Saturday, October 22, 2011

အိုင်ဒီယာ ၊ ကျည်ဆန်အခွံချွတ် နှင့် မပြောသင့်သော စကားများ

အိုင်ဒီယာ ၊ ကျည်ဆန်အခွံချွတ် နှင့် မပြောသင့်သော စကားများ


ခေတ်သစ် ဒိုင်ယာလောခ့် ကျင့်ဝတ်အရ ဘာမှမပြောချင်လည်း အာမေဋိတ်သံတော့ပေး
သူ့ ဘက် ကိုယ့်ဘက် ဆိုတာ မမြင်တတ်လည်း ကြည့်တတ်ရတယ်
ဘာလုပ်မှာလဲ ညဥ့်နက်သန်းခေါင် ဂစ်တာလျှောက်တီးတာ
ဘာလုပ်မှာလဲ မိုးလင်းပေါက် အရက်ထိုင်သောက်တာ
ဘာလုပ်မှာလဲ လက်ဖျံမှာ တက်တူး ထိုးပြီး တွေ့ တဲ့သူ မိုက်ကြည့် ကြည့်တာ
ပလက်ဖောင်း ဇာတ်ထုပ်တွေ ခေတ်မရှိတော့ဘူး
အခါလွန်မှ ခွင့်သာခိုက်မှာ မလိုက်မိလို့  ပြဇာတ်မင်းသားလို ငိုချင်း လာမချနဲ့ 
စာအုပ်ထဲကအတိုင်း ပြောကြည့်တာလေ
သက္ကရာဇ် မကိုက်တဲ့ ကိစ္စ ဒီမှာ တိုင်လာမပတ်နဲ့  သမိုင်း ပညာ၇ှင်မဟုတ်ဘူး
ဘာလွန်ပြီ ညာလွန်ပြီ ဘာပြီးဆုံးသွားပြီ ညာပြို ကျသွားပြီ
အဖြစ်အပျက်ကို မြင်ကွင်းကျယ် ချဲ့ ပြီး တရားခံပဲ ပတ်ရှာမနေနဲ့ လေ
အဓိက က သူဘယ်လို ခြေလှမ်းကြောင့် ဒီရလဒ် ရလာသလဲ သိရင် တော်ပြီ
ဟောဒါ ငါ့ကဗျာပဲ ဟောဒီမှာ ငါ က အနုပညာသမားပဲ
အော် ဟုတ်လား မှတ်တောင် ထားရဦးမယ်
ကိုယ့်ကဗျာ နေရာရရုံနဲ့  ကိုယ့်ကို ကိုယ် ဘွဲ့ တံဆိပ်ကပ်
ဘွဲ့ တံဆိပ် ဒီလောက် လိုချင်နေရင်လည်း သင်္ကန်းသာ စည်းလိုက်တော့ ( ကန်တော့ပါရဲ့ဗျာ )
အဲ့ဒီလို တောင်မရောက် မြောက်မရောက် အသံတွေကို အမုန်းဆုံးပဲ
အနုပညာကို လှေကားလို့  မြင်တဲ့သူတွေ ရှိသ၍တော့…
လာပါပြီ လာပါပြီ ကလောင်ကို ဓားအိမ်ထဲထည့်ထားတဲ့ စာပေပြုပြင်ရေး သူရဲကောင်းကြီး
စာမျက်နှာတွေပေါ်မှာ သတ်လိုက်ဖြတ်လိုက် ပါဝါနဲ့  အဆင့်မြှင့်ပေးလိုက်
သွေးချောင်းစီးစေတာလည်း သူပဲ သရဖူတွေ ဖန်တီးပေးတာလည်း သူပဲ
နယ်နယ်ရရတော့ မဟုတ်ဘူး စာပေလောကရဲ့ အဓိပတိကြီးလို့ ပြောလည်း ရတယ်
အခေါက်ခေါက် အခါခါ သုံးစွဲပြီးလို့  တွန့် ကြေနေပြီ
အတွေးအခေါ်တွေကို ပြောတာပါ
နေပူရင်လည်း အဲဒါကြောင့် မိုးရွာရင်လည်း အဲဒါကြောင့်
အရှေ့အိမ်တွေ အနောက်အိမ်တွေက ထိုးထိုးထောင်ထောင် ကိုဖိုးမောင်တွေ ဖြစ်နေပြီ
ဒီအိမ်က အခုထိ မိသားစုတွေ ထမင်းလက်စုံ မစားနိုင်သေးဘူး
မချစ်တာနဲ့ ပဲ အပြစ်တွေမြင် မကောင်းတွေပြော
ခေါင်းကဆံပင်က ဆိုးဆေးဗူး ငါးဆယ်လောက် သောက်ပြီးနေပြီ
တရားကို ကိုယ်မှာ မရှာနိုင်သေးဘူး
သူလား ငါလား အတ္တအသုံးတွေ နဲ့  ရေမရောနဲ့ လေ
သိချင်ရင် သိချင်တယ်ပြော ဆရာလိုလို သမားလိုလို မျက်နှာဖုံးတပ်မနေနဲ့ 
ဟုတ်တယ် အဲ့ဒါ ပိုစ့် မော်ဒန်ပဲ မရှင်းရင်မေး
ပြောကြဆိုကြနဲ့  အားလုံးဆိုနေကျ သီချင်းတွေလည်း အနားဖွာနေပြီ
သူက အိုဘားမားဆို ကိုယ်က ဟူကျင်တောင်ပဲ
နက်ဝက်ဘ် မသိဘဲနဲ့  အွန်လိုင်း ကဗျာဆရာဆို အထင်မကြီးဘူးဆိုပဲ
ခင်ဗျားဆရာက ခင်ဗျားကို အဲဒီလိုပဲ သင်ထားသလား
မိုးကြိုးတွေက အစင်းလိုက် အစင်းလိုက်ပဲ
ထန်းလက်ကာချိန်မရလို့  ရင်ကောထားလိုက်ရတာလည်း အကြိမ်မနည်း
ဘာလဲဗျာ ကဗျာဆရာပဲ ဆာတတ်တဲ့ ဗိုက်ရှိတာလား
ပြောတော့ သစ္စတရားပါ မေတ္တာတရားပါ
လုပ်လိုက်ရင် အတ္တက တချွန်ချွန် ကိလေသာက တပွပွ
အခုပဲ ဆိုကရေတီးရဲ့ အဆိပ်ခွက်ကို လုသောက်တော့မလိုလို
ထားလိုက်ပါ အကြောင်းတရားတွေကမှ အနားသတ်မလှဘဲ
သူတို့ ကိုယ်တိုင် ချတဲ့ စည်းမျဉ်းတော့ သူတို့  လိုက်နာနိုင်မှာပဲ
အချိန်တန်ရင် ဘယ်သူက ပုံပြင်ထဲရောက်ပြီး ဘယ်သူက သမိုင်းမှာ ကျန်ရစ်မလဲ ဆိုတာ ရှင်းသွားမှာပါ
ရေစီးကတော့ စီးနေမှာပဲ မနေ့ ကဆိုတာ ဘယ်တော့မှ ဒီနေ့ ဖြစ်လာမှာ မဟုတ်သလို
ဒီနေ့ ဆိုတာလည်း….။
                                                                                                           မိုးအိမ်လူ

No comments:

Post a Comment