Friday, October 28, 2011

လိုအပ်ချက်အရ အသေခံ ဖောက်ခွဲပြီးနောက် အားလုံး၏မလိုအပ်မှုများ

ရွေ့လာတဲ့ အမှောင်ထဲမှာ လိုအပ်ချက်တွေ အသံတိတ် အော်ဟစ်နေတယ် အာခေါင်ခြစ်ပြီးတော့  အော်ဟစ်နေတယ်
ဘာလိုသလဲ ဘာကို လိုတာလဲ ဘာအတွက် လိုတာလဲ နေ့များညများ ထိုအထဲမှ ခွဲထွက် အစုအဖွဲ့အဖြစ် နာရီများ မိနစ်များ
မျှော်လင့်ရင်း ရူးကြသူများ အရူးသည်းသည်ထက် ပိုမို သည်းလျက် ပိုမို အရူးသွေး တက်လျက် မြို့တစ်မြို့၏ စံတော်ချိန်တစ်ခုတွင် ဖြစ်သည်
မလိုအပ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်ခြင်း သို့မဟုတ် နားလည်မပေးနိုင်ခြင်း စသည် စသည်ဖြင့် နေရောင် မလိုသော မိုးရာသီ နေ့များတွင် ပန်းများလည်း ရနံ့ မလိုကြ လိပ်ပြာများကို မလိုအပ်ကြ ခူးခြွေမည့်လက်များကို မလိုအပ်ကြ လေပုပ်များကို မလိုအပ်ကြ ရပ်နေတာမဟုတ်ရင် ရွေ့နေတာပဲ အရှေ့ကိုလား အနောက်ကိုလား သေသေချာချာ ဝေေ၀ခွဲခွဲ ဂဃနဏ မသိခြင်း ဖြစ်စဉ်
လေရူးတို့ တိုက်ခတ်လျက် တစ်စုံတစ်ဦး၏ လိုအပ်ချက်အရ သို့မဟုတ် အများစု ၏ သဘောဆန္ဒ အရ အသေခံ ဗုံးခွဲ တိုက်ခိုက်သူများ၏ စစ်သွေးကြွ အရူးသွေးကြွ အ၀ိဇ္ဇာသွေးကြွ့ပုံမျိုးဖြင့် လက်သီးလက်မောင်းတန်း၍ အစွန်းရောက် နေသော အစွန်းလွန်သော အစွန်းထွက်နေသော အစွန်းမှတစ်ဆင့် တစ်ဖက် ချောက်ထဲသို့ ကျသွားသော အတွေးအခေါ် အဟောင်းအမြင်း အပုပ်အသိုး အဆိပ်အတောက် များကို အံတကြိတ်ကြိတ် မာန်တ၀င့်ဝင့် ခက်ကြမ်းထန်ထန် အော်ဟစ်ရင်း ကမ္ဘာကြီးအား လုပ်ကြံသတ်ဖြတ်
အခြားသော သူများ၏ နားမလည်နိုင်ခြင်း ဖြစ်စဉ်တွင် အသက်ဓာတ်များ မျှော်လင့်ချက်များ ဆန္ဒများ ဘ၀များ အားလုံး အငွေ့ပျံ ပြာကျ
လိုအပ်ချက်ဟူသည်လည်း နိတ္ထိတံ ကမ္ဘာမြေအတွက် ကောင်းခြင်းလား ဆိုးခြင်းလားမသေချာသော ရွက်ကြမ်းရေကျို နေ့များထဲမှ လိုအပ်ချက်များ စီကာစဉ်ကာ စစ်ထုတ် ဖြန့်ကား ဆင်ခြင်သုံးသပ် ရင်း ဒီနေ့ ဘာလိုနေသလဲ။
 

မိုးအိမ်လူ

No comments:

Post a Comment