Monday, October 24, 2011

သူခိုးနှင့် ခိုးယူခြင်း




အလင်းတန်းမျှင်တွေကို
ဖြတ်တောက်ရှင်းလင်းရင်း
နေ့ နာ၇ီ နဲ့ ည နာ၇ီက
ငါး မိနစ် ကွာနေတယ်

ပတ်ကြားမြေက တိုးထွက်ချင်တဲ့
ဆန္ဒနီနီတွေ
ဖြေသိမ့်ရင်း ကြီးထွားလာခဲ့လို့
မိုးခေါင်တဲ့ အရပ်မှာ
မြက်တစ်ပင်ဟာ
ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့

လှမ်းရင်း လှမ်းရင်း
ဝေးကွာမသွားစေချင်
ခရီးမိုင် ဝေးကွာမှုတွေကို
တွက်ဆ ချင့်ချိန်ရင်း
နက္ခတ်မိတဲ့ အချိန်မှာ
လပြည့်ဝန်းဟာ မျက်နှာလွှဲခဲ့တယ်။

မိုးအိမ်လူ

မောဟ ကဗျာ





အနာအဆာများလွန်းတဲ့
ကြမ္မာနဲ့
နွေရာသီ အားလပ်ရက်ဟာ
အနှုတ်လက္ခဏာ ထွက်နေတယ်
ဆန္ဒတွေကို
ကော်ပတ်စားရင်း
ခေတ်ပေါ်နာရီတွေကို
မကြည့်တတ်ဘူး

သချာင်္သဘောတရားနဲ့
အဲဒီ ထပ်ညွှန်းတွေကို
ပစ်မှတ်လို သဘောထား
နေ့တွေတောင်
အမှောင်ကျလို့

သစ္စာထံမှာ
ဝပ်တွားခယရင်း
အ၀တ်တစ်ထည် ကိုယ်တစ်ခုရဲ့
အညစ်အကြေးတွေက
ဘယ်ခေတ်ကတည်းက
စ တည်နေခဲ့သလဲ

အမည်မသိ သစ်ပင်ကို
ပေးချင်တဲ့ နာမည်ပေး
အောက်စီဂျင် နည်းနေတဲ့
ဒီလေထုမှာ မပျော်မွေ့တော့ဘူး
အကြောင်း….။

မိုးအိမ်လူ

လိုအပ်ချက်အရ တမ်းတခြင်း



အရပ်တစ်ပါးက
အသက်ရှုသံရဲ့ ကျန်းမာရေးကို
စိုးရိမ်တကြီး ဂရုတစိုက်
နေ နဲ့ အနီးဆုံးကျတဲ့ ရာသီတစ်ခုမှာ
ရေခဲရိုက်အောက်စီဂျင်တွေ
ရှားရှားပါးပါး
ရှားရှားပါးပါး အခန်းထဲကို ၀င်ရောက်
အ၀ါရောင် ဥယျာဉ်ဟာ
တစ်တောလုံး ဝေ လို့
တစ်တောလုံး ကြွေ လို့
ရှုနေကျအောက်ဆီဂျင်တွေ အလိုလို ရေခဲအရိုက်ခံနေကြတယ်။


မိုးအိမ်လူ

အိပ်မက်လေးအတွက်




ဆိုးရွားမှုလို့တော့ အမည်မတပ်ချင်ပါဘူး
ဒါပေမယ့်
ငါ့အိပ်မက်လေး စိတ်ဆင်းရဲနေတယ်

ကျောထောက်ပေးနိုင်စွမ်းလည်း မရှိ
နောက်ခံ ကောင်း လည်း မဖြစ်
အိပ်မက်လေးရဲ့ အိပ်မက်ဆိုးတွေကို
ငါ့ ဆီမှာပဲ ပူးဝင်စေချင်တော့တယ်

အစကတည်းက
ဘ၀က အနှုတ်ပြနေခဲ့တော့
အခု
မုန်တိုင်းတွေ အိမ်မပြန်တဲ့ ရာသီမှာ
သူ့အတွက်
ငါ အိပ်မက်ကောင်းတွေ ဖန်ဆင်းဖို့…
…. …. ….. ….. ….. ….. …… ………

ဆွံ့ဆွံ့အအ နဲ့ပါပဲ
ငါဟာ ညံ့ဖျင်းသူ တစ်ယောက်အဖြစ်။

မိုးအိမ်လူ

အချစ်ပြဇာတ် ( ၁၃ )







( ၀ ) ။

ရွေးချယ်ထားသော နေ့ တစ်နေ့ သည် အမှန်တကယ်က သာယာပျော်ရွှင်ဖို့ ကောင်းသင့်သည်။
                                                      
                                                                  *

( က )။ အိပ်မက်များကို ကပိုကရို ဆွဲချွတ်ရင်း သူမ ကို သတိရမိသည်။
( ခ ) ။ သူမသည် ကျွန်တော်၏ ချစ်သူ ဖြစ်သည်။
( ဂ )  ။ ကျွန်တော်သည် သူမ၏ ချစ်သူ ဖြစ်သည်လား ။ မဖြစ်ဘူးလား ။
( ဃ ) ။ မသေချာပါ။
( စ ) ။ ထို နေ့ က ကပျက်ကချော်နိုင်လွန်းသော ကျွန်တော့်ကို ကျွန်တော် မုန်းတီးမိသည်။
( ဆ ) ။ သူမသည် လှပသော မိန်းကလေးဟုတ်မဟုတ် အခြားလူများအတွက် မသေချာလှပါ။
( ည ) ။ ကျွန်တော့်အတွက်တော့သေချာပါသည်။
( ဋ ) ။ သူမသည် လှပသော မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။
( ဏ ) ။ ခံစားဖို့ ခက်ခဲသော စကားလုံးများနှင့် ကဗျာတစ်ပုဒ်ကို သူမအတွက် ကျွန်တော် ရေး ဖွဲ့ မိသည်။
( တ ) ။ ကျွန်တော်၏ နာရီသည် ဆယ့်ငါးမိနစ် နောက်ကျနေပါသည်။
( ထ ) ။ သူမ၏ နာရီသည် ဆယ့်ငါးမိနစ် စောနေပါသည်။
( န ) ။ မြန်မာစံတော်ချိန် ဆယ့်ငါးမိနစ်တိတိ ရှိပါပြီ။
( လ ) ။ ဤနေရာတွင် ကာလာရောင်စုံများထက် အဖြူအမည်းကိုသာ ကျွန်တော် ပို၍ နှစ်ခြိုက်မိပါသည်။
                                                     
                                                       *
( ၀ ) ။

အမည်မသိ ချောက်နက်ထဲသို့  အမည်မဖော်ပြ၀ံ့သော ဘ၀တစ်ခု မျက်စိစုံမှိတ် ခုန်ချသွားသည်။
                                             
                                                        *

( ၁ ) ။ တွေ့ ဆုံမှုများသည် ရိုးမန့် ဆန်ဖို့ လိုကြောင်း သူမ က ကျွန်တော့်ကို ပြောသည်။
( ၂ ) ။ မျက်ဝန်းများသည် သက်တံအကျိုးအပဲ့တို့ ၏ေ၇ာင်စဉ်များဖြင့် တောက်ပနေသည်။
( ၃ ) ။ ညသည် အိပ်၍ မရပါ။
( ၄ ) ။ အတွေးသည် တဆစ်ဆစ် ကိုက်စားတတ်သော သတ္တ၀ါ မဟုတ်။
( ၅ ) ။ အိမ်အမိုးဆီမှ အဓိပ္ပါယ်များ တစိမ့်စိမ့် ယိုကျနေပါသည်။
( ၆ ) ။ ကျွန်တော် သူမအပေါ်ချစ်သော ချစ်ခြင်းတွင် မည်သည့်အရာများ ပါဝင်ကြောင်း ကျွန်တော် ကိုယ်တိုင်ပင် မသိပါ။
( ၇ ) ။ စနစ်တကျ စီစဉ်ထားသော အချစ်ဇာတ်လမ်းများအတွက် မျက်ရည်များသည် စစ်မှန်ဖို့ သိပ်မလိုအပ်လှပါ။
( ၈ ) ။ မိုးရာသီသည် သံယောဇဉ်ပြတ်လွန်းသည်။
( ၉ ) ။ နွေရာသီ ညနေ၏ ကျိန်စာတစ်ပိုဒ်သည် ကျွန်တော့်အတွက် ခါးသီးမှုပြင်းထန်လွန်းလှပါသည်။
( ၁၁ ) ။ ကြားသိရသော သတင်းစကားများအရ သူမ၏ ချစ်ဦးသူသည် ကျွန်တော်မဟုတ်ခဲ့ပါ။
( ၁၂ ) ။ ယိုယွင်း ပျက်စီးလွယ်သော စိတ်ခံစားမှုများအတွက် အမည်နာမ တစ်ခု အလျင်အမြန်လိုအပ်နေပါသည်။
( ၁၃ ) ။ ဆင်းရဲသားလေးနှင့် သူဌေးသမီးတို့  ချစ်ကြိုက်ပေါင်းသင်းသွားကြသော ဇာတ်လမ်းများကို လွန်ခဲ့သော ရာစုနှစ်ထဲမှာ မထားရစ်ခဲ့လိုပါ။
( ၁၄ ) ။ အချိန်သည် စောင့်ဆိုင်းဖို့ ဖြစ်သည်။
                                                      
                                                                        *

( – ) ။
                     နှင်းဆီဖြူ၏ အဓိပ္ပာယ်တစ်ခုမှာ ဖြူစင်သော နှင်းဆီပန်းကလေး ဖြစ်ပါသည်။ စာသားမလိုသော တေးသီချင်းတစ်ပုဒ်ကို ကျွန်တော် သီဆိုပါမည်။ ထိုတေးသီချင်းသည် မိုးဇက်၏ တေးသွားများ မဟုတ်သလို ဗီသိုဗင်၏ ဆင်ဖိုနီများလည်း မဟုတ်ပါ။ အချစ်ဝတ္ထုများတွင် ပါလေ့ပါထရှိသော စာသားများအတိုင်း နားနှင့် နားမထောင်ဘဲ နှလုံးသားနှင့် နားထောင်ပါ။
                      ကျွန်တော်၏ အတိတ်များကို စကားလုံးထက်ထက်များဖြင့် တမြေ့မြေ့ လှီးဖြတ်တတ်သော သူမကို ကျွန်တော် ချစ်ပါသည်။ ကျွန်တော်ပစ္စုပ္ပန်မျက်နှာဖုံးများကို အဟောင်းဈေးနှင့် ရောင်းထုတ်ချင်နေသော သူမကို ကျွန်တော်ချစ်ပါသည်။ အိပ်မက်မမက်သော ညများအတွက် ကျွန်တော် အထူးနှမြောတသ ၀မ်းနည်းမိပါသည်။
                      ထိုသံစဉ်သည် ဦးနှောက်ကို နှလုံးသားက တော်လှန်ပုန်ကန်ခဲ့သော စစ်ပွဲများအကြောင်း ရေး ဖွဲ့ထားခြင်း ဖြစ်သည်။
                                                     
                                                                             *

( A ) ။ သိမ်းဆည်းထားဖို့ မသင့်သော ပန်းခြောက်တစ်ခက်နှင့် စီဒီချပ်တစ်ချပ် ကျွန်တော်ထံတွင် ရှိပါသည်။
( B ) ။ ထို နေ့ က လမသာသော လဆန်းရက် ဖြစ်ပြီး မီးအိမ်ထဲတွင် အလင်းပျောက်နေသော နေ့ တစ်နေ့  လည်းဖြစ်ပါသည်။
( C ) ။ ညတစ်ညလည်း ဖြစ်ပါသည်။
( D ) ။ အကယ်၍ ။
( E ) ။ သူမ၏ နှုတ်ခမ်းဖျားများဆီမှ အမုန်းတရားများ လွတ်ကျလာသည် ရှိသော်။
( G ) ။ တိမ်တိုက်များတွင် မျက်လုံးမရှိပါ။
( H ) ။ အချစ်အတွက် နှင့် ကျွန်တော့်ကို ထမ်းပိုးထားသော မြေကြီးအား သွေးမစွန်းစေလိုပါ။
( I ) ။ ပြုလုပ်သူသည် ပြုလုပ်ခံ ဖြစ်သည်။
( K ) ။ နာရီစင်တွင် အသံမမြည်ခဲ့သော နာရီသံများ ရှိပါသည်။
( L ) ။ လွမ်းဆွတ်ခြင်းများထဲသို့  ကော်ဖီမှုန့် များများထည့်၍ ညစဉ်ညတိုင်း ကျွန်တော် သောက်သုံးခဲ့သည်။
( U ) ။ ကျွန်တော် သူမ ကို ချစ်ပါသည်။
( Z ) ။ အထူးပြုပုဒ်များ မလိုသော ကျွန်တော်၏ ချစ်ခြင်းအတွက် ။
( X ) ။ ကျွန်တော် သူမ ကို ချစ်ပါသည်။
                                                              *
                                                                                                                      မိုးအိမ်လူ
 Mandalay Icon Magazine , August , 2011

Sunday, October 23, 2011

ပုံရိပ်ယောင်များ




မကြိုဆိုပေမယ့် ရောက်ရှိလာတော့လည်း
တပျော်တပြုံး
မလိုချင်တိုင်း ပြန်ပေးလို့ ရမယ်ဆို
စိတ္တဇ နာရီသံ တချက်ချက်ဟာ
လူခြေတိတ်ဆိတ်တိုင်း ရောက်လာမှာ မဟုတ်ဘူး

ခြေတစ်လှမ်း နောက်ကျသွားတယ်လို့ 
ဒိုင်လူကြီးရဲ့ အကဲဖြတ် မှတ်ချက်ပေးမှုကို
သဘောမကျဘူး
စောင်းကြိုးပျက် သံစဉ်တွေနဲ့ 
တစ်ကိုယ်ရေ မိုးညတွေက
တိမ်ထူလွန်းတာတော့ အမှန်ပဲ

နှစ်ခုပဲ ရှိတဲ့ ရွေးချယ်ခွင့်မှာ
စိတ်ပျော်ရွှင်မှုဆိုတာ
လူ့ဘ၀အတွက်ဘယ်လောက်ထိ အရေး ပါသလဲ
အ၀ိဇ္ဇာလမ်းမှာ နေပြောက်ထိုးဖို့ မလိုတာ
အားလုံးသိပါတယ်

ချိတ်ဆက်ထားတဲ့ စိတ်ဝိဥာဉ်

ဟန်ဆောင်ခြင်းဟာ ဒီလောကမှာ မလိုအပ်တဲ့အရာ
အဆွေးသီချင်းတစ်ပုဒ်ရဲ့ သံစဉ်အလိုက်
လေချွန်ရင်း
အဲဒီလူတွေရဲ့ အဝေးမှာ
ရဲရဲကြီး အထီးကျန်လိုက်မယ်

မှန်တာပြော ပါးရိုက်ကြေး
အလိမ်အကောက်များတဲ့ ခေတ်ပြိုင်နေ့တစ်နေ့ဟာ
အမှောင်ခေတ်က ၀တ္ထုတွေလို
အညှီအဟောက် အပြည့်နဲ့ 
ဆွဲဆောင်မှု အားကောင်းတယ်

စပီကာက ထွက်လာတဲ့ အသံက
မရင်းနှီးတဲ့ လူတစ်ယောက်ရဲ့
ရင်းရင်းနှီးနှီး ကြားဖူးတဲ့အသံ
မနက်ဖြန်ဟာ
မေးလ်မပို့  ဖုန်းမဆက်ဘဲနဲ့ 
အပူသည်ရုပ်နဲ့ ရောက်လာလိမ့်ဦးမယ်

အသက်ရှူသံကို
ဒိုရေမီဖာနဲ့  ညှိရင်း
ကမ္ဘာကျော် စစ်တုရင် တိုက်ကွက်နဲ့ 
ဟိုရှေ့က မြွေလိမ်မြွေကောက်ထဲကို
ယိမ်းကပြီးတော့ တိုးဝင်
ဆက်လက်ပြီးတော့
ယိမ်းကပြီး တိုးဝင်

အချိန်မှတ်မထားတဲ့
နှစ်တစ်နှစ်အတွက်
အချိန်ပိုမှာ ရွှေဂိုးသွင်းနိုင်အောင်
ကြိုးစားကြစို့ ။

မိုးအိမ်လူ

ကွယ်ဝှက်ထားသော ကွဲရှသံများ

ခန်းဆီးနောက်က စကားသံတွေရဲ့ စေတသိတ် ခေါင်းစဉ်ကွဲ
တဖြည်းဖြည်း ကြီးထွားလာတဲ့ မကောင်းမှု အညစ်အကြေး
ချီးမြှင့်မယ့် ဆုလာဘ်က ဘယ်လို ပုံစံမျိုးလဲ မမှန်းဆနိုင်ခဲ့
ကျေးဇူးရှင်တွေရဲ့ တားမြစ်မှုကို ပစ်ပယ်မိတဲ့ ဥာဉ်ဆိုး
အိမ်ရာမဲ့ လိုချင်တပ်မက်စိတ် မိုင်ပေါင်းများစွာနဲ့
တစ်ခုခု ဖြစ်ချင်စိတ်တွေ များပြားလွန်းနေခဲ့တဲ့ နာရီသံတွေ
ရေမြေတောတောင်တွေ ၀တ်ရုံလဲရင်း
မမျှော်လင့်ရဲခဲ့တဲ့ နေထွက်ချိန်ဟာ မောဟိုက်ပင်ပန်းလို့ 
တိမ်တွေကို အသားလွတ် ဆွဲခွာပစ်လိုက်တယ်
မတူညီမှုတွေ များလွန်းနေတဲ့ ကူးလူးဆက်သွယ်မှုကနေ
ချစ်ခြင်းတရား ၊ လိင်ကိစ္စ ၊ ရမ္မက်လွန် စိတ်ရောဂါတွေ အခိုးတလူလူ
သစ်သီးကို သစ်ပင်မှာ ချိတ်ဆွဲထားလိုက်
လေတိုးသံတွေနဲ့ ရွက်နုကြွေတဲ့  အပြင်းစားနွေ
မုသားတွေ ဈေးကောင်းချိန်မှာ ဖျတ်ဖျတ်လူးမိတဲ့ ရင်ခုန်သံ
ဘာဈေးနှုန်းမှ မရှိတဲ့ တန်ဖိုးတွေကို မာန်တက်မိရင်း
ကျွံကျခဲ့တဲ့ မြေနေရာတွေက နှုန်းမဆန်ဘူး
အရောင်မဲ့  စိတ်စွဲထင်မှုတွေ ရဲ့ အဆုံးသတ်မျဉ်းမှာ
ရေးထိုးခဲ့တဲ့ ကိုယ်ပိုင် လက်မှတ်အတု
ငှက်တွေကို ကောင်းကင်မှာ ထားခဲ့တယ်
ငါးတွေကို တောင်ပင်လယ်မှာ ထားခဲ့တယ်
ဖြေဆေးမရှိတဲ့ စကားလုံးတွေကို ၀န်ခံခေါင်းညိတ်
နံနက်ခင်းက နံနက်ခင်း ပီပီသသ
နွားနို့တစ်ခွက် ၊ ပေါင်မုန့် ထောပတ်သုပ်တစ်ချပ်နဲ့ 
မမြင်နိုင်မှုကို ရေခဲရိုက်ထားခဲ့ကြတယ်။


မိုးအိမ်လူ
 Mandalay Icon Magazine , April ,2011

မြို့ပြခံစားမှု







အပြေးအလွှား လူနေမှု ပုံစံခွက်ထဲ
လ တစ်လ မှာ ရက် ( ၃၀ ) က မလောက်မင
စိတ်ဖိစီးမှု အားပြင်းချိန်တွေ
ညတွေဟာ ကော်ဖီ မလိုတော့ဘူး
ဖွင့်ရမယ့် တံခါးတွေနဲ့  ပိတ်ခဲ့ရမယ့် တံခါးတွေ
သော့ပျောက်သွားတဲ့ မနက်ဖြန်အတွက်
စကားဝှက် မေ့နေတဲ့ သော့ဂလောက်က စိတ်မကောင်း
အပေါ်တက် အောက်ဆင်း လှေကားတွေနဲ့ 
ရယ်ရယ်မောမော နားနေချိန်တွေ မှိုတက်
အိပ်မက်လည်း အိပ်မက်ပဲ ဖြစ်တော့တယ်
ကောင်းကင် စားကျက်မှာ လူးလွန့်ရင်း
အမှားမှား အယွင်းယွင်း ကြိုးတန်းလန်းတွေရဲ့ ရှုပ်ထွေးမှုနဲ့ 
တိမ်ဖြူတွေလည်း မှုန်ဝါးဝါးပဲ
ရွေးရင်း ချယ်ခဲ့တဲ့ အရောင်တွေက
နောက်ကျောမှာ မျက်စိနောက်စရာ
မေးမနေတော့ဘူး တွေး မနေတော့ဘူး
အိမ်ပြန်ချိန် အချက်ပေးသံတွေလည်း  မချိုသာတော့ဘူး
ဆီးကြိုနေမယ့်  အချက်ပေးသံတွေ အမြန်ချောပို့တွေ ရဲ့ နှိုးဆွမှု
ဝင်ဖို့ တွန့်နေခဲ့တဲ့ အိမ်တံခါးနဲ့ 
ခွင့်ပြုခဲ့တဲ့ စိတ်တံခါးတွေရဲ့ စိုးထိတ်မှု
ငွေကုန်ကြေးကျ များတဲ့ ဆက်သွယ်မှုနဲ့ 
မိုးလင်းပေါက်မယ့် ရုပ်ရှင်တွေ တစ်ကားပြီး တစ်ကား
လိုအပ်ချက်အရ ဖျော်ဖြေမှုသက်သက်ထက် ပိုတယ်
လွှတ်ချတိုင်း ငြိတွယ်နေတဲ့ ကိလေသာ စိတ်ဖြစ်စဉ်
လက်ဖျစ်တစ်တွက် လှိုင်းအလျားနဲ့ 
နေ၀င်ချိန်ဟာ မနက်လား ညနေလား မသိတော့ပြန်ဘူး။

မိုးအိမ်လူ

သဲပက်ပွဲ




တစ်ဦးတစ်ယောက်သာ ပိုင်ဆိုင်တဲ့ ကမ္ဘာတစ်ခုမှာ
နေဟာ အနောက်ဘက်က ထွက်ပြီး အရှေ့ဘက်ကို ၀င်တယ်
အာခေါင်တွေ စေးကပ် ခြောက်သွေ့ရင်း နိုးထလာတဲ့ တစ်ရေးနိုးအချိန်
နာရီသံ တချက်ချက်ဟာ အကောင်းဆုံးနောက်ခံတေးဂီတနဲ့ 
ရေအေးအေး တစ်ခွက်ထဲမှာ လောဘကို နှစ်သတ်လိုက်တယ်

ချိန်းဆိုထားတဲ့ ဥယျာဉ်တော် အချိန်မှာ ရိုးရာအစားအစာက
အားလုံး သိတဲ့ ပန်းသီးတစ်ခြမ်းနဲ့ အတူ
ညတွေကို ဖျော်စပ်ထားတဲ့ ၀ီစကီ အကောင်းစား
ဘာခေါင်းစဉ်နဲ့ ရင်ဘတ်ကို နှစ်ခြမ်းခွဲမှာလဲ
နှစ်တစ်ရာ အိပ်မက်ကို သော့ခတ်ထားတဲ့ ဦးနှောက်ကို
တစ်နေရာရာမှာ ဖွက်ထားခဲ့တယ်
မျက်နှာတည်နဲ့ စကားလုံးတွေကို စတင် မီးရှို့ကြစို့

နင် ၊ သူ ၊ မင်း ပြီးတော့ ငါ အပေါင်း ကိုယ် ဘယ်လိုနာမ်စားနဲ့လဲ
နောက်ကျမှ ၀င်လာတဲ့ ရထားပေါ်မှာ ငြီးငွေ့ခြင်းတွေ ပုပ်သိုးလို့
နွေ နေ ကို မိုး တိမ် နဲ့ ကွယ်ပြီး လျှိုဝှက်ချက်တစ်ခုကို ဖောက်မယ်
ယောကျာင်္းတွေဟာ ရှုံးရင် ငိုတတ်တယ်တဲ့
ထောင်ထားတဲ့ လက်မ က တစ်ရာ့ရှစ်ဆယ် ဒီဂရီချိုး
မနက်ဖြန်အချို့ ရာသီဥတု ဖောက်ပြန်သွားတယ်
ငရဲကြီးရှစ်ထပ်ကို တိမ်တွေနဲ့ အသေ ချည်ထားလိုက်ပါ။

မိုးအိမ်လူ

ပါတီပွဲ




လွန်ခဲ့သော သုံးလေးရက်က ဆင်ယင်ထုံးဖွဲ့မှုမျိုး
ကြည့်လေရာ မြင်လေရာ ရောင်စုံ စိတ်မီးသီးတွေ တလက်လက် / တမှိန်မှိန်
ပွဲဖျက်မယ့် မိုး ဟာ အတွေးတွေ နဲ့ ပိလို့
ကော်ဖီမလိုတဲ့ ဒီညမှာ အနည်းဆုံးတော့ ၀ိုင် တစ်ခွက် သောက်
ပြားနေတဲ့ ကမ္ဘာကို အသားကျအောင် အထပ်ထပ် ထုချေ
ဝင်ပေါက်က ဆိုင်းဘုတ် ရွဲ့နေပြီတဲ့
ဝီစကီ အသစ်တစ်လုံး ထပ်ဖွင့် တစ်ပက် နှစ်ပက် ရေချိန်ကိုက် / ကျော်
တီးဝိုင်းက စ လိုက်ပြီ  နားတွေ အူထွက်နေပြီ
အပြုံးတွေလည်း ဒယီးယိုင်
စကားတွေလည်း ကသောင်းကနင်း
စားစရာ ဘယ်နားမှာရှိသလဲ / ထားသလဲ
ကာလာ ရင့်ရင့် အရည်အပြည့် ဖန်ခွက်ကိုင်တွေရဲ့
အောင်မြင်မှု ၊ လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး
ဘာရေး  ညာရေး  တောင်ရေး   မြောက်ရေး
ခေါင်းလေး တဆတ်ဆတ် လှုပ်တယ်
ခြေဖျားလေး တဆတ်ဆတ် လှုပ်တယ်
နက်ခ်တိုင်လေး နည်းနည်း လျှော့တယ်
အနောက်ဘက်က စီးပွားရေး စကားလုံးတွေ ကြားရတယ်
မြောက်ဘက်က ကြွယ်ဝမှုတွေ ကြားရတယ်
မီးသီးတွေ အလင်းဖျော့လာပြီ
ဆူတာပဲ သိတဲ့ တီးဝိုင်းသံက အဆက်မပြတ်
ကုတ်အမည်းနဲ့ လူ ဘာပြောသွားသလဲ
ကုတ် အဖြူနဲ့ လူ ဘာပြောသွားသလဲ
ကုတ်အညိုနဲ့ လူ ဘာပြောသွားသလဲ
ကုတ်ရောင်စုံတွေ ဘာတွေ ပြောနေကြတာလဲ
ထိုင်ခုံလွတ်တွေ ထိုင်ခုံလွတ်တွေ
မီးသီးတွေ ပိတ်သွားပြီ။

မိုးအိမ်လူ