Sunday, October 30, 2011

မြိုင်ထဲမှာ ဂနိုင်ထဲမှာ




မမြင်နိုင်ခြင်း မြူခိုးများ ဖြင့် ကျွန်တော် / တို့ မျက်စိလည်နေခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။ စစ်မှန်မှု သစ္စာတရားဟု
ကျွန်တော် စိတ်ဝယ် တမ်းတ ရေရွတ်ရင်း ရှာဖွေ နေမိခြင်း သည် မှန်ကန်ပါ၏လော။ မညည်းညူချင်တော့ပါ။ မြူခိုးတို့သာ တငွေ့ငွေ့ ဝေ
လျက်။ နေခြည်နွေးတို့ ဖြာကျမလိုလို နှင့် ပြန်လည် ရုတ်သိမ်းသွားသည်မှာလည်း ခဏခဏ ။ ကျွန်တော့်မှာ ပျော်ရတော့ မလိုလို ငိုရတော့
မလိုလိုနှင့် အိပ်မက်တွေ ရှည်လျားလျက်။ ဆရာ့ဆရာတို့လည်း ကျွန်တော်အရင် ဦးစွာ ဤသီချင်းကို ဟစ်ကြွေးဖူးခဲ့ပြီ။ အခုထိ သူတို့ ဟစ်
ကြွေးလို့ မပြီးနိုင်သေးသလို ကျွန်တော်လည်း ဆက်လက် ဟစ်ကြွေးနေရဆဲ။ ကျွန်တော်၏ ရှာဖွေမှုသည် မှန်ကန်ပါ၏လော။

@ @ @ @ @ @

ကဗျာသည်တို့ ပန်းလှေကို  လှော်ခတ်၍ မြစ်ကို ဆန်တက်နေကြသည်။ ကဗျာပန်းများ ရောင်စုံ သင်းပျံ့လျက်။ စကားလုံးများ မြစ်ရေထဲသို့
ဖိတ်စင်လျက်။ အိပ်မက်တို့ သွေးမဆုံးကြသေး။ သီချင်းသည်တို့ အင်္ကျီဒီဇိုင်း မျိုးစုံ ၀တ်ဆင်လျက် ပွဲတော်အနှံ့ လှည့်ပတ်နေကြသည်။
ပန်းချီသည်တို့သည်လည်း ထိုနည်းလည်းကောင်း။ ရနံ့ မလှသော မုန်တိုင်းများလည်း အခါခါ အလီလီ။ မမျှော်သော မိုးတို့ ရွာတတ်သည်
မှာလည်း အလေ့အထ တစ်ခုလို။ မီးတောက်တို့ ဟုန်းခနဲ ဟုန်းခနဲ ။ လက်ခုပ်သံတို့ အဝေးမှာ ကျန်ခဲ့ပြီ။ ကံကော်တောမှ ထွက်ခွာခဲ့သော
ရစ်မူးတတ်သူတို့ အိမ်ပြန်လမ်း ပျောက်ရှလျက်။ အိမ်သူတို့ တံစက်မြိတ်မှ အိမ်မြှောင်ကို တံမြက်စည်းဖြင့် အသေရိုက်နေကြသည်။
မဆုံဆည်းနိုင်ခြင်း အမှတ်တစ်ခုကို အလည်မှာထားလျက် ပခုံးချင်းတိုက် လွဲချော်မှုများ အထပ်ထပ်ဖြင့် အလင်းပွင့်တို့ မြုံနေခဲ့ကြသည်။

@ @ @ @ @

လွန်ကျူးမှု စကားလုံးများဖြင့် အနုပညာ ကို ကျွန်တော် ပုတ်ခတ်လိုက်သည်။ ဘယ်သူတွေ စစ်သွေးကြွ ကြမလဲ။ ဆရာသမားတို့ ပြောသ
လို ဘာမှမရှိလည်း ဘာမှမရှိရုံပဲ ရှိမည်။ ဘာမှ ထူးခြားသွားမည်မဟုတ်။ ပန်းတွေထဲမှာတော့ စိန်ပန်းနီ ကို ကျွန်တော် နှစ်သက်သည်။
ကျွန်တော်တို့ မြို့လေးသည် စိန်ပန်းနီများ လှိုင်လှိုင်ပွင့်တတ်သော မြို့ပျိုမလေး ဖြစ်သည်။ စိန်ပန်းနီများ လှိုင်လှိုင်ပွင့်ပြီ ဆိုလျှင်
ကျွန်တော်၏ အသွေးအသားများ ဆူပွက် လာတတ်သည်။ ဘာအတွက်လဲ ဆိုသည်ကိုတော့ ကျွန်တော်ကိုယ်တိုင် ရှာဖွေ၍ မရခဲ့။
အဖြေ ပျောက်ဆုံးနေသော ပုစ္ဆာများ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာသည်မှာ လောကကြီးအတွက် မကောင်းလှပါ။
ကမ္ဘာကြီးနှင့် အတူ ကျွန်တော် လည်း နာမကျန်းဖြစ်နေသည်မှာ ယခုထိ နလံ မထူနိုင်သေး။

 @ @ @ @ @

ခေါင်းစဉ်ကွဲများ ။ တံဆိပ်ကွဲများ။ ၀ါဒကွဲများ။ ဗေဒကွဲများ။ စသည်အကွဲများစွာဖြင့် ကျွန်တော်အပါအ၀င် ခေတ်လူငယ်အချို့ အိပ်မက်
တွေ ကွဲနေခဲ့ကြသည်။ ဆေးမကွဲအောင်တော့ ကျွန်တော် ကြိုးစားနေထိုင်ပါသည်။ ဘယ်ကြယ်စင်ဟာ လမ်းပြကြယ်လဲ။ ဘယ်အရပ် ဒေသ
မှာ စစ်မှန်သော အလင်း ဖြာမှာလဲ။ ဘယ်ကမ်းစပ်မှာ နောဧမဟုတ်သော နောဧထက် ပိုမို ကြီးမားခိုင်ခံ့သော သဘောင်္ကြီး ဆိုက်ကပ်မှာလဲ။
မျှော်လင့်ချက်များ ရင်ဝတွင် တန်းလန်းထိုးစိုက်လျက် ကစဥ့်ကလျား ရှင်သန်မှုထဲတွင် ကျွန်တော်တို့ ခေတ်သစ် နည်းပညာဖြင့် မွန်းမံ
ထားသော ခေတ်သစ်လောကဓံများဖြင့် အကွဲကွဲ အပြဲပြဲ ဖြစ်လျက်။ လမ်းတူသော်လည်း လူချင်းမတွေ့နိုင်ခဲ့ကြ။ ကျွန်တော်တို့ မောဟ
များ၏ ပိတ်ဖုံးမှုကို ခံနေကြရသည်။ ရင်ဘတ်ချင်းတူသော်လည်း ဂျပ်ပင်မထိုးနိုင်ကြ။ ကျွန်တော်တို့ အတ္တများ ၏ မြှောက်ပင့်မှုကို ခံနေ
ကြရသည်။

ပန်းတိုင်သည် ရှိသည်လား။ မရှိဘူးလား။ မရေမရာ ။ေ၀၀ါး ။ ကျွန်တော်ကတော့ ရူးသွပ်ခြင်းများ သည်းသည်း လှုပ်လျက်။

 @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @ @ @@ @ @ @


မိုးအိမ်လူ

30 October 2011
PM;9:16