Monday, November 10, 2014

အခွင့်အရေးတို့မည်သည် ဘယ်တော့မှ နှစ်ခါပြန်မရ


နေမ၀င်ခင်
စကားတွေ အကုန်ပြောခဲ့ပါ
အစားကို လျှော့စား
စကားကို ကုန်အောင်ပြောခဲ့ပါ
ပြောပါများလွန်းလို့ စကားတွေ ဆက်ရနေလည်း
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားစကား ပြောပါများလို့ စကားထဲက ဇာတိ တွေ မွေးရပ်မြေတွေ ပြနေလည်း
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားကျွံလို့ နှုတ်မရသည့်တိုင် အဆုံးထိ ကျွံဝင်သွားပါစေ
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားနောက် တရားတွေ အထွေးလိုက်ပါလာအောင်
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားလွန်လို့ ကျွန်ဖြစ်သွားလည်း ကျွန်သူပုန်ဖြစ်သည့်တိုင်အောင်
စကားကို ကုန်အောင် ပြောခဲ့ပါ
လျှာ ပြတ်ကျသည့်အထိ
စကားကို ကုန်အောင်ပြောခဲ့ပါ
လျှာ ပြတ်ကျသည့်တိုင် အွန်လိုင်းမီဒီယာနှင့် အွန်ပရင့် မီဒီယာများတွင် စာရေး၍
စကားကို ကုန်အောင်ပြောခဲ့ပါ
နောက်ဆုံးထွက်သက်ရောက်၍ ဘာမှမပြောနိုင်တော့ပြီ ဆိုလည်း
အ အာ အိ အီ အေ အဲ အော အော် အံ အဲ အို စသည်တို့မှ စကားသံတစ်ခုခုကို အော်ညည်း၍
စကားကို ကုန်အောင် ပြောခဲ့စေချင်ပါသည်
နေမ၀င်ခင် လေး...။


မိုးအိမ်လူ
၁၁ နိုဝင်ဘာ ၂၀၁၃

လူသားရဲ့ ဓမ္မ


နံနက်ခင်း နှင်းတွေ ဖွဲကျနေတဲ့အခါ
ကိုယ်တို့ အမြင်မှန်မရကြဘူး
ချမ်းစိမ့်စိမ့်လေးနဲ့ အမှားကို အပျော်ကြူးကြတယ်


နေ့လည်ခင်း နေပြင်းပူတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
ပူလောင်ခြင်း ဒုက္ခတွေနဲ့ အမှားကို ရမ်းကားကြတယ်


ညနေခင်း အလင်းအိုတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
နွမ်းလျဖျော့တော့စွာပဲ အမှားကို ခြေပစ်လှဲကြတယ်


ကိုယ်တို့အမြင်မှန်မရခြင်းဟာ
မှားနေတဲ့ လောကကြီးကြောင့်လို့
အိပ်ရာအဝင်မှာ အတ္တကို ချော့သိပ်ခဲ့ကြတယ်။


Moe Eain Lu
၉ နိုဝင်ဘာ ၂၀၁၄

လပြည့်နေ့မှာ လကွယ်နေ့ကို အိပ်မက်မက်တယ်


မသေချာတဲ့တစ်နေ့မှာ
မင်းဆီ အရောက်လာခဲ့မယ်လို့
ငါ့ရဲ့ တောင်ကုန်းမို့မို့လေးကို
တီးတိုးပြောခဲ့တယ်


လေအသင့်မှာ အဲဒီစကား
ကောင်မလေးရဲ့ နားရွက်ဖျားမှာ
ချိတ်ကောင်း ချိတ်မိနိုင်တာပေါ့


အနိမ့်ကျဆုံးစကားလုံးတွေနဲ့
ရွာခဲ့တဲ့ ကောင်မလေးရဲ့မိုး
ငါ တစ်ယောက်တည်း ရွှဲရွှဲစို
သေသည့်တိုင် ဒူးမထောက်တဲ့စိတ်နဲ့


အထက်မြိဆုံးစိတ်တွေထဲမှာတော့
ငါဟာ အတောက်ပဆုံးပါ
ကြယ် ဘယ်လောက်တောက်တောက်
လမင်း ရှိနေသရွေ့ ဘယ်တော့မှ အလင်းမပေါက်ဘူး
ငါတို့အရပ်က
အချိန်ပြည့်သာတဲ့ လပြည့်ဝန်းတွေ လခြမ်းပဲ့တွေ လပိန်ချွန်းတွေ
ပေါင်းထနေတယ်ဆိုတာ ကောင်မလေးကတော့ မသိစွမ်းနိုင်ပါဘူး


ငါတို့က
တရားမျှတမှုကို မတရားသဖြင့် လိုချင်နေမိတာလို့
အမြဲစိမ်းတောကြီးက ရယ်ပွဲဖွဲ့
ပြီးတော့
ကြေကြေကွဲကွဲပါပဲ
ရွက်ကုန်ကြွေတယ်


အခုတော့ ငါ တစ်ယောက်တည်း
ကျောက်ကမ်းပါးစွန်းမှာ ရပ်
ကောင်မလေး လို့ အသံတိတ်ရေရွတ်ခေါ်
တိမ်မျှင်ပါးတွေနဲ့
အနာဂတ် ဆိုတဲ့ စကားလုံးကို အထပ်ထပ်ရေးနေခဲ့တယ်


Moe Eain Lu
၈ နိုဝင်ဘာ ၂၀၁၄

ငါ တွေးလိုက်တဲ့အခါတိုင်း ငါ မရှိသလို


ကိုယ့်ကံတရားကို ကိုယ် ဇက်ကြိုးဆွဲ ဒုန်းစိုင်းခဲ့တာပါပဲ
ဘယ်လိုက ဘယ်လို သူတို့စားပွဲဝိုင်းထဲမှာ ချာချာလည်ခဲ့သလဲ
ရာသီကူးပြောင်းသည် ဖြစ်စေ မဖြစ်စေ နှာစေးချောင်းဆိုး
စိတ်မလာရင် ယတြာ ကြီးကြီး ချေ
လွတ်တဲ့လက်က တယ်ကြီးပါလား လို့
အထိတ်တလန့်တွေးနေတဲ့ ငါးငယ်လေးတွေဟာ
ငါတို့ ဖြစ်သည် မဖြစ်သည်

လွင့်နေတဲ့တိမ်တွေဟာ သဒ္ဒါ ပြည့်မီအောင်စီရင်ထားတဲ့ ဝါကျတွေထက် လှခဲ့တယ်။

မိုးအိမ်လူ

၃ နိုင်ဝင်ဘာ ၂၀၁၄

ကဗျာထဲမှာ ဘာမှထည့်မထားဘူး


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ငါ့အကြောင်း မပါဘူး
ငါ့အကြောင်း တော်တော်များများ ဇူကာဘာခ့် သိပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘာသာရေး၊ လူမျိုးရေးအကြောင်း မပါဘူး
အဲဒီအကြောင်းတွေကို အရေးအသားကောင်းကောင်း၊ ရသအစုံအလင်နဲ့
တရားမဝင် သတင်းဆိုက် ပေါင်းစုံက မျိုးစုံအောင် ရေးပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ အချစ်အကြောင်း လိင်အကြောင်း မပါဘူး
Status တွေနဲ့ အသစ်တိုးပွားလာတဲ့ Page တွေအရ
ငါ့ထက် လက်စောင်းထက် စိတ်အားတက်တဲ့သူတွေ ရှိတဲ့အကြောင်း သိခဲ့ပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘဝနာတဲ့အကြောင်း မပါဘူး
ဖီးနစ်ငှက်ကြီးရဲ့ နာဖျားမှု နဲ့ သူ့သားသမီးတွေရဲ့သောကကို ငါ့လောကဓံက မကျော်လွန်နိုင်တဲ့အကြောင်း ဝမ်းနည်းခဲ့ရပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ကဗျာကအစ ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းတရားတွေ အကုန်လုံး မပါဘူး
ပါဝင်ပတ်သက်ခြင်း ပြုလုပ်နိုင်စွမ်း မရှိတဲ့ စိတ်ရှိလက်ရှိ တွေရဲ့ စိတ်မရှိလက်မရှိ တဲ့အကြောင်း

အဲဒါတွေလည်း မပါဘူး ။


မိုးအိမ်လူ
၆၇၂၀၁၄၀၁၁၅

စိတ်နားတွေ တံတွေးစို



အသံသာတော့ စိတ်သာတာပေါ့
ဖြစ်လွယ်ပျက်လွယ် ရပ်ဝန်းကြီးပါလေ
ပြောလွယ် ဆိုလွယ်...မေ့လွယ် ပျောက်လွယ်
ငိုလွယ် ရယ်လွယ်....ချစ်လွယ် မုန်းလွယ်
အားလုံး လွယ်လွယ်ပဲ လွယ်အိတ်တွေ လွယ်ခဲ့ကြတယ်

စိတ်သာတော့ အသံမှန်သမျှ အကုန်သာနေပြီပေါ့။

မိုးအိမ်လူ
၈.၈.၁၄

ကယောင်ကတမ်း ရေးခြစ်ခြင်းတွေ


ပုံစံခွက်လို့ မမြင်သာအောင် အခြားအရေးအသားတစ်ခုခု ပြောင်းလဲ ချင့်ချိန်သုံစွဲ အတည်ပြု လို/မလို


ကိုယ်ရေး အကြောင်းအချင်းအရာ ပုံစံခွက် ဖရိုဖရဲ သို့မဟုတ် ယိုင်နဲ့နဲ့
ကိုယ်ရည်ကိုယ်သွေး ပြောင်ပြောင်လက်လက် မတောက်မပတွေ ချိတ်ဆွဲ
တကယ့် အရေးအသားတွေမှာ .............

သတင်းတစ်ပုဒ်ဖတ် မျိုးချစ်စိတ်တွေ ဖလန
်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် လူသားချင်းစာနာစိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် မြင့်မြတ်တဲ့စိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် သူရဲကောင်းစိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် ပညာရှိမာန်စိတ်လေး ဖလန်းဖလန်း ထ
ဖလန်းဖလန်းတွေ ပြည့်နှက် လျှံထွက် ထိန်းမနိုင်သိမ်းမနိုင် ဖလန်းဖလန်းတွေ ဖြစ်လာပြီး
ဇူကာဘတ်ရဲ့ သတ်ကွင်းထဲမှာ ဘာသာစကားတွေ ချွန်ထက်ပြောင်မြောက် ဖလန်းဖလန်းထ
မျိုးချစ်ပုဂ္ဂိုလ်ကြီးလိုလို လူ့ယဉ်ကျေးကြီးလိုလို သူရဲကောင်းကြီး လိုလို ပညာရှိကြီးလိုလို ထိန်းမနိုင်သိမ်းမနိုင် ဖလန်းဖလန်းတွေ ထ
တကယ့် စိတ်အတွင်းသားတွေမှာ....

လှမ်းလို့ မမီတဲ့အခါ ခဲ နဲ့ ထုပစ်လိုက်ခြင်းက အချိန်မကုန် လူသက်သာစေတဲ့ နည်းမှန်လမ်းမှန်
ဘယ်လမ်းညွှန်က အတည်ဆိုတာ အတည်ပြုပြီးပြီလား
ခပ်တည်တည်ပဲ ကိုယ်ပိုင် စာမျက်နှာတွေမှာ ကိုယ်ပိုင် နာမည်တွေ ကိုယ်ပိုင် တွေလိုလို အတည်ပြု
ရေးနေကျ အရေးတွေ ကိုပဲ နေ့စဉ် ရေးသားမြင်တွေ့နေရတဲ့ အရေးအသားထဲ
အရေးအသားအကြောင်းကို ဘယ်သူမှ အရေးအရာလုပ် မပြောဖြစ်တော့သလိုလို
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည် ဆိုတဲ့ ပုံစံခွက်ထဲမှာ အားလုံး မလွတ်မလပ် ဖြစ်နေပုံ
အားလုံးအတူတကွ အသက်ရှူကြပ်နေပုံ အားလုံးအတူတကွ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်အခြောက်ခံနေရပုံ
လွတ်လပ်စွာပဲ ကွဲလွဲပေးလိုက်ကြပါ ..
. ဒါဟာ ပုံစံခွက်လို့ မမည်တဲ့ ပုံစံခွက်။


မိုးအိမ်လူ
၂၃ စက်တင်ဘာ ၂၀၁၄

ငါးကိုလိုက်တဲ့ ရေ



အသံပြတ်တွေနဲ့ ပျက်ယွင်းနေတဲ့ စိတ်
ဟောင်းမြေ့နေတဲ့ အဖြစ်အပျက်တွေကိုပဲ
ဘဝထင်နေတဲ့ ပုတ်သင်များ မျိုးဆက်များ
တစ်ခုခုဟာ အတည်တကျ သင့်တယ်
ပေါ်လစီ မဟုတ်ရင် ပေါ်ပင် ။

မိုးအိမ်လူ

၂၅ July ၂၀၁၄

အသက်တွေ ရှိုက်ပြီး ထုတ်



သောက်ကျိုးနည်း ကပ်ပါးကောင်တွေ မျိုးပွားနှုန်း မြင့်တက်လာခြင်းက
ဇာတ်လမ်းအချို့ရဲ့ အစ

သူ့အသံ ကိုယ့်အသံ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မြို့လမ်းမတလျှောက် မီးကျောင်းတွေလို တွားသွားခဲ့

ယနေ့ရဲ့ သစ်ပင်များ မနေ့က ရာသီဥတုကို လွမ်းဆွတ်သလိုမျိုး
ကဗျာတွေကို တငွေ့ငွေ့ပူနွေးစေခြင်းဟာ

မနက်ဖြန်ရဲ့ အကြောက်တရားတွေကို ဖျော့တော့စေတယ်
စိတ်မှာ

ကိုယ့်ကိုယ်ကို မီး ခြစ်
ဘယ်သူ မှောင် မှောင်
ဘယ်သူ လင်း လင်း
ကိုယ့်ကိုယ်ကို မီး ခြစ်

အရှိတရာကို ရှို့ပစ်လိုက်။


မိုးအိမ်လူ

( သက္ကရာဇ် တစ်ခုမှာ Donald Barthelm ကွယ်လွန်ပြီး Daniel Radcliffe မွေးဖွားတဲ့နေ့ )/2014

ငါ၏ ရက်သတ္တပတ်များ



ပြေးလွှားနေတဲ့ အရိပ်က ပင်မကိုယ်ထည်ကို ရှာဖွေနေခြင်း သက်သက်
အတ္တ ကို ရွှေရည်စိမ် သောက်သုံးသူများနှင့်တကွ
ပျောက်ဆုံးစရာ တနင်္ဂနွေ လည်းမရှိခဲ့ပါဘူး

နွေ တလျှောက်လုံး ကျွမ်းခဲ့သမျှ
မိုး နဲ့မှပဲ အငွေ့ပျံတော့တယ်

တောလယ်မှာ တောလဲသလို တောလည်ခဲ့တယ်
ငါ့အမှားကို ဒေါက်ထောက်ပြီးကြည့်နေကြသော
နှလုံးသားများနဲ့အတူ
ငယ်ပေါင်းကြီးဖော်တွေလို ရယ်မောခဲ့ပြီးပြီ။

မိုးအိမ်လူ

210720140145

အောက်စီဂျင် လိုအပ်နေသမျှ



ဒိုရေမီဖာ နဲ့ပဲ စ ကြမလား
သွေးတိုးစမ်းတယ်ခေါ်မလားပဲ
အဆင်မပြေမှုက အဆင်ပြေပြေပဲ ငါ့ကို
ခလုတ်တိုက်သွားလေရဲ့

ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းတိုင်း ဖြစ်စေမယ်
စိုင်းထီးဆိုင် ရဲ့ သီချင်းကို ခက်ဆစ်တစ်မျိုး ဖွင့်ဆို


ရှင်ခြင်းတရား မှန်ရင်
သွေးဟာ ပူနွေးနေရမယ်။

မိုးအိမ်လူ

200720140131

ပြိုလဲနေတဲ့ အရိပ်ကို ကြည့်



အလွယ်တကူ ရေရွတ်လိုက်တယ်
ငါဟာ ဖျားနာနေတဲ့ သစ်ပင်။

လက်လက်ထ နေတဲ့ မိုးစက်အေးတွေ
ငါ့ကို မိသွားခဲ့ကြပြီ။

ငါ့လက်ခုပ်နဲ့ သူ့လက်ခုပ် ထိခတ်ချိန်

နိုင်ငံရေးဟာ အဲဒီမှာ စတင်တယ်.။

မိုးအိမ်လူ

170720140049

တံစက်မြိတ်မှာ တမြိမြိ သေဆုံးခြင်း



ထုံးစံ အတိုင်း ....ဒီနေ့
ကံကြမ္မာက မိုးတိမ်မည်း ယောင်ဆောင်ပြီး သုံးခါတိတိ မိုးရွာကျ
စိတ်လှေဟာ မျှော်လင့်ချက်ကို ရွက်သဖွယ် လွှင့်တင်ပြန်တယ်
လွတ်လပ်တဲ့ အသက်ရှင်မှုနဲ့ လွတ်လပ်ခြင်း ကောင်းကင်ကို
ဘယ်တော့များမှ
မြင်
တွေ့

ခံစား ရပါ့။


မိုးအိမ်လူ

160720140108

ကဗျာ ဖြစ်ပါသည်



ကံတူ အကျိုးပေး စကားများ ဝေဆာနေ၏
မမေ့မလျော့ ပစ္စုန်ပ္ပန် သည် သေလွန်ခဲ့ပြီ
ကြက်ခြေခတ်ထားသော လမ်းများတွင်သာ ငါတို့၏ခြေရာများက ထင်ရှားတတ်၏
အတ္တ ပေါက်မထားသော ကော်ဖီပလိန်းတစ်ခွက်ဖြင့် နံနက်ခင်းကို ဖွင့်လှစ်ခဲ့ပါသည်။

မိုးအိမ်လူ

150720140010

စိတ်အစဉ်



အစဉ်တစိုက် စကားလုံးအမှားများ
စိတ်မပါပေမယ့် စာရွက် မှာပါတဲ့ အတိုင်း
အချို့ကတော့ ရှကီရာရဲ့ အနီရောင် ဇကာကွက်မှာ
ဘာတွေကို အသားပေးထားသလဲ ဒီည
တစ်ယောက်ရဲ့ အပြုံးမှာ တစ်ယောက်ရဲ့ မျက်ရည် တွေ ပေကျံကြဦးမယ်။


မိုးအိမ်လူ

၁၄၀၇၂၀၁၄၀၀၀၀

ဖြတ်စ



မရေမရာ တွေကို တိတိကျကျ သတ်ဖြတ် ပစ်လိုက်ခြင်း သတင်းများ
မိုးဥတုအောက်မှာ နွေရာသီ အခင်းအကျင်း
ငါတို့ ရေချိုးရအောင်
ဒဏ်ရာပေါ်က သွေးစတွေကို လျှာနဲ့ သပ်
အခုထိ အလင်း မစစ်သေးတာ တစ်ခုပဲ
တရားက အားလုံးကို လိုက်ဖြေပေးခဲ့တယ် ဆက်ကြောင်း တလျှောက်။


မိုးအိမ်လူ
၁၂၀၇၂၀၁၄၀၅၄၆

Sunday, August 3, 2014

တန်ကြေး မတန်ကြေး ပျော်ကြေး



ပျော်ရွှင်ခြင်းဟာ
စာအုပ်တစ်အုပ်?။ယာမကာတစ်ခွက်?။ရှိုးပွဲ?။
စာသားအချို့ ဝါကျဆီကနေ ပြုတ်ကျ ကျန်ရစ်
တစ်ခါ ရယ်တိုင်း တစ်ခုပေးလိုက်ရ
တစ်ခါ ပျော်တိုင်း တစ်ခုပေးလိုက်ရ
ပျော်ရွှင်ခြင်းဟာ.......


မိုးအိမ်လူ

3 August 2014

Status တစ်ခုဟာ ဘဝတစ်ခုလို မြည်



အမှားဆိုလည်း ဆက်လျှောက်ကြမယ် အဲဒီ ဝါကျတွေနဲ့ အတူ
ဝေ လည်း မမွှေးဘူး ကြွေလည်း မမွှေးဘူး အဲဒီတော့ အကယ်ဒမီ လည်း မရဘူး
လမ်းကြမ်းဆိုလည်း လမ်းကြမ်းဈေးအတိုင်း ဒုက္ခတော့ များများ သယ်ခဲ့ကြတယ် 
ဒီမှာ ကလစ်တစ်ချက် Enter တစ်ချက် လက်မှတ်တစ်ချက် ။

မိုးအိမ် လူ

2nd August 2014

Saturday, August 2, 2014

အမြဲ စိမ်း စိတ်

အမြဲ စိမ်း စိတ်
.........................

သစ်ရွက်ဟာ စိတ်ပေါ်ကို ကြောင်ကျ ကျတယ်
လမ်းတစ်ခုလုံး အတိတ်သေတွေနဲ့ ပြည့်ကျပ် ပုပ်ဟောင်သွားလေရဲ့
ဒီနေ့ဟာ ကမ္ဘာမတိုင်ခင် နေ့တစ်နေ့ဖြစ်မယ်လို့
နှုတ်ခမ်းအိုက အသံမမြည်ဘဲ ရေရွတ်တယ်။

မိုးအိမ်လူ

1st August 2014