Sunday, April 15, 2012

အလင်း ပွင့် ချိန်

အလင်း ပွင့် ချိန်

ရီဝေမှိုင်းညို့နေတဲ့ အနောက်ဘက် ကောင်းကင်ဟာ အိပ်တန်းပြန် ငှက်တစ်အုပ်နဲ့အတူ အမှောင်ထဲ ကို ငုပ်လျှိုးတော့မယ်။ ရေလှိုင်းတွေဟာ ကမ်းစပ်ကို တဆက်ဆက် နမ်းရှိုက်လို့။ အေးခဲနေတဲ့ လေစီးကြောင်း လေးဟာ ကလေးငယ်ရဲ့ ဦးခေါင်က ဆံပင်တွေကို ထိုးဖွသွားတယ်။ ကလေးငယ်ဟာ မြင်နေကျ မြင်ကွင်းတစ် ခုကို မရိုးအီနိုင်ဘဲ တပ်မက်စွာ ငေးမောနေလေတယ်။ ဒါမှမဟုတ်။ ဟိုး ပင်လယ် အနားသတ်မျဉ်းမှာ ပေါ်လာ မယ့် ( လို့ထင်ရတဲ့ ) အရာတစ်ခု တိတိကျကျ ပြောရရင် သဘောင်္တစ်စင်းကို မျှော်လင့်ခြင်း ကြီးစွာနဲ့ စောင့် မျှော်နေတယ်။ ကလေးငယ် ဒီလို စောင့်မျှော်နေတဲ့ အကြောင်းကို ကမ်းခြေရွာတစ်ရွာလုံး သိကြတယ်။ တားဆီးလို့ မရတဲ့အခါ ဖြစ်လိုရာဖြစ် စိတ်မချမ်းမသာ လွှတ်ပေးထားလိုက်သလိုမျိုး ကလေးငယ်ကို သူတို့ ဥပေက္ခာ မပြုချင်ဘဲ ပြုထားခဲ့ရတယ်။ နာကျင် သိပ်သည်းစွာနဲ့ပေါ့။
အမှန်တကယ်က ကလေးငယ် တစ်ယောက်တည်း ပင်လယ်ကြီးကို ငေးကြည့် စောင့်မျှော်နေတာ မဟုတ်ဘူး။ ကမ်းခြေရွာတစ်ရွာလုံးမှာရှိတဲ့ ရွာသူရွာသားတွေ အားလုံးဟာလည်း သူတို့ သံယောဇဉ်တွေကို သယ်ဆောင်သွားတဲ့ သဘောင်္ကြီးကို စောင့်မျှော်နေခဲ့ကြတယ်။ သုံးနှစ်သုံးမိုး။ သူတို့ရဲ့ မသိစိတ်ကကော သိ စိတ်ကကော စောင့်မျှော်နေခဲ့ကြတယ်။ ပြန်မလာနိုင်တော့ဘူး လို့ ဟန်ဆောင် စိတ်ဒုံးဒုံးချထားပေမယ့်လည်း ပြန်လာဦးမလားလို့ အားလုံးစိတ်ထဲမှာ မျှော်လင့်နေခဲ့ကြတယ်။ လူကြီးတွေဆိုတော့လည်း ကလေးတစ် ယောက်လို ဆန္ဒကို အလိုလိုက် ဖော်ပြဖို့ အချိန်ဘယ်အားကြပါ့မလဲ။ ကလေးတစ်ယောက်လို ရိုးသားမှုကို ပြ သဖို့လည်း သူတို့မှာ ခံနိုင်ရည် မရှိရှာခဲ့ဘူး။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ်ပဲ မျှော်လင့်ချက်လေးတွေကို ချော့မြူ မွေးဖွားနေခဲ့ကြတယ်။

*

ပင်လယ်ပျော်ငှက်တွေရဲ့ အာလုပ်သံတွေ ၊ လေတိုက်လို့ ယိမ်းနွဲ့ထိခတ်သွားတဲ့ အုန်းလက်တွေရဲ့ အသံတွေ ၊ ပျော်ရွှင်မှုတွေ ဖိတ်လျှံကျနေတဲ့  လူတွေရဲ့ အသံတွေ။  ကမ်းခြေရွာတစ်ရွာလုံး ကမ်းခြေသောင် ပြင်မှာ ရောက်နေတယ်လို့ ထင်ရလောက်အောင်ကို ကမ်းခြေသောင်ပြင်တစ်ခုလုံး လူတွေ ဖွေးဖွေးလှုပ်နေ တယ်။ ရက်ရှည်လများ သူတို့ ကြိုးစားပမ်းစား တည်ဆောင်ထားတဲ့ သဘောင်္ကြီးဟာ ရုပ်လုံး ခန့်ခန့်ထည် ထည်နဲ့ ပေါ်လာခဲ့ပြီ။ မကြာခင်မှာ သဘောင်္ကြီးဟာ သူတို့ နေ့စဉ် မြင်နေတဲ့ အဆုံးအစမဲ့ ပင်လယ်ကြီးကို ဖြတ်သန်းနိုင်တော့မယ်။ သူတို့ မရောက်ဖူးတဲ့ ကမ္ဘာသစ်တစ်ခုကို ရောက်နိုင်တော့မယ်။ သူတို့ မထိတွေ့ဖူးတဲ့  ရနံ့တွေ ၊ သူတို့ မမြင်မက်ဖူးတဲ့ အိပ်မက်တွေ ၊ သူတို့ မစားသုံးဖူးတဲ့ ပုံရိပ်တွေ…. အရာအားလုံး…. သူတို့ရဲ့ မမျှော်လင့်ခြင်းတွေကို မြင်တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကမ်းခြေရွာတစ်ရွာလုံး  တက်ကြွနေ ကြလေရဲ့။
ယောကျာင်္းတွေဟာ သစ်တွေ ပျဉ်တွေ အလေးအပင်တွေ မ ၊ သက်ဆိုင်ရာ နေရာတွေမှာ တပ်ဆင် ၊ လိုအပ်တာတွေ ညှိနှိုင်းဖြည့်စွက် ။ မိန်းမတွေက ယောကျာင်္းတွေ စားဖို့သောက်ဖို့ စီမံ ချက်ပြုတ် လိုအပ်တဲ့ အာဟာရတွေ မပြတ် ပေးပို့။ ကလေးတွေက သူ့အစုလေးတွေနဲ့ သူ သဘောင်္ကြီးအကြောင်း ၊ ကမ္ဘာသစ်အကြောင်း သူတို့ အဖေအမေတွေ ပြောပြသမျှနဲ့ ငြင်းခုန်ကြလို့။ သောင်ပြင်လေးမှာ အသံ ပေါင်းစုံနဲ့ စီဝေလို့ နေတယ်။
မနက်ဖြန်တွေဟာ ကမ်းခြေ ရွာသားတွေအတွက် လှပလို့။ ရင်ခုန်စရာကောင်းလို့။ အရယ်အပြုံး မျက်နှာတွေနဲ့ ရိုးအီနေတဲ့ နေ့စဉ် ဘ၀ထဲကနေ ရုန်းထွက်တော့မယ် ဆိုတဲ့ မျှော်လင့်ခြင်းတွေဟာ မျက်လုံး မှာ တောက်ပလို့။ ပင်လယ်ကြီးဟာ  တိတ်ဆိတ်စွာပဲ လှိုင်းလုံးလေးတွေ တစ်လုံးပြီး တစ်လုံး ကမ်းစပ်ကို ပို့ဆောင်ပေးနေတယ်။ ရေပျော်ငှက်တွေဟာ ဝေ့၀ဲ ပျံသန်းရင်း ၀မ်းစာကို ရှာဖွေနေတယ်။ အရာရာဟာ လှပခြင်းတွေ အချိုးကျခြင်းတွေနဲ့ ပြည့်နှက်လို့နေတော့တယ်။

*

“ ဖေဖေ သဘောင်္ဆိုတာ ဘာလဲဟင် ”
“ သဘောင်္ဆိုတာ ဟောဒီ ပင်လယ်ပြင်ကြီးကို ဖြတ်သန်းနိုင်တဲ့ လှေကြီးပေါ့..သားရဲ့ ”
လေတွေ တဟူးဟူး တိုက်ခတ်နေတယ်။ လှိုင်းတွေဟာ ကမ်းစပ်ကို အဆက်မပြတ် ရိုက်ခတ်နေ တယ်။ ပင်လယ်ပျော်ငှက်တွေဟာ ပင်လယ်ရေပြင်ထက်မှာ မရှိတော့ဘူး။
“ ပင်လယ်ကြီးကို ဖြတ်ပြီးတော့  ဘာလုပ်မှာလဲဟင် …ဖေဖေ ”
“ ပင်လယ်ကြီးကို ဖြတ်ပြီးတော့ ကမ္ဘာသစ်တစ်ခုဆီ သွားမှာပေါ့ …သားရဲ့ ”
“ ကမ္ဘာသစ်..။ ကမ္ဘာသစ်ဆိုတာ ဘာလဲဟင် ”
“ ကမ္ဘာသစ်ဆိုတာ …ဖေဖေတို့ အခုနေတဲ့ နေရာထက် ပိုကောင်းတဲ့ နေရာတစ်ခုပေါ့ကွယ် ”
“ ပိုကောင်းတယ် ဟုတ်လား။ သားတို့ နေတဲ့ နေရာက မကောင်းလို့လား ”
“ ကောင်းပါတယ် သားရဲ့။ ဒါပေမယ့် အဒီ ကမ္ဘာသစ်က ပိုပြီးတော့ ကောင်းတယ် ”
“ သားတို့နေရာလည်း ကောင်းရဲ့သားနဲ့  ဖေဖေရာ ”
လူကြီးက သဘောကျသလို ပြုံးလိုက်တယ်။
“ ဒါနဲ့… အဲဒီ ကမ္ဘာသစ်ဆိုတာ တကယ်ကော ရှိရဲ့လား ..ဖေဖေ ”
လှိုင်းပုတ်သံများ ကျယ်သည်ထက် ကျယ်လောင်လာသည်။ လေများ ပို၍ ပြင်းထန်စွာ တိုက်ခတ်လာသည်။
“ အင်း ….. ရှိမှာပေါ့ ….သားရယ် ”

*

တိမ်မျှင် ပါးလွှာလွှာအချို့ကလွဲပြီး ကောင်းကင်ကြီးဟာ ကြည်စင်လင်းပွင့်နေတယ်။ ကမ်းစပ်တစ် လျှောက် လေဖျော့စီးကြောင်းနဲ့အတူ ရွာသူရွာသားတွေရဲ့ စကားပြောသံ ၊ အော်သံ ၊ ဟစ်သံတွေနဲ့ ဆူညံ နေလေရဲ့။ ကမ်းခြေရွာကလေးကနေ သဘောင်္ကြီး ထွက်ခွာမယ့်နေ့။
မသွားခင်ကတော့ သွားဖို့ တိုက်တွန်းခဲ့ကြပေမယ့် တကယ်သွားရတော့မယ်လည်းဆိုရော ကမ်းခြေ ရွာသားတွေရဲ့ စိတ်ထဲမှာ လေးလံမှုတွေ ချိတ်တွဲလို့။ သံယောဇဉ်တွေဟာ ချည်တိုင်မှာ မြဲမြံလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ လုပ်ကို လုပ်ရမယ့် ကိစ္စတစ်ခုလို့ ခံယူထားတဲ့ ခံယူချက်နဲ့ အနာဂတ် ဆိုတဲ့ အရာအပေါ် ပြင်းထန်စွာ ယုံကြည်မှုတွေက သူတို့ရဲ့ တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်တွေကို ခွဲခွာစေ ခဲ့တယ်။
“ ဖေဖေ …။ ဖေဖေက ဘယ်တော့ ပြန်လာမှာလဲ ”
ကလေးငယ်ရဲ့ အမေးကို လူကြီး တန်းပြန်မဖြေနိုင်။ အချိန်အကြာကြီး စဉ်းစား နေပြီးမှ….
“ အင်း…။ သား အခု ၀လုံး ရေးတတ်ပြီလား ”
ကလေးငယ်လည်း နည်းနည်းတော့ ကြောင်နန ဖြစ်သွားတယ်။ အမေးနဲ့ အဖြေက ဘာမှ မဆိုင် ဘဲကိုး။
“ အဲ..။ ကောင်းကောင်းတော့ မရေးတတ်သေးဘူး။ ဒါပေမယ့် နောက်နှစ်ရက်ဆို ၀ိုင်းစက်နေအောင်
သား ရေးတတ်မှာပါ။ ဘာလို့လဲ ဟင်…ဖေဖေ ”
လူကြီးက ပြုံးရယ်လိုက်ပြီး
“ အင်း ဒါဆို သား ၀လုံး ရေးတတ်ပြီးရင် ကကြီး ခခွေး အခြားအက္ခရာတွေ ရေးတတ် ဖတ်တတ်
အောင် သင်ရဦးမယ်။ အဲဒါတွေ အကုန်လုံး ရေးတတ်ဖတ်တတ်ပြီးလို့ … ဟို ဖေဖေတို့
ဘုရားစင်ပေါ်က စာအုပ် အ၀ါရောင်ထူထူကြီးကို သားသိတယ် မလား ”
“ ဟုတ် သိတယ် …ဖေဖေ ”
“ အေး..အဲဒီ စာအုပ်ကြီးကို သား ကောင်းကောင်းဖတ်နိုင်တဲ့ အချိန်လောက်ဆို ဖေဖေတို့
ပြန်ရောက်လောက်ပါပြီကွယ်…အဲဒီအခါကျရင် သားက ဖေဖေကို ဖတ်ပြပေါ့နော် ”
ကလေးငယ် ခဏတော့ ငြိမ်သွားတယ်။ သူ့စိတ်ထဲမှာ ဒီစာအုပ်ကြီးကို ဖတ်နိုင်ဖို့ အချိန် တော်တော်ကြာဦးမယ်လို့ တွေးနေမိတယ်။ နောက်တော့
“ ဖေဖေ …မြန်မြန်တော့ ပြန်လာခဲ့ပါနော် ”
လူကြီးရဲ့ မျက်လုံး မှာ ငွေ့ရည်တို့ လဲ့သွားတယ်။ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး
“ အေးပါ…သားရယ်။ ဖေဖေ အမြန်ဆုံး သားဆီ ရောက်အောင် ပြန်ခဲ့မှာပါ ”
ကလေးငယ်က လူကြီးကို သိုင်းဖက်လိုက်တယ်။ လူကြီးလည်း ကလေးငယ်ကို တင်းကျပ်စွာ ဖက် ထားမိတယ်။
ဒီလိုနဲ့ သဘောင်္ကြီးဟာ ကမ်းခြေရွာကလေးကနေ ပင်လယ်ထဲကို တရွေ့ရွေ့ ထွက်ခွာသွားခဲ့ တယ်။ ကမ်းခြေရွာတစ်ရွာလုံး လေးလံတဲ့ ခံစားချက် ကိုယ်စီနဲ့ ကမ်းစပ်ကနေ လက်ပြ နှုတ်ဆက်လို့။ သဘောင်္ကြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ သူတို့ လက်တွေ ဝေ့ရမ်း နှုတ်ဆက်လို့။ ကလေး ငယ်လေးကတော့ ကျောက်ဆောင် တစ်ခုပေါ်မှာ မတ်တတ်ရပ်ရင်း…။

*

အနောက်ဘက် ကောင်းကင်မှာ ရောင်စံခြယ် တိမ်မျှင်တွေ ပျောက်ကွယ်လို့ အလင်းဓာတ်ပါ အား လျော့နေ ပြီ။ အမှောင်အစအနလေးတွေတောင် ဟိုတစ်စ ဒီတစ်စ။ ကလေးငယ်ဟာ ပင်လယ်ကြီးကို ကြည့်နေရာကနေ ကမ်းခြေရွာ ဘက်လှည့်ပြီး ပြန်လာခဲ့တယ်။ သူ့ရဲ့ တာဝန်တစ်ခု ပြီးဆုံးသွားပုံမျိုး။ ကလေးငယ်ဟာ အိမ်ပြန်ရောက်လို့ ညစာစားပြီးတဲ့အခါ ဘုရားစင်ပေါ်က အ၀ါရောင် စာအုပ် အထူကြီးကို ယူလိုက်တယ်။ ပြီးတော့ ဖယောင်းတိုင် မီး အောက်မှာ စာအုပ်ကြီးကို လှန်ရင်း…တစ်ရွက်ပြီး တစ်ရွက်…တစ်ခန်းပြီး တစ်ခန်း… စာအုပ် ကုန်ခါနီး နောက်ဆုံး အခန်းနားရောက်တော့ ကလေးငယ်ရဲ့ လက်တွေ ရပ်တန့်သွားတယ်။ စာအုပ်ကြီးရဲ့ ရှေ့က အခန်းတွေ အကုန်လုံး ကလေးငယ် ဖတ်နိုင်ခဲ့ပြီ။ ဖတ်ပြီးခဲ့ပြီ။ ဖတ်ပြီးရုံတင်မဟုတ်ဘူး။ အလွတ်ပါ ကျက်မှတ်ပြီးခဲ့ပြီ။ ဒီအခန်း နောက်ဆုံးအ ခန်းကို ဖတ်ဖို့အတွက် ကလေးငယ် တွန့်ဆုတ်နေခဲ့တာ နှစ်နှစ် ရှိခဲ့ပြီ။ ဒီစာအုပ်ကြီးကို အပြီး ဖတ်နိုင်ပြီးလို့ သူ့ အဖေ ပြန်ရောက်မလာမှာကို စိုးရိမ်စိတ်နဲ့ ကလေးငယ်ဟာ နောက်ဆုံးအခန်းကို ဒီလိုပဲ လှန်လှန်ကြည့်ပြီး အတွေး တွေ ဒွိဟ ဖြစ်နေခဲ့တာ အတော်ကြာခဲ့ပြီ။ နောက်တော့.. ကလေးငယ်ဟာ စာအုပ်ကြီးရဲ့ အစ ကို ပြန်လှန်ပြီး စာတွေ ကို အသံကုန်အော်ဟစ်နေလိုက်တော့တယ်။ ဖယောင်းတိုင်မီး ကုန်တဲ့အထိ… အော်ရတာ မောဟိုက်သွားတဲ့အထိ…. အိပ်ပျော်သွားတဲ့ အထိ… အိပ်မက်ထဲ အထိ…. နောက် နှစ်တွေ နှစ်တွေ…..အထိ။

*

မိုးအိမ်လူ

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ၊ မတ် ၊ ၂၀၁၂

1 comment:

  1. အလင်း ပွင့် ချိန်
    ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်...။

    ReplyDelete