Thursday, December 15, 2011

ဗျည်းသံ သရသံတွေ ပျောက်နေတဲ့ ၀တ္ထု


ကျွန်တော့် နား ထဲကို အသံတွေ ၀င်မလာတာကြာပြီ။ နားထဲ တစ်ခုခု ၀င်သွားတာလား။ ဒါမှမဟုတ် နားထဲက အင်္ဂါတစ်ခုခု ပျက်စီးသွားတာ လား မသေချာဘူး။ သေချာတာကတော့ နားထဲကို အသံတွေ အရင်လို ၀င်မလာတော့ဘူး။ သီချင်းလည်း နားထောင်လို့မရတော့ဘူး။ လူတွေရဲ့ စကားသံကို လည်း ကောင်းကောင်းမကြားရတော့ဘူး။ စကားသံတွေမကြားဘဲ ၀ူးဝူးဝါးဝါး တွေပဲ ကြားနေရတယ်။ ဒီတော့ ပြောရ ဆိုရတာ အဆင်မပြေတော့ဘူး။ သူတို့ကို စာရွက်နဲ့ ရေးခိုင်းပြီးမှာ ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးကို လည်ပတ်နေစေရတယ်။ နားအထူးကု ဆီသွားပြဖို့ ပြင်နေတာလည်း ကြာပြီ။ အလုပ်တွေက လည်း မပျက်ဘူး။ ခင်ဗျား ကျွန်တော့်ဆီ လာပြီး နောက်နေ့ မနက်ကတည်းက ဆိုပါတော့။ သူကလည်း အထူးကုဆီ သွားပြဖို့ ပြောနေတာ ကြာပြီမဟုတ်လား။ သူ့စကားကို နားမထောင်တာတော့ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်ကကို အလုပ်တွေက ရှုပ်နေတာလေ။ အလုပ်တွေက ရှုပ်ဆို တစ်နေ့တစ်နေ့ ၀တ္ထု နှစ်အုပ် ကုန်အောင် ဖတ်နေရတာ တော်တော် ပင်ပန်းတယ်မဟုတ်လား။ ညကတော့ လ သာသေးတယ်။ ဒီနေ့ ည သာမသာတော့ မသိဘူး။ သူ က ကော်ဖီတစ်ခွက်ဖျော်ပြီး ၀တ္ထုထဲ ပြန်ဝင်သွားတယ်။ ၀တ္ထုထဲမှာ ဒီအချိန်ဆို သူ ကော်ဖီသောက်ရင်း စာဖတ်တဲ့ အချိန်လေ။ မနက်ဖြန်မှ မသက်သာရင် ဆရာဝန် သွားပြဖို့ ကြံထားတယ်။ ကျွန်တော်လည်း အပြင်မှာနေရတာ အေးလာတာနဲ့ အခန်းထဲ ပြန်ဝင်လာခဲ့တယ်။
မနက်ဖြန် သွားမယ်မလား
သူက စာဖတ်ရင်းကနေ လှမ်းမေးတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ တကယ်က ကျွန်တော် ဘာမှမကြားဘူး။ ၀ူးဝူးဝါးဝါးပဲ ကြားတာ။ ဘာမှ ပြန်မပြောချင်လို့ ခေါင်းညိတ်ပြလိုက်တာ။ စိတ်ညစ်ပါတယ်။
*
အရိပ်က ကျွန်တော်ဆီကနေ ပျောက်သွားတာ ရင်နင့်အောင် ရဲ့ ပုံရိပ် မှန်ထဲကနေ ပျောက်သွားတဲ့ နေ့ကတည်းကပဲ။ အစကတော့ သူ မသိပါဘူး။ မနေ့က ခင်ဗျားနဲ့ တွေ့မှ စကားစပ်မိရင်း အတူတူ အရိပ်တွေ ပျောက်ကုန်တာပေါ့လို့ ဆိုတာ။ ရင်နင့်အောင်ကတော့ သူ့အရိပ်ကို ပြန်လာစေချင်ပုံမရဘူး။ သူလည်း အရိပ်ကို ပြန်မလာစေချင်ဘူး။ ဒါပေမယ့် ရည်ရွယ်ချက်တွေကတော့ မတူဘူး။ ရင်နင့်အောင်က သူနဲ့ဘ၀တူ အဘိုးကြီး ပြောလို့ သေမှာကြောက်ပြီး မလာစေချင်တာ။ သူကတော့ ပုံသဏ္ဍာန်အမျိုးမျိုးထွက်နေတဲ့ သူ့အရိပ်တွေကို စိတ်ပျက်ပြီး ပြန်မလာစေချင်တာ။ ည ည အိပ်မပျော်တာလည်း ကြာပြီမဟုတ်လား။ စိတ်ညစ်ညစ်နဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖတ်ဦးမှ ဆိုပြီး ဖတ်နေလိုက်တယ်။ သူကတော့ ၀တ္ထုထဲမှာ ကောင်မလေးနဲ့ ပြုံးပျော်လို့။ ခက်တာက သူက ကျောင်းကို ဆက်မတက်တော့ဘူး။ ပညာရေးစနစ်ကို မကြိုက်လို့တဲ့။ ကျွန်တော့်အနေနဲ့ကတော့ ဆက်တက်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒီမှာဒါတက်မှ အဆင်ပြေမှာ မဟုတ်လား။ သူကတော့ ပညာရေးစနစ်ကို အယုံအကြည်မရှိဘူးတဲ့။ သူ့ဝတ္ထုထဲမှာတော့ သူက မင်းသားပဲလေ။  သူ ကျောင်းဆက်မတက်လည်း အချိန်တန်ရင် သူ့ဘ၀က နေခြည်ဖြာမှာပဲ မဟုတ်လား။ ပူပင်စရာ သိပ်မှ မရှိဘဲ။
အဲ့လိုလည်း မဟုတ်ဘူးဗျ
သူက ငြင်းတာ။ ဘာလို့လဲ လို့ ကျွန်တော်က ပြန်မေးတော့
ကျွန်တော် ၀တ္ထုထဲမှာမို့ ကျောင်းဆက်မတက်တာမဟုတ်ဘူး။ အပြင်မှာဆိုလည်း တက်မှာမဟုတ်ဘူး။
ကျွန်တော်ကတော့ မယုံဘူး။
မဖြစ်နိုင်ပါဘူးကွာ လို့ ပြန်ပြောလိုက်တယ်။
ဒီဘွဲ့တွေရတော့ကော ဘယ်ကုမ္ပဏီက အလွယ်တကူ အလုပ်ပေးလို့လဲ ။ တဲ့ သူက ပြန်မေးတယ်။
အဲ့ဒါတော့ ကိုယ်လည်း မသိဘူးလေ။ သူတို့ကြိုက်ရင် ပေးမှာပေါ့။ လို့ ကျွန်တော် က ပြန်ပြောတော့ သူက ရယ်တယ်။
ထားပါဗျာ။ ကောင်မလေးကို သွားကြိုရဦးမှာ ။ နောက်မှ ဆက်ပြောတာပေါ့ ။ ဆိုပြီး လစ်သွားတယ်။
ကျွန်တော်လည်း စိတ်ရှည်သည်းခံပြီး ၀တ္ထု ဆုံးတဲ့အထိ ဆက်ဖတ်ပေးလိုက်ပါတယ်။
*
ထုံးစံအတိုင်းဆို ကျွန်တော် ဒီနေ့ ပျော်နေရမှာ။ ဒီနေ့ လခ ထုတ်ရက်လေ။ ဒါပေမယ့် အကြွေးတွေအကုန်ဆပ်လိုက်တော့ လက်ထဲမှာ ငါးထောင်ပဲ ကျန်တော့တယ်။ ဘာတတ်နိုင်မှာလဲ။ ထုံးစံအတိုင်းပဲ ကိုယ့်အခန်းကို ပြန်ပြီး အိပ်ရုံရှိတာပေါ့။ အဲဒီမှာ ခင်ဗျားက ကြိုရောက်နှင့် နေတယ်။ ရင်နင့်အောင်ကြီးလည်း ပါတယ်။ သူတို့က ၀ိုင်းဖွဲ့မလို့တဲ့။ မနက်ဖြန်လည်း အလုပ်တွေ နားတယ်ဆိုတော့ ဒီည တော့ ကွဲချင်သလိုကွဲ ပါစေ ချကြမယ်တဲ့။ ကျွန်တော်လည်း မထူးဘူးဆိုပြီး ချဗျာလို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ကျွန်တော် မှ တစ်ပြားမှ မကုန်တာ။ သူတို့က အကုန်ဝယ်လာတာကို။ အေးဆေးပေါ့။
ခင်ဗျားတို့ကတော့ ရေလျှံတုန်းပေါ့ ဟုတ်လားလို့
ကျွန်တော်က မေးတော့ ရင်နင့်အောင်ကြီးက မုတ်ဆိတ်မွှေးကြီး ဆွဲပွတ်ရင်း
ဟဲဟဲ ကိုယ်တို့က အသုံးအစွဲ စီစစ်တယ်လေကွာ ။ သူများလို ဒါဆိုဒါပဲ လုပ်နေတာမဟုတ်ဘူး။ ဘေးပေါက်လည်း ရှာသေးတာ မဟုတ်လား လို့ ကျွန်တော့်ကို ဖဲ့ရင်း ပြောတယ်။ ကျွန်တော်လည်း ရယ်ရုံပဲ ရယ်နိုင်တယ်။ ဗိုင်းရပ်စ်ကိုကော ခေါ်ဦးမလားလို့ ခင်ဗျားက မေးတော့ ဒီလူ ဒီအချိန်ဆို အွန်လိုင်းမှာကျူနေလောက်ပြီ ခေါ်မနေနဲ့ ရမှာ မဟုတ်ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ ဟုတ်တယ်။ အဲ့ဒီလူက ကျူနေတာပဲ အားတိုင်း။ အဲဒီအချိန်မှာ သူလည်း အလုပ်က ပြန်လာတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ရုပ်နဲ့။
ဘယ်လိုလဲ ငါ့ကောင်ရ။ လူပဲ ကျန်ပါတော့လား ။
လို့ ရင်နင့်အောင်က နှုတ်ဆက်ရင်း မေးတယ်။
ဟုတ်ပါ့ဗျာ။ လူတွေက တော်တော်မကောင်းတာပဲဗျ။ ခင်ဗျားတို့က ၀ိုင်းမလို့လား။
လို့ သူက မေးတယ်။ အေး လို့ ကျွန်တော်က ဖြေပြီး
လာလေကွာ။ တစ်ခါတည်း ၀ိုင်းလိုက်လေ။ လို့ ဖိတ်လိုက်တယ်။
ခဏနေဦးဗျာ။ ဒီလောက်နဲ့ ရမှာမဟုတ်ဘူး။ ကျွန်တော် ထပ် သွား ဆွဲလိုက်ဦးမယ်။ ရိက္ခာ ပြည့်တော့ စိတ်ချလက်ချ ဆွဲနိုင်တာပေါ့
ကျွန်တော်တို့လည်း သဘောတူလိုက်တယ်။ အဲဒီညက ကျွန်တော်တို့ မိုးလင်းအထိ ၀ိုင်းမပျက်ဘူး။ နောက်ဆုံး လမ်းခွဲတဲ့ နေရာက
ဘေဂျင်း လမ်းမကြီးမှာ။
*
စိတ်ကျရောဂါဆိုတာမျိုးက ကုဖို့ လွယ်မလိုလိုနဲ့ မလွယ်ဘူး။ ရောဂါထတဲ့အ ချိန်များဆို ကိုယ့်ကိုယ်ကို သတ်မသေမိအောင် မနည်း ကြိုးစားနေရတယ်။ မနက်ကပဲ မင်းယုမာန်လာသေးတာ။ ဘာဖြစ်နေတာလဲ မေးပြီး အကြောင်းအရင်းသိသွားတော့ သူနဲ့ ရင်းနီးတဲ့ ဆရာဝန်တစ်ယောက်ဆီညွှန်တယ်။ ဆရာဝန်နာမည်ကြားပြီး သွားချင်စိတ်မရှိတော့ဘူး။ ဒေါက်တာအဖြူလေးတဲ့။ အခုအချိန်မှာ အဖြူနဲ့ ပတ်သက်တာ ဘာမှကို မကြားချင်တာ။ အခုအချိန်မှာ အရာရာဟာနက်နေ မှောင်နေတာကို။ လင်းတဲ့ ဖြူတဲ့ နေရာဆို စကားဆို ကြားကို မကြားချင်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဒီရောဂါကို ကုဖို့ ကြိုးစားရမယ်။ ရေရှည်ဆိုရင် မလွယ်ဘူး မဟုတ်လား။ အစစအရာရာ အဆင်မပြေ မှုတွေက အချိန်တိုင်း ပြတ်တယ်မှ မရှိဘဲ။ ဖြေရှင်းဖို့လည်း မတတ်နိုင်ဘူး။ ကိုယ်ကပဲ ညံ့တာလား။ ကိုယ်ညံ့တာပဲ ဖြစ်မှာပါလေ။ အဲဒီလို ကိုယ့်ကိုယ်ကို ညံ့တယ်လို့ တွေးတွေးနေတာကို က စိတ်ကျရောဂါ ဖြစ်နေတာပဲလို့ ဗင်းဆင့်က ပြောနေတာ ခဏခဏ ။ မတတ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်မှ ညံ့တယ် မသတ်မှတ်ရင် ဘယ်သူ့ကို သွားသတ်မှတ်ရမှာလဲ။ သေချာတာကတော့ ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေ မညံ့ကြ ဘူးဆိုတာပဲ။မနက်မိုးလင်းရင်တော့ မိုးမရွာပါစေနဲ့ ဆုတောင်းနေမိတယ်။ မိုးရွာရင် ရောဂါက ပိုဆိုးချင်တယ်။ အခုတောင် နှင်းမိုးတွေ ဖွေးလို့။
*
ကျွန်တော် သေ တော့ ဘေးမှာ ဘယ်သူမှ မရှိကြဘူး။ အခန်းဖော်တွေကလည်း အကုန်လုံး အလုပ်ကိုယ်စီ သွားနေကြတာ။ ကျွန်တော်သေ တာကို အရင်ဆုံး စ တွေ့တာက ကြိုးမဲ့ ဆိုတဲ့ ဂျစ်ကန်ကန် ကောင်မလေးနဲ့ တယောဆိုတဲ့ အူတူတူ ကောင်မလေး နှစ်ယောက်။ အဲဒီ အမျိုးသမီးလေးတွေက မိုဘာက ကဗျာဆရာမတွေ စုပြီး ကဗျာရွတ်ပွဲ လုပ်မှာမို့ လာဖိတ်တာ။ သူမတို့လည်း ကျွန်တော်သေတာ မြင်တော့ တော်တော်လန့်သွားရှာကြတာ။ အဲဒီမှာ ခင်ဗျားတို့ကို လှမ်းခေါ် ။ ခင်ဗျားတို့ ရောက်မှ ကျွန်တော့်အလောင်း ကို လှလှပပ ပြင်ပေးကြလို့ ကျွန်တော့်အလောင်းလေး ကြည့်လို့ကောင်းသွားတာကလား။ အစက ကျွန်တော်က နံရံမီပြီး စဉ်းစားခန်းဝင်နေတာကို။ စဉ်းစားရင်း စဉ်းစားရင်း ဘယ်လို သေသွားမှန်းမသိလိုက်ပါဘူး။ မင်းယုမာန်ကတော့ ကျွန်တော့်အလောင်းကြည့်ပြီး ငမိုးရိပ်တော့ ၀ိဥာဉ်မြို့တော် ရောက်နေလောက်ပြီ လို့ ပြောတယ်။ ကျန်တဲ့သူတွေက အရေးထဲမှာ ဆိုတဲ့ မျက်စောင်းတွေ ၀ိုင်းထိုးကြလို ငတိ ငြိမ်သွားတာ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။ ကျွန်တော့်အလောင်းဘေး ပတ်ပတ်လည် ထိုင်ပြီး ငိုင်တွေတွေကြီးတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ကို ကြည့်ပြီး ငိုင်တွေတွေကြီးဖြစ်လို့။ ကျွန်တော်လည်း ဒီဝတ္ထုထဲကနေ ထွက်ချင်နေပြီ။ အသက်ရှူရတာမမိုက်ဘူး။ သူကတော့ ပြောတယ်။
မိုးအိမ်က သူ့ဝတ္ထုကို သူ့ဘာသာ သိမ်းသွားတာပဲ တဲ့။
မထင်ပါဘူး။ ကျွန်တော့်ဝတ္ထုကို ကျွန်တော်ဘယ်လိုသိမ်းလိုက်သလဲ ။ ကျွန်တော်ကိုယ်တိုင် ရေရေရာရာ မသိဘူး။ ၀တ္ထုက တကယ်ကို သိမ်းသလား မသိမ်းသလား။ မသိပြန်ဘူး။ ရင်နင့်အောင်ကတော့ နာရေးကူညီမှု အသင်းကို လှမ်းဖုန်းဆက်နေတယ်။ အမျိုးသမီးအချို့ကတော့ မျက်ရည်လေး စိုတိစိုတိပေါ့။ ကျွန်တော်လည်း သူ့ကို ခေါ်ပြီး လက်ဘက်ရည်ဆိုင် ထွက်ခဲ့တယ်။
ဝတ္ထုကို ဒီအတိုင်း ထားခဲ့မှာလား လို့ သူက မေးနေသေးတယ်။
*
ခင်ဗျားကတော့ ဒီလိုရေးရင် ကြိုက်ပါ့မလား မသိဘူး။ နေဦးဗျ။ ကျွန်တော် ဒီဝတ္ထုအတွက် မှတ်ချက်ရေးရဦးမယ်။
မှတ်ချက်။ ။ ကျွန်တော့်ကို သွေးတိုးစမ်းနေသော သို့မဟုတ် ကျွန်တော်က သွေးတိုးစမ်းနေသော အနုပညာဟု ကျွန်တော် ယုံကြည်ထားသော အရာတစ်ခုကို ကျွန်တော် ရေးသား ဖန်တီးလိုက်ပါသည်။ ဖြစ်သလား မဖြစ်သလား။ စစ်သလား မစစ်သလား။ ပညာရှင်များ ဆုံးဖြတ်စေချင်သည်။ အတတ်နိုင်ဆုံး မငြိတွယ်အောင်။ မသွေဖီအောင်။ ပျောက်ဆုံးမသွားအောင်။ စစ်မှန်အောင် ကျွန်တော် ကြိုးစား ထားပါသည်။ ဤ၀တ္ထုသည် ဗမာ ဗုဒ္ဓ မြန်မာ လူမျိုးစစ်စစ် မိုးအိမ်လူ ကိုယ်တိုင် ရေးသားသော မြန်မာဝတ္ထုတို စစ်စစ်ဖြစ်ပါသည်။
လက်ခံခြင်း လက်မခံခြင်းသည် သင်။ သူ။ ခင်ဗျား။ ၏ တစ်ကိုယ်ရေလွတ်လပ်ခွင့်ဖြစ်သည်။ အနုပညာသည် လွတ်လပ်ခြင်း ဖြစ်သည်။ ကျွန်တော်သည် အပျော်တမ်း ( ရင်နင့်အောင်စကား ငှားပြောရလျှင် ) ဖျော်ဖြေရေး သမားမဟုတ်။ အပျော်တမ်းစာရေးသူမဟုတ်ပါ။ စာပေ ဟူသော အနုပညာကို အနုပညာမည်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေသူသာ ဖြစ်ပါသည်။ ရည်းစားစာ ရေးသူမဟုတ်ပါ။ ကဗျာရေးသူ ဖြစ်ပါသည်။ စာစီစာကုံး ရေးသူ မဟုတ်ပါ။ အက်ဆေး ရေးသူ ဖြစ်ပါသည်။ ပုံပြင် ပြောသူ မဟုတ်ပါ။ ၀တ္ထု ရေးသူ ဖြစ်ပါသည်။ ကျွန်တော် ဖန်တီးသော အနုပညာသည် အနုပညာဖြစ်သည် မဖြစ်သည် ဆိုသော ကိစ္စတွင် သင်။သူ။ ခင်ဗျား။ သည်လည်း အရေးပါသော နေရာတွင် ပါဝင်သူ ဖြစ်ပါသည်။ သင်။သူ။ခင်ဗျား။ ၏ သဘောထားနှင့် လွတ်လပ်ခွင့်ကို ကျွန်တော် လေးစားပါသည်။ ဆက်လက်၍ ပြောဆိုရမည်ဆိုလျှင် ဤ၀တ္ထုတိုသည် ၀တ္ထုတို စစ်စစ် ဖြစ်ပါသည်။
ကျွန်တော့် မှတ်ချက်ဖတ်ပြီးတော့ သူက မှတ်ချက်ချတယ်။
အလိမ်အညာတွေချည်းပဲ တဲ့။
ခင်ဗျားကလည်း ခေါင်းညိတ် ထောက်ခံလိုက်သေးတယ်။
မမေ့နဲ့လေ။ ဒီနေ့က ဆယ့်သုံးရက် သောကြာနေ့။
* * *
မိုးအိမ်လူ
၁၅ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ငါးဆယ့်ခြောက်မိနစ်

Idea Magazine , May 2012 Issue