Tuesday, October 13, 2015

မှောက်ထားတဲ့ ဖန်ခွက်ထဲမှာ ပြည့်လျှံ နေတဲ့အရာ



မယုံကြည်ခြင်းကို ယုံကြည်ခြင်းနဲ့ ငြိမ်သက်စေတယ်။
အပြန်အလှန်။
အချိန်ကာလအကြောင်း ပြောကြတိုင်း အတိတ်ကာလကိုပဲ ထင်သာစေတယ်။
သစ်ရွက်ခြောက်တွေကြောင့် ခြေသံဟာ ညံခဲ့တယ်။
ညနေချိန် ကော်ဖီ မဟုတ်ဘူး။
ညဦးချိန် ဝီစကီ မဟုတ်ဘူး။
မေတ္တာ ဟာ အရည်လို့ ဘယ်သူ ပြောခဲ့သလဲ။
စဉ်းစားတယ်။
အက်ကြောင်းထနေတဲ့ အနာဂတ်ဟာ အပူလောင်ခဲ့လို့ ဖြစ်တယ်။
မေတ္တာ ရေ ဟာ အေးမြ အေးချမ်း တာကတော့ အသေအချာ။
မနေ့က ဝတ်ခဲ့တဲ့ အင်္ကျီကို ပြောင်းပြန်လှန်ပြီး ဒီနေ့ ပြန်ဝတ်တယ်။

ငါ့ဘဝဆိုတာကလည်းကွာ ဆိုဒ်မကိုက်တဲ့ အင်္ကျီဝတ်ထားရသလိုပါပဲ။
အမြဲတမ်း အသက်ရှူ ကြပ်။
မြင်ရတဲ့လူကော ဝတ်ရတဲ့လူကော ဘယ်တော့မှ စမတ်မကျ။
စိတ်ဓာတ်သာ ကျခဲ့တယ်။


မိုးအိမ်လူ
၁၇၀၃၂၀၁၅

No comments:

Post a Comment