Monday, September 19, 2016

အငွေ့တွေနဲ့ အတူ ပျံ




နွေရာသီ ခုနှစ်ဆယ့်ငါး ရာခိုင်းနှုန်း မိုးရာသီ နှစ်ဆယ့်ငါး ရာခိုင်နှုန်း ကို
မိုးဥတုလို့ သတ်မှတ်ထားတဲ့ မြို့/နိုင်ငံတော်။
လှမ်းကြည့်တော့ နေလုံးဟာ ဒီအကွာအဝေးအတိုင်းပါပဲလား
သိပ္ပံပညာမှာ ညံ့ဖျင်းခဲ့လေခြင်း နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာမှာ
ဖုတ်ဖတ်ခါပြီး ထ သွားတဲ့ ရှေးဦးလူသားများအတိုင်း အားလုံး လည်း ဖုတ်ဖတ်ခါ။

မြစ်ကြမ်းပြင်မှာ ထိုင်နေရင်းက လေယာဉ်ပျံတွေကို ရေတွက်ရ
ဒိုက်သရိုက်တွေဟာ မျက်နှာပေါ်မှာ သစ်ငုတ်တစ်ခုအမှတ်နဲ့ ရစ်ပတ်တင်ကျန်
စမတ်ဖုန်းထဲက နုတ်ထဲမှာ ဒီနေ့အတွက် ၀ယ်ခြမ်းစရာတွေ ပြန်ကြည့်
ပြီးနောက် အမေရိကန် ညွှန့်ပေါင်းအဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကို ခုံရုံးစစ် အရေးယူမှာလား
တစ်ခါတစ်ခါ သတင်းခေါင်းစီးတွေလို ကြီးကြီးကျယ်ကျယ် တွေးဖြစ်ရုံကလွဲလို့
မှတ်ချက်ပေး မျှဝေရုံအပြင် ဘာမှမတတ်နိုင်ဘူး

ဘယ်သူ့ဒိန်ခဲတွေ ရွှေ့လာသလဲ မသိ။ ကြွက်တွေနဲ့ လမ်းမှာတိုးပြန်တယ်။
မင်းတို့ ဒိန်ခဲ ငါ ထပ်ရွှေ့ကြည့်ချင်တယ် ရမလား လို့ လှမ်းအော်တော့
ကြွက်တွေ ခဏ ရပ်တန့်သွား။ ပြီးတော့။ ပြိုင်တူ အော်ရယ်သွား။ ပြီးတော့။ ခပ်သုတ်သုတ်ပဲ ရွေ့လျားသွား။
ကိုယ့်မှာသာ လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ မြန်လှပြီ သတ်မှတ်ထားရ။

နွေအပူနဲ့ မိုးဥတုထဲ အစတွေ ပြန်ကောက်။
ကောက်သမျှ ပြန်ဖြောင့်။
ဖြောင့်သမျှ ပြန် စီစဉ်။
စီစဉ်နေတုန်းမှာပဲ ပြန်ကောက်သွား။
ကိစ္စတွေဟာ ကိစ္စ ဖြစ်လို့ကို မဆုံးနိုင်ဘူး။ ဘာရယ်ညာရယ်မဟုတ်
စိတ်လိုလက်ရကို ဆဲရေပစ်လိုက်မိတယ် ကိုယ်မဟုတ်တဲ့ အခြား ကိစ္စတွေကို။

မိုးအိမ်လူ
၁၉.၉.၂၀၁၆
ညနေ ၃ နာရီ ၁၅ မိနစ်

No comments:

Post a Comment