Tuesday, October 25, 2011

နှစ်ဆယ့်တစ်ရာစု ကဗျာကောက်ကြောင်း




နားလည်ခြင်းလား နားမလည်ခြင်းလား
ကဗျာဟာ နှစ်ဆယ့်တစ်၇ာစုထဲကို အမိုက်စား ဒီဇိုင်းနဲ့ ၀င်လာပြန်ပြီ
ဒါက ဘိုးဘွားပိုင် ဒါက နိုင်ငံခြားဖြစ် ဒါက ဖက်စပ်
စကားလုံးတွေ ခွဲထုတ် တွဲဆက် ယက်ဖောက်ပြီး
လူသားတွေရဲ့ ဦးနှောက်ကို ရှောခ့်တွေ တစ်ခုပြီး တစ်ခု တိုက်
ဘာဘာညာညာ တွေ သာရကာတွေ နေကြာတွေ ကွာစေ့တွေ
နိဒါန်းချီ ခြေဆင်း ခပ်ရွရွလေး လှမ်းမလာတော့ဘူး
ကီးဘုတ် ပေါ်က ခလုတ်တစ်ချက်ခေါက် ထွက်လာပြီ အဲဒါ ကဗျာ
ခေတ်ပေါ် မဂ္ဂဇင်း တစ်အုပ်ကို ဆွဲလှန် တွေ့ပြီ အဲ့ဒါ ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
အွန်လိုင်း ဘလော့ဂ်စာမျက်နှာမှာလည်း ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
ကဗျာမှာ ဂိုဏ်းစတား မရှိဘူး ကဗျာမှာ နောက်လိုက်မရှိဘူး
ကဗျာဟာ အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို
ကဗျာဟာ သင်းကွဲနေတဲ့ တစ်ကိုယ်တော် သမားလည်း မဟုတ်ဘူး
ကဗျာထဲမှာ ကမ္ဘာကြီးဟာ သေးငယ်နေပေမယ့်
ကမ္ဘာကြီးထဲမှာတော့ ကဗျာဟာ သေးငယ်မနေဘူး
ကမ္ဘာကြီးက ကမ္ဘာကြီးလောက်ပဲ ကျယ်တယ်
ကဗျာကတော့ ဗုဒ္ဓသခင် ခွဲစိတ်ပြခဲ့တဲ့ စိတ်ရှိသလောက်ကျယ်တယ်
ကဗျာဟာ ဆရာနဲ့ မတွဲဘူး ကဗျာဟာ သမား နဲ့ မတွဲဘူး
ကဗျာဟာ ၀ါသနာရှင် အဆင့်လောက်နဲ့လည်း ကျောက်ချမထိုင်ဘူး
ကဗျာမှာ ဖတ်သူ ရှိတယ် ကဗျာမှာ ရေးသူ မ၇ှိဘူး
ကဗျာဟာ တန်ခိုးရှင် တစ်ပါး ဖန်ဆင်း ဖန်တီးထားတဲ့ အရာမဟုတ်ဘူး
ကဗျာဟာ အနုပညာ ကဗျာဟာ နူးညံ့ တဲ့ နှလုံးသား ရဲ့ ကိုယ်ပွား
ကဗျာဟာ လွတ်လပ်ခြင်းရဲ့ချစ်သူ
စကားလုံး အများကြီးနဲ့ ကဗျာကို သားရဲတွင်းထဲ ပစ်ချ အစ ဖျောက်လို့ မရသလို
စကားလုံးတစ်လုံးတည်းနဲ့ ကဗျာကို ကောင်းကင်ထက်မှာ လွင့်ပျံစေနိုင်တယ်
ကဗျာက အပြောမကြီးတဲ့ လူ သန်လိုမျိုး
စကားလုံးတွေ ရစ်ဖောက် ထုချေ မွေးဖွားခြင်းနဲ့
လောက အသစ်တစ်ခုအတွက် ကဗျာဟာ ကဗျာ အဖြစ်နဲ့
နှစ်ဆယ့်တစ်ရာစုထဲကို အမိုက်စားဒီဇိုင်းနဲ့ ၀င်လာနေပြီ။


မိုးအိမ်လူ

No comments:

Post a Comment