲ့သီချင်းပဲ ဆိုကြမယ်လေ
ယီး လေး လေး
ယီး လေး ရို။


မိုးအိမ်လူ