Saturday, October 29, 2011

လွင့်ဝေ လင်းပျံ့




လေနီကြမ်းတို့လာလေပြီ။ အသင်တို့၏ ချပ်ဝတ်တန်ဆာများ ပြင်ဆင်ကြလော့။ မူးယစ်ရီဝေတတ်သော အိပ်မက်များအား သင်တို့၏ မိခင်ထံတွင် ထားရစ် အပ်နှံခဲ့ပါလေ။ ရပ်တန့်မထားသော နေနာရီ၏ တိုက်စားမှုဖြင့် ကျွန်ုပ်တို့ ခရီးတစ်ထောက်ကို အဆုံးသတ်ရတော့မည်။ အသင်တို့၏ မြတ်နိုးရာ မြတ်နိုးကြောင်းများအား ကျောက်သားထက် ( သို့ ) စာရွက်ထက်တွင် မှတ်တမ်းမှတ်ရာ ပြုခဲ့ပါလေ။
နောင်လာနောင်သားတို့အတွက် အမွေကောင်းများ မဖြစ်လင့်ကစား  သင်ခန်းစာကောင်းများအဖြစ် ကျန်ရစ်ခဲ့သင့်သည် မဟုတ်ပါလေ။
ဘုရားသခင်၏ မေတ္တာတော်ဖြင့် သင်တို့နှင့် ကျွန်ုပ် ကမ္ဘာမြေ၏ တစ်နေရာတွင် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ခွင့် ရှိကြလိမ့်ဦးမည်။ မိတ်ဆွေကောင်းဟူသည် ဆွေမျိုးကောင်းထက် ပို၍ အဖိုးထိုက်တန်၏ ။ သင်တို့၏ ဝေဒနာ မြစ်များအား စီးဆင်းစေခြင်းမှ ရပ်တန့်ကြလော့။ မှန်ကန်သော သစ္စာတရားဟူသည် ကောင်းကင်ထက်မှ လမင်းမဟုတ်။ ကျွန်ုပ်တို့၏ ရင်တွင်းမှ စိမ့်စမ်းရေ သာ ဖြစ်၏။

တစ်ကြိမ်တစ်ခါမျှပင်ဖြစ်စေ အချစ်ထံ၌ အသင်တို့ ပျော်ပျော်ကြီး ကျရှုံး ဖူးကြလေပြီ။ ကမ္ဘာ့ဥယျာဉ်တော်ဝယ် ပွင့်သောပန်းများကို သင်တို့ ပိုင်ဆိုင်ဖူးခဲ့ကြပြီ။ စကြာဝဠာ အနှံ့ ပျံသန်းနေတတ်ကြသော ရောင်စုံလိပ်ပြာများ၏ အတောင်ပံထက်ဝယ် သင်တို့၏ အိပ်မက်များ လိုက်ပါ စီးနင်းဖူးခဲ့ကြပြီ။ နာကျင်ရှတဖွယ်ရာ တေးသီချင်းများကို ရင်နှင့်ရင်း၍ သင်တို့ ခံစားဖူးခဲ့ကြပြီ။ လက်ဖျစ်တစ်တွတ်စာ ဘ၀ အိပ်မက်တွင် သင်တို့ မျက်ရည်နွေးများ လူတို့၏ မျက်ကွယ်တွင် ရွာသွန်းဖူးခဲ့ပြီ။ သင်တို့ လူပီသစွာ နေထိုင်ခဲ့ပြီ ဖြစ်ကြောင်း ဘုရားသခင်က ကောင်းစွာ နားလည် လက်ခံနိုင်ပြီ ဖြစ်သည်။

မိုးစက်ကြမ်းတို့  စိတ်ရိုင်းကြမ်းကြမ်းဖြင့် ကောင်းကင်အနှံ့ ရူးနှမ်းနေ၏။ သန့်စင်သော ကျမ်းမြတ်ကို သင်တို့၏ ဦးခေါင်းထက်မှ ချ၍ သင်တို့၏ နှလုံးအိမ်ထဲသို့ သွတ်သွင်းကြလော့။ ငြိမ်းအေးရာ အရပ်ဒေသသို့ သိမ်းပိုက်ရာ စစ်ခရီးလမ်းသည် ဒဏ္ဍာရီအဆက်ဆက်တွင် အကြမ်းတမ်းဆုံးစစ်ခရီးလမ်း ဖြစ်ပေလိမ့်မည်။ သင်တို့၏ ရဲရင့်မှုကို သင်တို့ ယုံကြည်စွာ ရွတ်ဆိုကြလော့။ သင်တို့၏ မြင့်မြတ်သော နှလုံးသွေးသစ္စာကို သင်တို့ ခိုင်မာစွာ ကြွေးကြော်ကြလော့။

ကောင်းမြတ်ခြင်းဟူသည် ကောင်းကင်ထက်မှ ကြွေသော ပန်းမဟုတ်။ သင်တို့နှင့် ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းရမည့် သစ္စာတရားသာ ဖြစ်သည်။


မိုးအိမ်လူ

11.8.2011

No comments:

Post a Comment