Saturday, October 29, 2011

မျှော်လင့်ခြင်းများ အတောင်ရုတ်သိမ်းချိန်







မျှော်လင့်ခြင်းတွေ တစစီ ကောက်ယူ ရေတွက်ရင်း ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ညက အနက်စစ်စစ် မဟုတ်ခဲ့ဘူး..။ လွမ်းတယ်..။

မျှော်လင့် ခဲ့ရသူ ကို လွမ်းတယ်..။ လွမ်းခြင်း ဆိုတဲ့ အလုပ်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို နှစ်မြှုပ်ရင်း လတစ်စင်း ကြယ်တစ်စု ပါဝင်တဲ့

မြေပုံတစ်ခုနဲ့ လောကဆိုတဲ့ အရာထဲက ချောက်ရှစ်ခု ကို မသိသလို နေခဲ့တယ်..။ တော်တော်အရသာရှိတဲ့ အလုပ်ပဲ..။





တိမ်တွေ မှာ အိပ်မက်ရှိတယ်လို့  ကျွန်တော့်ကို ဘယ်သူ ပြောသွားတာပါလဲ..။ ကျွန်တော် ယုံကြည်မိတယ်..။ ယုံကြည်ခြင်း အလုပ်ဟာ အမြင် လွယ်သလောက် လုပ်ရတာ ခက်ခဲတယ်ဆိုတာ..............။ ဟော ဟိုမှာ ပျံသန်းသွားတဲ့ တိမ်တစ်အုပ်ဆီက အိပ်မက် တစ်ထုပ် ကျလာတယ်...။ ကျွန်တော် လွမ်းနေသူကို မြင် တေ့နိုင်ဖို့ အခွင့်အလမ်းကောင်း တစ်ခု ဖြစ်မလားဆိုပြီး ... လွှုင့်ဝဲကျလာတဲ့ အိမ်မက်တွေကို လိုက်ကောက်နေမိတယ်.... အရူးတစ်ယောက်လိုပေါ့...။





ချစ်ခြင်းမေတ္တာကို ပုံဖော်ပြဖို့  မစွမ်းသာတဲ့ စုန်းတစ်ကောင်လို နေထိုင်ခဲ့မိတဲ့ အချိန်တွေ အတွက် ကျွန်တော် သေလောက်အောင် နှမြောမိတယ်..။ ဘာလို့ များ ... အမှန်တရားကို ကျွန်တော်တို့ အချိန်မှီ မရှာဖွေနိုင်ရတာပါလဲ..။ လေပြေတွေ မလာတဲ့နေ့ မှာ လေပြင်းတွေ ကျလာမှာလားလို့ စိုးရိမ်စိတ်တွေ တစ်ပုံတစ်ပင် နဲ့  ကျွန်တော်ရဲ့ တစ်ကိုယ်ရေ ည တွေဟာ တစ္ဆေတစ်ကောင်ရဲ့  လက်ထဲ ကျရောက်နေသလို..။ နေခြည်နွေးတို့ ရေ... မြန်မြန် ထွေးပွေ့လှည့်ပါတော့..။ မျှော်လင့်ခြင်းတွေကို ပြန်ပြီး မျှော်လင့်နေရတာလောက် ငရဲသားဆန်တာ မရှိခဲ့ဘူး..။





နေသာတဲ့ နေ့တစ်နေ့ ထက် ပုံ၇ိပ်တစ်ခု လာမယ့် နေ့ကိုပဲ ကျွန်တော် မျှော်လင့်နေမိတယ်..။ မုန်းတိုင်းတိုက်မှာ ကျွန်တော် မကြောက်ဘူး... အိမ်မက်ဆိုးနဲ့ သတင်းဆိုးတွေ ကျရောက်လာမျာကို ကျွန်တော်ပိုပြီးကြောက်လန့်နေမိတယ်..။ ကျွန်တော့်  အိမ်ရှေ့တံခါးလေးရဲ့ လူခေါ်ခေါင်းလောင်းလေးကို သူ ဘယ်တော့မှာ လာပြီး လှုပ်ခတ်မှာလဲ..။ လွမ်းတယ်ကွယ်..။ ဟော... ဟိုက တောင်စဉ်တွေက သစ်ပင်တန်းတွေ ရွက်ကုန်ကြွေတဲ့ အထိ လွမ်းတယ်..။

ကျွန်တော့် ရဲ့ လေညှင်းလေး ဘယ်အရပ်ကို နှင်နေပြီလဲ..။ တစ်ချိန်က ကြည်နူးမှုလေးတွေကို သူ သတိမှ ရရဲ့လား..။ သူ ခိုခဲ့ဘူးတဲ့ အရိပ်ပိုင်၇ှင်ကြီး အရိုးပြိုင်းပြိုင်းနဲ့ အထီးကျန်နေပြီ ဆိုတာ ... သူ သိမှ သိပါရဲ့လား..။ အိပ်မက်တွေ မကောင်းဘူး..။ ညတွေဟာ မကောင်းဘူး..။ အတူတူပဲ.။ အိပ်မက်တွေလည်း မကောင်းဘူး... ညတွေလည်း မကောင်းဘူး..။ ပြုံးရယ်နေတဲ့ နှုတ်ခမ်းလေးနဲ့ ထက်ရှတောက်ပနေတဲ့ မျက်ဝန်းပိုင်ရှင်လေး... အချိန်တန်ရင် ခွဲခွာရမယ်ဆိုတာ သိပေမယ့်လည်း.... နောက်ဆုံးတွေရဲ့ နောက်ဆုံးအနေနဲ့ သူ့ ကို တွေ့ချင်မိပါသေးတယ်..။ ဟောဒီမှာ သူ့ အတွက် လက်ဆောင်တွေ .. မပေးဖြစ်ခဲ့တဲ့ လက်ဆောင်တွေ... သူများလာခဲ့ရင်ဆိုပြီး ကြိုတင်စုဆောင်းထားတဲ့ လက်ဆောင်တွေ...............



                                                       သူနဲ့ အတူ သောက်ဖို့  ၀ိုင် ( သူ ငယ်ငယ်လေးကတည်း သိပ်ကြိုက်တာ )



                                                                      သူ နှစ်သက်ဖူးတဲ့ အရုပ်ကလေးတွေ

                                                              ( ကျွန်တော့် စိတ်ထဲမှာသူ ဟာ အမြဲတမ်း ကလေးလေးပဲ )



                                                                       သူ့ ကို သတိရတိုင်း ရေးထားတဲ့ ဒိုင်ယာ၇ီ စာအုပ်လေး

                                                                   ( ကျွန်တော့် ရဲ့ ပျက်ကွက်မှု တွေ အတွက် နောင်တတွေနဲ့ 

                                                               ကျွန်တော် သူ့အပေါ်ထားတဲ့ ချစ်ခြင်းတရားတွေကို ရေးထားတာ )



                                                                         သူ့ အတွက် ဆွယ်တာလေး

                                                       ( ကျွန်တော် မရှိတဲ့အခါ  ဒီဆွယ်တာလေးက ကျွန်တော့်အစား

                                                                       သူ့ ကို နွေးထွေးမှုတွေ ပေးလိမ့်မယ် )



                                                    အဖိုးတန်တဲ့ ပစ္စည်းတွေကို သူမနှစ်သက်မှန်း သိပေမယ့်လည်း

                                                             ကျွန်တော် သူ့ ကို ပေးချင်နေမိတဲ့ ပစ္စည်းလေးပေါ့...။



အနောက်ဘက် တောင်တန်းတွေဆီမှာ တိမ်တွေ ညှို့မိုင်းနေပြီ...။ တစ်စုံတစ်ရာဟာ သေချာတော့မယ်.... ဒါပေမယ့် အခြားသော တစ်စုံတစ်ရာကတော့ေ၀၀ါးဆဲ....။

တာဝန် မကျေခဲ့တဲ့ ဖခင်တစ်ယောက် ရဲ့ အမွေတွေဟာ ကျွန်တော့်သမီးလေးအတွက် ရတနာတွေ ..ခံယူထိုက်တဲ့ အမွေတွေ လို့ သမီးလေး စိတ်ထဲမှာ အလွယ်တကူ လက်ခံပါ့မလား လို့ ကျွန်တော် စိုးရိမ်တွေးတောရင်း.... ဟိုးအဝေးမှာပျံသန်းသွားတဲ့ အိပ်တန်းပြန်ငှက်တွေ ရဲ့အနောက် ကျွန်တော် လိုက်နေမိတယ်....။


မိုးအိမ်လူ

No comments:

Post a Comment