Monday, February 20, 2012

စိတ်ထဲမှာ ထင်တဲ့အတိုင်း လက်က လိုက် ထင်တဲ့ အထင်အရှများ



ဇာတ်လမ်းတွေထဲကလိုတော့ မဟုတ်ဘူး / ဇာတ်လမ်းတွေထဲက အတိုင်း။

မေးခဲ့ဖူးသည့် သို့မဟုတ် အမေးခံခဲ့ရဖူးသည့် မေးခွန်းများ ။ မရေမရောများစွာနှင့်။ အာစရိယများက အတိအကျဖြစ်ရန် လမ်းညွှန်။ မရပါ။ မရေမရာ။ တစ်ယောက်တည်း မှောင် နက် နေသော ညများတွင် ကြယ်များသည် ပိုးစိုးပက်စက် စက်စက်ယိုအောင် လှလှပပကြီးကို ပွင့်တောက်နေကြ၏။ ကျွန်တော့်တွင် စကားတစ်ခွန်း ရှိခဲ့သည်။ ကျွန်တော့်တွင် ရင်နှင့် မဆန့်ဘူးဟု ထင်ထားသော လောကဓံအနာတရများအား ချောင်ချောင်ချိချိ သိုလှောင်ထားသော ရင်ဘတ်တစ်ခု ရှိ၏။ ဘယ်သူမှမကြားအောင် သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်။ ညည်းဆို။ ခဲ့လေသည်။ စိတ်များကတော့ တစ်စပြီး တစ်စ စိတ္တဇတွေ အဖြစ်။ ပြန်ခဲ့သည်။ အပြန်လမ်း တစ်လျှောက် မျှော်လင့်ခြင်းများ အလင်းထွန်း၍။ ပြန်ခဲ့သည် အပြန်လမ်းတစ်လျှောက် အိပ်မက်များ ကျမကွဲအောင် ထိန်းသိမ်း၍။ ဝေးခဲ့ပြီ။ အရာအားလုံး မရေမရာမှု အစုံအလင် သို့မဟုတ် ပြည့်ပြည့်၀၀ဖြင့်။ သင်နှင့်သာ စကားပြောခွင့်ရလျှင် ကျွန်တော် ပျော်မိမည်။ ယခုတော့။

*

 တာကော ၏ တနင်္ဂနွေဒိုင်ယာရီ။


မိမိဒဏ်ရာ မိမိပြန်ဆွတတ်သည့်သူများ စာရင်းမှာ ငါ ပါဝင်၏။
တနင်္ဂနွေနေ့များကို ပြန်လှန်ကြည့်သောအခါ ပလတ်စတစ်ကဒ်လောင်းထားကြောင်း တွေ့လိုက်ရသည်။
မင်းကတော့ ငါ့နာမည်ကိုတောင် ကြားချင်လိမ့်မည် မဟုတ်။
၁၀း၅၀။ငါရောက်လာသောအခါ သူတို့ ၀မ်းသာအားရ လှမ်းနှုတ်ဆက်ကြသည်။
သို့သော် သူတို့အားလုံး ငါ့ကို မမြင်ရ။ကွန်ပျူတာထဲရောက်နေသော virusသည်
သူမ၏ ကိုယ်ခန္ဓာ အချိုးအစား နံပါတ်များသာ ဖြစ်သည်။
မြွေတစ်ကောင်က  အနုပညာနှင့်ပက်သက်သောမေးခွန်းများ မေးလာသောအခါ
အနုပညာသမားတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွား၏။
နာဖျားနေသော ကမ္ဘာထဲ အယူဝါဒများ ငြင်းခုန်ကောင်းနေဆဲ။
ငါကတော့ သစ်ပင်တွေ တစ်ပင်ပြီးတစ်ပင်စိုက်ရင်း တစ်ကိုယ်တော် လေလွင့်နေသည်။

*

ရင်နင့်အောင် နှင့် နိုင်ငံရေး အပေါက်များ


ဒီခေတ်တက္ကသိုလ်ကျောင်းသားတွေ ဘာလုပ်နေကြလဲ။ ပျော်ပါးမူးယစ်နေကြသလိုပဲ။ အကုန်လုံးကို မဆိုလိုရင်တောင် ရာခိုင်နှုန်းတော်တော်များများကြီးဖြစ်နေတယ်။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ခံစားမှုမရှိတော့ဘူး။ အရင်က တက္ကသိုလ်ကျောင်းသားဆိုတာ မာန်ရှိတယ်၊ စံရှိတယ်၊ မူရှိတယ်၊ မာနရှိတယ်။ အခု ကျောင်းသားတွေက ငွေရှိရင် ဘိလိယက်ထိုးသူထိုး၊ ဘီယာဆိုင်ရောက်သူရောက်၊ ရည်စားထားမယ်၊ ဖဲ (ခိုး) ရိုက်မယ်၊ ဂိမ်းပစ်မယ် (ဒေါ်တာ ခုတ်မယ်)၊ အင်တာနက်သုံးပြီး Chat (ကြူ) မယ်။ သင်နေတဲ့ ပညာရေးရဲ့ အနှစ်သာရကဘာလဲ။ Aero နဲ့ ပက်သတ်တဲ့ တက္ကသိုလ်ဖွင့်တယ်။ ဘွဲ့ရလာတော့ ဘာလုပ်ရမှန်းမသိဘူးတဲ့။ ဆရာတွေကကော ဘာမှလုပ်စရာမရှိတဲ့ ပညာရေးကို ဘာလုပ်ဖို့ သင်ပေးလိုက်တာလဲ။ ဒါမှမဟုတ် ကျောင်းသားတွေကိုက သူတို့ ဘာလုပ်ရမယ်ဆိုတာ မသိကြတာလား။ ကွန်ပျူတာနဲ့ ကျောင်းပြီးတယ်။ ကျောင်းက သင်လိုက်တာတွေနဲ့ ဘာလုပ်ကြမှာလဲတဲ့။ မဆိုင်တဲ့ စီးပွားရေးတွေဘက် ရောက်သွားကြတယ်။ ရောက်တဲ့ ရာခိုင်နှုန်းက ၆၀% အထိ လက်ခံလို့ရပေမယ့် ၈၀% လောက်ဖြစ်နေတယ်။ ကဲ .. ဒါတွေကိုကော ဘယ်သူတွေ ပြင်ပေးကြမှာလဲ။


*


ဒိုင်ယာရီ အပေါက်များ


အရာအားလုံးသည် အရားအာလုံးထက်မပိုသော အရာအားလုံးသာ ဖြစ်ပါသည်။ ကျွန်တော့်ထံတွင် သင်မလိုချင်သော ကျွန်တော်လည်း မလိုချင်သော ကျွန်တော်၏ တပ်မက်မှုများ ရှိ၏။ ဘာလဲဟု လာမမေးနှင့်။ ကျွန်တော်လည်း သေချာဂငယ်ဃကြီးနငယ်ဏကြီး တို့ကဲ့သို မသိချေ။ မသိခြင်းကို သင်အပြစ်ဆိုလိမ့်မည်။ ပိန်းပိတ်အောင် မှောင်နေသော ကျွန်တော်၏ အခန်းငယ်ထဲတွင် ကျွန်တော် မြတ်နိုးလှသော စကားလုံးများ အငွေ့ပျံပျောက်ရှဖူး၏။ စကားလုံးများနှင့် အတူ လွတ်လပ်ခြင်းများ ပျော်ရွှင်ခြင်းများ မျှော်လင့်ခြင်းများ အလိုဆန္ဒများ အိပ်မက်များ ရည်စူးချက်များ စိတ်လိုလက်ရ ဘ၀ပန်းတိုင်များ လည်း အငွေ့ပျံ ပျောက်ရှဖူး၏။ ဘယ်သူတွေ ဘာအတွက် အောက်စီဂျင်ကို ရှူရှိုက်နေကြသလဲ။ အလကားရသော အောက်စီဂျင်ကို အလကားရှူရင်း အလကားအလုပ်တွေ လုပ်နေကြပြီလား။ မသင့်တင့်မှန်းသိသော်လည်း အားလုံး အရယ်အပြုံးမပျက်။ ကျွန်တော်လည်း ထိုနည်းတူ ။ သင် ရှိလျှင် ကျွန်တော် ရှိဖို့ သေချာသည်။ တကယ်တော့လည်း သိပ်မသေချာ။ အရာအားလုံးသည် သေချာမှုထဲတွင် ပျောက်ရှနေ၏။ သင် ယုံကြည်ပါသလား။ ကျွန်တော်ကတော့ ယုံကြည်၏။


*
ဇေယျာလင်း၏ ကျောက်စလစ်


တစ်ချိန်တုန်းက သူဟာလူစွမ်းကောင်းတစ်ယောက်ရဲ့ နှလုံးလား။
တစ်ချိန်တုန်းက သူဟာ အမှောင်ခေတ်ရဲ့ မြိုသိပ်မျှော်လင့်ချက်လား။
တစ်ချိန်တုန်းက သူဟာ ပေါက်ကွဲခဲ့တဲ့ ဧရာမကြယ်ကြီးရဲ့ သွေးသားလား။
တစ်ချိန်တုန်းက သူဟာ လျှို့ဝှက်နားထောင်ခဲ့ရတဲ့ ရေဒီယိုသတင်းတစ်ပုဒ်လား။
တစ်ချိန်တုန်းက သူဟာ ခေတ်ကြီးရဲ့ ကြိတ်စက်ထဲက စင်ထွက်မာခဲသွားတဲ့ သွေးစက်လား။
မမြင်ရတဲ့ ကကြိုးကနေမလှုပ်မရှားတင်ဆက်မှု။

*
ဗိုင်းရပ်စ် ပြောတဲ့ ဒါဟာ တော်တော်ကြောင်တယ်။

ဒါဟာတော်တော်ကြောင်တယ်။ဒါပေမယ်..ငါတော့နားလည်တယ်..။ငါ့ဟာငါဆင်ခြေပေးတာမဟုတ်ဖူး။အကြာင်းပြချက်မဟုတ်ဖူး။
အမှန်တရားလဲမဟုတ်ဖူး။ဒါကိုခဏခဏယူသုံးစွဲလွန်းတော့ပေါကုန်တာပဲ ။ အဆိုးမြင်ဝါဒလိုပေါ့...။ရင်ပတ်နဲ့ကျောပြင်ဘာအနာအစာမှမရှိပဲ
ဒင်းရဲ့စိတ်ထဲလာလာနာတာခက်တယ် ။ ခံစားချက်လဲဖေါ့ဖေါ့ပြစ်တာ ။ပေါ့ပျက်ပျက်ရယ်...
ဒါဟာတော်တော်ကြောင်တယ်
စွဲလန်းတယ် တစ်ချိန်လုံးတန်းတန်းစွဲခဲ့တာ အချစ်ကိုလား။ငွေကြေးကိုလား။ရုပ်ဝတ္ထုပစ္စည်းတွေကိုလား။ မိုးတိမ်တွေကိုလား။ကျောက်ခဲတစ်လုံးလား။သူမပါးပြင်ပေါ်ကသနပ်ခါးရနံ့ကိုလား။အတုတွေကိုလား။စကားလုံးသုံးစွဲပုံကိုလား။
နှစ်အတော်ကြာတော့အစွဲအလန်းဆိုတာရောဂါမှန်းသိလာတယ်...။အနာတရဖြစ်နေတဲ့စိတ်ကို တစ်ခုခုစီရင်လိုက်မှ။
ဒါဟာတော်တော်ကြောင်တယ်
ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ..
အဓိကရည်ရွယ်ချက်ကတတိယမြောက်စကားလုံးသတ်ပုံမှားတာမဟုတ်တာသေချာတယ်။
မူလအဓ္ပိာယ်ကို သက်သေသာဓကနဲ့ပြပါ။နောက်ကွယ်က ကိစ္စတွေကို လှပ်ပြပါ။ ဆန့်ဆန့်ကြီးသေနေတဲ့စကားလုံးတွေတွေ့ရမယ်အပုံလိုက်ကြီးဖေါင်းပွ
ဒါဟာတော်တော်ကြောင်တယ်
ယုံကြည်သက်ဝင်မှု။ဝင်ငွေထွက်ငွေနဲ့။နာကျင်မှု။ဒီမေးခွန်းကိုငါရှောင်လိုက်တယ်။မေးခွန်းတွေတပြွတ်ကြီးနဲ့လာတိုး အကုသိုလ်အတိုးတက်လာပုံများဘ၀ပေးဆပ်တာမကုန်တော့ တဖြည်းဖြည်းကမ်းကပ်ကျောက်ဆူးချ ပုသ်သင်လိုလုပ်ပြစ်လိုက်တယ်ခေါင်းတဆတ်ဆတ်နဲ့ အရောင်လည်းနဲနဲပါးပါးပြောင်းပြစ်လိုက်တယ် ဒါပေမယ့်ပြောချင်တဲ့အဓိပ္ပာယ်ပါပါမလာတာအားနာတယ်..
ဒါဟာတော်တော်ကြောင်တယ်
ကျွန်တော်ဒါတွေကိုသိပါတယ်...ခင်ဗျားလည်းအသိပါ။ မသိတာဘယ်မှာရှာရမယ်မသိတာပါ။


*


ဗိုင်းရပ်စ်ကိုက်လို့ ကြောင်သွားတဲ့ ငကြောင်။


ကြောင်တစ်ကောင် ဖြတ်ပြေးသွားခြင်း။ ကြောင်ဆိုတာဘာလဲ ခင်ဗျားလည်း သိမှာပါ။ ခက်တယ်။ ပစ္စပ္ပုန်မှာ တည့်တည့်နေပါ။ ကတ္တား အပြောင်းအလဲတွေ ကံ အပြောင်းအလဲတွေ ခင်ဗျား သိပ်စိတ်ညစ်နေသလား။ ဒါဟာ တော်တော်ကြောင်တာပဲ။ ကြောင်တစ်ကောင်ရဲ့ ကြောင်ခြင်းမျိုးနဲ့ တော်တော်ကြောင်တဲ့ ငကြောင်။ ကျွန်တော်တို့လည်း ခင်ဗျားနဲ့ ဝေးခဲ့ပြီ။ ပထမ ခြေလှမ်းတွေ လှည်းဘီးနွံထဲ ကျွံကတည်းက။ တစ်ယောက်မှ ကူ၍ မတွန်းပေးကတည်းက။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ရဲ့နဲ့ မတွန်းပေးကြကတည်းက။ ထင်းစည်း ကို သူတို့ တစ်ချောင်းချင်း ခွဲထုတ် ချိုးပိုင်းလိုက်တယ်။ မဆိုင်တာတွေ အရမ်းတွေးတယ်။ ဒါဟာ တော်တော်ကြောင်တယ်။ ဘယ်သူမှ သိစရာမလိုရင် ဘာ ပက်ဘလစ်ရှ်မှ မလုပ်နဲ့။ ဒီလိုနဲ့ ကျွန်တော်တို့လည်း။ အတူတူ တော်တော်ကြောင်ခဲ့တယ်။ ပျော်ရဲ့လားဟေ့။ ငကြောင်တို့ရေ။ ယနေ့ အခင်းအကျင်းတွေ အလျင်အမြန်သိမ်းဆည်းပြီး ကျွန်တော်ကို ဖုန်ခါ သဲခါ အိမ်ပြန်ချိန်ရောက်ခဲ့ပြီ။


ဆောင်းအကုန် နွေအကူး အနောက်ဘက် နေ၀င်ကောင်းကင်ကတော့ တိမ်မျှင်တွေ မလိုဘဲ လှလှပပကြီး ဆည်းဆာ ဆန်နေတယ်။
အိမ်ပြန်ကြစို့။ ထမင်းလက်စုံ စားကြစို့။ နွေးထွေးကြစို့။


***


မိုးအိမ်လူ
၁၉ ဖေဖော်ဝါရီ ၂၀၁၂
ည ဆယ်နာရီထိုးရန် မိနစ်အနည်းငယ် အလို ( နာရီမပါလို့ သေချာမသိလိုက်ဘူး။ ကွန်ပျူတာက နာရီကလည်း မှန်တာမဟုတ်ဘူးလေ။ ဒါလေးတော့ သည်းခံနော် )

Saturday, February 18, 2012

စစ်တမ်း

စစ်တမ်း

စိတ်လို လက်ရ အမှားတွေနဲ့
ကျဉ်းကျပ်သွားတဲ့ စိတ်ဧရိယာ 24
ခံစားရတာ မကောင်းတဲ့ အခါမျိုးမှာ
သီချင်းတွေ ( ဘာမှ ငါ မကြားချင်ဘူး မသိချင်ဘူး
ငါ့ဘ၀ကို ငါ့ဆီပေးပါ..။
ဖြူစင်ချိန်တွေ ပြန်မရဘူး
အရောင်တွေ ပေစွန်းလို့
ငါ့ဘ၀ ယုံနိုင်သူ မရှိတော့ ) ဆိုညည်းမိတဲ့ အခြေအနေ တစ်စိတ်တစ်ဒေသဟာ
မှောင်ရိပ်ထိုးတဲ့ ဘ၀ရဲ့ အပိုင်းအစ တွေအဖြစ်

အသက်တွေလည်း ပြန်ပြန် ငယ်မသွားတော့ဘူး
ပြန်ပြန် ငယ်မသွားတဲ့ အသက်တွေကို ဆွဲဆန့်ထုတ်ရင်း
တံဆိပ်တွေ သတ်မှတ်ချက်တွေ ( ကဗျာဆရာ။ အင်ဂျင်နီယာ ။
ခပ်ကြောင် ကြောင်။ ဘာမှမသိ )
ရှာရမလား မရှာဘူးလား လိုချင်မိသလား မလိုချင်မိဘူးလား
ဒီလို လစ်ဟ နေတဲ့ စိတ်ကွက်လပ်တွေ လည်း

နေ၀င်နေထွက် မရှုရှိုက်သင့်တာတွေပဲ ပြည့်နေတဲ့
တစ်ဦးပိုင် လေထုထဲ
အညစ်အကြေးတွေမှန်း သိသိကြီးနဲ့
ခန္ဓာ ထဲ ထိုးထည့်နေမိ
ဒီလိုပဲလား ဒီလိုပဲလား D လိုဆိုရင်တော့
ဘ၀ဟာ မလှတော့သလို အသက်ရှုရတာလည်း မလှတော့ဘူး
ဆိုလိုရင်း ရည်ရွယ်ချက်တွေ ကိုယ့်ဘာသာ ရှာဖွေ ဖျောက်ဖျက်ရင်း
( ကဗျာတွေ ရေးချင်တဲ့စိတ်ကို မရဲရင့်နိုင်မှုက အသေသတ်တယ်။
အသက်မွေးဝမ်းကျောင်းအလုပ်မှာ မပျော်ပိုက်နိုင်မှုကို
ဝါသနာထဲ အန်အန်ချရတဲ့ နေ့စွဲတွေအတွက်
ကိုယ့်ကိုကိုယ် လိပ်ပြာမလုံမှုတွေ ခဏခဏ ။ )
ကြယ်ကြွေချိန်တွေမှာ ဆုတောင်းပျောက်နေတဲ့ ကျွန်တော်/ငါ ထဲက
အတ္တ/ လောဘ / မာန်မာန / မောဟ များ။

မိုးအိမ်လူ

ဆုံးမတာလိုလို သွန်သင်တာလိုလိုနဲ့ လာလာပွတဲ့ စကားလုံးတွေ



ကဲ စကြမယ် တစ် ကဗျာပွပွကြီးတွေ တဲ့ ပွတယ်ဆိုတာ ဘာတုန်း ဖောင်းတာပေါ့ အော ဖောင်းတယ်ဆို မပိန်ဘူး ထားပါ ကဗျာပွပွကြီးတွေ မရေးနဲ့ ကဗျာပွပွကြီးတွေ ဖတ်ရရင် စိတ်တွေ ပွပွလာပြီး အကျီပွ ဘောင်းဘီပွတွေ ၀တ် အဲဒီလို စတိုလ်နဲ့ ကဗျာပွပွကြီးထဲက စကားလုံးတွေ လျှောက်ရွတ်တဲ့အခါ ရက်ပ်ပါလို့ လူထင်သွားမလား လူထင် မထင် တော့ မသိဘူး ငပေါလို့တော့ ထင်ကြမှာ အမှန် ကဲ ဆက် စ မယ် နှစ် အချစ်ကဗျာတွေ သိပ်မရေးနဲ့ ဘာလဲ အချစ် မရေမရာ တောမရောက်တောင်မရောက် စိတ်ခံစားချက် တစ်ခုကို ဥပါဒါန်တွေစွဲ အချစ် အချစ် လို့ ညည်းညည်းပြီး ဘ၀တစ်ခုလုံး အခြစ်ခံလိုက်ရတာ မသိတဲ့ ဘယ်သူတွေ ဆိုလား ဘာလား တကယ်လည်း မသိပဲနဲ့ တကယ်လည်း မရှိပဲနဲ့ တကယ်လည်း မချစ်ပဲနဲ့ ဆိုတဲ့ ချမ်းချမ်းဆိုတဲ့ အင်တာနေရှင်နယ် မော်လ်ဒယ် ဘော်ဒီနဲ့ ပိန်သေးသွယ်ရိုး အမျိုးသမီးလေး ဆိုတဲ့ သီချင်းလို့ အသည်းတွေကွဲ တယ်ဆို ပုံပြင်တွေပါ ခက်တာက ငါးရာ့ငါးဆယ်ထဲမှာ အသည်းကွဲပုံပြင်တော့ ပါမယ် မထင် မထင်တာလား မသိတာလား မသိရင် မသိသလို သိရင် သိသလိုလို ယောင်ဝါးဝါး တွေ လာမလုပ်နဲ့ ဒီခေတ်က ဒီဂျစ်တယ်ခေတ် ဘာမှလည်း မဆိုင်ဘူး ကဲ ဆက် စ ကြမယ် သုံး နာကျည်း သိပ်သည်း လေးလံ ဖိစီးတဲ့ ဘယ်သူ့ကို မကျေနပ်မှန်းမသိတဲ့ ကဗျာတွေ မရေးနဲ့ လောလောဆယ် ခဏရပ်ထားဦးမယ် နောက်မှ ဆက်ကြဦးမယ့် ပေါက်တတ်ကရ စကားပွပွတွေ။

မိုးအိမ်လူ

စိတ်ပြေလက်ပျောက် ငိုကြွေးခြင်းများ



လွဲခဲ့တဲ့ လမင်းရနံ့တွေ
ဘယ်အိပ်မက်မှာ
ငါ ကျောက်ချနားမိခဲ့သလဲ

အမြဲစိမ်းတောလို
စိမ်းခဲ့တဲ့ ဆက်ဆံရေးတွေ
ကန္တရလို ခြောက်သွေ့နေတဲ့
အကြင်နာတရားတွေ

ကျေးဇူးပြုပြီး
အတ္တအိပ်ကပ်ထဲ လောဘတွေ
ခဏ ခဏ ထိုးသိပ်မထည့်ပါနဲ့

ဖြစ်တည်မှု အမှုန်အမွှားနဲ့
ငါ လတ်ဆတ်ခဲ့တဲ့
အောက်စီဂျင်ဟာ
အဆိပ်သင့်နေခဲ့တဲ့
ပစ္စက္ခ အရုပ်အကြမ်းများ

တကယ်တော့လည်း ဘာမှ မဟုတ်ပါဘူး
ပျော်လွန်းလို့ ရေးလိုက်တဲ့
နာကျည်းမှု ကဗျာတစ်ပုဒ်ပါ
သေချာတာကတော့
ဒါတွေဟာ ဖြစ်ရပ်မမှန်တဲ့ ဖြစ်ရပ်မှန်တွေဖြစ်နေခဲ့တယ်ဆိုတာ...။

မိုးအိမ်လူ

ပြောချင်တာလေးတွေ ဆိုပြီး ဘာတွေမှန်းမသိ စကားလုံးတွေသာ ပုံကျသွားတယ်



မပြောဆိုချင်တာတွေ ပြောဆိုနေခြင်းကနေ ပြောရတာ အာ ( ပါးစပ် ) ညောင်းလာ လက်ညောင်းလာတော့ ခဏတော့ ရပ် ရေလေးဘာလေးသောက် အမောဖြေ ဖြေနေရတာတွေ မဖြေချင် ဖြေချင် ဖြေနေတာမျိုး မဖြစ်စေနဲ့ စိတ်ထဲ ၀မ်းထဲ နှလုံးသားထဲကနေ ဖြေ ဒီမယ် ဘာလို့ ကျောက်ရုပ်လုပ်နေသလဲ ကောင်မလေး ငါ့စိတ်တွေ တိုတို သေးသေးလာပြီနော် အဲ ပျော်ရွှင်မှုတွေလည်း သေးလာပြီလို့ လှုပ်ရှားစမ်း လှုပ်ရှားစမ်း လှုပ်ရှားစမ်း ငါ့အကိုတွေ အော်ရလွန်းလို့ အာပေါက်နေပြီ အခုချက်ချင်း အသက်ဝင် ၀င်သွားတာ အတော်ကြာပြီ အခုထိ ပြန် ထွက်လာဖို့ မမြင်သေးဘူး ဘယ်ထဲကို အဲဒီလိုပေါ့ ဒီလို ပေါက်တတ်ကရ ခြေပစ်လက်ပစ် စိတ်ပစ် ကိုယ်ပစ် ရေးတဲ့ အရေးအသားမျိုးတွေ ဒါကို ကဗျာလို့ မပြောရဲပေမယ့် ဘလော့ခ် အဆင့်လည်း မမီလေတော့ကာ ကဗျာမှာပဲ မျက်စိ စုံမှိတ် tag လိုက်ရတဲ့ အခါမျိုး လှုပ်ရှားစမ်းပါ ငွေလ၀န်း လှုပ်ရှားစမ်းပါ ပန်းပွင့်လေးတွေ ရနံ့တွေ အွန်လိုင်းတစ်ခုလုံး မွှန်ထူသွားတဲ့အထိ ဗိုင်းရပ်စ်လည်း မကြောက်နဲ့ နတ်ဆိုးငယ်လည်း မကြောက်နဲ့ သူတို့က နာမည်သာဆိုးတာပါ ရုပ်သာဆိုးတာပါ ...သာ ဆိုးတာပါ များသွားပြီနဲ့တူတယ် စိတ်ထားလေးတွေ ကောင်းကြတယ် မကြောက်နဲ့ အမိ ရဲရဲဝင့်ဝင့် လှုပ်ရှားလိုက် ပျော်စရာလေးတွေ ရှာကြံနေစရာမလိုအောင် ဘယ်သူတွေ ဘာပဲ ပြောပြော ဖွင့်ထားတဲ့ တံခါးနဲ့ အတူ မကြာခင်မှာ သွက်လာမယ့် ကွန်နက်ရှင်နဲ့အတူ ရှိသမျှ အနုပညာတွေ ဖူးပွင့်လိုက် ဝေဆာလိုက် မပြောခဲ့မိတာတွေ ပြောဆိုလိုက် မရေးဖြစ်ခဲ့တာတွေ ရေးခြစ်လိုက် အိပ်မက်တွေ ဖွင့်ချလိုက် စိတ်ကူးတွေ ဖြန့်ကျဲလိုက် ပြောချင်တာတွေက များတယ် နာရီက မိုးထောင်နေပြီ ဆိုတော့ ရည်ရွယ်ချက်က ဒီအရေးအသားကို ပုဒ်မ နှစ်ချောင်း ဒီလို ( ။ ) ချပြီး ရပ်လိုက်ပြီ

မိုးအိမ်လူ

အကျွမ်းထည်များ



နေခြည်ဖြာမယ် ထင်ခဲ့တဲ့ နေ့စွဲတွေဟာ
မျှော်လင့်သလောက် နွေးထွေးမှု မရခဲ့ဘူး
မျှော်လင့်တတ်တဲ့စိတ်ကသာ အမှားဖြစ်သွားတဲ့ အချိန်မျိုးမှာ
ကျွန်တော် ရဲ့ အိပ်မက်တွေ အလိုအလျောက် အကျွမ်းထည်ဘ၀ ရောက်သွားတယ်
ဒါဟာ ဖြစ်နေကျ လောက ဇာတ်လမ်းတစ်ပုဒ်
ဒါဟာ တွေ့နေကျ လောက ပြဇာတ်တစ်ပုဒ်
ဒါဟာ ခံစားနေကျ လောက တေးတစ်ပုဒ်
ဆောင်းမှ မကုန်သေးဘူး
နွေရဲ့အပူတွေ ကျူးကျော်ဝင်ရောက်လာတဲ့ နေ့လည်ခင်းတွေလိုမျိုး
ကျွန်တော်ရဲ့ နေ့စွဲတွေလည်း အလိုအလျောက်
..... .... ..... ..... ...
ခံစားရတာ မကောင်းလို့ ရေးလိုက်တဲ့ စာလွှာဟာ
ဆက်ရေးဖို့ ခွန်အားပြတ်တောက်သွား
အစဉ်အလာတွေ အတိုင်းပါပဲ
ကျွန်တော် ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ကဗျာလေးတောင်
အလိုအလျောက်......။

မိုးအိမ်လူ

Wednesday, February 15, 2012

စိတ္တဇ မြို့ တော်၏ ညမှတ်တမ်း




ပထမ လဆုတ်ည

ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူသံသည် မူလ စတည်ရာနေရာမှ တဆင့် လမ်းမကြီးတစ်လျှောက် နှင့် လမ်းကြို လမ်းကြားမကျန် ၀င်ရောက် ပျံ့နှံ့သွားသည်။ ရာသီမသိသော ညတစ်ညသည် အပူအအေး ကင်းမဲ့စွာ ။ အရက်မူးလွန်နေ သော လေပြေသည် ထူမည့်သူ လိုက်ရှာရင်း ဦးတည်ချက်မဲ့ တရွေ့ရွေ့ လျှောက်သွားနေသည်။
သူ၏ ဘေးတွင် သူ ရှိသည်။ သူ မဟုတ်သော သူသည် မည်းနက်နေ၏။ သူ လောက် အချိုးမကျသော ပုံရိပ်နှင့်။ နာရီသံသည် စည်းချက်မှန်၏။ မြို့တစ်မြို့ ၏  ညသည် မှောင်လွန်းနေသည်ဟု သူ ထင်သည်။ မြို့တစ်မြို့၏ ညသည် တိတ်ဆိတ်လွန်းသည်ဟု သူ ထင်သည်။ သူ ထင်သော ထင်မြင်ချက်များသည် အတွေးဟူသော ခေါင်းစဉ်အောက်တွင် ဦး နှောက်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။

                                                           *

ဒုတိယ လဆုတ်ည

လျှပ်စစ်နှင့် အလင်းသည် ချစ်တင်းနှောရင်း မြို့သူမြို့သားတို့ ကို စောင့်ရှောက်နေသည်။ ခြေသံတို့  ရုန်းရင်းဆန် ခတ် အော်ဟစ်နေကြသည်။ အဓိပ္ပာယ်မဲ့နေသော ၀ါကျတစ်ကြောင်းသည် လေညှင်းခံရင်း လမ်းလျှောက်ထွက်နေသည်။
မြို့အစွန်ကုက္ကိုပင်ကြီးအောက်တွင် ကိုယ်ခန္ဓာရောင်းစားသော မိန်းမငယ်တစ်ယောက် သွေးစွန်းနေသော ဖြစ်ရပ် မှန်ဇာတ်လမ်းများကို လက်ထိုးအန်နေသည်။ ဒဿနသစ်များ၏ သက်တမ်းကုန်ဆုံးရက်မှာ မြန်ဆန်လွန်းလှသည်။ လူငယ် တစ်သိုက် ဂစ်တာထမ်း၍ ပုလင်းဆွဲ၍ လမ်းလျှောက်လာနေသည်။ ကုက္ကိုပင်အောက်တွင် ရှယ်ယာဈေးများ ထိုးတက်သွား သည်။
သူ၏ စာအုပ်ပေါ်တွင် ပိုးဟပ်တစ်ကောင် ပစ္စည်းပျောက်ရှာနေသည်။ သူ ဖုန်းကို  ကောက်ကိုင်လိုက်သည်။ နံပါတ် တစ်ခုကို နှိပ်လိုက်သည်။ ( - - - ) ။ ဖြစ်မြောက်စေလိုခြင်း စိတ်အလျဉ်းမရှိပါဘဲ ရာဇ၀တ်မှုတစ်ခု ဖြစ်မြှောက်ခဲ့ သည်။

                                                                *

လကွယ်ည

ကြယ်တစ်သန်း၏ ကကြိုးကြောင့် ကြမ်းပြင်ကြားမှ ကြမ်းပိုးတို့  အိပ်ရေး ပျက်ခဲ့ကြရသည်။ ဒြပ်မဲ့သစ်ပင်သည် ဟီးဟားတိုက်၍ ရယ်မောနေသည်။ အိမ်စောင့်ခွေးတို့ အိပ်ချင်ယောင်ဆောင်နေသည်။ ခြေသံတဖျပ်ဖျပ်သည် ယခုထိ ကြားနေရဆဲ။  သူခိုးတစ်ယောက်သည် သန်းခေါင်ယံကို စောင့်ရင်း အိပ်ငိုက်နေသည်။
စိတ်ကူးယဉ်မှုများ တောထွက်သွားကြသည်။ မြို့တောင်ဘက်ပိုင်းမှ ရမ္မက်တို့ ၏ ဆူညံပေါက်ကွဲသံကို အတိုင်းသား ကြားနေရသည်။ သုဿာန်ထဲရှိ ဇရပ်ပေါ်တွင် လူတစ်ယောက်၏ ဟောက်သံကို ကြားနေရသည်။ ဖောက်ပြန် နေသော ရာသီဥတု၏နောက်တွင် ကူးစက်ရောဂါ ပိုးမွှားများ တပျော်တပါး လိုက်ပါလျက်။
သူ တစ္ဆေ၏မျက်နှာကို လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးလိုက်သည်။ တစ္ဆေက ဂျွန်ထရာဗိုတာ အက်ရှင်ဖြင့် ပါးစပ်မှ သွေးများကို လက်ခုံဖြင့် သုတ်ပြီး လျှာနှင့် လျက်နေသည်။ သူ စိတ်အချဉ်ပေါက်၍ လက်သီးဖြင့် ထပ်ထိုးလိုက်သည်။
မြို့ ဦးတွင် တည်ထားသော စေတီဆီမှ ဆည်းလည်းသံများ ကြားနေရသည်။

                                                                 *



ပထမ လဆန်းည

ပျောက်သောသူကို မရှာဘဲနှင့် တွေ့ လိုက်ရသည်။ စိတ်ဓာတ်ကျဆင်းရာ ကျဆင်းကြောင်း မူလ ဇစ်မြစ်သည် မပြည့်ဝသော အပြုံးများကြောင့် ဖြစ်သည်။ ဟိုးအဝေးမှ နက်နဲသိပ်သည်းသော ခံစားချက်များ လွင့်ကျလာသည်။ ငိုရှိုက်မှု တွင် မျက်ရည်တစ်စက်မှ မပါ။ ကော်ဖီလို ခါးခြင်း မဟုတ်ပါဘဲ ကြက်ဟင်းခါးသီး လို ခါးခြင်းမျိုးဖြင့် လူ့ဘ၀သည် နေပျော် စရာ ကောင်းနေသည်။
မြို့ကလေး၏ တစ်ဦးတည်းသော သူခိုးသည် ခွေးကိုက်ခံရ၍ ဆေးရုံတက်နေရသည်။ မြို့သူမြို့သားများ စိတ်မ ကောင်းကြ။ ထိုသူခိုးအပေါ် သစ္စာစောင့်သိသော အားဖြင့် ပစ္စည်းများကို လုံခြုံစွာသိမ်းပြီး အိမ်တံခါးကို လုံခြုံစွာပိတ်၍ အိပ်စက်ကြသည်။ ငှက်ဆိုးထိုးသံများ ကြားရသည်။ မြို့ထိပ်မှဖြစ်သည်။ ထို့နောက် ခွေးတွေ အူကြသည်။ တစ်မြို့ လုံးမှ ခွေးများ အားလုံး အူခြင်းတော့ မဟုတ်။ အနည်းငယ်သော ခွေးတို့ မှာ အသံဝင်နေကြသည်။
သူ အပါအ၀င် အခြားသောလူများ ကျန်းမာ ချမ်းသာကြစေရန် မေတ္တာပို့ အမျှဝေ၍  ကြေးစည်ကို ထုလိုက်သည်။ အရှေ့နှင့်အနောက် ခုနှစ်အိမ်မှ အိပ်မက်တို့ ရိုးတိုး ရွတ ဖြစ်ကုန်ကြသည်။ ကလေးငယ်တစ်ယောက်၏ ပုံရိပ်ဖြင့် မေတ္တာ တရားသည် ဘုရားရိပ်တရားရိပ်တွင် အိပ်စက်နေပြီ။ သူ၏ အိမ်ပေါ်သို့  နောက်ဆုံးမှ ရောက်လာသော ၀ိဥာဉ်သည် ချာလီ ချက်ပလင် မျက်နှာနှင့် မစ္စတာဘင်း စတိုင်လ်ဖမ်းထားသည်။
သူ ပေးလိုက်သော လက်ဆောင်ကို လပြည့်နေ့ တွင် ဘုရားမှာလျှူဖို့  အားလုံးကို မေတ္တာရပ်ခံထားသည်။ လ နှစ် ချောင်းငင်တို့၏ လ တစ်ချောင်းငင်လိုသော စိတ်သည် ဘုရားဟောလည်း မပျောက် ၊ တရားရေတိုက်လည်း မကွယ်။ ဗီဇ သည် ပြင်ဖို့ ခက်သည်။
မြို့ဦးတွင် တည်ထားသော စေတီဆီမှ ဆည်းလည်းသံများ ကြားနေရသည်။ စာအုပ်စင်မှ စာအုပ်များ ကြက်သီး မွေးညှင်းများ ထသွားသည်ကို သူ တွေ့လိုက်ရသည်။

                                                               *


အချပ်ပို နံနက်ခင်း

မြို့ဈေးနေ့ တွင် ဖြစ်သည်။ အတင်းအဖျင်း စကားလုံးများကြားတွင် အမှန်တရားသည် အသက်ရှုရကျပ်လျက် ရှိသည်။ သားစိမ်းငါးစိမ်း ညှီနံ့များသည်  တစ်မြို့လုံးကို စွဲထင်နေပြီ။ အစိမ်းရောင်ဖျော့နေသော အသီးအရွက်များ၏ နွမ်း ပါးမှုကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက မျက်စိကျနေသည်။
အပျိုရည်ပျက်နေသော သူ၏ နှင်းဆီခင်းကို ကာလသားတို့  မနှစ်မြို့ကြ။ ထမင်းကြော်တစ်မျိုးတည်းနှင့် ရောင်း အားကောင်းနေသော လက်ဘက်ရည်ဆိုင်ကို အသုပ်စုံဆိုင်တို့ မနှစ်မြို့ကြ။ မြို့အစွန်မှ ပြန်လာသော မိန်းမငယ်ကို မြို့သူ တို့  မနှစ်မြို့ကြ။
သူ စာအုပ်ကို သော့ခတ်လိုက်သည်။ စာအုပ်မှ အစွယ်တစ်ချောင်းကျိုးသွားသည်။ ရှည်လျားရှုပ်ပွနေသော သူ၏ ဆံပင်ကို ရေစည်ထဲ နှစ်စိမ်ထားလိုက်သည်။ ညက သတင်းစကား အချို့သူ၏ အိမ်ရှေ့လမ်းကလေးသို့ ရောက်လာသည်။ အပုပ်နံ့ထွက်၍ ရှုရှိုက်မိလျှင် လူကို ပြုံးရယ်စေသော ထိုစကားလုံးများသည် နံနက်ခင်း၏ နံနက်စာဖြစ်သည်။

                                                                 *

လပြည့်ည

လင်းလက်လွန်းနေသည်ဟု ယူဆကာ တစ်အိမ်လုံးရှိ မီများအားလုံးကို ဖွင့်ထားလိုက်သည်။ အဆိပ်ကို အဆိပ်နှင့်  ဖြေသောနည်း ဖြစ်သည်။ အိပ်စက်ရမှာ နှမြောနေသော ဆင်ခြေဖုံးရပ်ကွက်လေးသည် မြို့ဦးတွင် တည်ထားသော စေတီ ရင်ပြင်ရှိ အမှိုက်များကို ရှင်းလင်းနေသည်။
ပုလင်းဖြူများသည် အလွမ်းသီချင်းကို သီဆိုနေကြသည်။ ထွက်ပေါ်လာသော အသံများသည် ကမ္ဘာ့ဆွဲအားနှင့် နီးနေသည်။ ဥာဥ့်ငှက်တို့ စိတ်အနှောက်အယှက် ဖြစ်နေကြသည်.။ ပျော်ရမှာလား။ မပျော်ရဘူးလား။ ဝေခွဲရခက်ခဲနေသော ကြောင့် ခွဲဝေ၍ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ခုနှစ်စဉ်ကြယ် အရုပ်ကြိုးပြတ် လဲကျသွားသည်။ ရပ်ကွက်ထိပ်ရှိ ရေတွင်း ထဲမှ ၀ိဥာဉ်တစ်ကောင် တွားတက်လာနေသည်။
သူ၏ မျက်လုံးသည် ပြတင်းပေါက်ဆီကို ရောက်နေသည်။ ထုပ်တန်းမှ ကြိုးတစ်ချောင်းကျလာသည်။ သူ၏ နောက်မှ ကြိုးများက သူ့ ကို လွှတ်မပေးကြ။ ဗီရိုထဲမှ ဆေးပုလင်းများ ထကြွ သောင်းကျန်းနေကြသည်။ မီးဖိုချောင်ထဲမှ ဓားများ အရောင်တလက်လက် ထ၍ ဟန်ရေးပြနေကြသည်။
နာမည်မေ့နေသော သူ၏ တစ်ခါတုန်းက ဇနီးဟောင်းတစ်ယောက် ရောက်လာသည်။ ဇနီးသည်၏ နီဆွေးသော နှုတ်ခမ်းများသည် နမ်းရှိုက်ချင်စဖွယ်အတိ။ဇနီးသည်၏ စကားလုံးများသည် သူ၏ ဦးနှောက်ကို အလုပ်ကောင်းကောင်း ပေးနေသည်။ သူ….. ဇနီးသည်၏ လက်ကို ဆုပ်ကိုင်ရင်းဂန္တ၀င်တေးတစ်ပုဒ် သီဆိုနေမိသည်။ ထို့ နောက် ကဗျာတစ်ပုဒ် ရွတ်ပြသည်။ ဇနီးသည်၏ နှုတ်ခမ်းများ ပြုံးရိပ်သန်းလာသည်။ ထို့ နောက် သူ့ဘ၀တွင် ပထမဆုံး မြင်ဖူးသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။မျက်ရည်..။ ဇနီးသည်၏ မျက်ရည်..။ ပြုံးရယ်နေသော နှုတ်ခမ်းနှင့် ပါးပြင်ထက်မှ မျက်ရည်စီးကြောင်းတို့ သည် ဇနီးသည်၏ အလှဆုံးသော အစိတ်အပိုင်း( သို့ ) ဇနီးသည်၏ လျှို့ဝှက်အလှဟု သူ ထင် သည်။
သူ၏ နားထဲတွင် နာရီသည် စည်းချက်မမှန်ချင်တော့။ လေတိုးသံသည် အစစ်လား .. အတုလား။သူ မခွဲခြားတတ်။ သူ သတိရ၍ ကြည့်လိုက်တော့ ဇနီးသည် မရှိတော့။ ဇနီးသည်၏ စကားလုံးများကတော့ မျက်နှာကြက်မှ ခုန် ပေါက်ကျလာသည်။
မြို့လေး၏ လမ်းကြိုလမ်းကြားထဲတွင် အမှိုက်များ ပြေးလွှားနေသည်။မြို့စွန်ရှိ အိမ်မည်းကြီးမှ ကြောင်အော်သံများ ကြားနေရသည်။ ခွေးများ ဟောင်နေကြသည်။ မလိုလားအပ်သော ပတ်ဝန်းကျင် အခြေအနေကို ဖောက်ခွဲပစ်ဖို့  ကြိုးစားခြင်းသည်  မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ပုလင်းဖြူထဲတွင် ဘာမှ မရှိတော့။ မြို့လယ်မှ အား ဟူသော အော်သံတစ်သံကြားရသည်။ ထို့ နောက် ၀ုန်းခနဲ  လဲပြိုသံများ ကြားရသည်။
ရာသီဥတုသည် နွေဥတု ဖြစ်သည်။ အချိန်သည် ည  တစ်နာရီ ဆယ့်ငါးမိနစ် ဖြစ်သည်။ နေ့ရက်သည် ဆယ့်သုံး ရက် သောကြာနေ့ဖြစ်သည်။ လပြည့်ညတွင် လမင်းမရှိ။ ကောင်းကင်သည် ပကတိ နက်ပြာ။

                                                                  *

အချပ်ပို နံနက်ခင်း

ထိုလူ ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဆိုတာကို မြို့သူမြို့သားများ အသေအချာ ဘယ်သူမှ မသိ ကြ။ သို့ သော် သူတို့၏ ဦးနှောက်ထဲတွင် ကိုယ်စီ ထင်မြင်ချက်လေးတွေ ဖျပ်ဖျပ်လူးနေသည်။ ယနေ့  ဈေးနေ့မဟုတ်ပါ။

                                                                    *


မိုးအိမ်လူ

Tuesday, February 14, 2012

ချစ်ခြင်း သစ္စာ

ရာသီစာ အိပ်မက်တွေကို
မမက်မောတတ်တဲ့ စိတ်နဲ့
ငါတို့ အလွမ်းတွေ
ချွေးသိပ်ခဲ့ရတဲ့ နေ့

စန္ဒီရေ
အိပ်မက်တွေ မကောင်းခဲ့ဘူးဆိုလည်း
ဒီနေ့ နေ့စွဲလေးနဲ့ပဲ
အားလုံးကို ရွှေမှုန်ကြဲခဲ့ပါ

ဘာမှန်းညာမှန်းမသိ
မကောင်းတာပဲ ရှိတဲ့
လောကဓံဆိုတဲ့ ကောင်ကြီးနဲ့
မလွတ်ကင်းနိုင်သမျှ
မင်း လည်း အလွမ်းကို ချစ်နေရသလို
ငါ လည်း အချစ်တွေကို လွမ်းနေရဦးမှာ

အချိန်တွေ နာရီတွေ
ငါ မတွက်ချင်ဘူး
ကာလယန္တရားရဲ့ ပြုစားမှုအောက်မှာ
တို့တွေ နာကျင်ဆိပ် တက်ရမယ့် အဖြစ်မျိုးတွေ
ဒါတွေဟာ ၀ဋ်ကြွေးတွေပဲလား

ပျော်ခဲ့ဖူးတဲ့ နေ့စွဲတွေကိုပဲ
အကြိမ်ကြိမ် လတ်ဆတ်
ငါ့ရဲ့ အသက်ရှူထုတ်မှုတိုင်းမှာ
မင်းရဲ့ ကိုယ်သင်းရနံ့တွေ မပြယ်လွင့်နိုင်သလို
မင်းလည်း ငါ့လို ခံစားနေမယ်ဆိုတာ
ငါ ယုံတယ် စန္ဒီ
ဒါဟာ ချစ်သူတို့ရဲ့ ချစ်ခြင်း သစ္စာ

ငါ မပျော်တဲ့ နေ့တွေ
မင်း မရယ်နိုင်သလို
မင်း ငိုခဲ့တဲ့ နေ့တွေမှာ
ငါ မပြုံးနိုင်ခဲ့တာ
ဒါဟာ ရွှေနဲ့လဲလို့ မရတဲ့
ငါတို့ရဲ့ သံယောဇဉ် သံမဏိဆန်မှုတွေပေါ့  စန္ဒီ

ချစ်သူတို့ အတွက်
ဖေဖော်ဝါရီ ၁၄ ဟာ
အဓိပ္ပာယ်တွေ ပျော်ရွှင်ခြင်းတွေ အမှတ်တရတွေ
ပြည့်နှက် ပျော်ဝင်နေတဲ့ နေ့စွဲတစ်ခု ဖြစ်လိမ့်မယ်

စန္ဒီရေ
ငါတို့အတွက်ကတော့
အတူရှိနေတဲ့ အချိန်တိုင်းဟာ ဖေဖော်ဝါရီ ၁၄ ဆိုတာ
ဘယ်သူမှ မသိနိုင် မယှဉ်နိုင်တဲ့
သစ္စာတစ်ခု

ငါ ချစ်တယ် စန္ဒီ
ချစ်ခြင်းရဲ့ ဆုလာဘ်
ငါ လွမ်းတယ် စန္ဒီ
အလွမ်းရဲ့ ဆုလာဘ်
( မင်းနဲ့ တွေ့တဲ့ အချိန် )
ငါ ပျော်တယ် စန္ဒီ

မင်းလည်း ငါနဲ့ထပ်တူ
ဒီ တေးချင်းကို
ပြိုင်တူ သီဆိုနေမယ်ဆိုတာ
သက်သေပြချက်မလိုဘဲ
ငါ ယုံကြည်တယ်

ဒါဟာ
ချစ်ခြင်းသစ္စာအတွက်
ငါတို့ရဲ့ ချစ်သူ ဆန်မှုပဲပေါ့ …ချစ်သူ။

မိုးအိမ်လူ

Monday, February 13, 2012

လက်ကလေးလှုပ်ရုံ ရှိသေး စကားလုံးတွေက နောင်တ ပုံ ဖော်တော့ ကဗျာ မဟုတ်တဲ့ ကဗျာ တစ်ပုဒ်



လက်ကလေးကို လှုပ်တယ် ဆော၇ီး မှားသွားတယ် စိတ်ကလေးကို လှုပ်တယ် လက်ကလေးကို လှုပ်တယ် မျက်လုံးကလေးကို လှုပ်တယ် ပြည်ထောင်စုနေ့ တို့မမေ့ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကို လှုပ်တယ် စကားလုံးတွေ ပျောက်နေတုန်း ကဗျာတွေ အလျားလိုက် ဒေါင်လိုက် ရောင်စဉ်မျိုးစုံ ဖြာထွက် စိတ်တွေ လည်း ထပ်တူ လက်ကလေးကို လှုပ်တယ် စကားလုံးတွေ ပြန်ခေါ်တယ် မရသေးဘူး စိတ်ကလေးကို ပြန်လှုပ်တယ် အချစ် ဘ၀ လောကဓံ စုံစီနဖာ လူဖြစ်ခြင်း အိပ်မက်တွေ မဟုတ်သေးဘူး ဒုက္ခတွေ စုံစီနဖာ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကိုလှုပ်တယ်

ဖိတ်ကျကုန်ပြီ။ ခမ်းခြောက်ကုန်ပြီ။ အချို့တွေ။ မပျော်တော့ဘူး။ အချို့တွေ ပျော်နေတုန်း။ အချို့တွေ။
ဘယ်မှာလဲ။ စကားလုံးတို့ရယ်။ နောက်နောင် ဘယ်တော့မှ နဲဗား။ ရှာမရတဲ့အဆုံး။ အဆုံးသတ်လိုက်ရမယ့်။
ဒီလိုနဲ့။ ကဗျာအဖြစ်က သားလျှောမှုတွေ။ မဆိုလိုဘူး။ ကျွန်တော်။ ခင်ဗျား။ မပါဘူး။ အကုန် ဖြတ်လျှောက်။
ခင်ဗျား ကဗျာမှာ ကျွန်တော်။ စကားလုံးတွေ ပေးပါ။ စကားလုံးတွေ ပေးပါ။ ကဗျာတွေ ။ ဘယ်မှာလဲ။ နှင်းမဲ့ ဆောင်း။
ဘာတဲ့။ အမှောင်ဟာ ပျော်နေ။ တုန်း။ တုံး တုံး လာတဲ့ အသိဥာဏ်။ ဒါဟာ ကဗျာ မဟုတ်ခြင်း ကဗျာ။

နေ့တစ်နေ့ဟာ နေ့တစ်နေ့ထက် မပိုခြင်း နှစ်ဆယ့်လေးနာ၇ီထဲ
ကျွန်တော်တို့ ဘာတွေကို ထူထဲနေကြတာလဲ
နေ့တစ်နေ့ဟာ ပူလောင်ခြင်း အပြည့်နဲ့ အငွေ့ပျံမှုထဲ
ကျွန်တော်တို့ ဘာတွေ လောင်ကျွမ်းနေချင်ကြတာလဲ
နေ့တစ်နေ့ဟာ အမှောင်သား အပြည့်နဲ့ အလင်းအယောင်ဆောင်မှုထဲ
ကျွန်တော်တို့ ဘာတွေ ထင်သာ မြင်သာစေချင်နေကြတာလဲ

ခင်ဗျားဖတ်ဖို့ မသင့်တဲ့ အရေးအသားမျိုးနဲ့ ရေးချွတ်ထားတဲ့ ကဗျာတွေထဲက ကဗျာတစ်ပုဒ်ဟာ ခင်ဗျားရဲ့ ယောင်မှားစွာ ရွေးချယ်မှုနဲ့ ခင်ဗျားရှေ့ကို ရောက်လာတဲ့ အခါမျိုး ဒါဟာ လောကဓံပဲလို့ သိလိုက်ရတဲ့ အခါမျိုး ဒါဟာ မဖြစ်သင့်မှုပဲလို့ သိလိုက်ရတဲ့ အခါမျိုး ခက်တယ်ဗျာ နောင်တ ဆိုတဲ့ ခပ်ပိန်းပိန်း စကားလုံးကြီးက ခင်ဗျားရင်ထဲကို အလုံးအရင်းနဲ့ ပိတ်ဆို့ပြီးနှင့်ပြီ။ ကဲ ဘယ်လို လုပ်မလဲ။

မိုးအိမ်လူ

မွေးနေ့ အတွက် ပြောချင်တာက ဒီနေ့ဟာ ဒီနေ့ ထက် ပိုတယ်



အသေအလဲ နာကျင်မှုတွေ ရဲ့ မြစ်ဖျားခံ မုန်းတီးမှု မနာလိုမှု အသားညှပ်ပေါင်မုန့်လို ကိုက်ဝါးပြီး စိတ်ထဲရှိတဲ့ အတိုင်း ပစ်လွှတ်လိုက် ခြင်း ဘရင်းဂန်းများနှင့် အလင်း မှိတ် ကျည်ဆန်များ အားလုံးဟာ ဟိုး အတိတ် ဟိုး ဟိုး အတိတ်ထဲမှာ အနစ်နာခံမှုတွေ မွေးဖွားပေးလိုက်ခြင်းက စ လို့ ဒီနေ့ အထိ ကျွန်တော်တို့ မမေ့နိုင်ခြင်း လွမ်းဆွတ်ခြင်း ဆင်ခြင်တုံတရား အပြင်ဘက် ထွက်ပြေးပြီး လှမ်းမျှော်ကြည့် ရင်ထဲက ပီတီ သီချင်းတွေ ပြန်ဆို အနီးကပ် နေ့စွဲများမှာ အပျော်ကြူးနေကြတဲ့ နှစ်ဆယ့်တစ်ရာစု သားရွှေဥတွေ အပြုံးတွေ အပြုံးတွေဟာ မဆီမဆိုင် နေ့စွဲ အနီးကပ် နေ့စွဲကိုပဲ အပြုံးတွေ ပြဲ မေ့နေခြင်းလား သတိမရခြင်းလား ဘ၀ထဲက နှုတ်ပယ်ထားခြင်းလား အစ ရှိသဖြင့် ဒါဟာ နိုင်ငံရေး ဖြစ်လာနိုင်သလို ဖြစ်လည်း ဖြစ်နေခဲ့တဲ့ ဒီနေ့ ကျွန်တော်တို့ ပျော်ရွှင်ရမှုတွေဟာ လွန်ခဲ့သော 1915 ခုနှစ်က ကြယ်တံခွန်ရဲ့ အလင်းဖြာဝေမှုနဲ့ ဆိုတာ ဒါဟာ မဆိုသင့်ခြင်း တေး တွေ မဆိုစေခြင်း နဲ့ ဆက်စပ် ရှင်းလင်း သတိရကြပါ အောက်မေ့ကြပါ ဒီနေ့ဟာ ဒီနေ့ပဲ ဆိုပေမယ့် ဒီနေ့ဟာ ဒီနေ့ထက် အေ၇ာင်တောက်ခဲ့တဲ့ ဒီနေ့ မမေ့ကြပါနဲ့ မနက်ဖြန် ချစ်သူရဲ့ အပြုံးလေးကိုမှ မြင်ချင်တယ်ဆို ဒီနေ့မှာလည်း ကျွန်တော်တို့ရဲ့ လမ်းပြ ကြယ် ကြီး အတွက် ကျွန်တော်တို့ တစ်ခဏ တစ်မိနစ် ဖခင်ရဲ့ အပြုံးကို ပြန်လည် အောက်မေ့ ဘာမှ အရေးမပါဘူးဆိုလည်း ဘာမှ အရေးမပါသလို အရေးပါခဲ့ရင်လည်း အားလုံး အရေးပါနေသလို ရုန်းမထွက်နိုင်ခြင်း နေ့စဉ်ဘ၀ထဲမှာ အမှတ်ရပါ ဒီနေ့ဟာ ခင်ဗျားတို့ ထင်သလို အရှေ့ဘက်က နေထွက်ပြီး အနောက်ဘက်ကို နေ၀င်တာထက် ထူးခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ဖူးတယ်ဆိုတာ...။

မိုးအိမ်လူ

Saturday, February 11, 2012

ပုံပြင် အပြင်ဘက်က ရက်စွဲများ





မျှော်လင့်ခြင်းတွေ တိတိကျကျ ပုံပေါ်လာတော့
မျှော်လင့်ထားသလို မပျော်ရွှင်မိတဲ့ စိတ်ရဲ့ မာယာ
နစ်မွန်းနေမှန်း သိရက်နဲ့
မိုးကလည်း ရွာရက်တယ်
ငါ ဟာ ငါ မဟုတ်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပေါ့

နေပြောက်တွေကို တကယ်ပဲ ရတနာထင်မိခဲ့တဲ့ နေ့စွဲတွေ
တံဆိပ်ကပ်မှ ကိုယ့်ကိုယ်ကို အရူးမှန်း သိတာ မဟုတ်ပါဘူး
မီးပြတိုက်မလိုဘဲ ပင်လယ်ထဲမှာ ရွက်လွှင့်ရဲသလို
မြေပုံ မလိုဘဲ ဒီခရီးလမ်းကို လျှောက်လှမ်းရဲပါတယ်
လူမှန်း သိအောင် လူ ပီသပြလိုက်ရုံ သက်သက်ပါ

အမြစ်တွေ ကုပ်တွယ်မိကာမှ တောရိုင်းစာရင်း အသွင်းခံရသလို
တစ်ခါတစ်ခါ  သဘာဝတရားက နည်းနည်းရယ်
သူတို့ကကို ဆန္ဒတွေ များနေကြတာ
နောက်ဆုံး  သာတဲ့သူက  ကရုဏာလေး ပွားပြီး
နာ တဲ့သူက  အတိတ်ကံကို အသံတိတ်ဆဲ
မျက်ရည် မကျကြေးနဲ့ပဲ  ၀င်သက်ထွက်သက်ကို ရစ်သမ် ပြန်ထိန်းခဲ့ရတယ်။



မိုးအိမ်လူ


Mandalay Icon , February 2012

ကျွန်တော့် ၀ါကျတွေထဲကနေ လွတ်ကျသွားတဲ့ သဒ္ဒါမပြည့်မီသော ကဗျာ



အရာဝတ္ထုဆိုတာ ဘာလဲ ဘယ်အရာထဲက ၀တ္ထုလဲ ဘယ်ဝတ္ထုထဲက အရာလဲ အရာချည်းပဲ မရဘူးလား ဥပမာ နာဖူးပေါ်က အရာ လက်မောင်းပေါ်က အရာ အစရှိသဖြင့် နှစ်သက်ရာ အရာတွေ ပြောလို့ မရဘူးလား ၀တ္ထု ပါမှလား ဘယ်ဝတ္ထု ပါရမှာလဲ ၀တ္ထု ထဲက အရာမှ ရမှာလား ရှုပ်တယ် မေးခွန်းတွေလား ဂယောင်ချောက်ချားအော်သံတွေလား မသိကျိုးကျွံ ပြုခြင်း စိတ်နယ်လွန် အိပ်မက် ရက်လွန်များ ပြောမရ ဆိုမရ တီးမရ ခေါက်မရ အဓိပ္ပာယ်မဲ့ အဓိပ္ပာယ်ပြည့်ဝခြင်းများနှင့် တကွ ကွတတ ဖြစ်နေတာ ညက များသွားလို့လား ကြောင်ဆို ကီးမှ မသိဘဲ ကီးမသိတော့ တံခါးက ဖွင့်မရဘူး ဖွင့်မရခဲ့ဘူး ဒါပေမယ့် တံခါးကတော့ ပွင့်သွားခဲ့တယ် အလိုရှိနေသော အရာဝတ္ထုများ ခင်ဗျားတို့ဆီ သူတို့ ပစ်ပေးတယ် သို့မဟုတ် ပို့ပေးတယ် ဘယ်လိုပဲ ပေးပေး ရရင် ပြီးတာပဲ စက္ကူပေါ်မှာ နာမည်မပါခဲ့သူတွေအတွက် ဖြတ်ပြီ ဒီနားကစပြီး ဟိုအကြောင်း မပြောတော့ဘူး လက်ခံတယ်ဟုတ်

တိမ်တိုက်မြစ်ဖျားဆီမှ
ဂငယ်ကွေ့ ပြန်လာသော
ခိုငှက်တို့၏ ညည်းချင်းများ
မသာမယာ
စကားလုံးများ ကိုယ်ခံနည်းနေသော ကဗျာများ
ညက အိပ်မရဘူးဆို ကော်ဖီမသောက်ဘဲ အတွေးတွေသောက်ပြီး အိပ်မရခဲ့ဘူးဆို ရေးနေကျ ၀ါကျတွေဟာ သဒ္ဒါတောထဲမှာ ရွာလည် မဟုတ်သေးဘူး တောလည်သွား မျက်စိလည်သွား စကားလုံးတွေ လည် လည် သွားရင်း ခင်ဗျားရဲ့ အလိုဆန္ဒတွေ ဒီကဗျာမှာ မရတဲ့ အခါမှာ ခင်ဗျားလည်း စိတ်တွေ လည်သွား ပြီး တော့ နောက်သွား စိတ်နောက်သွားရင်တော့ မလွယ်ဘူး အဖြစ် အပျက်ထဲ ဗျည်းသရ မပါဘဲ သင်္ကေတတွေနဲ့ ရေးချွတ်ထားခြင်း သို့မဟုတ် စီရင်ထားခြင်း ခင်ဗျားရဲ့ နှလုံးသား ပူပူလောင်လောင်ပေါ်က ကဗျာပူပူလောင်လောင်ကြီးဟာ စကားလုံးတွေ အငွေ့ပျံသွားတော့
သတင်းစာမှာမပါတဲ့
ကျွန်တော့်ရဲ့ နာရေးအတွက်
လမ်းဘေးမြောင်းထဲက အင်းဆက်တွေ ငိုကြွေးကြတယ်
ဝေဒနာတွေ မပါဘဲ မျက်ရည်တွေ သွန်းပေးကြပါ
စစ်မှန်သော ပို့ဆောင်မှုဖြင့် ကျွန်တော်
ခင်ဗျားတို့ကို
နှုတ်ဆက်ခဲ့ပါတယ်
မိုး ( ကုန်ပြီ )
အိမ် ( ဝေးပြီ )
လူ ( ရူးပြီ )
ဒါဟာ ကဗျာလို့ ပြောလို့ ရခြင်း မရခြင်းမှာ ဘယ်သူစကားမှ အတည်ပြုလို့ မရသလို အတည်ပြုလိုက်လို့လည်း ဘာမှဖြစ်မသွားသလို ကဗျာအဖြစ်ကနေ လျှောကျခြင်း ဘာညာကွိကွတွေနဲ့ ကျွန်တော်တို့ တောင်စဉ်မှာ ရေမရခဲ့ကြ လိုအပ်သလောက်ပဲ ရေးပါ မလိုအပ်တာတွေ မရေးပါနဲ့ မလိုအပ်တာတွေ များလာရင် လိုအပ်တာတွေ ပျောက်ရှသွားပြီး မလိုအပ်တာတွေဟာ လိုအပ်လာလိမ့်မယ့် ကြောင်တောင်တောင် ပစ္စက္ခ နေ့လည်ခင်းကြီးထဲ ခင်ဗျားကော်ဖီကြိုက်သလား ကွန်နက်ရှင် မကောင်းလည်း ကဗျာတွေ ရေးဖြစ်နေမှာပဲ ဒီနေ့ စပြီးရင်းတော့ ပြောရင်းဆိုရင်း ကျွန်တော်တို့ မြို့ကြီး မီးပြတ်သွားတော့ ဒီကဗျာကို ဒီမှာ ရပ်လိုက်ရတယ် စိတ်ကတော့ မကုန်သေးဘူး လက်ကတော့ ကုန်နေတဲ့ ဖြစ်စဉ်မျိုးနဲ့
အားလုံးဖတ်ပြီးရင် ကွင်းစကွင်းပိတ်ခတ်ပြီး ဖျက်ပစ်လိုက် ပြီးရင် တိုးတိုးတိတ်တိတ်ပဲဖြစ်ဖြစ် ကျယ်ကျယ်လောင်လောင်ပဲဖြစ်ဖြစ် ဒီကောင် အရူးပဲလို့ ရေရွတ်ပြောဆိုလိုက် ဒါဟာ ခင်ဗျား ကျန်းမာရေးအတွက် လိုအပ်တယ် ဆိုတာ ယုံ။

မိုးအိမ်လူ

Monday, December 19, 2011

အရှိတရားမှာ မရှိမရှား ခံစားချက်တွေ ကြားညှပ် ဟမ်ဘာဂါတွေ စားရခက်နေတုန်းလား

ဒီနေ့ ( တနလာင်္ နေ့ ) ပြောစရာရှိတယ် ပြောစရာရှိတယ်ဆိုတာက နည်းနည်းပါ အများကြီးမဟုတ်ဘူးထင်လို့ နည်းနည်းလို့ပြောလိုက်တာ ခင်ဗျား ခြံထဲမှာ ကဗျာတွေ သားထွက်ကောင်းလား ခင်ဗျားအိမ်က ကဗျာတွေကော လိမ်မာ ရေးခြားရှိရဲ့လား ခင်ဗျားကဗျာတွေ မိုက်လုံးကြီးတုန်းလား ခင်ဗျားကဗျာတွေ လူတွေကို ဒုက္ခပေးတုန်းလား အဲ့လိုတွေ ပြောရင် ၀ိုင်းရိုက်လိမ့်မယ် ၂၁ ရာစု ကဗျာဆရာတွေက ကိုယ်ကလည်း လူလည်ပဲ ဘာလို့ ပြောမှာလဲ ပြောစရာ ဆိုတာက အခြားဟာပါ ဆိုလိုတာက ခင်ဗျား သိမလားပဲ ဟိုနားဒီနားမှာ မရနိုင်ဘူး လမ်းကြိုလမ်းကြားမှာလည်း ရှိဖို့မသေချာပြန်ဘူးခင်ဗျား အမြဲပြောတယ်လေ ကျွန်တော့်ကို ကဗျာတွေ ကောင်းကောင်းရေးပါ ကဗျာတွေကို ကဗျာကယာ မေ၇းပါနဲ့ ကဗျာတွေကို သေချာ ဖန်တီးပါ ကဗျာတွေကို လူတွေချစ်လာအောင် လုပ်ပါ လူတွေကို ဒုက္ခပေးမယ့် ကဗျာတွေ မေ၇းပါနဲ့ ကျွန်တော့်နားကလည်း အဲဒီလိုပဲ ခပ်ထိုင်းထိုင်း ဒီဘက်က၀င် ဟိုဘက်ကထွက် အရေးအသားမဟုတ် ကဗျာမဟုတ် စကားပြေမဟုတ် အလကာင်္မဟုတ် ဘာမှမဟုတ်တာတွေကို အဟုတ်ကြီး လုပ် နေတတ်တာ ထမင်းသိုးထဲက လောက် တွေလို ရွစိတက် လုပ်နေတာ ဘယ်ကောင်းမလဲ ကောင်းတာတွေ လုပ်ဦးမှာ ပေါ့ အသက်တွေလည်း ကြီးနေပြီ အခုထိ အမှန်ကို မမြင် အမှန်က ကောင်းကောင်းမွန်မွန်နေသင့်တာ အရက်မသောက်နဲ့ ကွမ်းမစားနဲ့ ဆေးလိပ်မသောက်နဲ့ မိန်းမမလိုက်စားနဲ့ စာမဟုတ်တဲ့ စာတွေ မရေးနဲ့ တားမြစ်ချက်တွေလည်း ဖယောင်းလို နွေအပူမှာ ပျော့ပျောင်းကွေးညွတ် အရည်ပျော်ကျ ဒီလိုနဲ့ ခင်ဗျားလည်း ကျွန်တော့်ကို စိတ်ပျက် လူတွေလည်း ကျွန်တော့်ကို စိတ်ပျက် ကျွန်တော်လည်း  ကျွန်တော့်ကို ကျွန်တော် စိတ်ပျက် သေချာတာကတော့ ဒါဟာ နောက်ဆုံး ရေးသားခြင်းပဲလား မလုပ်ပါနဲ့ စိတ်ထဲရှိတာလေးတွေ အလင်္ကာတွေ တင်စားမှုတွေ ဥပမာတွေ မပါဘဲ ပြောချင်နေလို့ပါ ဒီနေ့ အထိပါပဲ မနက်ဖြန်တောင် မသေချာဘူး သေချာတယ် မနက်ဖြန်အထိ မပါဘူး ဘယ်တော့မှ ဒီလို အရေးအသားမျိုး ခင်ဗျား စိတ်ထဲကို လာပြီး အဓမ္မမကျင့်စေရဘူး ရိုးရိုးလေးနေ ရိုးရိုးကြီး ထိုင် ရိုးရိုးရွရွလေးပဲ ရေးမယ် ဒါဆို သေချာတယ်နော် ရော့ လက်မှတ်ထိုး အို မလိုပါဘူး ဒီလူနဲ့ ဒီလူ လက်ကို မှတ်ပြီး ဘာလုပ်မှာလဲ ရော့ ဒီမှာ ကတိငါးဆယ်သား ဖောက်ပြန်တဲ့နေ့ လောက်တက်လိမ့်မယ် နေ့တိုင်း လည်း ခင်ဗျားဆီကို ကျွန်တော့် အဓိဌာန်တွေ ပို့ပေးမယ် ရရင် အကြောင်းပြန် အိုကေနော် သစ္စာနော် ကဲ ကိုရင်နင့်အောင် တင်စရာရှိတဲ့စာတွေ တင်လိုက်တော့ ကဲ ကိုနေလင်းထွန်း ရေးစရာရှိတာတွေ ချရေးလိုက်တော့ ကဲ ကိုဗိုင်းရပ်စ် စပ်စရာရှိတာ စပ်လိုက်တော့ ကဲ ကိုဗင်းဆင့်  မြန်မြန် ရေး မြန်မြန်တင် ကဲ ကိုကညွတ် လက်ခုပ်ပဲ တီးမနေနဲ့ ဗျာ ခင်ဗျားရင်ထဲက သစ္စာတွေ ကျွန်တော်လွမ်းတယ် ကဲ ကို မင်းယုမာန် သစ်စရာတွေ နှေးမနေနဲ့ ဆက်တိုက်သာသစ်လိုက်တော့ ကဲ ကိုရေချမ်း အလန်းဇယားတွေနဲ့စကားလုံးတွေ ပျံလိုက်တော့ နောက် ဘာနေ စောင့်နေတယ် ခင်ဗျား စာ တွေ ကြာတယ် နောက် မင်းလုလင် ခင်ဗျားရဲ့ ဆန်းသစ်မှု စကားလုံး ချုပ်စပ်မှုတွေ စောင့်နေတယ် ကဲ မတယော အမျိုးသမီးမဆန်တဲ့ အရေးအသား လန်းလန်း ကဗျာလေးတွေ လုပ်ပါဦး ဆက်တိုက် မြန်မြန် ကဲ မကြိုးမဲ့ ကဗျာကြိုးတွေ မမဲ့ဘူးဆိုတာ ကျွန်တော်သိတယ် မိုက်ပြီးရင်း မိုက်တဲ့ ကဗျာတွေ ချလိုက်ပါဦး ပြီးတော့ ညီမလေး ဟန်မျက် သူက ပိုပြီး အမျိုးသမီးမဆန်ဘူး ကျွန်တော့်ပါးစပ်ကြီး ဟပြီး ကျန်နေအောင်  လက်ဖျားခါ အံ့သြရတဲ့ ကဗျာတွေ ရေးပါဦး တင်ပါဦး ကိုရင်တာကောကော ဘယ်တွေအလည်လွန်နေလဲ ဒီမှာ မောင်မိုးအိမ်လူ အဟဲ ကျွန်တော်ကတော့ လစ်ပြီ  ဘိုင်ဘိုင်။

မိုးအိမ်လူ

Sunday, December 18, 2011

ဘာဘာညာညာနေ့တွေမှာ နေက အတော် သာတော့ နေသာတာပေါ့





မရေးတာကြာပြီဖြစ်တဲ့ ဘာညာဘာညာ တွေနဲ့ ဘာဘာညာညာတွေအကြောင်း စိတ်ကုန်လွန်းလို့ လွှတ်ထားတာ ကြာပြီ ဆို မလွှတ်ခင် က ရေးခဲ့တဲ့ အကြောင်းအရာက ဘာ သူ သိလိုက်တာက ညာ ဒီလိုနဲ့ သူနဲ့ ကျွန်တော်နဲ့ မှန်ရဲ့ အတွင်း အပြင် စကားပြောခန်းတွေ တလွှတ်လွှတ် လွှတ်မကုန်နိုင် ချည်ကုန် ဘီးကုန် လွှတ်လိုက်ကြတာ မခမ်းသရွေ့ လွှတ် လိုက်ကြတာ ဘာပြောကောင်းမလဲ ဘာမှပြောမကောင်းခဲ့ပါဘူးဗျာ ဗျာပါဒတွေကလည်း ဘာမဟုတ် ညာမဟုတ်နဲ့ များများလာတော့ အသက်ကြီးလာလို့ ကိုယ်ခံအားနည်းလားသလား မက်ဒီကယ်ချက်ခ်လေးဘာလေးညာလေး လုပ်ဦးမှ ကြံမိတယ် ဇီဝက ဆီသွားမလား ဇီဝကုန်နေတယ် ညည ထ ထ အော်တာ အဲဒီ လိုတွေပေါ့ အကြောင်းအရာ မယ်မယ်ရရ မရှိ မြို့ထဲတွေ့သမျှ ဆိုင်းဘုတ် တွေ အကုန်အော်ဖတ် ဘုတ်ထောင်ထားတဲ့ နိုင်ငံကျော်တွေနဲ့ ငယ်ငယ်တုန်းက ကျောင်းအတူတူဆိုပဲ ယုံရမလား မယုံရမလား ယုံသင့်သလား မယုံသင့်သလား အဆိပ်မသင့်ရင် ပြီးတာ ပဲ မီဒီယာ လွတ်လပ်ခွင့်အရ ဘာဘာညာညာလေးတွေ ကိုယ်ရောင်ပျောက်ရာက ကိုယ်ရောင်ဖျော့လာ တဖြည်းဖြည်း ထင် ထင်လားမလား ဖျပ်ခနဲ ပျောက်သွားမလား အဲဒါတွေကြောင့် စိတ်ညစ်တာ ဒီအရေးအသားတွေ ရေးရတာ ဖတ်တဲ့ ခင်ဗျားလည်း ပင်ပန်းတယ် ရေးတဲ့ ကျုပ်လည်း ပင်ပန်းတယ် တစ်နေ့ တစ်နေ့ အသက်ရှင်ရတာ ပင်ပန်းရတာ တစ်မျိုး ခင်ဗျား စာတွေ နားလည်အောင် လုပ်နေရတာက တစ်မျိုး နားမလည်နဲ့ နားလည်စရာမလိုဘူး တစ်ခုပဲ အဲဒီ တစ်ခုရရင် ခင်ဗျား နေသာမယ် နေကတော့ လောလောဆယ်သာတာပေါ့ ဆောင်းရာသီကြီးကို သူများနိုင်ငံလို တို့ဆီက ဆောင်းရာသီ နေမထွက်တဲ့ နိုင်ငံမှ မဟုတ်တာ နေကတော့ နေ့တိုင်းသာ နေတိုင်း သာတယ် အေးလေ ပြီးတာ နေသာရင် နေသာသလိုနေလိုက်ပေါ့ ဘာတွေ ခံစားနေတာလဲ နှလုံးရှောခ့် ဖြစ်မှ စာရေးဆရာတွေ အပြစ်လာမပြောနဲ့ တော်တော် လူပါးဝတဲ့လူ ပြောတော့ သူပဲ မိုးလားကဲလား နဲ့ အဲဒီ မဖြစ်ညစ်ကျယ် အေ၇းအသားတွေ ရေးပြီး ကမ္ဘာကျော်မယ်ထင်နေတာ ကမ္ဘာထားပါဦး မြောင်းပဲ ကျော်အောင် အရင်လုပ်ဦး ဒါပဲ ဖုန်းချလိုက်ပြီ ဂွက်! ။

မိုးအိမ်လူ

ဝေး နေတဲ့ စိတ်



ဝေးကွာမှုတွေဟာ
ဘယ်လို အတိုင်းအတာနဲ့
ပြီးပြည့်စုံနေခဲ့သလဲ

ကိုယ်တစ်ယောက်အတွက်
အလွမ်းမိုးတွေရွာသွန်းပေးနေရတယ်ဆိုရင်
ကောင်းကင်ကြီးကို အားနာလှပါတယ်

ရုတ်သိမ်းလိုက်ပါတော့
ကိုယ် တစ်ယောက်တည်းပဲ
အမှောင်တစ်သိုက်နဲ့
အလင်းရောင်လေးကို
မျှော်တော့မယ်

ရောက်ခဲ့သည် ဖြစ်စေ
ရောက်ခဲသည်ဖြစ်စေ။

မိုးအိမ်လူ

Saturday, December 17, 2011

အခြားတစ်ပါး ဘာမှ မရှိတော့ပါ





မကာရ ရာသီ ၏ နှင်းဖွဲများနှင့်အတူ

မက်မောဖွဲကောင်းလောက်အောင် ဆောင်းက အေးနေတယ်။ မက်မောဖွယ်ကောင်းလောက်အောင် နှင်းမြူတွေ ကျဆင်းနေတယ်။ မက်မော ဖွယ်ကောင်းလောက်အောင် ကျွန်တော့်ရှေ့ကလမ်းလေးဟာ လှပနေတယ်။ မက်မောဖွယ်ကောင်းလောင်အောင် လမ်းဘေးသစ်ပင်တွေ ဟာ နှင်းတို့နဲ့ စိုစွတ်နေတယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမ လမ်းလျှောက်လာတယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမဟာ လှပလွန်းနေပြန်တယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမရဲ့ အလှမှာ မာနတွေဟာ စွန်းထင်းလို့။ မက်မောဖွယ် မကောင်းစရာက ကျွန်တော် ရင်တွေ ခုန်လာတယ်။ မက်မောဖွယ်မကောင်းစရာက ကျွန်တော် ရဲ့ အကြည့်တွေက သူမ ဆီကနေ မခွာနိုင်ဘူး။ မက်မောဖွယ်မကောင်းစရာက အချစ်ဟာ ကျွန်တော့်နှလုံးသားထဲကို ကျိန်စာအဟောင်းကြီး ထည့်သွားတယ်။ နှင်းတွေဟာ အုံ့သည်းနေတုန်း။ သူမ ကတော့ ကျွန်တော့်ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပြီ။ ကျွန်တော့်ရင်တွေကတော့ ခုန်နေဆဲ။ ဒါဟာ  ဘယ်လို မုန်တိုင်းတွေရဲ့ လေပြေတွေပါလဲ။ မက်မောဖွဲကောင်းလောက်ပါတယ်။

*

ကုမ်ရာသီ အစွန်းမှာ ပန်းတွေဟာ ကြွေဆင်းလို့

သူငယ်ချင်းတွေနဲ့ သေချာတိုင်ပင်ပြီးမှ သူမ ရဲ့ လျှောက်လမ်းမှာ ကျွန်တော် ပန်းတွေ ကြဲပက်ထားခဲ့တာပါ။ မဆိုစလောက်လေးတောင် သူမရဲ့ အာရုံက ပွင့်ဖတ်တွေပေါ်မှာ ရှိမနေခဲ့ဘူး။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ မာနလား။ လွန်ခဲ့သော ညနေချိန်တွေက ကျွန်တော်ရဲ့  ရီဝေငေးမောမှုတွေကို မိန်းမပီပီ သူမ ရိပ်မိကောင်း ရိပ်မိနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အခုလို ပွင့်ဖတ်တွေ ခင်းထားတဲ့ လမ်းပေါ်မှာ လျှောက်နေရတာတောင်မှ ဘာမှမသိသလို ဘာမှမဖြစ်သလို နေနိုင်တာလား။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ မာယာလား။  ဘာမှမဆိုင်ပဲ ကျွန်တော့်ရဲ့ မြစ်ရေစီးတွေ ရပ်တန့်ကုန်တယ်။ သူမကတော့ ပန်းခင်းတဲ့လမ်းကို ကျော်လွန်သွားခဲ့ပြီ။
ဒီတစ်နည်းမရရင် နောက်တစ်နည်းပေါ့ သူငယ်ချင်းရာ
လို့ ပြောရင်း ကျွန်တော့်ပခုံးကို လက်နဲ့ လာပုတ်တဲ့ သူငယ်ချင်း အထိအတွေ့နဲ့ အသံကြားမှ ကျွန်တော်ဟာ အသက်ရှူရကောင်းမှန်း ပြန်လည် သိမြင်လာခဲ့တယ်။ ကျွန်တော် ခေတ္တခဏတော့ သေခဲ့ဖူးပြီ။ သေဖူးသွားပြီ။ ဟိုးကျောင်းဆောင်ကြီးရဲ့ ခေါင်မိုးပေါ်မှာ အချစ်က ကျွန်တော့်ကို လှောင်ပြောင်လို့။ ရူးပါပေတယ် ကောင်လေးရယ်လို့များ ပြောနေသလား။

*

မိန်ရာသီမှာ သီချင်းသံတွေဟာ ဝေးကွာနေဆဲ

ရင်းနှီးခင်မင်ဖို့ နည်းမျိုးစုံတော့ သုံးခဲ့ရတယ်။ ဒါပေမယ့်လည်း ရှေးရိုးနည်းကြီးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမနဲ့ ရင်းနှီးခင်မင်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ သူမက စကားနည်းတယ်။ ရည်မှန်းချက်ကြီးတယ်။ ထက်မြက်တယ်။ ပေါက်တတ်ကရတွေနဲ့  ရေလောင်း ပေါင်းသင်လို့ မရဘူး။ ကျွန်တော့်ရဲ့ မျက်ဝန်းတွေကို ရံဖန်ရံခါ ရီဝေေ၀ ငေးကြည့် နေတတ်တာကတော့ ကျွန်တော့်အတွက် ၀မ်းသာစရာ ကိစ္စတစ်ခုပဲလား။ ကျွန်တော် ရေရေရာရာမသိခဲ့ဘူး။  ညစဉ် ညတိုင်း သူမ အဆောင်ေ၇ှ့မှာ သီချင်းတွေ သွားသွား ဆိုမိတယ်။ ဇာတ်ကားတွေထဲကလို ခန်းစလိုက်ကာလေးကို ကွယ်ပြီး မြင်သာအောင် သူမက ချောင်းပြီး နားမထောင်ဘူး။ ဇာတ်ကားတွေထဲကလို ၀ရန်တာမှာ ထွက်ပြီး သူမ အားမပေးဘူး။ ၀တ္ထုတွေ ထဲကလို သီချင်းလာဆိုတဲ့ ကျွန်တော်တို့ကို သူမက ရေဗူး လာမပေးဘူး။ စားစရာလာမပေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ တန်ပြန်သံကို ကြားရမှာ ကျွန်တော့် သစ်ပင်လေးက ပန်းတွေပွင့်ပေးမှာ မဟုတ်ပါဘူး။ မျက်ဝန်းသီချင်းလေးတွေနဲ့ပဲ ကျွန်တော် တစ်ပင်လုံး ဝေပေးနေမှာ ပါ။

*

မိဿရာသီကို အလွမ်းတွေ သိမ်းပိုက်လိုက်ကြပြီ

ကမ္ဘာမြေရဲ့ အနောက်ဘက်ခြမ်းက ပြတ်ရွေ့ကြောင်းတွေဟာ ကျွန်တော့်နှလုံးသားဆီကို ရောက်လာတယ်။ နွေက ပူတာလား။ ကျွန်တော့် ၇င်က ပူတာလား။ အိပ်မက်တွေဟာ ရေငတ်ပြီးရင်း ငတ်။ နာရီ တံ မိနစ်တံ စက္ကန့်တံတွေဟာ ကျွန်တော့်အပေါ် ဖိစီးလို့။ ဥသြငှက်တို့  အိမ်လည်လာကုန်ကြပြီ။ ဘယ်အရပ်မှာ နတ်သမီးငယ် တေးဆိုနေသလဲ။ မမြင်နိုင်ခြင်း မောဟ နဲ့ တပ်မက်လိုချင်ခြင်း လောဘတို့ကြား မှာ ကျွန်တော် အမောဖောက်နေပြီ။ အဆောင်ပြတင်းပေါက်တို့ ဖွင့်မယ့်ရက်။ မလွမ်းတတ်တဲ့ သူငယ်ချင်းတွေ ကြားမှာ ကျွန်တော်က ငကြောင်တစ်ကောင်လို ဖြစ်နေရတာ ပင်ပန်းလာပြီ။ မချစ်တတ်တဲ့ သူငယ်ချင်းတွေကြားမှာ အချစ်အကြောင်း စာဖွဲ့ဖို့  အရူးတစ်ယောက် လို တောင်းပန်ခယနေရတာ ပင်ပန်းလာပြီ။ မိုးရေစက်တို့ရေ ဒီရင်ကို အမြန်လာ အေးစေပါတော့။ လွမ်းတဲ့အကြောင်း ပြောပြဖို့ တရား မ၀င်နိုင်သေးပေမယ့် ရူးရူးမက်မက် လွမ်းနေရတာကိုတော့ သူမ ကို ပြောပြချင်သေးတယ်။ သူမကော ဒီအချိန်မှာ ဘာတွေ လုပ်နေမလဲ။
တိမ်တိုက်တို့ မရွာမဲ့ မိုးရေစက်တွေ ထမ်းပြီး ကျွန်တော့်ခေါင်းပေါ်မှာ မှိုင်းညှို့နေလေရဲ့။

*

ကရကဋ်ရာသီ မှာ ရွာတဲ့ စကားလုံးတွေ

ပန်းတွေ အရမ်းလှတာပဲ
မင်းက ပိုလှပါတယ်
ရေလေးက အေးနေတာပဲ
မင်း အပြုံးက ပိုအေးပါတယ်
.... .... .....
အချစ် ကို ဘယ်လိုမြင်လဲ
မမြင်နိုင်တဲ့ အရာတစ်ခုကို ဘယ်လို မြင်ရမလဲ
တစ်ခုခုပေါ့ ထင်မြင်ချက်ပဲ ဖြစ်ဖြစ်
မရှိဘူး ရှိတယ်လို့ကို ယုံလို့မရတာ
ဒါဆို တစ်ယောက်ယောက်က ရှိတယ်လို့ သက်သေပြလာရင်ရော
အခြားသူတွေအတွက် ရှိချင်ရှိမှာပေါ့။ တို့အတွက်ကတော့
ကိုယ် မင်းကို ချစ်တယ်
ကျွန်မ ချစ်လို့မရဘူး
ကိုယ် မင်းကို ချစ်တယ်
ကျွမ်မ မချစ်တတ်ဘူး
ကိုယ် မင်းကို ချစ်တယ်
ကျွန်မ ဘ၀မှာ အချစ်အတွက် နေရာမရှိဘူး
ကိုယ် မင်းကို ချစ်နေမှာပါ။

*

သိဟ်ရာသီမှာ အချို့ မရဲရင့်နိုင်ခဲ့ကြဘူး

ဘာကြောင့်ရယ် ဖြစ်ဖြစ်ပေါ့ ။ မင်း တောင့်တလိုက်ပါ။ ကိုယ့်အစွမ်းနဲ့ တတ်နိုင်တာ ဖြစ်ခဲ့ရင် ဖြည့်ဆည်းပေးချင်ပါတယ်။ ဘာကြောင့်ရယ် ဖြစ်ဖြစ်ပေါ့။ မင်း တောင့်တလိုက်ပါ။ မင်း ဘ၀ရဲ့ လှေကားပဲ ဖြစ်ဖြစ် လမ်းပဲ ဖြစ်ဖြစ် တံတားပဲ ဖြစ်ဖြစ်။
ဘာကြောင့်ရယ်ဖြစ်ဖြစ်ပေါ့။ မင်း တောင့်တလိုက်ပါ။ မင်း အတွက် လူရွှင်တော်ပဲ ဖြစ်ဖြစ်။ ဘာကြောင့်ရယ်ဖြစ်ဖြစ်ပါ။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေဟာ အခြားတစ်ပါးမှာ မပျော်မရွှင် ပွင့်ဝေနေ၇တယ်။ မကြွေခင်အထိ။ သူမ ရဲ့ မျက်ဝန်းတွေကို ကျွန်တော် အကြိမ်ကြိမ် ဖတ်ခဲ့တယ်။ နားလည်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ကျွန်တော်ရဲ့ အချစ်က သူမအတွက် တစ်စုံတစ်ခုတောင် စိတ်မှာ မခံစားစေဘူးလား။ ကျွန်တော် လောဘတွေ မတက်ချင်ပါဘူး။ တင်းတိမ်ရောင့်ရဲခြင်းတွေ မဖြစ်နိုင်ဘူး ဆိုပေမယ့် ကျွန်တော်တတ်နိုင်သမျှ တင်းတိမ်ရောင့်ရဲခဲ့ရတယ်။ အချစ်ဟာ ဘယ်လိုလဲ။ အခုတော့ ကျိန်စာတို့ ကျွန်တော့် နေ့စွဲတွေမှာ မင်းမူနိုင်ကြပြီပေါ့။ ချစ်သူရယ်..မြင်တွေ့ခွင့်လေးကိုပဲ ကိုယ်က အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားနေတတ်တာပါ။ တေးတွေ ခါးခဲ့ရင်လည်း ပြတင်းတံခါးကိုသာ ဖြည်းညင်းစွာ ပိတ်လိုက်ပါတော့။ ကိုယ်တစ်ယောက်တည်းပဲ ရူးလိုက်တော့မယ်။

*

ရာသီတွေဟာ ဘယ်လို သဘောတရားတွေ ဘယ်လို ဓာတ်သတ္တိတွေ နဲ့ ဖွဲ့စည်းထားသလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်ရဲ့သိခြင်းမှာ သူမနဲ့ သူမ အိပ်မက်တွေပဲ ရှိတော့တယ်။ အခြားတစ်ပါး ဘာမှ မရှိတော့ဘူး။ နောက်ထပ် နောက်ထပ် ၇ာသီတွေ ၀တ်စုံသစ်တွေနဲ့ ရောက်လာခဲ့ကြတယ်။ ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီလိုပဲ ပြီးဆုံးသင့်သလား။ သူမကတော့ ကျွန်တော်ရဲ့ မြင်နိုင်မှုတွေနဲ့ အဝေးဆုံးမှာ။ သူမ ပျော်နေသလား။ သူမ ၀မ်းနည်းနေသလား။ တစ်စုံတစ်ခုသော ထူးခြားလင်းပွင့်မှုလေးတောင်မှာ ကျွန်တော့်ကို သူမ အိပ်မက်လာမပေးခဲ့ဘူး။ ဒါဟာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မြောက်ဖို့ မလုံလောက်ဘူး ဆိုလည်း ဒီအတိုင်းလေးပဲ ထားလိုက်ပါ။ သေချာတာကတော့ ကျွန်တော်ဟာ ကျိန်စာကနေ မပြယ်နိုင်သေးပါဘူး။ အချစ်ဟာ နံနက်ခင်းတိုင်း ကျွန်တော့်ကို လာလာနှိုးတယ်။ ညနေချိန်တိုင်း ကျွန်တော့်ကို လာလာ နှိပ်စက်တယ်။ ညတိုင်း ကျွန်တော့်ကို အိပ်မက်ပေးတယ်။ အခုတော့ ကျွန်တော်နဲ့ အချစ် ပဲ ကျန်တော့တယ်။ အခြားတစ်ပါး ဘာမှ မရှိတော့။ နှင်းတွေဟာ မိုးခေါင်ခေါင်ကြီး ပူလောင်စွာ ကျဆင်းလို့။

* * *

မိုးအိမ်လူ
၁၇ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ရှစ်မိနစ်

Friday, December 16, 2011

တံခါးတွေဟာ ပိတ်နေတုန်း




မနေ့က ရွာတဲ့ မိုးလိုပါပဲ
     ဒီနေ့ ဆောင်းလည်း နှင်း မစဲဘူး
            နေသာချိန်ဟာ နတ်ဆိုးတို့လက်ထဲမှာ
                      သေဆုံးနှင့်ပြီလား
                               ဘယ်လိုပဲဖြစ်ဖြစ်
                                           သူများကျကျန်ရစ်ခဲ့တယ်ဆိုစေဦးတော့
                                                      ခဏတာလေး ပဲ နွေးထွေးခွင့်ရမယ်ဆိုရင်
                                                                                 ငါ ကောက်ယူထားလိုက်မှာ
                                                                                                                    နေ
                                                                                                                    ခြည်
                                                                                                                     နွေး
                                                                                                                     တွေ
                                                                                                                     ကို။

မိုးအိမ်လူ

ပန်းပွင့် အယ်လ်ဘမ် ( ၂ )




၁။ အားလုံးက အလင်း ဟု သတ်မှတ်ထားပါသည်။ ( အလင်းဟုသာ သတ်မှတ်ခြင်း ဖြစ်ပြီး မည်သူမျှ အလင်းရောင်အောက်တွင်   မနေချင်ကြ။ လိုချင်သည်ဟုသာ အကြိမ်ကြိမ် တဆာဆာ အော်ဟစ်တောင်းတပြီး ရအောင်မယူကြ။ )
၂။ ရာသီဥတု ။ နေရာဒေသ။ အချိန်ကာလ ။ ဘာဆိုဘာမှ ထိုအရာအတွက် အရေးမကြီးပါ။ အရေးကြီးသည်မှာ ခံယူတတ်ဖို့ပဲ ဖြစ်သည်။
၃။ ဒီလိုနဲ့ ကျွန်တော်တို့ အိပ်မက်တွေ ရေငတ်တတ်လာတယ်။
၎။ ဘယ်နှနာရီရှိပြီလဲလို့ ဗန်ဂိုးက မေးတယ်။ နှစ်ဆယ့် ခြောက်နာရီလို့ ပီကာဆိုက ဖြေတယ်။ ဗန်ဂိုးက ပီကာဆိုရဲ့ချိုးငှက်ကို သေနတ်နဲ့ ပစ်လိုက်တယ်။ သံလွင်ခက်လေး မြေပေါ် ကျလို့။
၅။ ခင်ဗျားရောက်လာတော့ ကျန်တဲ့သူတွေ တစ်ယောက်မှ မလာသေးဘူး။ အခြား ဘယ်သူတွေပါသေးလဲ လို့ ခင်ဗျားကမေးတော့ ဒါရိုက်တာက မေတ္တာတရားပဲ ပါတာပါ။ သူက ဒီလိုပဲ နောက်ကျတတ်တယ်လေ လို့ ဖြေတယ်။
၆။ တကယ်တော့ ဒါဟာ ဇာတ်လမ်းတစ်ပုဒ် လား။ ဖြစ်ချင်လည်း ဖြစ်မှာ။ မဖြစ်ချင်လည်း မဖြစ်နိုင်ဘူးပေါ့။ ဒါက စာဖတ်သူ ဆုံးဖြတ်ရမယ့် ကိစ္စ ။ ကျွန်တော်တို့ ခင်ဗျားတို့ စာဖတ်သူကို နှိပ်စက်လာတာ ကြာပြီမဟုတ်လားလို့ စာရေးဆရာက ပြောတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တကယ်တော့ အားလုံး အမှတ်တစ်ခုမှာ လာဆုံသင့်တာ။
၇။ မေးခွန်းဟောင်းကြီးနဲ့ပဲ သူတို့ ဂျာလည်ရိုက်နေတော့တယ်။ အနုပညာဆိုတာ ဘာလဲတဲ့။
၈။ ပန်းတွေလေ ပွင့်လိုက်တာ ကမ္ဘာကြီးတောင် မူးသွားတယ်။
၉။ အလင်းတွေဟာ တစ်နေရာရာမှာ အမြဲတမ်း လင်းထင်းနေတာပါ။ ဘယ်သူမှ မမြင်ကြဘူး။ ဒါမှမဟုတ် ။ မမြင်ချင်ယောင် ဆောင်နေခဲ့ကြတယ်။
၁၀။  မေမေတွေဟာ ရာသက်ပန် ရနံ့သင်းတဲ့ ပန်းပွင့်တွေ။ ဖေဖေတွေဟာ ဘယ်တော့မှ မငြိမ်းတဲ့ မီးရှူးတန်ဆောင်တွေ။ မိသားစုတွေဟာ ဘယ်လိုသားရဲတွေမှ မနှောက်ယှက်နိုင်တဲ့ အလုံခြုံဆုံး နန်းတော်တွေ။
၁၁။ မယုံကြည်ခဲ့ကြဘူး။ သူဟာ သူ့အတ္တထက် ကျော်လွန်ပြီး ဘယ်သူ့ကိုမှ မယုံကြည်ရဲခဲ့ဘူး။ အခုတော့။
၁၂။ တစ်ယောက်တည်းရယ်။
၁၃။ တိတ်ဆိတ် ခြောက်ကပ် အထီးကျန် မှောင်မိုက်လို့။
၁၄။ ချစ်သူရဲ့ အိပ်မက်ဟာ ကျွန်တော်ဆီမှာ ဖူးပွင့်လို့။
၁၅။ သူတို့ တေးတွေ သီကြတယ်။ သူတို့ ကဗျာတွေ စပ်ကြတယ်။ သူတို့ တတ်စွမ်းသမျှ လင်းထင်းဖို့ ကြိုးစားနေကြတယ်။
၁၆။ နေ ဟာ ကွယ်ခဲ့ပြီ။ သက္ကရာဇ်တွေ မြောက်မြားစွာ။
၁၇။ မင်း ကော်ဖီကြိုက်လား လို့ ခင်ဗျားက သူ့ကို မေးလိုက်တော့ သူက ခေါင်းညိတ်တယ်။ ပြီးတော့ ခင်ဗျားက သူ့ကို လက်ဘက်ရည်တိုက်တယ်။ ဒါဟာ ဖြစ်သင့်တဲ့ လွဲချော်မှုလား။
၁၈။ တကယ်တမ်းကျတော့ ဘယ်သူမှ စိတ်လိုလက်ရ ရူးချင်မှာ မဟုတ်ဘူးလေ။
၁၉။ ဘ၀ ဟာ အင်ဂျင်ကျနေတဲ့ ယာဉ်တစ်ခုလို ။ စကြာဝဠာမှာ ခင်ဗျား ပိုင်တဲ့ ဂြိုဟ် ရှိလို့လား။
၂၀။ သံမဏိ မာနတွေပါ။ သူသာ ဒီကဗျာ မရေးခဲ့ရင် ဘယ်သူမှ သူ့ကို ပုန်ကန်သူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ ခက်တာက သူက အနုပညာသမားလေ။ ကဗျာရေးသူမှ မဟုတ်တာ။
၂၁။ မေမေ့ရဲ့ ပန်းဥယျာဉ်မှာ ကျွန်တော် ရဲရဲရင့်ရင့် ပွင့်လိုက်ချင်တာ။ အခုတော့ ည တာတွေသာ ရှည်လို့။
၂၂။ ဘယ်သူ ယုံခဲ့မလဲ။ ဒီလို သိုးငယ်လေးတွေ မြေခွေး ဖြစ်သွားတာကို။ အခုတော့ ခင်ဗျား လက်တစ်ဖက် ပါသွားပြီမလား။ ခင်ဗျား နှလုံးသားတောင် အခုထိ သွေးလေခြောက်ခြားတုန်း။
၂၃။ ဘယ်အရပ်ဒေသရယ်လို့ မရှိဘူးလေ။ ခင်ဗျားသာ အလင်းကို တောင့်တရင် အလင်း က ခင်ဗျားနဲ့ ဝေးဝေးမှာ နေနေမှာ မဟုတ်ပါဘူး။
၂၄။ သူလည်း ဒီလိုနဲ့ သင်းကွဲ ဖြစ်ခဲ့တာ။
၂၅။ ကဗျာတွေတော့ ရေးနေတာပဲ။ စာတွေတော့ ရေးနေတာပဲ။ ကြယ်တစ်စင်းမှ မကြွေသေးဘူး။
၂၆။ ချစ်သူဟာ ကျွန်တော့်အတွက် အလင်းတစ်စ ပီသ ခဲ့တာပါ။
၂၇။ အလင်းယောင်တွေ အလင်းရောင်တွေ အလင်းယောင်တွေ အလင်းရောင်တွေ။
၂၈ေ။ ခြေကုန်လက်ပန်းကျတဲ့အထိ မြစ်ရေကို ဆန်တက်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် စုန်ရေကသာ ...။
၂၉။ ဘယ်သူမှ မပြောလဲ ခင်ဗျားဟာ လူ့သမိုင်းမှာ ပျောက်ဆုံးသွားမှာပါ။ ဘာအတွက်နဲ့များ စိတ်ရိုင်းတွေ လှိုင်းထန်နေရတာလဲ။
၃၀။ ဒီလိုပါပဲ။ ညတိုင်း ညတိုင်း အရက်က ကျွန်တော့်ကို လာလာမူးတယ်။
၃၁။ လေပြေတွေဟာ အချိန်မှန် ရောက်လာလေ့ရှိပါတယ်။ သူက သာ နိုးထဖို့ အဆင်သင့်မဖြစ်ခဲ့တာ။
၃၂။ အမှောင်ဟုသာ ပြောနေကြသည်။ အလင်းကို မရှာကြ။ ဤသို့ဖြင့် ဘုရားသခင်သည် လူသားတို့နှင့် ဝေးသထက် ဝေးလာခဲ့သည်။
၃၃။ စကားလုံးများဖြင့် ဖော်ပြဖို့ ခက်ခဲလာသော အရာများထဲတွင် မေတ္တာတရားလည်း ပါဝင်လာခဲ့သည်။
၃၄။ ဤသက္ကရာဇ်မှ စ၍ လောကကြီးတစ်ခုလုံး မှောင်မိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြပြီ။
၃၅။ သတင်းစကားများ ကြားရသည်မှာ မကောင်းလှ။
၃၆။ သူ ငိုင်တွေနေသည်။
၃၇။ ခင်ဗျား ပြင်ဆင်ချင်နေပြီ။
၁။ ကျွန်တော် အိမ်ပြန်ချင်နေပြီ။


*  *  *

မိုးအိမ်လူ
၁၆ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ခြောက်မိနစ်