Thursday, October 27, 2011

ဇော်က က နေသည်


ဇော်က က နေသည် နေတိုး အကယ်ဒမီ ရသွားသည်
အကယ်ဒမီ ရသွားသော အနုပညာရှင်များသည် ထူးချွန်ကြသည် ထူးချွန်ကြသူတိုင်း ကျော်ကြားကြသူများ မဟုတ်ပါ ကျော်ကြားကြသူတိုင်းလည်း အောင်မြင်ကြသူများ မဟုတ်ပါ အောင်မြင်မှုသည် ဆိုးကျိုးများလှသော လိုတရ လက်စွပ်ဖြစ်သည် လိုတရ လက်စွပ်တစ်ကွင်းကြောင့် လူငယ်တစ်ယောက် လေလွင့်ခဲ့ဖူးသည် လေလွင့်သူ ဟူသော စာအုပ်တစ်အုပ်ကို ဆရာမြသန်းတင့် ဘာသာပြန်ဖူးသည် ဆ၇ာမြသန်းတင့်၏ ဧကရာဇ် တို့၏ ဘဏ္ဍာတိုက်သည် လူငယ်တိုင်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်သည် စာအုပ် တစ်အုပ်၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို မည်သူမျှ သေသေချာချာမသိကြပါ မည်သူမျှ မသိကြသေးသော အရာကို ရှာဖွေနိုင်သူသည် လူတော်ဖြစ်သည် လူတော်သည် ပါရမီ၇ှုင် မဟုတ်ပါ ပါရမီရှိတိုင်း စာရေးဆရာ မဖြစ်နိုင်ပါ စာရေးဆရာဖြစ်တိုင်း ကဗျာမရေးနိုင်ပါ ကဗျာရေးနိုင်သူတိုင်း မောင်ချောနွယ် မဖြစ်နိုင်ပါ မောင်ချောနွယ်၏ ရထားသည် ယခုအချိန်အထိ ခုတ်မောင်းနေဆဲ ဖြစ်သည် ခုတ်မောင်း နေသော ရေစက်သံသည် ဆူညံလွန်းလှသည် ဆူညံသံတိုင်း မပူညံကြပါ ပူညံ ပူညံ လုပ်တတ်သူကို လူ မလေးစားပါ မလေးစားတတ်ခြင်းသည် မိုက်ရိုင်းခြင်း မဟုတ်ပါ မိုက်ရိုင်းခြင်းသည် မယဉ်ကျေးခြင်း မည်၏ ယဉ်ကျေးမှုသည် လူမျိုးတိုင်းအတွက် အရေးပါသည် အရေးပါသော မြန်မာအကများတွင် ခုနှစ်ထွေအကလည်း ပါဝင်သည် ခုနှစ်ထွေ အကတွင် ဇော်ဂျီကသော အကလည်း  ပါဝင်သည် ဇော်ဂျီ ကသော အက ကို ဇော်က ဟု ခေါ်ဆိုကြသည် ဇော်က က နေသည် ဟူသော ရုပ်ရှင်ဇာတ်ကားတွင် နေတိုး ပါဝင်သည် နေတိုး အကယ်ဒမီ ရသွားသော ဇာတ်လမ်းသည် ဇော် က ကနေသည် မဟုတ်ပါ သို့သော် ဇော်က  က နေသည်။   ။


မိုးအိမ်လူ

ကလေးတစ်ယောက်ရဲ့ အိပ်မက် ကမ္ဘာ




နှင်းဆီပွင့်လေးဟာ လေလွှာ လျှောစီးပြီး
မြက်တို့ရဲ့ တိုင်းပြည်ကို ရောက်လာခဲ့တယ်
သစ်ပင်အိုကြီးခဗျာ အိပ်မက်ဆိုးကနေ ရုန်းထွက်လိုက်ရသလိုမျိုး
ဇောချွေးတွေ ပျံလို့
ကော်ဖီစေ့ကို ကိုက်ချီလာတဲ့ ငှက်ကလေးကတော့
သီချင်း မဆိုအားရှာဘူးပေါ့
လိပ်ပြာလေး သုံးကောင်ဟာ
ကကွက်သစ်တွေ ဖန်တီး ကကြရင်း
ချုံနွယ်တွေထဲ တိုးဝင်ပျောက်ကွယ်
အသားမစားတော့တဲ့ ကေသရာဇာကတော့
ဥပုသ်လည်း မစောင့်တော့ပါဘူးတဲ့လေ
အလင်းကွက်လေးတွေ နောက် တကောက်ကောက်လိုက်ရင်း
ယုန်ဖြူလေးဟာ အိမ်အပြန်လမ်းကို မမှတ်မိတော့ဘူး
ပန်းပွင့်ရောင်စုံတို့ သံပြိုင်တေးဆိုနေကြတယ်
သစ်ခက်စိမ်းတို့ကတော့ အိပ်မက်မက်လို့ကောင်းတုန်း
ဒီလိုနဲ့ပဲ
ကလေးလေးဟာ သူ့အမေ လှုပ်နှိုးမှုနဲ့
အိပ်မက်ကနေ လူးလွန့်ထွက်ခဲ့ရတယ်။

မိုးအိမ်လူ

ဆူနာမီ တိုက်ရိုက် ထုတ်လွှင့်မှု








မြင်နေတဲ့ အတည်တကျ မြင်ကွင်းဟာ ရုတ်ချည်း ဖရိုဖရဲ
ကျောင်းဆင်းခေါင်းလောင်း မခေါက်လိုက်ရဘူး
ကလေးငယ်ဟာ မေမေ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်
ဖေဖေတွေဟာ မိသားစုကို မျက်ဝန်းထဲမှာ ပုံရိပ်ဖော်
စိတ်ကလွဲပြီး ကျန်တာ ဘာမှ လှုပ်ရှားခွင့် မရလိုက်ကြဘူး

ဘာတွေကို ဆက်လက် တန်ဖိုးထားကြမလဲ
ခန္ဓာကို ဒရကြမ်း ဆွဲခေါ်ကိုင်ဆောင့်ပစ်တဲ့အရာ
ဆုံးရှုံးသွားပြီလို့ စောစောက တန်ဖိုးထားနေမိတဲ့ အရာတွေကို မနှမြောမိ
သူတို့ ဘယ်လို နေကြမလဲ ဆိုတဲ့ သောက ကပဲ ရင်ကို ဆောင့်တက်
မနက်က ပြုံးတဲ့ အပြုံးတွေ အမှတ်ရမိသေးတယ်
မနေ့က ဆူပွက်ခဲ့တဲ့ စကားလုံးတွေအတွက် ရင်နာမိသေးတယ်
သူ/ သူတို့ အဆင်ပြေပါ့မလား
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခု ဒါမှမဟုတ် တစ်ခုမက ကို
အရာဝတ္ထုတစ်ခု ဒါမှ မဟုတ် တစ်ခုမက က
တိုက်မိ /  ရိုက်မိ / ဆွဲဆုပ်မိ / ၀ါးမြိုမိ / ထိခိုက်မိ ….. …  သွားပြီ
သွားပြီ…… … အခု အမှောင်ချလိုက်ရင် ပြန်ကော လင်းခွင့် ရှိပါ့မလား။

မိုးအိမ်လူ

ငရဲသား အိပ်မက်





မီးအလင်းအမှောင် မကောင်းတဲ့ ရုပ်ရှင်
မှိန်ပျပျ အသက်ရှုသံလေးနဲ့ ဘ၀တစ်ခုဟာ အကျီးတန်နေသလို
ပန်းရနံ့ ဖျော့ဖျော့ လေးကို မျက်စိမှိတ် အနံ့ ခံရင်း
နေတွေ လတွေ မှောက်လျက်လဲကုန်တယ်

နာကျင်ရတာ ပင်ပန်းလွန်းလှပါပြီ ဖေဖော်ဝါရီ
နီရင့်ရင့် နေ့စွဲတွေ အရောင်ပြောင်းဖို့ မေ့နေကြသလား
အဆင်မပြေမှုတွေ ထပ်ကာ ထပ်ကာ ရောက်လာ
ဒဏ်ရာတွေသာ များများ လာတယ် / နက်နက်လာတယ်
အိပ်မက်တွေမှာ အခုထိ အလင်းတစ်စ မပွင့်သေးဘူး

မိုးသောက်ချိန်မှာ ဖြာဝေမယ့် ရနံ့တွေကို မျှော်နေခဲ့တာ
ထိုးစိုက်ထားတဲ့ လောကဓံ ကျောက်ချွန်တွေက ရင်ဘတ်မှာ တန်းလန်း
အလိုရှိရာ အလိုရှိကြောင်း အဖြူရောင်သစ္စာတွေက
ဘယ်တော့မှ မျက်စိရှေ့မှာ ကိုယ်ထင်မပြကြဘူး
မှတ်သားတတ်တဲ့ ဦးနှောက်လည်း အလုပ်ကောင်းကောင်း မလုပ်ချင်
မနေ့ကတွေကို ကောင်းကောင်း မမှတ်မိချင်ပေမယ့်
မနှစ်က သွေးစတွေကို ခဏ ခဏ ရှုရှိုက်မိနေတဲ့ ဘဝ
တကယ့်မှ တကယ်ကို ငရဲသားဆန်လွန်းတယ်။

မိုးအိမ်လူ

အတွင်းနာ

မပြောသင့်တဲ့ စကားတွေထက်
မတွေးသင့်တဲ့ အတွေး တွေပဲလား
ကိုယ့် အဘိဓာန် ကိုယ် ကမ္ဘာခြားမှာ သွားရှာရ
အမှားမှား အယွင်းယွင်း လက်ရှိနေထိုင်မှု
စိတ်ထဲရှိတဲ့ အတိုင်း ပြောပြဖို့ သင့်မသင့်
ကြိုးတွေက လပြည့် လကွယ် တစ်ရစ်ပြီး တစ်ရစ်

ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ ပြဿဒါးနေ့
အဲဒီ မိုးမျှော်မြစ်ကမ်းဆိုတဲ့ နေရာမှာ
ရွှေရောင် ဖောင်းကြွ စကားလုံးနင့်နင့်တွေ
စီတန်း ချရေး အမှတ်အသားတစ်ခုလို
မျက်လုံး စုံမှတ် အောက်မေ့မှုအတွက်
နေ့ပြန်တိုးရတဲ့ အိပ်မက်တွေဟာ အသက်ရှုရကျပ်ကျပ်လာ

လက်အုပ်ချီပြီး ဆုတောင်းပါ
လျော့ရဲလွန်းတဲ့ သမာဓိအားနဲ့
သစ္စာတွေ မြှင့်တင်ကြ မေတ္တာတွေ ရေကြီးပြ
တောင်တန်းတွေရဲ့ စကားပြောသံ တရှပ်ရှပ်မှာ
ညတွေနဲ့ အကျွမ်းတ၀င်ရှိခဲ့တာ မဆန်း
သစ်ခက်စိမ်းမှာ ကျနေတဲ့ အလင်းကွက်ဖြူဖြူ
ကိုယ် သန်ရာ စိတ်ကူးရင်း သွေးဟာ ရဲရဲလာသလို

လမ်းသလားနေတဲ့ ခံစားမှုကို
ကော်ဖီနက်နက်ထဲ ထည့်နှပ်ရင်း
မီးလင်းဖို မလိုတော့တဲ့ ရာသီ အစ ရဲ့ ပုံပြင်တစ်ပုဒ်
သစ္စာမွှန်းထားတဲ့ သီချင်းတစ်ပုဒ်အတွက်
ရာသီဥတုလည်း ဖောက်ပြန်ပါစေတော့။


မိုးအိမ်လူ

လွဲချော်မှုတွေနဲ့ ချော်ထွက်သွားတဲ့.......






မရပ်မနား မောင်းနှင်ခဲ့တဲ့ အင်ဂျင်
တရေးအိပ်လိုက်တော့ ရနံ့ လန်းလန်းလေးတွေ ဖူးပွင့်
ဒါဟာ ကိုယ့်ရဲ့ ကောင်းကင်ပဲလို့  မှတ်ယူတိုင်း
ရာသီဥတုက ဖောက်လွဲဖောက်ပြန် တိမ်တွေ အထပ်ထပ်
သက်ဆိုင်ရာ နေ့ နံမှာ ရပ်ရင်း ယတြာမလိုတဲ့ လူ ဆိုပဲ
ရေမျောကမ်းတင် ကံကြမ္မာဆုလာဘ်လေးတွေနဲ့ 
အိပ်မက်တွေ ရှည်ခဲ့တဲ့  ဇွန်ဖြူရနံ့  လှိုင်လှိုင်တွေ
လွှင်ပစ်ဖို့  ကြိုးစားတိုင်း ပြဒါး နောက်က အသံထွက်
စိတ်တွေလည်း ရစရာ မရှိတော့ဘူး
ထောင်တိုင်း ကြေရလွန်းလို့  ကိုယ်လည်း ပျောက်
ရထားတစ်စင်းနဲ့  သံသရာ ပတ်ရင်း
ရထားခေါင်းတိုင်က တိမ်တွေနဲ့  ဘယ်တော့မှ မလွတ်ခဲ့
ဖြစ်နိုင်ရင် အာကာသထဲကို သွားထားချင်တယ်

တစ်ရက်မှာ တစ်ခါပဲ တခါး လာခေါက်တယ်
အိပ်ပျော်သွားရင်တော့ အဲဒီနေ့ ဟာ သွေးထွက်သံယို များတာပဲ
ခြေထောက်အောက်မှာ ခဏခဏ ကျွံတတ်တဲ့ မြေကြီး နဲ့ 
ခေါင်းပေါ်မှာ ခဏခဏ ပြိုတတ်တဲ့ ကောင်းကင်က
အမြဲတမ်း အချိန်မရွေး တာဝန် ကျေပွန် ထမ်းဆောင်ဖို့  အဆင်သင့်
အ၇က်ကြမ်းကြမ်းနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုက်ဖျက်
မသင့်မြတ်တာတွေ အရောင်ပိုတောက်လာပြီး
သင့်မြတ်တာတွေ အငွေ့ ပျံ
နေ့ နေ့ ညည  နွေနွေ မိုးမိုး နံနက် ညနေ
ကာလတွေကို တွက်ချိန်ရင်း
အမှားမ၇ှိတဲ့ ရွေးချယ်မှုတွေက
မျက်တောင်ပေါ်မှာ လမ်းလျှောက်ထွက်ကြတယ်။

မိုးအိမ်လူ

ဓာတ်ခွဲခန်းမှာ ကတဲ့ ပြဇာတ်





လက်ဗွေရာတွေ များခဲ့တဲ့
သက်ရှိ သစ်သီး တစ်လုံးအပေါ်
မှားယွင်းမှုက
တံဆိပ်နက်နက် ထွင်း

ဥာဏ်မမီလောက်အောင်ကို
အတွေးတွေက ထူထပ်နေတာ
တသွေးမတိမ်း လိုက်နင်းခဲ့တဲ့
ရှေးဦးသူရဲ့ ခြေရာတွေ အပေါ်
ထက်ကြပ်မကွာ

သစ်ပင်တွေဟာ စိမ်းလန်းလွန်းနေတယ်
အသိစိတ်နဲ့ တိုးတက်လာတဲ့
ဟောဒီ တောအုပ်ငယ်ကို
ဘုံခုနှစ်ဆင့်မှာ သိမ်းထား

လေတွေ ဝေ့တိုင်း
ကြွတက်လာတဲ့  လှိုင်းတွေနဲ့
သူသူ ငါငါ ပိုင်ဆိုင်တဲ့ ပင်လယ်က
ရာသီဥတု
သာယာကောင်းမွန်လို့နေတယ်

သန်းခေါင်ထမင်းနဲ့ ပေါ့ဆိမ့်တစ်ခွက်
တိုက်တိုက်ဆိုင်ဆိုင်
ခုနှစ်စဉ်ကြယ်မှာ
မနှစ်က အပြုံးတွေ ဝေဆာလို့

ဘယ်နေ့မှာ ပန်းတွေ ပွင့်ဦးမှာလဲ
မိုးကြိုးသွားတွေရဲ့ ရိုက်နှက်မှုနဲ့
လူငယ်တစ်ယောက်ရဲ့ ပစ္စုပ္ပန်တွေဟာ
အခေါက်ခေါက် တွန့်ကြေ

နာကျည်းမှုတွေနဲ့ ထုဆစ်ထားတဲ့
စိတ်ဓာတ်အဆောက်အအုံ
မီးလောင်ရာ လေပင့်ကြ
အနက်စစ်စစ်နဲ့ ည သက်သက်ဖြစ်နေတဲ့ အမှောင်

နှင်းဆီနီ အပါအ၀င်
အမည်မတပ်ရသေးတဲ့ ရောင်စဉ်တွေနဲ့
နှင်းဆီတွေ နှင်းဆီတွေ
အဖတ်လိုက်ကြွေကျ

ဆောင်းဝင်စားတဲ့ နွေအတု
သိမ်းဆည်းလို့လည်း မရတော့ဘူး
စွန့်ကြဲသင့်တန် စွန့်ကြဲ
လက်ခံသင့်တန် လက်ခံပြီး
ကောက်ရိုးဖိနပ် နဲ့
ကြိုးတန်းပေါ်မှာ လမ်းဆက်လျှောက်

ငိုရလွန်းလို့
သစ္စာပန်းတွေလည်း
မျက်လုံးတွေ နာလှပြီ
အမှားပါရင် ခွင့်လွှတ်ပေးလိုက်ကြပါ

ဘာရယ် ညာရယ် မသိဘဲ
ဖော်စပ်ခဲ့တဲ့ ဓာတုပေါင်းစပ်မှုက
အဆိပ်တစ်ခုပဲ
ဖြစ်နေခဲ့တယ်။

မိုးအိမ်လူ

ခွဲခွာခြင်းများနှင့် … အကြောင်း





မှတ်မိရာ မှတ်မိကြောင်း
ရေးခြစ်ခဲ့တဲ့
မှတ်စုစာအုပ်ထဲက
မျက်ရည်စ ပူပူနွေးနွေး

ကျောင်းတက်ခေါင်းလောင်းသံတွေ
ဆိတ်ငြိမ်တော့မှ
လေနုအေးက အမောတကော ရောက်လာ
ပိတ်ထားတဲ့ တံခါးနဲ့
ဖွင့်ချင်တဲ့ လက်တို့ရဲ့ ဆွေးနွေး ညှိနှိုင်းမှု

လမ်းလျှောက်ရင်း
ခြေထောက်ရှေ့ကို ကျလာတဲ့
နေ့စွဲက
တိမ်အထပ်ထပ်
နောက်ဆုံး လွှတ်လိုက်တဲ့ ထိတွေ့မှုက
ဂန္တ၀င်တေးသွားတွေနဲ့
ဆွေမျိုးစပ်လို့….။

မိုးအိမ်လူ

ခုမှ စ က တဲ့ ကချေသည်




ဝါဒတွေ မစွဲတဲ့ ၀ါဒီ
အရည် စက်စက် လေထုက
အငွေ့ဟပ်လို့ ကျုံ့သွားသတဲ့

ဒုတိယအကြိမ်သာ ကြားနာမိရင်
ခပ်လျော့လျော့ကြိုးကို အပြတ်ဖြတ်ပစ်မယ်
လွန်ခဲ့သော နေ့စွဲတွေကတည်း
အစစ်တွေ မဟုတ်ခဲ့တာလေ
ကြယ်ကြွေလို့တော့ သေခန်း မဖြတ်ပါနဲ့.။

မိုးအိမ်လူ

ယမန်နေ့က ယနေ့



ပျောက်ဆုံးသွားတာလား
ဖျောက်ဖျက်ပစ်တာလား

ဟေတီငလျင် ၊ ဟေတီ မီးလောင်မှု
ဟေတီ အကြမ်းဖက်မှု
ဟေတီ ရန်ပုံငွေ
ထောက်ခံစာ မလိုတဲ့ ဘေးဒုက္ခတွေ

ရေခဲ့အမှတ် ဘယ်လောက်
တရုတ်ပြည်က နှင်း မုန်တိုင်း
အမေရိကန်က ရေခဲပန်းဆွဲ
မှတ်ပုံတင်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တွေ

မျက်စိဖွင့် နားစွင့် မျက်ရည်ပြိုသံတွေ တညံညံ
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပဲ တ နိုင်တဲ့ ဘဝ
မြန်မာပြည်က အညာဆောင်းက ဒီနှစ်ပိုအေးလာတယ်

ဆာလောင်မှုတွေ ကင်းဝေးတယ်
မွတ်သိပ်မှုတွေ ပွားများမလာဘူး
ဘုရားရိပ် တရားရိပ်မှာ
ပရိတ်၇ွတ်သံနဲ့ အိပ်စက်လို့ ရတယ်

ကိုယ်ချင်းစာ တရားလက်ဖြစ်တစ်တွက်နဲ့
ကြားစဉ်ခဏ မြင်စဉ် ခဏ
စိတ်မကောင်းဘူး

ဝင်ငွေ နဲ့ ထွက်ငွေ အံလွဲနေတဲ့
နေ့စဉ်ဘ၀မှာ
ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိပါလားလို့
မဖြေသာနိုင်ဘူး

ဂုဏ်တော်ကိုးပါး မမေ့ပါဘူး
မေတ္တာတွေလည်း ပွားများပါတယ်
ဒါပေမယ့် ဆိုတဲ့ နောက်က
အငြင်းဝါကျတွေကြောင့်
မရှိလို့ မလှူတာလည်း မဟုတ်
မလှူလို့ မရှိတာလည်း မဟုတ်
သူ့ထက်ကဲ  သပွတ်အူတွေနဲ့
ကိလေသာတွေ ၀ိုင်းကြီးပတ်လည်
အဆိုးတွေပဲ ရှိတော့မယ့် ကမ္ဘာအတွက်
မကောင်းမှုတွေပဲ မွေးဖွားတော့မယ့် ကမ္ဘာအတွက်
ခန္ဓာမှာ Antivirus ထည့်
မနေ့က သတင်းအတွက်
တကယ် စိတ်မကောင်းဘူး။

မိုးအိမ်လူ

နွေနှင့် တွဲဆက်ထားသော





မျက်လုံးဟာ
မြင်တွေ့မှုသက်သက်နဲ့
ဦးနှောက်ကို မှိုင်းတိုက်တယ်

ဒီဂရီ မြင့်တက်လွန်းနေတဲ့
နွေရဲ့ သရုပ်မှာ
နေထိုင်မှုတွေ
လှုပ်လှုပ်ရွရွ

မိုးတိမ်များ၏ အဝေးသို့ ပြေးထွက်ခြင်း

ခြေရာမဲ့ လမ်းဆွေးက
ရူးချင်ယောင်ဆောင်ခဲ့တဲ့
အားငယ်သူတို့ရဲ့ ကိုးကွယ်ရာ
သစ္စာတွေ
အထပ်ထပ်ပြိုကျရင်း
ရွက်ကြွေတွေက
နွေကို အားနာလို့။

မိုးအိမ်လူ

နွံ




မှတ်တမ်း မှတ်ရာနဲ့
စေစားခဲ့တဲ့
သစ်ပင် မဟုတ်

ရင့်ရော်သွားတဲ့
ရိုးအီမှုမှာ
ကိုယ်လည်း
လက်မှတ်ထိုးချင်နေပြီ။

မိုးအိမ်လူ

လေး မလိုတဲ့ မြား



ဒဏ်ရာကြောင့်
နာကျင်မှုဟာ
နာမည် ပျက်ခဲ့တယ် တဲ့

အပြုအမူမပါတဲ့
လှုပ်ရှားမှုတွေ နဲ့
ပင်လယ်ရေမျက်နှာပြင်က
ကိုယ့်ကို ဆွဲနှစ်ခဲ့တယ်

ရောင်စဉ် ခုနှစ်ထပ်
ပြိုကျတုန်းကလေ..။

မိုးအိမ်လူ

Tuesday, October 25, 2011

အလျင်စလို မဟုတ်ဘူး အေးအေးဆေးဆေး ဒါပေမယ့်



အခုအချိန်က တောင်တောင်အီအီ တွေးပြီး ကြောင်စီစီ ရပ်နေရမယ့် အချိန်မဟုတ်ဘူး
ငါ သိတယ်  ငါ  မသိဘူး
ရေလိုက် ငါးလိုက် လူမှုဆက်ဆံရေး ဗေဒရဲ့ မာတိကာ အသစ်
သူ့မှာမှ သူ့အကြောင်းတရားနဲ့ သူ ရှိရင် ငါ့မှာလည်း ငါ့ဖတ်စာနဲ့ ငါပဲ
ရွှေကို မလို ရေကို မလို နည်းပညာပဲ လိုတယ် သူတို့ အော်တောင်းနေကြပြီ
ငါ့ဆီကလည်း ဖြစ်နိုင်တယ် မင်းဆီကလည်း ဖြစ်နိုင်တယ်
ဟိုလူကြီးဆီကလည်း ဖြစ်နိုင်တယ် ဒီလူငယ် ဆီကလည်း ဖြစ်နိုင်တယ်
မနေ့ညက ပျို့အန်ခဲ့တဲ့ ပုံပြင်တွေကို ဆေးကြောလိုက်တော့ အနံ့တွေ ဆိုးလွန်းတယ်
ထစ်ချုန်းမိုးလည်း မမျှော်နဲ့ အခါလွန်မိုးလည်း မစောင့်နဲ့
ဖြစ်ပျက်သဘောတရားကို လက်ဖျံမှာ တက်တူးထိုးထား
ဘ၀က နာမည်ကြီး အမှတ်တံဆိပ်နဲ့ ဒီဇိုင်းအသစ်နဲ့ ဒီနေ့  ၀တ်ရမယ့် အင်္ကျီ
ဈေးကြီးတယ် ကြာရှည်မခံဘူး  အကြမ်းပတမ်း သုံးလို့ မရဘူး
မနက်ဖြန်ဆို ဟောင်းပြီ
သိထားတဲ့အတိုင်း  ဒီရေတော့ မသေချာဘူး အချိန်ကတော့
မင်းကိုလည်း မစောင့်ဘူး ငါ့ကို လည်း မစောင့်ဘူး
အောက်သိုးသိုး ခံစားချက်တွေ ၀ဲပစ်လိုက်
နောင်တ အတွက် အချိန် အများကြီး မပေးနိုင်ဘူး
ဖြစ်သမျှ အကြောင်း ဘယ်လောက်ဆိုးဆိုး ကောင်းတယ်လို့ မှတ်
ဖိနပ်ကြိုး ကို ချည်လိုက်ဦး။


မိုးအိမ်လူ

နှစ်ဆယ့်တစ်ရာစု ကဗျာကောက်ကြောင်း




နားလည်ခြင်းလား နားမလည်ခြင်းလား
ကဗျာဟာ နှစ်ဆယ့်တစ်၇ာစုထဲကို အမိုက်စား ဒီဇိုင်းနဲ့ ၀င်လာပြန်ပြီ
ဒါက ဘိုးဘွားပိုင် ဒါက နိုင်ငံခြားဖြစ် ဒါက ဖက်စပ်
စကားလုံးတွေ ခွဲထုတ် တွဲဆက် ယက်ဖောက်ပြီး
လူသားတွေရဲ့ ဦးနှောက်ကို ရှောခ့်တွေ တစ်ခုပြီး တစ်ခု တိုက်
ဘာဘာညာညာ တွေ သာရကာတွေ နေကြာတွေ ကွာစေ့တွေ
နိဒါန်းချီ ခြေဆင်း ခပ်ရွရွလေး လှမ်းမလာတော့ဘူး
ကီးဘုတ် ပေါ်က ခလုတ်တစ်ချက်ခေါက် ထွက်လာပြီ အဲဒါ ကဗျာ
ခေတ်ပေါ် မဂ္ဂဇင်း တစ်အုပ်ကို ဆွဲလှန် တွေ့ပြီ အဲ့ဒါ ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
အွန်လိုင်း ဘလော့ဂ်စာမျက်နှာမှာလည်း ကဗျာ
စက္ကူစာမျက်နှာမှာလည်း ကဗျာ
ကဗျာမှာ ဂိုဏ်းစတား မရှိဘူး ကဗျာမှာ နောက်လိုက်မရှိဘူး
ကဗျာဟာ အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို
ကဗျာဟာ သင်းကွဲနေတဲ့ တစ်ကိုယ်တော် သမားလည်း မဟုတ်ဘူး
ကဗျာထဲမှာ ကမ္ဘာကြီးဟာ သေးငယ်နေပေမယ့်
ကမ္ဘာကြီးထဲမှာတော့ ကဗျာဟာ သေးငယ်မနေဘူး
ကမ္ဘာကြီးက ကမ္ဘာကြီးလောက်ပဲ ကျယ်တယ်
ကဗျာကတော့ ဗုဒ္ဓသခင် ခွဲစိတ်ပြခဲ့တဲ့ စိတ်ရှိသလောက်ကျယ်တယ်
ကဗျာဟာ ဆရာနဲ့ မတွဲဘူး ကဗျာဟာ သမား နဲ့ မတွဲဘူး
ကဗျာဟာ ၀ါသနာရှင် အဆင့်လောက်နဲ့လည်း ကျောက်ချမထိုင်ဘူး
ကဗျာမှာ ဖတ်သူ ရှိတယ် ကဗျာမှာ ရေးသူ မ၇ှိဘူး
ကဗျာဟာ တန်ခိုးရှင် တစ်ပါး ဖန်ဆင်း ဖန်တီးထားတဲ့ အရာမဟုတ်ဘူး
ကဗျာဟာ အနုပညာ ကဗျာဟာ နူးညံ့ တဲ့ နှလုံးသား ရဲ့ ကိုယ်ပွား
ကဗျာဟာ လွတ်လပ်ခြင်းရဲ့ချစ်သူ
စကားလုံး အများကြီးနဲ့ ကဗျာကို သားရဲတွင်းထဲ ပစ်ချ အစ ဖျောက်လို့ မရသလို
စကားလုံးတစ်လုံးတည်းနဲ့ ကဗျာကို ကောင်းကင်ထက်မှာ လွင့်ပျံစေနိုင်တယ်
ကဗျာက အပြောမကြီးတဲ့ လူ သန်လိုမျိုး
စကားလုံးတွေ ရစ်ဖောက် ထုချေ မွေးဖွားခြင်းနဲ့
လောက အသစ်တစ်ခုအတွက် ကဗျာဟာ ကဗျာ အဖြစ်နဲ့
နှစ်ဆယ့်တစ်ရာစုထဲကို အမိုက်စားဒီဇိုင်းနဲ့ ၀င်လာနေပြီ။


မိုးအိမ်လူ

Monday, October 24, 2011

သူခိုးနှင့် ခိုးယူခြင်း




အလင်းတန်းမျှင်တွေကို
ဖြတ်တောက်ရှင်းလင်းရင်း
နေ့ နာ၇ီ နဲ့ ည နာ၇ီက
ငါး မိနစ် ကွာနေတယ်

ပတ်ကြားမြေက တိုးထွက်ချင်တဲ့
ဆန္ဒနီနီတွေ
ဖြေသိမ့်ရင်း ကြီးထွားလာခဲ့လို့
မိုးခေါင်တဲ့ အရပ်မှာ
မြက်တစ်ပင်ဟာ
ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့

လှမ်းရင်း လှမ်းရင်း
ဝေးကွာမသွားစေချင်
ခရီးမိုင် ဝေးကွာမှုတွေကို
တွက်ဆ ချင့်ချိန်ရင်း
နက္ခတ်မိတဲ့ အချိန်မှာ
လပြည့်ဝန်းဟာ မျက်နှာလွှဲခဲ့တယ်။

မိုးအိမ်လူ

မောဟ ကဗျာ





အနာအဆာများလွန်းတဲ့
ကြမ္မာနဲ့
နွေရာသီ အားလပ်ရက်ဟာ
အနှုတ်လက္ခဏာ ထွက်နေတယ်
ဆန္ဒတွေကို
ကော်ပတ်စားရင်း
ခေတ်ပေါ်နာရီတွေကို
မကြည့်တတ်ဘူး

သချာင်္သဘောတရားနဲ့
အဲဒီ ထပ်ညွှန်းတွေကို
ပစ်မှတ်လို သဘောထား
နေ့တွေတောင်
အမှောင်ကျလို့

သစ္စာထံမှာ
ဝပ်တွားခယရင်း
အ၀တ်တစ်ထည် ကိုယ်တစ်ခုရဲ့
အညစ်အကြေးတွေက
ဘယ်ခေတ်ကတည်းက
စ တည်နေခဲ့သလဲ

အမည်မသိ သစ်ပင်ကို
ပေးချင်တဲ့ နာမည်ပေး
အောက်စီဂျင် နည်းနေတဲ့
ဒီလေထုမှာ မပျော်မွေ့တော့ဘူး
အကြောင်း….။

မိုးအိမ်လူ

လိုအပ်ချက်အရ တမ်းတခြင်း



အရပ်တစ်ပါးက
အသက်ရှုသံရဲ့ ကျန်းမာရေးကို
စိုးရိမ်တကြီး ဂရုတစိုက်
နေ နဲ့ အနီးဆုံးကျတဲ့ ရာသီတစ်ခုမှာ
ရေခဲရိုက်အောက်စီဂျင်တွေ
ရှားရှားပါးပါး
ရှားရှားပါးပါး အခန်းထဲကို ၀င်ရောက်
အ၀ါရောင် ဥယျာဉ်ဟာ
တစ်တောလုံး ဝေ လို့
တစ်တောလုံး ကြွေ လို့
ရှုနေကျအောက်ဆီဂျင်တွေ အလိုလို ရေခဲအရိုက်ခံနေကြတယ်။


မိုးအိမ်လူ

အိပ်မက်လေးအတွက်




ဆိုးရွားမှုလို့တော့ အမည်မတပ်ချင်ပါဘူး
ဒါပေမယ့်
ငါ့အိပ်မက်လေး စိတ်ဆင်းရဲနေတယ်

ကျောထောက်ပေးနိုင်စွမ်းလည်း မရှိ
နောက်ခံ ကောင်း လည်း မဖြစ်
အိပ်မက်လေးရဲ့ အိပ်မက်ဆိုးတွေကို
ငါ့ ဆီမှာပဲ ပူးဝင်စေချင်တော့တယ်

အစကတည်းက
ဘ၀က အနှုတ်ပြနေခဲ့တော့
အခု
မုန်တိုင်းတွေ အိမ်မပြန်တဲ့ ရာသီမှာ
သူ့အတွက်
ငါ အိပ်မက်ကောင်းတွေ ဖန်ဆင်းဖို့…
…. …. ….. ….. ….. ….. …… ………

ဆွံ့ဆွံ့အအ နဲ့ပါပဲ
ငါဟာ ညံ့ဖျင်းသူ တစ်ယောက်အဖြစ်။

မိုးအိမ်လူ

အချစ်ပြဇာတ် ( ၁၃ )







( ၀ ) ။

ရွေးချယ်ထားသော နေ့ တစ်နေ့ သည် အမှန်တကယ်က သာယာပျော်ရွှင်ဖို့ ကောင်းသင့်သည်။
                                                      
                                                                  *

( က )။ အိပ်မက်များကို ကပိုကရို ဆွဲချွတ်ရင်း သူမ ကို သတိရမိသည်။
( ခ ) ။ သူမသည် ကျွန်တော်၏ ချစ်သူ ဖြစ်သည်။
( ဂ )  ။ ကျွန်တော်သည် သူမ၏ ချစ်သူ ဖြစ်သည်လား ။ မဖြစ်ဘူးလား ။
( ဃ ) ။ မသေချာပါ။
( စ ) ။ ထို နေ့ က ကပျက်ကချော်နိုင်လွန်းသော ကျွန်တော့်ကို ကျွန်တော် မုန်းတီးမိသည်။
( ဆ ) ။ သူမသည် လှပသော မိန်းကလေးဟုတ်မဟုတ် အခြားလူများအတွက် မသေချာလှပါ။
( ည ) ။ ကျွန်တော့်အတွက်တော့သေချာပါသည်။
( ဋ ) ။ သူမသည် လှပသော မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။
( ဏ ) ။ ခံစားဖို့ ခက်ခဲသော စကားလုံးများနှင့် ကဗျာတစ်ပုဒ်ကို သူမအတွက် ကျွန်တော် ရေး ဖွဲ့ မိသည်။
( တ ) ။ ကျွန်တော်၏ နာရီသည် ဆယ့်ငါးမိနစ် နောက်ကျနေပါသည်။
( ထ ) ။ သူမ၏ နာရီသည် ဆယ့်ငါးမိနစ် စောနေပါသည်။
( န ) ။ မြန်မာစံတော်ချိန် ဆယ့်ငါးမိနစ်တိတိ ရှိပါပြီ။
( လ ) ။ ဤနေရာတွင် ကာလာရောင်စုံများထက် အဖြူအမည်းကိုသာ ကျွန်တော် ပို၍ နှစ်ခြိုက်မိပါသည်။
                                                     
                                                       *
( ၀ ) ။

အမည်မသိ ချောက်နက်ထဲသို့  အမည်မဖော်ပြ၀ံ့သော ဘ၀တစ်ခု မျက်စိစုံမှိတ် ခုန်ချသွားသည်။
                                             
                                                        *

( ၁ ) ။ တွေ့ ဆုံမှုများသည် ရိုးမန့် ဆန်ဖို့ လိုကြောင်း သူမ က ကျွန်တော့်ကို ပြောသည်။
( ၂ ) ။ မျက်ဝန်းများသည် သက်တံအကျိုးအပဲ့တို့ ၏ေ၇ာင်စဉ်များဖြင့် တောက်ပနေသည်။
( ၃ ) ။ ညသည် အိပ်၍ မရပါ။
( ၄ ) ။ အတွေးသည် တဆစ်ဆစ် ကိုက်စားတတ်သော သတ္တ၀ါ မဟုတ်။
( ၅ ) ။ အိမ်အမိုးဆီမှ အဓိပ္ပါယ်များ တစိမ့်စိမ့် ယိုကျနေပါသည်။
( ၆ ) ။ ကျွန်တော် သူမအပေါ်ချစ်သော ချစ်ခြင်းတွင် မည်သည့်အရာများ ပါဝင်ကြောင်း ကျွန်တော် ကိုယ်တိုင်ပင် မသိပါ။
( ၇ ) ။ စနစ်တကျ စီစဉ်ထားသော အချစ်ဇာတ်လမ်းများအတွက် မျက်ရည်များသည် စစ်မှန်ဖို့ သိပ်မလိုအပ်လှပါ။
( ၈ ) ။ မိုးရာသီသည် သံယောဇဉ်ပြတ်လွန်းသည်။
( ၉ ) ။ နွေရာသီ ညနေ၏ ကျိန်စာတစ်ပိုဒ်သည် ကျွန်တော့်အတွက် ခါးသီးမှုပြင်းထန်လွန်းလှပါသည်။
( ၁၁ ) ။ ကြားသိရသော သတင်းစကားများအရ သူမ၏ ချစ်ဦးသူသည် ကျွန်တော်မဟုတ်ခဲ့ပါ။
( ၁၂ ) ။ ယိုယွင်း ပျက်စီးလွယ်သော စိတ်ခံစားမှုများအတွက် အမည်နာမ တစ်ခု အလျင်အမြန်လိုအပ်နေပါသည်။
( ၁၃ ) ။ ဆင်းရဲသားလေးနှင့် သူဌေးသမီးတို့  ချစ်ကြိုက်ပေါင်းသင်းသွားကြသော ဇာတ်လမ်းများကို လွန်ခဲ့သော ရာစုနှစ်ထဲမှာ မထားရစ်ခဲ့လိုပါ။
( ၁၄ ) ။ အချိန်သည် စောင့်ဆိုင်းဖို့ ဖြစ်သည်။
                                                      
                                                                        *

( – ) ။
                     နှင်းဆီဖြူ၏ အဓိပ္ပာယ်တစ်ခုမှာ ဖြူစင်သော နှင်းဆီပန်းကလေး ဖြစ်ပါသည်။ စာသားမလိုသော တေးသီချင်းတစ်ပုဒ်ကို ကျွန်တော် သီဆိုပါမည်။ ထိုတေးသီချင်းသည် မိုးဇက်၏ တေးသွားများ မဟုတ်သလို ဗီသိုဗင်၏ ဆင်ဖိုနီများလည်း မဟုတ်ပါ။ အချစ်ဝတ္ထုများတွင် ပါလေ့ပါထရှိသော စာသားများအတိုင်း နားနှင့် နားမထောင်ဘဲ နှလုံးသားနှင့် နားထောင်ပါ။
                      ကျွန်တော်၏ အတိတ်များကို စကားလုံးထက်ထက်များဖြင့် တမြေ့မြေ့ လှီးဖြတ်တတ်သော သူမကို ကျွန်တော် ချစ်ပါသည်။ ကျွန်တော်ပစ္စုပ္ပန်မျက်နှာဖုံးများကို အဟောင်းဈေးနှင့် ရောင်းထုတ်ချင်နေသော သူမကို ကျွန်တော်ချစ်ပါသည်။ အိပ်မက်မမက်သော ညများအတွက် ကျွန်တော် အထူးနှမြောတသ ၀မ်းနည်းမိပါသည်။
                      ထိုသံစဉ်သည် ဦးနှောက်ကို နှလုံးသားက တော်လှန်ပုန်ကန်ခဲ့သော စစ်ပွဲများအကြောင်း ရေး ဖွဲ့ထားခြင်း ဖြစ်သည်။
                                                     
                                                                             *

( A ) ။ သိမ်းဆည်းထားဖို့ မသင့်သော ပန်းခြောက်တစ်ခက်နှင့် စီဒီချပ်တစ်ချပ် ကျွန်တော်ထံတွင် ရှိပါသည်။
( B ) ။ ထို နေ့ က လမသာသော လဆန်းရက် ဖြစ်ပြီး မီးအိမ်ထဲတွင် အလင်းပျောက်နေသော နေ့ တစ်နေ့  လည်းဖြစ်ပါသည်။
( C ) ။ ညတစ်ညလည်း ဖြစ်ပါသည်။
( D ) ။ အကယ်၍ ။
( E ) ။ သူမ၏ နှုတ်ခမ်းဖျားများဆီမှ အမုန်းတရားများ လွတ်ကျလာသည် ရှိသော်။
( G ) ။ တိမ်တိုက်များတွင် မျက်လုံးမရှိပါ။
( H ) ။ အချစ်အတွက် နှင့် ကျွန်တော့်ကို ထမ်းပိုးထားသော မြေကြီးအား သွေးမစွန်းစေလိုပါ။
( I ) ။ ပြုလုပ်သူသည် ပြုလုပ်ခံ ဖြစ်သည်။
( K ) ။ နာရီစင်တွင် အသံမမြည်ခဲ့သော နာရီသံများ ရှိပါသည်။
( L ) ။ လွမ်းဆွတ်ခြင်းများထဲသို့  ကော်ဖီမှုန့် များများထည့်၍ ညစဉ်ညတိုင်း ကျွန်တော် သောက်သုံးခဲ့သည်။
( U ) ။ ကျွန်တော် သူမ ကို ချစ်ပါသည်။
( Z ) ။ အထူးပြုပုဒ်များ မလိုသော ကျွန်တော်၏ ချစ်ခြင်းအတွက် ။
( X ) ။ ကျွန်တော် သူမ ကို ချစ်ပါသည်။
                                                              *
                                                                                                                      မိုးအိမ်လူ
 Mandalay Icon Magazine , August , 2011