Monday, October 1, 2012

ရေ ထဲမှာ ရေလိုနေပြီး ရေများနေပြီး ရေရေလည်လည်


.



ရေလမ်းကြောင်းကစပြီး ဖောက်လွဲဖောက်ပြန် ဖြစ်လိုက်ပါပဲ။ အစိုင်အခဲ ကိစ္စမပါဘဲ။ အရည်ပျော်ဝင်မှုကနေ တဆင့် မိုးရာသီ အလယ်တည့်တည့် ကောင်းကင်အက်ကြောင်းတလျှောက် ပလာစတာနဲ့ လိုက်ဖာနေဖို့ရာ။ စီးပွားရေးလည်း ရေရေလည်လည် မလည်ပတ်နိုင်တော့ဘူး။ ရေလာမြောင်းပေး ရင်းနှီးမြှုပ်နှံမှု ပေါင်းစုံ။ ကျွန်တော်တို့ ၀မ်းသာဝမ်းနည်း နောင်လာမယ့် ပစ္စုပ္ပန်ဘ၀တွေရဲ့ အလေးအပေါ့။ ဈေးကွက်တွေ တဟုန်ထိုး (…… ) သွားတယ်။ ကောင်းသလား ။ မကောင်းသလား။ ရေလျှံမှ အဆင်ပြေမှာ။ ရေလျှံတဲ့သူက အရာရာမှာ စီးဝင်ပျော်ဝင် ၀င်ဆံ့တယ်။ အရာရာမှာ ထင်ပေါ်တယ်.။ ရေလျှံတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ရေမြုပ်တယ်။ ဘယ်သူသိသိ မသိသိ ။ တစ်ခုခုဆို တစ်ခုခုဆိုမယ့် လူအုပ်ကလည်း အဆင်သင့်။ အထက်ပါ အထွေထွေ ကိစ္စများဖြင့် ဖွဲ့စည်းထားသော ၀ါကျများသည် အဆိပ်သင့်နေ၏။ သင်နှင့် သက်ဆိုင်သည်လား။ ကျွန်တော်နှင့် သက်ဆိုင်သည်လား။ ထိုသူနှင့် သက်ဆိုင်သည်လား။ အပ်ပေါက်ရာမှာ ပုဆိန်ရာတွေ ထပ်ကာထပ်ကာ။ လူထု၏ ကျန်းမာရေးအတွက် စိုးရိမ်ရေအမှတ် ရောက်ရှိ။ စာသား ပေသား စစ်စစ် စကားလုံးများမစစ်နိုင်မှု။ မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ ရရှိခြင်း ၂၀၁၂ ခုနှစ်။ ကောင်းသတင်းများ များပြားသော်ငြား သတင်းကောင်းများ လိုအပ်နေဆဲ။ ဆန္ဒတွေများပြီး အခွင့်အရေးတွေ များပြီး မစစ်ထုတ်နိုင်တဲ့ ရေ ဟာ။ လှည့်ကာပတ်ကာ ကွေ့ကာဝိုက်ကာ ဒီရင်ဘတ်က ထွက်ပြီး အဲ  ဟိုရင်ဘတ်မှာ ခိုဝင်စတည်းချ။ အမိုးအကာမလို။ အငွေ့ပျံမှု မရှိ။ စိမ့်ဝင်မှု မရှိ။ တည်ရှိမြဲ တည်ရှိခြင်း သက်သက်ဖြင့် ရေသေကောင်လိုလို။ ဘယ်သူ ပြော / လုပ် သမျှကိုမှ မခံစားနိုင်တော့ဘဲ။ ရေများ ရေရေလည်လည် များပြားနေတယ်။

မိုးအိမ်လူ

No comments:

Post a Comment