Saturday, October 22, 2011

ပန်းပွင့် မယ်လိုဒီ


ပန်းပွင့် မယ်လိုဒီ

( ၁ )

ကျောင်းတက်ခေါင်းလောင်းသံကို
အထိတ်တလန့် ဖြစ်နေတဲ့
ကျောင်းပျင်းလေးပါ

ရောင်ခြည်တွေ ဖြာထွက်နေသလို
ပန်းပေါင်းစုံ လမ်းခင်း
မင်္ဂလာတရားကို ဦးခိုက်လို့ 
ငါ့  ရဲ့ နေ့ရက်တွေဟာ
ပျားရည်ခွက်ထဲ ကျသွားခဲ့ တယ်

အာရုံငါးပါးနဲ့  မထိတွေ့ ခဲ့ပေမယ့်
ငါ့ ရဲ့ အာရုံ ခန္ဒာကြီး တစ်ခုလုံး
စွဲလမ်းခဲ့ရတာ
မီးတောက်လူသား တစ်ယောက်လို ပေါ့

ပန်း ရေ ……….
ကျောင်းတော်ကြီး ရဲ့ စိန်ပန်းနီတွေဟာ
ငါ့နှလုံးသား ဖတ်စာအုပ်ရဲ့ 
နိမိတ် ၊ သင်္ကေတ ၊ ခေါင်းစဉ်ပဲ ဆိုတာ..
… … …. … …. …. …
… … … … … … … …
( ၂ )

ကောင်းကင်က နတ်စစ်သည်တွေကို
ပုလွေတစ်ချောင်းနဲ့  ရင်ဆိုင်နေရတဲ့
သိုးကျောင်းသားလေးပါ

ကမ်းခြေကို နမ်းရှိုက်ချင်စိတ်တစ်ခုနဲ့ 
ကျယ်ပြောတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့
လှိုင်းတစ်ခုကို
ကျောက်ဆောင်တွေနဲ့  ကာဆီးရက်ခဲ့ပြီပေါ့

ငါ့ နှလုံးသားက
ရိုက်နှိပ်လိုက်တဲ့
အချစ်ပြက္ခဒိန်မှာ
အနီရောင် ရက်စွဲတွေ များလာတယ်

ကန္တရ အလယ်မှာ
လမ်းပျောက်နေတဲ့  လူသားတစ်ယောက်ရဲ့ 
ရေကို တောင့်တမှုမျိုး
ငါ့ ရဲ့ သတိရစိတ်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး

( ၃ )

ငါ ဟာ လောကကြီးရဲ့
ဒုက္ခအမျှပေးဝေသံကို
သာဓုခေါ်ခဲ့တဲ့ ကောင်ပါ

လှပ်ခတ်သွားတဲ့ နှုတ်ခမ်းပါးလေးကို
ပုံပြင်ထဲမှာ သော့ခတ်သိမ်းထားဖို့ ကြိုးစားခဲ့တာ
သူရူးတစ်ယောက်လိုပဲ

ပန်း ရေ
လူညံ့ တစ်ယောက်ရဲ့ အချစ်ကို
သူတို့  ပြက်ရယ်ပြုနေကြပြီ
မင်း …. သက်သေလုပ်ပေးပါဦး

ဖွာခနဲ လွင့်စင်လာတဲ့
မိုးဖွဲတွေရဲ့ ဗရုတ်ကျမှုမျိုး နဲ့ 
လောကကြီးကို
ငါ ကလိထိုးဖူးတယ်
( ငါ ပျော်ဖူးချင်လို့ ပါ )

( ၄ )

လေပြေကို မျှော်လင့်ရင်း
မုန်တိုင်းထဲမှာ
ငါ
အိပ်ချင်ယောင်ဆောင်ဖူးတယ်

သူတောင်းစားတစ်ယောက်ဟာ
ခုနှစ်ပြည်ထောင် မင်းတွေနဲ့ အပြိုင်
မင်းသမီးလေးကိုပိုင်ဆိုင်ဖို့ 
ကြိုးစားခွင့်တော့ရှိသင့်ပါတယ်

အိပ်မက်တွေနဲ့ 
စကားပြောရင်း
မှောင်ရိပ်ကျနေတဲ့
ငါ့  ရဲ့ ရာဇ၀င်ကို
ဆက်လက် ခရီးနှင်ခဲ့တယ်

မိုးတိမ်ကို ခိုစီးရင်း
ငါ နှင်ခဲ့တဲ့ ခရီးရှည်ဟာ
လေထဲမှာပဲ ပြီးသွားခဲ့တယ်

မဟာတံတိုင်းလို
ခိုင်မာတဲ့ မျှော်လင့်ချက်မျိုးနဲ့ 
ငါ့ နှလုံးသားဟာ နုပျိုတုန်း

( ၅ )

ဖတ်စာထဲက
ခရုငယ်ရဲ့ ဇွဲမျိုး….
ပုံပြင်ထဲက
လိပ်ရဲ့ လုံ့ လမျိုး…
ငါ ကြိုးစားခဲ့သမျှဟာ
ဆောင်းဦး ရဲ့ ရွက်ကြွေတောထဲမှာ
မင်း နင်းလျှောက်ဖို့  ဖြစ်ခဲ့ပြီပေါ့..။

( ၆ )

ကိုယ်လွှတ်လိုက်တဲ့ ကျိန်စာ
ကိုယ့်ကို ပြန်ထိတဲ့
မှော်ဆရာတစ်ယောက်ရဲ့
မှားယွင်းမှုအတွက် ရလဒ်
သေဆုံးခြင်း တဲ့

ကျဉ်းမြောင်းတဲ့ အခန်းအိုလေးထဲမှာ
နေရောင်ခြည်ကို တောင့်တရင်း
ငါ ဟာ အမှောင်နဲ့ တသားတည်း ဖြစ်ခဲ့ပြီ

နာရီဟောင်းတွေရဲ့ ကြက်ခြေခတ် တို့ ကြောင့်
ရာသီမရွေး ရွာသွန်းချင်နေတဲ့
ငါ့ရဲ့ မိုးရာသီကို
အံကြိတ်ရင်း တားဆီးမယ်
… … … … … …
… .. … …. … …
… … … … … … .
…. …. …. …. ….
ပန်း ရေ..
မင်းမေ့လျော့သွားမယ့်
အရာထဲမှာတောင် မပါဝင်တဲ့
ငါ့ကို မေ့ဖို့ သတိရသေးရဲ့လား..။

မိုးအိမ်လူ


No comments:

Post a Comment