Monday, November 10, 2014

လပြည့်နေ့မှာ လကွယ်နေ့ကို အိပ်မက်မက်တယ်


မသေချာတဲ့တစ်နေ့မှာ
မင်းဆီ အရောက်လာခဲ့မယ်လို့
ငါ့ရဲ့ တောင်ကုန်းမို့မို့လေးကို
တီးတိုးပြောခဲ့တယ်


လေအသင့်မှာ အဲဒီစကား
ကောင်မလေးရဲ့ နားရွက်ဖျားမှာ
ချိတ်ကောင်း ချိတ်မိနိုင်တာပေါ့


အနိမ့်ကျဆုံးစကားလုံးတွေနဲ့
ရွာခဲ့တဲ့ ကောင်မလေးရဲ့မိုး
ငါ တစ်ယောက်တည်း ရွှဲရွှဲစို
သေသည့်တိုင် ဒူးမထောက်တဲ့စိတ်နဲ့


အထက်မြိဆုံးစိတ်တွေထဲမှာတော့
ငါဟာ အတောက်ပဆုံးပါ
ကြယ် ဘယ်လောက်တောက်တောက်
လမင်း ရှိနေသရွေ့ ဘယ်တော့မှ အလင်းမပေါက်ဘူး
ငါတို့အရပ်က
အချိန်ပြည့်သာတဲ့ လပြည့်ဝန်းတွေ လခြမ်းပဲ့တွေ လပိန်ချွန်းတွေ
ပေါင်းထနေတယ်ဆိုတာ ကောင်မလေးကတော့ မသိစွမ်းနိုင်ပါဘူး


ငါတို့က
တရားမျှတမှုကို မတရားသဖြင့် လိုချင်နေမိတာလို့
အမြဲစိမ်းတောကြီးက ရယ်ပွဲဖွဲ့
ပြီးတော့
ကြေကြေကွဲကွဲပါပဲ
ရွက်ကုန်ကြွေတယ်


အခုတော့ ငါ တစ်ယောက်တည်း
ကျောက်ကမ်းပါးစွန်းမှာ ရပ်
ကောင်မလေး လို့ အသံတိတ်ရေရွတ်ခေါ်
တိမ်မျှင်ပါးတွေနဲ့
အနာဂတ် ဆိုတဲ့ စကားလုံးကို အထပ်ထပ်ရေးနေခဲ့တယ်


Moe Eain Lu
၈ နိုဝင်ဘာ ၂၀၁၄

No comments:

Post a Comment