Saturday, September 10, 2016

ကော်ဖီဆိုင်



အများအားဖြင့် စုံတွဲလေးတွေပေါ့
ကော်ဖီထက် အရသာပိုတဲ့ အကြည့်တွေနဲ့ ခေတ်အကြောင်း
သာမညစကားတွေ အခြေအတင် ဆွေးနွေးနေကြတယ်
နံရံနဲ့ မျက်နှာကြက်က အလင်းမှိန်မှိန်ဟာ စွဲမက်ယစ်မူးဖွယ်
တိုင်ပေါ်က နာရီဟာ အနားမနေဘဲ ပုံမှန်ရွေ့နေခြင်းကို ဘယ်သူတရားကျကြမလဲ
မုန့်ချို အချို့ကို ကိုက်ဝါးရင်း ဆီးချိုရောဂါအကြောင်း အကျယ်တဝင့်ဆွေးနွေးနေသူ
အသက်ငါးဆယ်ကျော်တို့ခဗျ ဘယ်ခရီးမှ မနီးနေသလို အထာအပြည့်
စမတ်ကျကျဝတ်ဆင်ထားတဲ့ စားပွဲထိုးလေးဟာ စားပွဲဝိုင်းတွေကို မျက်ခြေမပြတ် လှည့်ပတ်
ကြည့်တော့ကြည့်တယ် မမြင်ဘူး အထာအပြည့်
သေသပ်ကျနစွာ ခေါက်ချိုးထားတဲ့ တစ်ရှူးစက္ကူ တစ်သိုက် ပျင်းရိငိုက်မြည်းနေကြသလို
ကောင်တာက မန်နေဂျာ အမျိုးသားကြီးဟာ ဝင်ပေါက်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသလို
မီနျူးစာအုပ်ကို တစ်ရွက်ချင်းလှန်ရင်း ကိုယ်နဲ့ ကျန်းမာရေးအရ စီးပွားရေးအရ ဓာတ်မတည့်တဲ့ စားသောက်ဖွယ်ရာတွေကို ရှောင်ရှားနေတဲ့ လက်တွေ ခပ်လေးလေး လှုပ်ရှားနေကြသလို
ရေနွေးတစ်အိုး အရင်ပေးကွာ...မိတ်ဆွေကို စောင့်လိုက်ဦးမယ်
အဝင်တံခါးမှာချိတ်ဆွဲထားတဲ့ ကဒ်ကလေးကို ဆိုင်ထဲကနေမြင်နေရတာကတော့
CLOSE.... ။


မိုးအိမ်လူ
၈.၉.၁၆

နံနက် ၉ နာရီ ၂၉ မိနစ်

အသံစကား



တိတ်ဆိတ်သံဟာ လမ်းမပေါ်မှာ တွားသွားနေ
အရိုင်းစိတ်ရဲ့ အနံ့ဟာလည်း တစ်လွှာချင်း မှိုင်းဝေလာ
လျှောက်နေတဲ့ ခြေထောက်ဟာ ခြေသံကို မြုံထား
မြို့တော်ရဲ့လမ်းတွေဟာ စိတ္တဇရုပ်ရှင်ဆန်ဆန် ခြောက်ခြားဖွယ် ဖြစ်နေတယ်


ဘယ်မြို့တော်လဲ
အားလုံးရဲ့မြို့တော် သို့မဟုတ် မြို့တော် အားလုံး

အားလုံးက မြှောက်တင်ထားလို့ ကောင်းကင်အမြင့်မှာ ဝဲနေသူ နာမည်ကျော်များ
စိတ်မလာတဲ့အခါ အားလုံးက ဆွဲချဖို့ ဖြစ်လာတဲ့ နာမည်ကျော်များ
နာမည်ကျော်တွေကို မကြိုက်တတ်ရင် အစကတည်းက နာမည်ကို အကျော်မခံဖို့ကောင်းတယ်
စိတ်ထဲမှာပဲ သိုသိပ်ဝှက်ကွယ်ထားတတ်တဲ့ အကျင့်ကို ကျင့်ကြစမ်း

မခြုံလို့ မလုံဘူး သီလကိုယ်ကျင့်တရားများစွာ
ဟင်းလင်းပြင်

ဘာသာစကား ဘေးကျပ်နံကျပ် ခေတ်ထဲ ချစ်စကားများ အဆန်းတကြယ်
အမုန်းစကားများ အံ့ချီးဖွယ် ဖွံ့ထွားဝဖီးလာကြ အက်ဖ် စတား စတား ကေ
ဖတ်နေသတင်းခေါင်းစဉ်ကအစ ကမ္ဘာအနှံ့ ယဉ်ကျေးမှုတွေ တိုးတက်လာနေတယ်

တဝုန်းဝုန်း စည်ကားပြီးမှ တိတ်ဆိတ်သံဟာ ဟောလီဝုဒ်ရုပ်ရှင်ထဲကအတိုင်း ခြောက်ခြားရပြန်။

မိုးအိမ်လူ
၆.၉.၁၆

ည ၁၁ နာရီ ၂၁ မိနစ်

အခြားသူတို့ရဲ့အကြောင်းဟာ အကြောင်းမဟုတ်တဲ့ နေ့



ကိုယ့်တစ်ကိုယ်ရည်စာ
စိတ်ရဲ့အမှောင်ရည်တွေ အငွေ့ပျံသွားစေခဲ့
ဝေဝါးခဲ့သမျှ လင်းထင်းဖို့ မသေချာသည့်တိုင်
စာရွက်ပေါ်မှာ စကားလုံးအချို့ အထင်အရှား
ခေတ်တစ်ခေတ်စာ အလင်းမိုးရွာခဲ့တယ်


ကိုယ့်တစ်ကိုယ်ရည်စာ
နောက်ဆုံးပေါ် အရည်မရ အဖတ်မရတွေကို
ခွင့်လွှတ် နားလည် စိတ် ပွင့်ဝေခဲ့
ဘယ်သူမှ မထွန်းညှိဘဲ လင်းခဲ့
ဘယ်သူမှ မမှုတ်ငြှိမ်းဘဲ ငြိမ်းခဲ့
ကြယ်တွေရဲ့ ဒုက္ခသစ္စာတေးကို
ပီပီသသ တွေးခေါ်မိခဲ့တဲ့ ညနေခင်း
တစ်ခဏ နဲ့ တစ်ဘဝစာ ရနံ့တွေ ပျံဝဲခဲ့တယ်

ကိုယ့်တစ်ကိုယ်ရည်စာ
ပြတင်းပေါက်လေးတစ်ခု ဖွင့်ထားတယ်
သစ်ခက်လေးတစ်ခု ချိတ်ဆွဲထားတယ်
စကားစုတစ်ခု ရေးထွင်းထားတယ်
ခေတ်သစ်တစ်ခု အဓိပ္ပါယ် ဖော်ထားတယ်
အိပ်မက်တစ်ခု အုတ်မြစ်ချထားတယ်

ကိုယ့်တစ်ကိုယ်ရည်စာ
သီးသန့်။

မိုးအိမ်လူ
၅ စက်တင်ဘာ ၂၀၁၆

ည ၁၁ နာရီ

စိတ်ရေးစက္ကူ အိပ်မက်


မကိုင်တွယ်ရတာ ကြာပြီဖြစ်တဲ့ စာရွက်များကို ညက အိပ်မက် မက်တယ်
မမြင်ရတဲ့ စကားလုံးတွေနဲ့ ကြားနေရတဲ့ ကြားနေကျ အဓိပ္ပါယ် ဝိုးတဝါး များ
ရန်ကုန်မိုးလို တဝေါဝေါ တဖွဲဖွဲ အုံ့သည်း တိုးဝင်
ခေါက်ထားတဲ့ စိတ်ကူးကို လွယ်အိတ်ထဲ အလျင်စလို သိမ်းလိုက်ရတယ်။


အမှတ်တရများကို တေးမှတ်ထားခြင်း အချက်အလက်
အစီအစဉ် မကျမှုများဟာ စိတ်ရဲ့ ပုံရိပ်စစ်ဖြစ်တယ်
ချိုးထားတဲ့ စက္ကူ ရုပ်တွေဟာ စိတ်ထွက်ပေါက်
အခု
စက္ကူ ရုပ်တွေ ဘယ်ဆီ ပြေးထွက်သွားကြသလဲ ပျံသန်းသွားကြသလဲ
လွမ်းစိတ်ကို တေးမှတ်ဖို့ရာ စာရွက်များဟာ အနားကို မရောက်လာနိုင်ကြသလား.. လာရောက်ခွင့်မရှိခဲ့ကြသလား
လမ်းမကြီးဟာ ရှုပ်ထွေးနေတယ်
လူတွေဟာ ရောင်စုံတောက်လောင်နေတယ်
အနံ့အသက်တွေဟာ အနီးအဝေး ကစားကောင်းနေတုန်း။

စိတ်ရဲ့ဖြစ်ပျက်တွေ ပုံရိပ်ဖော်ဖို့ စာရွက်ဖြူတစ်ရွက်လောက်ဆို လုံလောက်ခဲ့မလား။

မိုးအိမ်လူ
၎ စက်တင်ဘာ ၂၀၁၆
နံက် ၉:၅၆

ဝါကျ ပုံပြင်



ထိုနေ့က ကိုယ့်အားကိုယ်ကိုး ဝါကျများ ငလျင်ထဲ ပါသွားသည်
အနာတရ ဝေဒနာအဖွဲ့အနွဲ့များ လှိုင်လှိုင်ပွင့်ခဲ့ကြသည်
မြန်မာသဒ္ဒါကယ်ဆယ်ရေးအဖွဲ့များ လမ်းခုလတ်တွင် လုပ်ကြံခံလိုက်ရသည်
ဝါကျတုများ ပျော်သံသည်းသည်းရွာကြသည်
ဝါကျတုများ ဝတ်စုံသစ်ဟုခေါ်သော အရေးအသားအဟောင်းများကို ဝတ်စုံပြည့် တူညီဝတ်ခဲ့ကြသည်
ဝါကျတုများသည် ဘဝတုများကို စုစည်း၍ ပါတီထောင်ကြသည်
ကိုယ့်အားကိုယ်ကိုးဝါကျများ၏ သမိုင်းပုံရိပ်များကို အစဖျောက်ပစ်ခဲ့ကြပြီးနောက်


ယနေ့ သင် ရေးသားဖတ်ရှုသမျှ အရာရာဟာ
ထိုနေ့က ကိုယ့်အားကိုယ်ကိုး ဝါကျများ ငလျင်ထဲပါပြီးသည့်နောက်ပိုင်း
ဝါကျတုများ၏ ဝါကျတုများ ဖြစ်တဲ့အကြောင်း။

မိုးအိမ်လူ
၂၉.၈.၁၆
ည ၇ နာရီ ၃၆ မိနစ်

အချစ်သီချင်း



ငါ သတိရတဲ့အခါ
ငါတို့ခေတ်က သီချင်းတွေ နားထောင်တယ်

ငါ လွမ်းတဲ့အခါ
အိပ်ရာထက်မှာ အသက်ရှူသံတိုးတိုးလေးနဲ့
အိပ်မက်တွေကို မျှားခေါ်တယ်

ငါ အောက်မေ့တဲ့အခါ
ငါတို့အနာဂတ်အကြောင်း ဖွဖွလေး စိတ်ကူးယဉ်ကြည့်တယ်

ငါ တမ်းတတဲ့အခါ
ဝရန်တာ ထွက်ပြီး အိပ်တန်းပြန်ငှက်တွေကို မျှော်ငေးတယ်

ငါ နင့်အကြောင်းတွေးတဲ့အခါတိုင်း
နင် ငါ့အကြောင်းတွေးနေရမယ်လို့
ဘယ်တော့မှ အတ္တ မီးမတောက်ဘူး

အဲဒီလိုပဲ
ငါရဲ့အချစ်ဟာ အပူငွေ့ပျပျလေးနဲ့ ဖြူစင်အေးချမ်းလျက်ရှိတဲ့အကြောင်း။

မိုးအိမ်လူ
၂၄.၈.၁၆

ရွှေပေါက်ကံက အခန်းထဲမှာ သီးနေကြ ပွင့်နေကြ



မယုံမကြည် သက္ကရာဇ် အခိုးအငွေ့များ ဘယ်ကောင်းကင်ဆီသို့
လမ်းဟာ မဖောက်ဘဲ ပေါက်ခဲ့တယ် အဲ့ဒီနေ့တွေကို ကဗျာမဆန်တဲ့ ကဗျာနေ့များလို့ သတ်မှတ်တယ်
ဟမ်ဘာဂါကြားမှာညပ်နေတဲ့ ဝက်တစ်ကောင်ဟာ ဒီမိုကရေစီကို တောင့်တသလိုမျိုး
အဖွင့်အပိတ်တိုင်းမှာ တကျွီကျွီမြည်နေတတ်တဲ့တံခါးဟာ ဓမ္မ
အစဉ်တိုင်း လိုက်နင်းထားတဲ့ သူသူငါငါ ဝေဒနာပတ်ပျိုးများ
ထိုစာရွက်များဟာ ကမ္ဘာကို ပြောင်းလဲစေတယ် ဘဝကို ပြောင်းလဲစေတယ်
ပတ်လည်ရိုက်နေတဲ့ သီချင်းစာရင်းထဲမှာ ကိုယ်သိပ်မကြိုက်တဲ့အဆိုတော်ရဲ့ ကိုယ်သိပ်ကြိုက်တဲ့သီချင်း တစ်ပုဒ်နှစ်ပုဒ်
စကားလုံးနွံအိုင်ထဲမှာ တစ်ဘဝလုံးကျွံနေခဲ့ပြီးပြီမို့ ငါ၏ချစ်လှစွာသော စန်ဒီလည်း ခွင့်လွှတ်
အခုပဲ သီချင်းနားထောင် အခုပဲ ကဗျာရေး အခုပဲ အင်ဂျင်နီယားရင်းဘုတ်အုပ်ကို ဖတ်
အခုပဲ လွမ်းတမြမြ စိတ်နုထွေးတွေ တယုတယ ထိုင်ကြည့် အခုပဲ တရုတ်ပြန်လက်ဆောင် မျှော်
နေ့များပေါ်မှာ ဝဲအုပ်နေကြ နယူးစ်ဖိဒ် ၁၈+ အကြမ်းစား မိုးကြိုး လျှပ်စီးများကို ထိတ်တလန့်လန့် စတေးတပ်များကို ထောက်ခံမဲပေး
မပြောတော့ဘူး အနည်းဆုံး အဖြစ် စတစ်ကာလေးတောင် မပေးတော့ဘူး
ဒေတာပိတ်ပြီး ၂၁ ရာစုအစပ်က စာအုပ်တစ်အုပ်အုပ်ကိုပဲ ဖတ်ချင်လျက်။

 
မိုးအိမ်လူ
၂၀.၈.၁၆

ကြောင်အူသံတွေ မကြားရတဲ့အခါ



မြင်သိစိတ် အမှတ်မှားမှုတွေ တစ်သီတစ်တန်းကြီး ချရေး
စက္ကူ ပေါ်မှာမဟုတ်ဘဲ ဖြစ်ခဏပျက်ခဏ ဆိုရှယ်နက်ဝက်ဘ်ပေါ်မှာ
စိတ်ညစ်တယ်တို့ ပျော်တယ်တို့ တစ်တို့ပြီး တစ်တို့ ဟင်းလျာတွေမြည်းစမ်း
အမြင်နဲ့ပဲ အနီးအနားမှာ ဒီဆိုင်ပဲ ဟင်းလုပ် ဝယ်နေရတော့
အရောင်တင်ဆီတွေနဲ့ရဲတက်နေတဲ့ ရှမ်းတရုတ် ငရုတ်သီးစားထားတဲ့ရုပ်နဲ့
ကိုယ့်လက်ထဲက လောဘ ကိုယ် ပြန်ပြီး မြင်ပြင်းကပ် ဒေါသပါလာရ
စကားလုံးချို့တဲ့မှုကနေ ထစ်အပြီး ရှေ့ဆက်မတက်နိုင်ချိန်နဲ့
မိုးသည်းသည်းရွာလို့ ဆူညံသွားချိန် ရောကြိတ်
ချောလဲရောထိုင် အလှူထမင်းဝိုင်းများမှာ မချစ်ခင်မနှစ်သက်ရတဲ့မျက်နှာများကို မေ့ထား
အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သမျှ ရိုးရာအမွေ သဖွယ် ဆက်လက် ယုတ်မာရမှာ လိုလို
တစ်စက်စက် ယိုနေတဲ့ ရေလှောင်သံကန်ဆီက ချစ်ခြင်းဖွဲ့ဂီတသံသဖွယ် ရေကျသံ
မတွေ့ချင်လောက်အောင် တွေ့နေခဲ့ရပြီးသည့်တိုင် ချစ်သူခင်သူတွေဟာ တွေ့လို့်မဝနိုင်။


မိုးအိမ်လူ
၁၅.၈.၁၆
နံနက် ဝ နာရီ ၃၃မိနစ်
At C-5,S.P.K

တသည်းသည်းနဲ့ ချွေးစို့နေရချိန် မိုးရေစက်တွေကြား



အားတိုင်းယားတိုင်းတော့ ရွာနေတဲ့ မိုးတော့ဟုတ်ပုံမရပါဘူးဆိုပြီး
ဦးထွန်လွင် နံရံကို ဝင်ဖတ်ပြီး မုန်တိုင်းရှာကြည့်ရ

ပြတ်ရွေ့ကြောင်းပေါ်က စကားလုံးတွေရဲ့ စိုးရိမ်ပူပန်မှုမျိုး
လည်နေတဲ့ နာရီလက်တံအဖျားက အိုမင်းရင့်ရော်ခြင်း ဖွားလျားလွင့်

စိတ်ရှိလက်ရှိလျှောက်ပစ်သည့်တိုင် ခရီးဟာ တိုဝင်မသွား
မျက်နှာဖူးယောင်ပြီးတော့ ဝမ်းဗိုက်ပူလာမယ့် မြစ်မိခင်ကြီရဲ့ သတင်းပုတ်သံ

လွှင့်တင်လိုက် လွှင့်တင်လိုက် ဆေးကွဲတာလိုလို ကျပ်မပြည့်တာလိုလို
နောက်ပြောင်ခြင်း စိတ်ရင်းအမှန်တွေ ရှယ်ကြ ကွန်မန့်ပေးကြ ရဲရဲတောက် စိမ်းစိမ်းထ

ဝေဒနာဟာ ရှုနေရင်းက အတိတ်ကို ရောက်သွားတဲ့အခါ
အနာဂတ်တွေ ပူပန်စိတ်ကလည်း ခုန်ပေါက် ဆော့ကစား

ပိုကီမွန်ဂိုးနဲ့အတူ ငါ့တည်နေရာကိုရှာကြ အလုံးလိုက်ပစ်ပေါက်ကြ
ဒေါ်နယ်ထရမ့်ကို မဲမပေးစေချင်ရင် ငါ့ကို တစ်ဒေါ်လာ ပေးကြ
မထူးချွန်ချင်တဲ့အခါ ကားကြပ်တာကို ဝမ်းသာအကြောင်းပြချက်ပြ

တစ်နယ်စီဝေးတဲ့အခါ သတိရစိတ်ကို ပြန်ထုတ် ပြီးတဲ့အခါ
မတူပေမယ့် အတူတူပါပဲကွာ လို့ လေးလေးပင်ပင်ပြောပြီး
ဘီယာလက်ကျန်ကို ပါးစပ်ထဲ သွန်ပစ်ချလိုက်တယ်။

မိုးအိမ်လူ
၁၁.၈.၁၆

ရက်ပ်သီချင်းတွေထဲမှာမပါတဲ့ ကိုယ့်အကြောင်းတွေ



ကိုယ်က တိုးတိုးတိတ်တိတ်ပဲ နာကျင်တတ်တဲ့သူ
ဝေဒနာစကားတွေဟာ နှစ်ခြောက်ဆယ် ကျော်တဲ့အထိ
လန်းမြဲ လန်းဆဲ ခိုက်ဆဲ လူဖြစ်ရခြင်းရဲ့ ကံကောင်းမှုတစ်ခုလို
အော်ဟစ် ညည်းညူခဲ့ကြ ဆုတံဆိပ်တွေ ရတဲ့အထိ သမိုင်းမှတ်တမ်းဝင်တဲ့အထိ
ဂူဂဲလ်မြေပုံမှာ ညွှန်းဆို ပြနေတဲ့ မုန့်ဟင်းခါးဆိုင်ဟာ လမ်းဖြတ်ကူးတိုင်း ဖုန်းလာတယ်
ဖတ်လက်စ ဝတ္ထုတိုပေါင်းချုပ်ကြီး ပြီးဆုံးသွားမယ့်နေ့ဟာ
မြန်မာပြည် ချမ်းသာကြွယ်ဝတဲ့နေ့ဖြစ်ရင်ကောင်းမယ်လို့
အပိုင်းပိုင်းအစစ ဒိုင်ယာရီ မှာ ရိုက်သွင်းထားချင်ရဲ့
သစ္စာလမ်းဟာ ကိုယ်နဲ့အကျိုးပေးသန်တဲ့ လမ်းအမည်သက်သက်သာဖြစ်ခဲ့ပြီး
ပူအိုက်လာတဲ့အခါ ရှေးဟောင်းလေအေးပေးစက်ကြီးကိုပဲ နားညည်းခံပြီးဖွင့်ရ
ရွာနေတဲ့မိုးအတုတွေကိုပဲ စိတ်ရှိလက်ရှိ ဆဲရေးပစ်လိုက်မိတယ်။


မိုးအိမ်လူ
၁၁.၈.၁၆

Sunday, August 21, 2016

မှန်ပြတင်းရဲ့ တစ်ဖက်တစ်ချက်စီ




ဘဝအကြောင်း အသံထွက် မရွတ်ဆိုနိုင်ခင် ရှင်သန်မှုကို စာလုံးပေါင်းမှန်အောင် မရေးနိုင်သေးတဲ့ လူများရယ်၊ငါ ရယ်
မရယ်ခဲ့ဘူး။ ပြက်လုံးဟာ ကမ္ဘာကျော်တယ်ဆိုရင်တောင် မရယ်ခဲ့ဘူး။
စိုစွတ်ထိုင်းမှိုင်းနေမိသမျှ ပေါင်းမြက်တွေသာ ပျော်ပျော်ရွှင်ရွှင် ထကြွ ဖွံ့ထွားလာ
ရေဒီယို သီချင်းတစ်ပုဒ်စာ ငါ လွမ်းနေတတ်မြဲ
ပရိုမိုးရှင်းနဲ့ ပြုံးဖြီးရောက်ချလာတဲ့ မိုးရေစက်များ
မရေးတော့ဘူးလို့ အားတင်းထားလည်း ရောက်လာခဲ့တာပဲ
အသံဟာ အက်ကွဲပြီးတဲ့နောက် ပျောက်ကွယ်သွားဖို့
နေ့စဉ် ခရီးတိုများနဲ့ပဲ အချိန်ဟာ အငွေ့ပျံခဲ့
ငါ ဘယ်ရောက်နေလဲ ငါ မေးနေသမျှ ငါ ပြန်မဖြေနိုင်ဘူး။

မိုးအိမ်လူ
၉.၈.၁၆

အံလွဲနေတဲ့ စာကြောင်းတွေလို ပစ္စုန်ပ္ပန်




ဝေဒနာတွေ အုံ့တက်လာတယ်
ပျောက်သွားတဲ့ ကားလက်မှတ်ဟာ လေလွင့်ပြီး
ငါ့ခြေထောက်ကို လာကပ်တဲ့အခါ
ခေတ်ပေါ် ဂိမ်းတွေကစားရင်း
ကဗျာတွေ ရွာကျလာတယ်
ငါ့ခရီးဟာ သွားခဲ့ပြီးပြီမို့
ခေတ်ရဲ့သောကတွေနဲ့ ဝေးရာကို ပြေးနေရ။

မိုးအိမ်လူ
၈ သြဂတ်စ် ၂၀၁၆

အချိန်များ




ငါတို့အကြောင်း
ငါတို့
စာလုံးပေါင်းနေတုန်း
မိုးစက်ကလေးတွေက
မိုးရေတွေ ဖြစ်သွားခဲ့ပြီ

မိုးအိမ်လူ
၂၆ ဇူလိုင် ၂၀၁၆

ပန်းချီကားတစ်ချပ်




အပြာလိုင်းက
ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့မြစ်တစ်စင်း

အဝါလိုင်းက
စောင့်မျှော်ခြင်း သစ်ပင်

အနီလိုင်းက
အလံမလဲမီ နောက်ဆုံးပွင့်ထွက်သွားတဲ့ ကျည်ဆံ

အစိမ်းလိုင်းက
မအောင်မြင်လိုက်တဲ့ ရုပ်ရှင်

အခြားအရောင်များ
 ထည့်သွင်းရေးဆွဲခြင်း အလျဉ်းမရှိ ။

မိုးအိမ်လူ
၂၀၁၆

Wednesday, June 29, 2016

ဇာတ်လမ်း#၂၇.၆.စ၁၆#




လွယ်တယ် ခက်တယ် ပစ္စုန်ပ္ပန် မီးပွင့်များရယ်
မပြောခင်က ဖူးပွင့်နှင့်တဲ့ အဓိပ္ပါယ် ချစ်စရာများရယ်
လေဟာ လမ်းလျှောက်သူလို သူ့လမ်းကြောင်းအတိုင်း ပွေ့ချီလာခဲ့

စကားလုံးတွေမဖိတ်စင်ခင်မှာပဲ
ဝှက်ထားတဲ့ဖဲချပ်တွေ လန်ကျလာခဲ့

ဒါဟာ ဇာတ်သိမ်းကောင်းတစ်ခုပဲလို့ တုန်တုန်ရီရီမြည်ထွက်လာတဲ့
အသံအိုတစ်ခု
ဘယ်သူ့နားရွက်ဖျားဆီကိုမှ မချိတ်မိဘဲ အငွေ့ပျံသွားခဲ့တယ်။

မိုးအိမ်လူ

Saturday, June 25, 2016

မဟောင်းခင် အဟောင်းတွေအကြောင်း အသစ်ပြန်ရှာ။




ချန်ခဲ့တယ်။ စိတ်ခြစ်ရာတွေ။ ရုပ်ကြွရာတွေ။
မမျှော်လင့်ခြင်းကို ဒီနေရာမှာ အသားပေးဖို့ စိတ်မလာတော့တဲ့အခါ
မြို့တော်အကြောင်း။ တောရွာအကြောင်း။ စာလုံးပေါင်းဖို့ သီလသမာဓိဟာ မပြည့်စုံခဲ့ပြန်ဘူး။
နာရီထဲမှာ ရွေ့နေဆဲ ။ ကိုယ့်စိတ်ဟာ အရောင်ဖျော့ဖျော့တွေမှာ ငြိတွယ်တယ်။
စက္ကူပေါ်မှာ မရေးခြစ်မိသမျှတွေ ။ မိတ်ဆွေအကြောင်း ပြန်စဉ်းစားတယ်။
လွန်ခဲ့တဲ့ ကိုယ်ဟာ အခု ကိုယ်နဲ့ မင်နီမျဉ်းပိတ်ခံထားရသလို။ ရုပ်ရှင်တွေ ထဲမှာ ထည့်ကြည့်ရင် ကောင်းမလား။
နားထောင်နေကျ သီချင်းတွေ နားယဉ်မလာတဲ့အခါမျိုးမှာ ။ တူရိယာတစ်ခုခု ။
မတီးတတ် မဆိုတတ် မအော်တတ် မဖောက်ခွဲတတ်တဲ့ ပုရွက်ဆိတ်သာသာ။
ဒီအထဲမှာ ဘာရှိသလဲ လာရှာသမျှ ကိုယ်ကျိုးနည်း ပြန်ရဖို့ချည်း။
ဘာမှမရှိခြင်းတွေအကြောင်း အများကြီးရှိအောင် ရေးခဲ့သမျှ ။ ဘာမှမရှိတော့ဘူး။
အားလုံးဟာ အစက်အပြောက်။
ရာသီဥတုဖောက်ပြန်သည်ဖြစ်စေ။ လူသားစိတ်ဆန္ဒ ဖောက်ပြန်သည်ဖြစ်စေ။
ဖောက်ပြန်မှ ပြောင်းလဲတာ မဟုတ်ဘူးလို့ စကားပြေတစ်ပုဒ်ထဲ ထည့်ရေးဖို့ တေးမှတ်ထားတယ်။
ချန်ခဲ့တယ်။ ကြောင်းကျိုးညီညွတ်မှု အကောင်းတရားမှန်သမျှ။

မိုးအိမ်လူ
22.6.2016

စိတ်




ရွာမလိုလိုနဲ့ ဖွဲသွားတယ်
မိုးရေစက်တွေက

ဝံ့ဝံ့ကြွားကြွား တိုးထွက်လာတယ်
 နေရောင်ခြည်က

ရာသီဥတုဟာ မတည်ငြိမ်
ငါ့လက်ထဲက ဘောလ်ပင်လေးဟာ လှုပ်ကာ လှည့်ကာ...။

မိုးအိမ်လူ
22.6.2016

မိသားစု




မြန်မာပြည် မြောက်ဖျားက ကျောက်စရစ်ခဲလေးရယ်
မြန်မာပြည် တောင်ဖျားက ခရုခွံလေးရယ်
အရှေ့ဘက် ကုန်းပြင်မြင့်ဆီက ရေတံခွန်းလေးရယ်
အနောက်ဘက် ကမ်းရိုးတန်းက ကျွန်းစုလေးရယ်

အတူတကွ
နံနက်ခင်း နေရောင်ခြည်မှာ နွေးထွေးခဲ့တယ်
အတူတကွ
ညကောင်းကင်မှာ ကြယ်တွေကို ရေတွက်ခဲ့တယ်

ဝေးနေခဲ့သလားဆိုတော့ မဝေးခဲ့ဘူး
အတူတကွ ရှိခဲ့သလားဆိုတော့ မရှိခဲ့ဘူး
စိတ်တစ်ခုတည်းနဲ့ အဓိပ္ပာယ်တစ်ခုတည်းဖြစ်အောင်
အတူတကွ ကြိုးစားဖွဲ့သီနေခဲ့ကြရ။

မိုးအိမ်လူ
21.6.2016

Monday, June 20, 2016

အလေအလွင့် အောက်စီဂျင်များ


ဘယ်လို ကျစ်လျစ်မှုနဲ့  ရွေ့လျားရမယ် ငါ တွေးတယ် ငါတို့ တွေးတယ်
ငါ တွေးတယ် ဒါကြောင့် ငါ ရှိတယ်လို့ ဒေးကား ပြောခဲ့လို့
ငါ တွေးနေလျက်က ငါ မတွေးတော့ဘူး
အတွေးဟာ ပေါင်းမြက်ပဲ လို့ ငါ မကြာခဏ ညည်းတွားနေကျ အတိုင်း
ငါဟာ ပေါင်းမြက်ထဲမှာ ပျော်မွေ့နေတဲ့ အင်းဆက်တစ်ကောင် ဖြစ်ခဲ့တယ်
ငါ တစ်ယောက်တည်းမဟုတ်ဘူး ငါတို့ အတူတကွပေါ့



သရဲတွေ ဘယ်လို လောဘမုန်တိုင်း ထန်ကြောင်း သိခဲ့ပြီးပြီလား
ဘီလူးတွေ ဘယ်လို စည်းမစောင့်ကြောင့် သိခဲ့ပြီးပြီလား
နတ်ဆိုးတွေ ဘယ်လို ကောက်ကျစ်ကျိန်စာ မန္တန်တွေ ချတတ်ကြောင်းသိခဲ့ပြီးပြီလား
မြေခွေးတွေမှာ ဘယ်လို စွမ်းအားတွေ ပြည့်ဝနေကြောင်း သိခဲ့ပြီးပြီလား
ဗီလိန်တွေဟာ ရုပ်ရှင်တွေထဲကလို ကျဆုံးခန်း မရှိတဲ့အကြောင်း သိခဲ့ပြီးပြီလား
မကောင်းဆိုးဝါးဇာတ်လမ်းတွေမှာ ပြေးလွှားအသက်ရှင်နေရတဲ့ ဇာတ်ကောင် ဖြစ်ခဲ့ဖူးပြီလား
မှန်တယ် မှားတယ် ပြောဖို့မလိုအောင် လောကကြီးက သူ့တရားနဲ့သူ လှနေတုန်း



အများပိုင် လမ်းမကြီးမှာ အများပိုင် အတွေးတွေ မတွေးခေါ်နိုင်တဲ့ လူသားမျိုးစိတ်တွေနဲ့
ကိုယ့်အတွေးမှ လှတယ်လို့ မတွေးမိခဲ့တာလည်း ကြာခဲ့ပြီ
လမ်းသစ်မှာ လမ်းဟောင်းက လူတွေနဲ့ပဲ တွေ့နေရတဲ့ ကံကြမ္မာက နည်းနည်းတော့ လွန်သွားပြီလို့
ငါတို့ ဖေ့ဘွတ်မှာ စတေးတပ်တွေ စိတ်မပါလက်မပါ တင်နေကြ
ရယ်ပြီးသား ဟာသတွေ ပြန်ဖတ်ပြီး ပြန်ရယ်နေကြ
ခံစားပြီးသား ဇာတ်လမ်းတွေ ပြန်ဖတ်ပြီး ပြန်ခံစားနေကြ
လမ်းပြောင်းပြန် မောင်းတဲ့သူတွေနဲ့ နေ့စဉ် ရန်ဖြစ်မြဲ ရန်ဖြစ်ခဲ့ကြ
ထုံအနေတဲ့ စိတ်တွေနဲ့ နေ့စဉ် ဆဲဆိုမြဲ ဆိုဆဲနေခဲ့ကြ
ဘယ်သူမှ မတွေးဘဲ မိတ်ဖွဲ့ကြ
ဘယ်သူမှ မတွေးဘဲ ပြတ်ဆဲကြ
ဘယ်သူမှ မတွေးဘဲ ချစ်ခင်ကြ
ဘယ်သူမှ မတွေးဘဲ မုန်းတီးကြ
ဘယ်သူမှ မတွေးဘဲ ချီးမွမ်းကြ
ဘယ်သူမှ မတွေးဘဲ ရှုံ့ချကြ
ဘယ်သူမှ မတွေးဘဲ အချိန်တွေ ပျော်ပျော်ကြီး ဖြုန်းတီးကြ
ဘယ်သူမှ မတွေးဘဲ တွေးခဲ့ကြ
စိတ်ကူး သေ ကြီးတွေ ဒရွတ်ဆွဲရင်း....။



မိုးအိမ်လူ
20.6.2016

Thursday, May 12, 2016

အရေးမကြီးတဲ့ စာရွက်




လူတစ်ယောက်၏ တစ်သက်တာမှတ်တမ်းတွင် ထည့်သွင်းအပ်သော (လူမြင်ကောင်းသောလူကြားကောင်းသော) အရာများကိုစစ်ထုတ်ကြည့်လိုက်သောအခါ အေဖိုးစာရွက်တစ်ရွက်စာပင် မရှိကြောင်းအံ့သြကြီးစွာတွေ့လိုက်ရသည်။ အက်စစ်လောင်းခံရသောစိတ္တဇနေ့ရက်များသည် နွေရွက်ကြွေတစ်ရွက်ထက် မပိုခဲ့။ စာရင်းပေးတန်းစီစောင့်ဆိုင်းစရာမလိုအပ်သော်လည်းထိုပန်းပွင့်လေးသည် ကျွန်တော်နှင့် ဝေးကွာလွန်းနေပါ သည်။ ပင်လယ်ပြင်တွင် ကျဲပက်ထားသောလရောင် ပင်လယ်တစ်ခုစာကို ကျွန်တော် နှမြောတသဖြစ်မိသည်။ ထိုပင်လယ်ထဲသို့ ကြွေကျခဲ့သော ကြယ်စင်တို့၏ အရိုးစုကို ကျွန်တော် သနားမိပါသည်။ ထို့အတူအစဉ်အမြဲလည်းဦးညွတ်ခဲ့ပါ သည်။

အခါလွန်မိုးများကို ကျွန်တော်မုန်းတီးပါသည်။ ကျွန်တော်နှင့် အခါလွန်မိုးတို့ သွေးထွက်သံယို ဖြစ် သည်အထိသတ်ပုတ်ရန်ဖြစ်ဖူးသည်။ အရက်ဖြူပုလင်းထဲမှ အမှန်တရားကိုရှာရင်းယုတ္တိဗေဒနယ်ပယ်၏ အပြင်ဘက် သို့ ရောက်နေသော ကျွန်တော်၏ စိတ်ကို ပြန်လည် ဆွဲဆောင်ခဲ့ရပါသည်။ လွဲချော်မှုများကိုအပြစ်မဆိုလိုပါ။ မိုးကိုမိုးဟုသာသတ်မှတ်ပါ။ ည ကိုညဟုသာသတ်မှတ်ပါ။ နံနက်ခင်းများတွင် မပွင့်ဝေသော ပန်းများကိုထည့်မတွက်ပါနှင့်။

ချစ်ဦးသူများကိုတမ်းတတတ်သူများအတွက် သီချင်းတစ်ပုဒ် ရှိသည်။ ဘ၀တွင် ကွမ်းယာထက် ပို၍ အရေးကြီးသော အရာများ များစွာ  ရှိပါသည်။ လူနှစ်ဦးသာ သိခဲ့သော လမ်းကျဉ်းလေးတစ်ခု ရှိပါသည်။ လူနှစ်ဦးသာ သိသော နှစ်ရှည်သစ်ပင်တစ်ပင် ရှိပါသည်။ လူနှစ်ဦး၏ ရနံ့များ စွဲထင်နေသော လမ်းကျဉ်းလေးတစ်ခုနှင့် နှစ်ရှည် သစ်ပင်တစ်ပင်တို့ ရှိပါသည်။ မည်သည့် ရာဇ၀င်မှတ်တမ်းမှာမှ ရေးသားဖော်ပြခြင်း မခံရသော အဖြစ်အပျက်များသည် သက်ဆိုင်ရာ နှလုံးသားတို့တွင် အဆိပ်တက်လျက်ရှိသည်။ တိမ်တိုက်များဖြင့် မိုးထားသော အိမ်တစ်လုံးတွင် နေထိုင်မိ ခဲ့သော ကျွန်တော်သည် အခြားသော လူများထက် ၀ဋ်ကြွေးကြီးမားသူ ဖြစ်ခဲ့သည်။ မောပန်းနွမ်းနယ်ခဲ့သော အစောပိုင်း သက္ကရာဇ်များကို ပြန်လည် ခံစားရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်လှပါသည်။ ဒဏ်ရာများထံမှ သွေးများ တစိမ့်စိမ့် ယိုလျက်ရှိသည်။ အမှန်ကို မမြင်ခြင်း မောဟများ၏ လွှမ်းမိုးမှုအောက်တွင် ကျွန်တော်၏ အိမ်ရာမှာ လမ်းဘေးဓာတ် တိုင် ဖြစ်နေခဲ့သည်။

သက်တမ်းကုန်လုနီးပြီဖြစ်သော စွဲလမ်းစိတ်များမှာ တဖြည်းဖြည်း နှင့် မှုန်ဝါးလာပါသည်။ အိပ်မက်များ ထဲတွင်လည်း မပါဝင်တော့။ လေတိုက်တိုင်း လှုပ်တတ်သော သစ်ခက်ငယ်၏ အကျင့်ကို ဘယ်အချိန်က စ ကျင့်ခဲ့သလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင် မမှတ်မိတော့ပါ။ ဖြစ်နိုင်လျှင် ဧဒင်ဥယျာဉ်၏ ဖုန်းနံပါတ် လိုချင်ပါသည်။ အာဒံ၏ အီးမေးလ်လိပ်စာ ကို သိချင်ပါသည်။ ကျွန်တော် ပန်းသီးမကြိုက်ပါ။ ကျွန်တော် ချောကလက်လည်း မကြိုက်ပါ။ ကျွန်တော့်ထံတွင် နံရိုးအပြည့်အစုံ မရှိခြင်းသည် ဇီဝဗေဒသဘောတရားတစ်ခုကြောင့်သာ ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကျွန်တော်သတိရတိုင်း ပန်းပင်လေးကို ရေလောင်းပေးပါသည်။

ကျွန်တော်၏ရှေ့တွင် တစ်ရွက်ပြီးတစ်ရွက် ကြွေသွားသော သစ်ရွက်ခြောက်များထဲတွင် မတ်လ၏နေ့စွဲ များ၊ ကောင်မလေးတစ်ယောက်ကို သတိရစွဲလမ်းမိသော စိတ်များ၊ ဒွိဟများ လွန်ကဲစွာပါဝင်နေသော ကျွန်တော်၏ ရှေ့ ရေး စီမံကိန်းများ၊ ဘယ်လိုနည်းနှင့်မှ မရနိုင်သော ဖုန်းနံပါတ်တစ်ခုကို လိုချင်တပ်မက်လွန်းသော စိတ်များ ကပ်ငြိပါ သွားသည်။ ကျွန်တော်သာသိသော အမှန်တရားများတွင် မှားယွင်းမှုများ ကြည့်မကောင်း မြင်မကောင်းအောင် ပါဝင်နေပါ သည်။ တိမ်တစ်စအတွက် ကျွန်တော်၏အသက်ကို ကျွန်တော် မနှမြောမိ။ ဖုန်မွှန်လွန်းသော ခရီးလမ်း၏ အဆုံးကို ကျွန်တော် ဘယ်လိုမှ စိတ်ကူးပုံဖော်၍ မမျှော်မှန်းတတ်ပါ။

ကိုယ်ထည်မဲ့ အတောင်ပံများပေါ်တွင် မနက်ဖြန်များ အစီအစဉ်မကျစွာ တန်းစီနေကြသည်။ မုန်တိုင်း များကို မကြိုဆိုပါ။ လေပြင်းများကို မကြိုဆိုပါ။ နာမည်ကြီးနေသော ဘေးဒုက္ခမှန်သမျှကို မကြိုဆိုပါ။ တစ်နည်းအားဖြင့် ဆိုးယုတ်မှုများကို မကြိုဆိုပါ။ ဆိုးယုတ်မှု၏ ဒဏ်ကို ပြင်းစွာ ခံခဲ့ရသော ပန်းတစ်ခင်းပေါ်တွင် လမ်းမလျှောက်ကြပါနှင့်။ လတ်ဆတ်နေသေးသော ရနံ့များနှင့်စိုလက်နေသေးသော ပွင့်ဖတ်များကို အားနာပါ။ ကောင်းမြတ်ခြင်းကို အလိုကြီးစွာ မမျှော်လင့်ပါနှင့်။ မတောင်းဆိုပါနှင့်။ ကမ္ဘာကြီးနှင့် လောကကြီး နှစ်ဦးပေါင်း၍ ဖော်ထုတ်ခဲ့သော ညီမျှခြင်းများမှာ သချာင်္ စာအုပ်တစ်အုပ်ထဲမှ ညီမျှခြင်းများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်ပင် မများပါ။ ရှေးဟောင်းဂရိလူမျိုးများနှင့် ကျွန်တော် သာ သိသော ဒဏ္ဍာရီတစ်ပုဒ် ရှိပါသည်။

တစ်ချိန်က သာယာစိမ်းလန်းခဲ့ဖူးသော လမ်းကျဉ်းလေးသည် ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေ သည်။ ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေသော လမ်းကျဉ်းလေးသည် နောင်တစ်ချိန်တွင် သာယာစိမ်းလန်းနိုင်ပါ သည်။ မဖြစ်နိုင်ဘူးဆိုတာ သူ၏အဘိဓာန်တွင် မရှိဟု ကြွေးကြော်ခဲ့သော စစ်ဘုရင်၏ အဘိဓာန်ကို ကျွန်တော်ဖတ်ဖူး ချင်ပါသည်။ သူ၏အဘိဓာန်တွင် အရှုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာကို ကျွန်တော်သိချင်ပါသည်။ သူ၏ အဘိဓာန်တွင် အရှုံးပါချင်မှ ပါလိမ့်မည်။ သေချာတာကတော့ သူ မသေခင်မှာပင် ရှုံးနိမ့်သွားပါသည်။ ဒဿနပညာရပ် များ၏ မှော်ဝင်ကကြိုးများသည် လူသားများအတွက် ညတာရှည်လွန်းသော အိပ်မက်များ ဖြစ်သည်။ နွေသည် နွေသက် သက်သာ ဖြစ်သည်။

ဝရန်တာတွင် ခိုများ လာရောက်နားနေသည်။ မဖိတ်ခေါ်ဘဲရောက်လာတတ်သော ဧည့်သည်များတွင် ငှက်များလည်း ပါသည်။ နေ၀င်ချိန်တွင် ကြေးနန်းတစ်စောင် ရောက်လာသည်။

ဘာမှအရေးမကြီးတဲ့

စာရွက်တစ်ရွက်ရဲ့ ရင်ခုန်သံကို

ဂရုစိုက်ပေးပါ

မျက်လုံးထဲပေါ်ရာ တွေးရင်း

ဝိုင်တစ်ခွက်နဲ့

လမင်းကို မျှော်ကြစို့

ကျွန်တော်မသိသော အရာများတွင် အရေးကြီးတာတွေ ပါသလို ကျွန်တော်သိသော အရာများတွင် အရေးမကြီးတာတွေ အများကြီး ပါဝင်သည်။ သဘာဝ၏ ပြုလုပ်ချက်ဖြင့် နွေစစ်စစ်များကို ကျွန်တော် မကြိုဆိုလိုပါ။ ပန်းကုံးစွပ်၍ ပြုံးပြဖို့ရာ ကျွန်တော်၏ စိတ်သည် ယခုအချိန်အထိ အဆင်သင့် မဖြစ်သေးပါ။ နာရီများအော်ဟစ်ပေါက်ကွဲ သော ညများတွင် တောတန်းမှ သစ်ပင်များလည်း ရွက်ကုန်ကြွေကြသည်။ ပန်းပွင့်လေးကို မမေ့နိုင်ခြင်းသည် ကျွန်တော် ကိုယ်တိုင် မဖယ်ရှားနိုင်သော ၀ဋ်ကြွေးတစ်ခု ဖြစ်သည်။ ချစ်စဖွယ်ကောင်းခြင်းသည် မြတ်နိုးဖွယ်ကောင်းခြင်းနှင့် မတူ ညီကြောင်း သူတို့ သိကြသည်။ မေ့စရာရှိတာ မေ့၍ သတိရစရာရှိတာ သတိရရင်း နေ့ရက်များကို အရေးအကြောင်း တိုးစေခြင်းသည် ကောင်းသော အိုမင်းခြင်း ဖြစ်ပါသည်။


မိုးအိမ်လူ

ပန်းအလကာင်္၊၂၀၁၀