Friday, November 18, 2011

ကောင်းကင်က ကြွေကျမယ့် ကာရန်




အားလုံးကို ရပ်တန့်ဖို့
ဆုံးဖြတ်လိုက်တဲ့အခါ
တိမ်တိုက်တွေဟာ
ကိုယ့်လမ်း ကိုယ် ဆက်လျှောက်ခဲ့ကြတယ်

ကိုယ်တိုင် ပါဝင်ခွင့် မရတဲ့
ပုံပြင်အချို့အတွက်
ငါ ပေးခဲ့သမျှဟာ
သက်တံတစ်စင်းထက် အဖိုးထိုက်တန်လို့

ကိုယ်ရေးကိုယ်တာ မိုးရာသီရဲ့
တယောဆွဲသံမှာ
ငါဟာ နာရီတွေကို ရွက်လွှင့်
သန်းခေါင်ယံမှာ
ကြိုးပြတ်ခဲ့တဲ့ စောင်း လိုပေါ့

ရေပေါ်မှာ ရေးခဲ့တဲ့
အရုပ်မဟုတ်တော့
သက္ကရာဇ်အချို့ရဲ့ ရှုတ်ချမှုက
ငါ့ကို ခေါင်း ကိုက်စေခဲ့

တိုက်စားမှုတို့ရဲ့ အလံထူမှု
မအောင်မြင်တဲ့အခါ
ဆောင်း မရောက်ခင်မှာပဲ
သူတို့ရဲ့ ပင်လယ်တွေ
ရေစီးကြောင်း ပြောင်းခဲ့ကြတယ်

အတိတ်ဟာ
အတိတ်ဖြစ်ကြောင်း သက်သေပြဖို့
ကန့်လန့်ကာ ချဖို့ ကြိုးစားခဲ့တာ
အခါခါ
နွေညရဲ့ အိပ်မက်အချို့
ရေချိုးဆင်းတဲ့ အချိန်မှာ
ငါ ကိုက်ဝါးခဲ့တဲ့
နီရဲရဲ ပန်းသီးဟာ
အဆိပ်သုတ်လိမ်းထားသလား
အဆိပ် သုတ်လိမ်းမထားသလား

အမှန်တရားက
နာမည်ဝှက်များစွာနဲ့
ငါ့ မျက်ခုံးပေါ် လမ်းလျှောက်
မျက်တောင်ခတ်တိုင်း
မှောင်မှောင်သွားတာ
သတိမထားမိခဲ့ဘူး

ဆူးချွန်နဲ့ ထိုးဆွတာနဲ့
ဓားတုံးတုံး နဲ့ ခုတ်တာနဲ့
နာကျင်မှုဆိုတာ
ဒိုင်ခွက်ထဲ ထည့်ပြီး
နံပါတ်နဲ့ အဆင့်ခွဲလို့ မှ မရတာလေ

ရှောင်ဖယ်သွားခဲ့တဲ့
လိပ်ပြာတစ်ကောင်ရဲ့ အတ္တက
ငါ့အတွက်
မီးပင်လယ်မှာ ရွက်လွှင့်ရသလို

နေရစ်ခဲ့ရသူက
အစဉ်အမြဲ ရှင်သန်နေတဲ့
မီးတောင်ပါ

ကိုယ့်အတွက် ကိုယ် ကြည့်တိုင်း
အတ္တ မဟုတ်သလို
သူများအတွက် ကြည့်တိုင်းလည်း
မေတ္တာမဟုတ်ဘူး

ရွက်မဲ့သစ်ပင်ရဲ့
နွမ်းပါးမှုမျိုးနဲ့
စိတ်ခံစားချက်တွေတိုင်းအတွက်
ကြွေပေးမယ့်
သစ်ရွက် မဲ့ခဲ့ပြီ

နေ့သစ်တိုင်းမှာ
စိတ်သစ်မဖြစ်နိုင်ခဲ့တဲ့
စွဲလမ်းမှုမျိုးနဲ့
ငါ့ရဲ့ နံနက်ခင်းတွေဟာ
နှင်းကွဲဖို့ မေ့နေခဲ့တယ်

ကော်ဖီတစ်ခွက်ရဲ့
စွမ်းဆောင်ရည်မျိုးနဲ့
အဲဒီအရာက
ငါ့ကို
အခုထိ ညှင်းဆဲ

အကြောင်းမကြားဘဲ ရောက်လာတဲ့
မိုးရာသီကြောင့်
ဖရိုဖရဲ ထွက်ခွာခဲ့ရတဲ့
နွေရဲ့ ဘ၀က
လမ်းဘေး ဂျစ်ပစီတွေလို

ရံဖန်ရံခါများစွာရဲ့
အတိတ်စိမ်းပေးမှုက
အတည့်ယူရမလား
ပြောင်းပြန်ယူရမလား

နှုတ်ဖျားအချို့
ပျားရည်လူးတဲ့အခါ
ငါ့ အိတ်ကပ်ထဲ
ကြက်ခြေခတ် တွေ
ဝရုန်းသုန်းကား
မဖိတ်ခေါ်ဘဲ ရောက်လာတယ်

ကံတရားဆီမှာ
အာမခံထားတဲ့
ဘ၀တွေအတွက်
မနက်ဖြန်ဟာ
အဓိပ္ပာယ်များစွာနဲ့

ကောင်းကင်က ကြွေကျလာတဲ့
ကာရန်တစ်ပိုဒ်ကို
နံနက်ခင်းတွေမှာပဲ
ခံစားခွင့် ရှိတယ် တဲ့

ဘယ်နေ့ ဘယ်အချိန်မှန်းမသိ
ငါ ဆိုခဲ့ဖူးတဲ့ သစ္စာလည်း
သောကြာနေ့မှာ
တုန်းလုန်းပက်လက်

အိပ်မက်ချိုချိုတွေပေးတဲ့
မှားယွင်းမှုလေးတွေ
လိုက်ရှာရင်း
ငါ့ရဲ့ ပြဇာတ်က
မင်းသားမလို
မင်းသမီးမလို

ဒီလို မီးစာ ကုန်ခါနီး
ဆီမီးခွက်တို့
အစွမ်းကုန် လောင်ကျွမ်းချိန်မှာပဲ
ကာရန်တစ်ပိုဒ်နဲ့
ငါ့နှလုံးသား
တေးဆိုခဲ့တယ်။

မိုးအိမ်လူ

Thursday, November 17, 2011

မိသားစု




လိပ်ပြာလေးတွေ
နှင်းဆီပင်ပေါ် ၀ဲတော့
သားငယ်လေးက
ပြေးဖမ်းတယ်

သားငယ်လေး
ကိုယ့်ခြေကိုယ် မနိုင်
ပြေးထွက်တော့
မေမေက လိုက် ထိန်းရတယ်

ဖေဖေကတော့
စိုးရိမ်တကြီး စကားသံတွေနဲ့
မေမေ့ကို မြန်မြန်ထိန်းဖို့
နှိုးဆော်လို့

ဒီလို ဖြစ်စဉ်တွေနဲ့
ခေတ်တွေပြောင်းသွားတယ်
အသက်တွေပြောင်းသွားတယ်
လူတွေ ပြောင်းသွားတယ်
ဝါဒတွေ ပြောင်းသွားတယ်

ဒီလို ဖြစ်စဉ်တွေနဲ့
သားငယ်ဟာ လိပ်ပြာလေးနောက် တကောက်ကောက် လိုက်တုန်း
မေမေဟာ သားငယ်နောက် တကောက်ကောက် လိုက်တုန်း
ဖေဖေဟာ မေမေနဲ့သားငယ်နောက်ကနေ တကြော်ကြော် အားပေးနှိုးဆော်တုန်း။

မိုးအိမ်လူ
17.11.2011

သံစဉ်တစ်ပိုဒ်နဲ့ ခြွေချခံလိုက်ရတဲ့ နွေ





တနင်္ဂနွေ တနလာင်္
ချိုးကလေး မှန်မှန်လာ

@

ကောင်းကင်မှာ ကြယ်တွေ စုံနေပြီ။ မကြာခင်မှာ ကျွန်မရဲ့ ငှက်ကလေး တေးဆိုဖို့ လာတော့မယ်။ ငှက်ကလေးရဲ့ သာယာနာပျော်ဖွယ်
တေးသံလေး ကြားရမှ နေ့တစ်နေ့ဟာ ပြည့်စုံသလို ကျွန်မ ခံစားနေမိတာ အတော်ကြာခဲ့ပြီ။ အင်း ကြာပြီသာ ပြောတာပါ နှစ်ပတ်
လောက်ပဲ ရှိဦးမလားပဲ။ ကျွန်မကလည်း ငှက်ကလေး တေးတစ်ပုဒ် ဆိုနေရင် ကမ္ဘာတစ်ခုကို ရောက်နေသလို ခံစား နေမိခဲ့လေတော့
အချိန်တွေဟာ ကျွန်မတစ်ယောက်တည်း အတွက် တစ်ကမ္ဘာစာ ကြာနေသလားပဲ။

ဒီတစ်ညတော့ ကောင်မလေးရာ
ဂစ်တာလေး တစ်လက် ကိုယ်ထမ်းလို့လာ
သံစဉ်လေးနဲ့ နင် အိပ်ဖို့ရာ
မီးလေး ဖွင့်ပါဦး

ဟော ကျွန်မ ငှက်ကလေး တေးဆိုနေပြီ။ ငှက်ကလေးတို့ အဖွဲ့ သီချင်းဆိုရင် အခြား အဖွဲ့တွေလို ပါသမျှ ကောင်လေးတွေ အကုန်
အပြိုင် ၀ိုင်းဆိုလေ့ မရှိကြဘူး။ ငှက်ကလေး တစ်ယောက်တည်း သီဆိုလေ့ရှိတယ်။ ငှက်ကလေး သီဆိုရတာ မောသွားရင်လည်း အခြား
ကောင်လေးတစ်ယောက်တည်းကပဲ သီဆိုတာ။ ဂစ်တာကိုလည်း ဖွဖွလေး တီးပြီး သီချင်း ငြိမ့်ငြိမ့်လေးတွေ သီဆိုလေ့ရှိကြတယ်။
အင်း သူတို့လာတဲ့ အချိန်ကပဲ ညဥ့်နက်ချိန် လူအိပ်ချိန်မို့လို့လားတော့မသိပါဘူး။ ဘာပဲပြောပြော အဲ့လို တစ်ယောက်တည်း သီဆိုပြီး
ဂစ်တာသံစဉ် ဖွဖွလေး တီးတဲ့ အသံလေးကို ကျွန်မ အရမ်း သဘောကျမိတယ်။

@

အင်္ဂါ ဗုဒ္ဓဟူး
ချိုးကလေး တကူးကူး

@

ငှက်ကလေးဟာ ဘယ်သူ့အတွက် သီချင်းတွေ လာလာဆိုမှန်း ကျွန်မ အစ က မသိဘူး။ နောက်မှ တစ်ခန်းကျော်က ဂျီတီစီ ကျောင်းသူ
ညီမလေးက ငှက်ကလေးတို့ အဖွဲ့ ကောင်လေးတစ်ယောက်က သူ့ကို ချစ်ရေးဆိုထားတယ်ပြောမှ အဲဒီညီမလေးအတွက် လာဆိုကြမှန်း
သိကြတာ။ အဲဒီညီမလေး ပြောစကားအရတော့ သူလည်း ငှက်ကလေးကို မသိဘူးတဲ့။ ကျန်တဲ့ကောင်လေးတွေ အကုန်လုံးကိုတော့
သူ သိသတဲ့။ ငှက်ကလေးကိုတော့ တစ်ခါမှ မမြင်ဖူးဘူးတဲ့။ အင်း ဟုတ်တော့ဟုတ်တယ် ။ နေ့ခင်းဘက်တွေမှာ လည်း မြို့ထဲဘက်တွေ
ဘာတွေ ကျွန်မထွက်ရင် ငှက်ကလေးကို အလိုလို ရှာမိတယ်။ အခုလို လမ်းမီးရောင်မှိန်မှိန်အောက်မှာ မြင်ရတဲ့ ငှက်ကလေးကို
နေ့ဘက် နေ့အလင်းရောင်အောက်မှာ ကျွန်မ ကောင်းကောင်းကြီး မြင်ဖူးချင်မိတယ်။ ဘာကြောင့်လဲတော့ ကျွန်မ ကိုယ် ကျွန်မလည်း
သေချာ ရေရာ မသိပါဘူး။ အဆိုကောင်းတဲ့ သူတစ်ယောက်ကို ကောင်းကောင်း မြင်ဖူးချင်ရုံ သက်သက်ပဲလို့ ကျွန်မကိုယ် ကျွန်မ
တွေးထင်နေမိတယ်။
လွန်ပါစေ အလွမ်းညတွေ
လွန်ပါစေ လွန်ပါစေ

ဆောင်းအကုန် နွေအကူး ရာသီဥတုက နေလို့ကောင်းနေပေမယ့် ညပိုင်းမှ အအေးဓာတ်က လုံးလုံးပျော်ကမသွားသေးတတ်ဘူး။
ငှက်ကလေးဟာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သီဆိုလို့။ ကျွန်မရဲ့ ညကမ္ဘာလေးဟာ ငှက်ကလေးရဲ့ သီချင်းသံလေးနဲ့ သာယာ
ငြိမ့်ညောင်းလို့။

@

ကြာသပတေး သောကြာ
ချိုးကလေး ကူသံသာ

@

အဲ့ဒါ ဆက် လေ လို့ ရန်ကုန်က ခဏ ပြန်လာတဲ့ အဆောင်ပိုင်ရှင် သမီး အစ်မကြီး ပြောမှ ငှက်ကလေးရဲ့ နာမည်ကို သိရတယ်။
ဆက် ဟုတ်လား နာမည်ကလည်း တစ်လုံးတည်းလား လို့ ကျွန်မက အတွန့်တက်ပြီး မေးကြည့်တော့ မဟုတ်ဘူး ညီမရဲ့ သူနဲ့သိတဲ့
ခင်တဲ့သူတိုင်းက အဖျားဆွတ်ခေါ်တဲ့နာမည် နာမည်အရင်းက လင်းဆက် တဲ့ အစ်မတို့နဲ့ ဆယ်တန်း အတူတူအောင်တာလေ။
အင်း ဆက် က စာတော်တယ်။ ငယ်ငယ်တုန်းကပေါ့။ ဆေးကျောင်းဝင်တယ်လေ။ နောက်ပိုင်း သူတို့ တွဲနေကြ သူငယ်ချင်း တွေ
ဘာပြဿနာဖြစ်ကြတယ်မသိဘူး ဆက် တစ်ယောက် ပေပေတေတေ ဖြစ်သွားတယ်။ ဆေးကျောင်းကနေ လည်း စာမေးပွဲတွေ ကျလွန်း
လို့ ထွက်လိုက်ရတယ် အဝေးသေင် ပြောင်းသွားတယ် ပြောကြပေမယ့် ကျောင်း ဆက်တက်ပုံ မပေါ်ပါဘူး လို့ အစ်မကြီးက ပြောတော့
ကျွန်မ စိတ်ထဲ အစိုင်အခဲ တစ်ခု ၀င်ရောက်သွားသလို ဆို့နင့် မွန်းကြပ်သွားတယ်။ သူ့သူငယ်ချင်းတွေနဲ့က ဘာဖြစ်တာလဲ အစ်မ ။
အဲ့ဒါတော့ အစ်မလည်း သေချာမသိဘူး။ သူတို့ ငယ်ငယ်လေးကတည်း အတူတူ ပေါင်းလာတယ် သူငယ်ချင်း ငါးယောက်ရှိတယ်လေ။
ကောင်လေး သုံးယောက် ကောင်မလေး နှစ်ယောက်။ သူတို့ အချင်းချင်း ဘာပြဿနာဖြစ်ကြတယ်ဆိုတာတော့ သူတို့ကလွဲပြီး ဘယ်သူ
မှ မသိကြရှာဘူး။ အဲဒီနောက်ပိုင်း ဆက် အပါအ၀င် အဲဒီငါးယောက်စလုံး အကြောင်း အမျိုးမျိုးနဲ့ ဒီမြို့ကနေ ထွက်သွားကြတယ်။
ကောင်မလေးနှစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ကတော့ နိုင်ငံခြား အထိ ပြောင်းသွားကြတယ်ဆိုလားပဲ။ အော် ဟုသာ ကျွန်မ
ပြန်ပြောမိတယ်။ ဘယ်လို ခက်ခဲမှုတွေက ကျွန်မရဲ့ ငှက်ကလေးကို အပေအတေ ဖြစ်စေခဲ့တာပါလိမ့်လို့ ကျွန်မ တွေးနေမိတယ်။
အခုလည်း ဆက် ဒီမြို့ကို ဘာလာလုပ်တယ် မသိဘူး။ ကလေးတွေနဲ့ပေါင်းပြီး ပေါက်တက်ကရလုပ်ဦးမယ်တူပါရဲ့။ သူတို့အဖွဲ့ထဲမှာ
ဆက် တစ်ယောက်က လူချစ်လူခင် အပေါဆုံးပဲ။ ဆက်က ဖော်ရွေတယ်။ ပျော်တတ်တယ်။ ဟာသဥာဏ်လည်း ရှိတယ်။ သူနဲ့တွေ့တဲ့
လူတိုင်း သူ့ကို ချစ်ကြ ခင်ကြတယ်။

ဘယ်ဆီကို မင်းရောက်နေလဲ
ဘာတွေကို မင်း လုပ်နေမလဲ

ကျွန်မရဲ့ ငှက်ကလေးကတော့ သီချင်းတွေ သီဆိုလို့ ကောင်းတုန်းပါပဲ။ ညီမက ဆက် ကို စိတ်ဝင်စားလို့လား လို့ အစ်မကြီးက မေး
တော့ ကျွန်မလည်း အင်းဟုတ်တယ် ဆိုပြီး ချက်ချင်းပြန်ဖြေလိုက်မိတယ်။ အော်အော် ဆက် က ချောပါတယ် လို့လည်း သူ နားလည်
သလို ကောက်ချက် ချလေတယ်။ အဲဒီတော့ ကျွန်မမှာ မနေသာဘဲ အဲ့လို မဟုတ်ဘူး အစ်မရဲ့။ ကျွန်မ သူ့ကို သေသေချာချာ တစ်ခါမှ
မမြင်ဖူးဘူး။ သူ က သီချင်းဆို သိပ်ကောင်းလို့ စိတ်ဝင်စားမိရုံ သက်သက်ပါ။ လို့ ရှင်းပြတော့ အင်း ဟုတ်တယ်လို့ ပြန်ထောက်ခံ
တယ်။ စိတ်ဝင်စားရုံက ပြဿနာ မရှိပါဘူး ညီမရဲ့ ။ အဟင်း ချစ်မိရင်တော့ သိပ်မကောင်းလှဘူး မိန်ကလေးတစ်ယောက်အတွက်လေ
လို့ ဆက်ပြောပြန်တယ်။ ချစ်တယ် မချစ်ဘူးဆိုတာ ညီမ သိပ်မသိဘူး။ ဆိုလိုတာက ညီမအနေနဲ့ အချစ်ဆိုတာကို မသိဘူး။
အချစ်ဆိုတာ ဒီလို အသံ ဒါမှမဟုတ် တစ်ခုခုကို ကြားလို့ မြင်လို့ စွဲလမ်းရုံနဲ့ ဖြစ်ပေါ်တတ်တဲ့ အရာလို့လည်း ညီမ မမြင်ဘူး။
စွဲလမ်းမှုနဲ့ အချစ်ဟာ သီခြား ဖြစ်တည်မှုကိုယ်စီနဲ့ ရှိကြတယ်လို့ ညီမ မြင်တယ်။ ချစ်လို့ စွဲလမ်းတာ စွဲလမ်းလို့ ချစ်တယ်ဆိုတာ
ဆင်ခြင်တုံတရားကို ကောင်းကောင်း အသုံးမချနိုင်တဲ့လူတွေပဲ ဖြစ်တတ်တဲ့ အမှားလို့ ညီမ မြင်တယ် လို့ ကျွန်မ ရှည်ရှည်ဝေးဝေး
ပြောပြမိတယ်။ ပြောပြီးမှ ငါ လျှာရှည်မိပြန်ပြီလို့လည်း ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိပြန်တယ်။ အစ်မကတော့ ဘာမှပြန်မပြောဘဲ
ခေါင်းလေး တညိတ်ညိတ် လုပ်ရင်း ငှက်ကလေး ရဲ့ သီချင်းသံကို နားထောင်နေသလိုလို နဲ့ နံရံကို ငေးနေလေရဲ့။
ဒီညဟာ ကောင်းကင်မှာ သောကြာကြယ် တောက်ပနိုင်မယ့် နောက်ဆုံးည ဖြစ်တယ်ဆိုတာကို နောက်နေ့ ရောက်မှ ကျွန်မ သိခဲ့ရတယ်။

@

စနေ မှာ မလာအား
ချိုးကလေး ပြန်လို့သွား

@  @  @

မိုးအိမ်လူ
၁၇ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ ထိုးပြီး တစ်မိနစ်


#..# ၂၀၀၉ ၊ ၂၀၁၀ သူငယ်ချင်းများနှင့် အတူ ကောင်မလေး အဆောင်ရှေ့မှာ သီချင်းဆိုခဲ့တာတွေကို အမှတ်ရရင်း အိပ်မက်ရှည်တစ်ပုဒ်ကို ကျွန်တော် အစ ဆွဲထုတ်မိသွားပြီ။ #..#

အဖြူရောင်ရဲ့ ချစ်သူ




အပြင်ဘက်မှာ မိုးတွေရွာရင်
ပြတင်းတံခါးကို ပိတ်တော့မှာလား
ခရမ်းရောင် ပန်းခင်းကို
အလည် မလာတော့ဘူးလား …ချစ်သူ

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒီလို မိုးတွေ အေးတဲ့ နေ့တွေကို
ဘယ်လို စိတ်ဓာတ်နဲ့မှ
ငါ ရင်မဆိုင်နိုင်တော့ဘူး

ကြက်သွေးရောင် တောက် နေတဲ့
အနောက်ဘက်ကောင်းကင်မှာ
အိပ်တန်းဝင်ဖို့
ငါ သွားတော့မယ်

သတိရခြင်းတွေ အလျှံညီးညီး မတက်ခင်
ဦးနှောက် အိုမင်းအောင် ငါ မစောင့်ချင်တော့ဘူး
ရုပ်ရှင်ကားတစ်ကားလို
မင်း ဘက်က သရုပ်ဆောင်ချက်တွေကို ကြည့်ဖို့
ငါ မစောင့်ချင်တော့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘယ်သူမှ မသိအောင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ငါ့ခြေလှမ်းတွေ နောက်ပြန်လှည့်စေမယ့်
မင်းရဲ့ သတင်းတွေ မကြားခင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

ဆံနွယ်ရှည်တွေ ဝေ့၀ဲနေတဲ့
အိပ်မက်တွေ ပီပြင်လာတဲ့ အထိ
ငါ မအိပ်စက်ရဲဘူး

မင်းရဲ့ ကိုယ်သင်းရနံ့တွေ
ငါ့ပန်းခင်းမှာ ထုံသင်းလာတဲ့အထိ
ငါ မနေရဲဘူး

အလွမ်းတွေ ပုံပေါ်လာတဲ့အထိ
မင်းကို
ငါ သတိမရရဲဘူး

အပြင်ဘက်မှာ
မိုးတွေ  တကယ်ရွာနေပါပြီ ချစ်သူ

ဘ၀ရဲ့ အနာကျင်ဆုံး
ဥပေက္ခာ တရား တစ်ခုကို
ယောကျာင်္းတစ်ယောက်ရဲ့ မျက်ရည်နဲ့ရင်းပြီး
မွေးဖွားခဲ့ရတာပါ

ဒီမိုးစက်တွေကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်
ဒီ ပန်းခင်းလေးကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း ဘာကို မုန်းတယ်ဆိုတာ ငါ မသိဘူး
မင်း ဘာကို မနှစ်သက်တတ်သလဲဆိုတာ ငါ မသိဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ နှလုံးသား ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ ငါ့ရဲ့ စိတ် ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး

ရိုးစင်းလွန်းတဲ့ မင်းရဲ့ အလှ
ဖြူစင်လွန်းတဲ့ မင်းရဲ့ စိတ်ထားလေး
ဘယ်လို စိတ်ဓာတ်မျိုးနဲ့
ငါ ထားရစ်ခဲ့နိုင်မှာလဲ

ဒီခရမ်းရောင်တောအုပ်ကို
ဘယ်လို ခွန်အားမျိုးနဲ့
ငါ ၀င်ရောက်ရမှာလဲ

ကြယ်တစ်သောင်း ခြံရံတဲ့ လမင်းနဲ့ ဝေးတဲ့
ကောင်းကင်အောက်မှာ
ငါ မှောင်မိုက်နေတော့မယ်

ပြတင်းတံခါးကို
မင်း မပိတ်ဘူးဆိုတာ ငါ သိပါတယ်

အပြင်ဘက်မှာ
မိုးတွေ တကယ် ရွာနေပြီလေ

အအေးဓာတ်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို
ငါ ဘယ်လို ဖြေဆည်ရမလဲ
မင်းရဲ့ လက်ဖ၀ါးလေးပေါ်မှာ
မိုးရေစက်တွေ ခိုနားနေမယ်ဆိုတာ
ငါ သိပါတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း မငိုပါနဲ့
အဲဒီအဖြူရောင် မိုးစက်တွေကို
ငါ ကြောက်တယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘ၀ပေးမကောင်းလို့
မင်းရဲ့ နှလုံးသား ဒဏ်ရာ ရခဲ့သလို
ဝဋ်ကြွေးရှိလို့
ငါ့နှလုံးသား သေဆုံးခဲ့ရတာပါ

မိုးတွေ စဲသွားပြီ ချစ်သူ

ကောင်ကင်ကြီးရဲ့ လက်ဆောင်
သက်တံကြီးကို မင်း ရှာနေမယ်ဆိုတာ
ငါ သိပါတယ်

နာကျင်ခြင်းများစွာနဲ့
သက်တံရဲ့ အစွန်းတစ်ဖက်မှာ
ငါ ရပ်နေပါတယ် ချစ်သူ

ရောင်စဉ်ခုနှစ်သွယ်ထက်
မင်းရဲ့ ဖြူစင်မှုလေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

မိုးရေစက်တို့ရဲ့ အေးစက်မှုထက်
မင်းရဲ့ အေးချမ်းတဲ့  မူဟန်ကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆင်ဖိုနီတွေထက်
မင်းရဲ့ ရယ်သံ လွင်လွင်လေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

သုံးရာသီနဲ့ နာရီလက်တံတို့ရဲ့ တိုက်စားမှုနဲ့
မင်း ဦးနှောက်ထဲက
ငါ့ပုံရိပ်တွေ
ပျက်ပြယ်ပါစေ

မင်း မိဘတွေရဲ့ စိတ်ချမ်းသာမှု
မင်း သူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုတွေနဲ့အတူ
မင်း နှလုံးသားထဲက ငါ့ ပုံရိပ်တွေ
ပျောက်ကွယ်ပါစေ

အထိမ်းအမှတ်နေ့ရက်များစွာနဲ့
ငါတို့ရဲ့ ပျားရည်ပေါ်က ရက်စွဲတွေမှာ
ငါ့ရဲ့ ပန်းခင်းလေး ဘယ်လောက် လှပခဲ့တဲ့ အကြောင်း
ငါ့ရဲ့ အိပ်မက်လေး ဘယ်လောက် ချိုမြိန်ခဲ့တဲ့ အကြောင်း

ချစ်သူရယ်
သက်ပြင်းရှည် တစ်ခုကို
ခပ်လေးလေးချဖို့
ငါ ဘယ်လောက်နာကျင်ခဲ့ရမယ်ဆိုတာ
မင်း သိမှာပါ

နောက်ဆို
ငါ့ရဲ့ ယုံတမ်းစကားတွေ
မင်း နားမထောင်ရတော့ဘူး

နောက်ဆို
ငါ ပေးတဲ့ ပန်းကုံးလေးတွေ
မင်း မပန်ဆင်ရတော့ဘူး

နောက်ဆို
ငါ ညည်းဆိုနေကျ သီချင်းတွေ
မင်း မကြားရတော့ဘူး

တို့မြို့သားတွေ မဟုတ်တဲ့
သူစိမ်းတို့ရဲ့ အလယ်မှာ
ငါ တစ်ယောက်တည်း
အထီးကျန်ရတော့မယ်

စွန့်ခွာထားခဲ့သူအတွက်
နေ့ရက်တွေဟာ
ဆီးနှင်းတွေ ဖုံးနေတော့မယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

နောက်ဆို
မင်းရဲ့ ဆံနွယ်ရှည်တွေကို
ငါ မနမ်းရှိုက်ရတော့ဘူး

နောက်ဆို
မင်းရဲ့ ရယ်သံလွင်လွင်လေးတွေကို
ငါ မကြားရတော့ဘူး

နောက်ဆို
မင်းအတွက် ပန်းကုံးလေးတွေ
ငါ မသီကုံးရတော့ဘူး

မင်းနဲ့အတူ ဒီမြို့လေးကို
မြှုပ်နှံဖို့ မြေနေရာ
ငါ့မှာ မရှိခဲ့ဘူး

တဆစ်ဆစ်ကိုက်စားဦးမယ့်
မင်းနဲ့ ငါရဲ့ အတိတ်ကို
ဦးနှောက်ထဲက
ဖယ်ရှားနိုင်စွမ်း
ငါ့မှာ မရှိခဲ့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

အနောက်ဘက်ကောင်းကင်မှာ
သက်တံတစ်စင်း
အိပ်စက်နေတယ် …. ချစ်သူ

အစိမ်းသက်သက် လတ်ဆတ်နေတဲ့ နှလုံးသားဒဏ်ရာ
နှလုံးခုန်တိုင်း
သွေးတွေ ၀င်ရောက်လည်ပတ်တိုင်း
ငါ့ရဲ့ အမြင်အာရုံတွေဟာေ၀၀ါးလို့

ဒါတွေဟာ မင်းရဲ့ အပြစ်မဟုတ်သလို
ငါ့ရဲ့ အပြစ်လို့လည်း မဆိုသာ
ဟို ကံကြမ္မာ လူဆိုး ကြောင့် ပါပဲကွယ်

ရှေ့ကို ရွေ့ဖို့ ငါ့ခြေလှမ်းတွေက
ဘာကို စောင့်နေကြတာလဲ
နာကျင်စရာတွေ ပြန်တွေးရင်း
ငါ အမြစ်တွယ်မိတော့မယ်

ချစ်သူရေ…
ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ်
မင်း ငါ့ကို မနာကျည်းဘူးဆိုတာ
ငါ သိပါတယ်

မင်းက အကောင်းမြင်ဝါဒီတစ်ယောက်

အကြောင်းတစ်ခုခုနဲ့ မင်း ဖြေဆည်နေမယ်ဆိုရင်
ငါ့ရဲ့ စွန့်ခွာထားရစ်မှုမှာ
ဘယ်လို ကြယ်ပွင့်မှ ပွင့်လာမှာမဟုတ်ဘူး

သူတစ်ပါး စကားကို နားမယောင်တတ်တဲ့
မင်းကို
မင်းရဲ့သူငယ်ချင်းတွေက
ဘယ်လို စကားလုံးမျိုးတွေ သုံးပြီး
ငါ့ကို ယုတ်မာစေမှာလဲ

ခေါင်းမာလွန်းတဲ့ မင်း ကို
မင်းရဲ့ မိဘတွေက
ဘယ်လို ဇာတ်လမ်းမျိုးတွေ ဆင်ပြီး
ငါ့ကို ဆိုးသွမ်းစေမှာလဲ

မင်း ပြုံးနေမယ် ဆိုတာ
ငါ သိပါတယ်….ချစ်သူ
သူတို့ရဲ့ ဇာတ်လမ်းတွေက
ငါ့ရဲ့ ယုံတမ်းစကားတွေလောက်
မင်းကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလေ

မိုးစိုနေတဲ့ လေညှင်းလေးတွေ တိုက်ခတ်လာပြီ…ချစ်သူ

ငါ့ဘ၀ကို အမှောင်ထဲ သွတ်သွင်းနေတဲ့
အတွေးတွေကို
ငါ ဘယ်လို ခါချရမလဲ

အိပ်စက်တိုင်း နှိပ်စက်ဦးမယ့် အိပ်မက်တွေ
နေ့ နဲ့ ည မှားယွင်းခဲ့ရင်တောင်
ဒီ အိပ်မက်တွေက
ငါ့ကို တိုက်ခိုက်ကြဦးမှာ

ချစ်သူရယ်
ငါ့အတွက်တော့
အချစ်ဆိုတာ
ချစ်ရတဲ့သူကို လွမ်းနေရလည်း
ပြည့်စုံနေခဲ့တဲ့ အရာပါ

ညနေချိန်တွေ ရောက်တိုင်း
ငါ ပန်းထုပ်ပေးတဲ့ ပုဝါလေးကို ကြည့်ပြီး
အလွမ်းဖြေနေဦးမှာလား

ဒါမှ မဟုတ်
ငါတို့ရဲ့ အတိတ်ကို
ပြန်လည် တူးဆွရင်း
မင်း မျက်ရည်တွေ ကျနေဦးမှာလား

ငါ့ကို မေ့လိုက်ပါ လို့
လူတွေ ပြောကြတိုင်း
ငါ့ကို သတိရနေဦးမှာလား

နာကျင်ရပါတယ် …. ချစ်သူရယ်

ဟိုးအဝေးမှာ
ငှက်တစ်အုပ် အိပ်တန်းဝင်ဖို့

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်။

မိုးအိမ်လူ

Wednesday, November 16, 2011

ရေခိုးရိုက် နှလုံးသား အချို့



မေမေနဲ့ ပတ်သက်လို့တော့ ကျွန်မ စိတ်ထဲ သိပ်မခံစားရဘူးလို့ ရှင်ထင်နေတယ်လား လို့ သူမက ကျွန်တော့်ကို မေးရင်း မြောက်ဘက်
က မြူတန်းတွေကို ဝေရီစွာ ငေးမောနေပုံက တစ်ခုခုကို ခံစားနေရပုံကို သိသာ ပေါ်လွင်စေတယ်လို့ ကျွန်တော်စိတ်ထဲ မှတ်ချက်ပြုမိရင်း
အဲ့လိုလည်း မဟုတ်ပါဘူး သူများတွေ ဆို အမေတစ်ယောက်လုံး ဆုံးပါးသွားရင် သည်းခြေပျက်မတတ် ခံစားနေတတ်ကြတယ်လေ လို့
ပြောတော့ အဟင်း ဟုတ်မှာပါ ကျွန်မက အဲ့လို မှ မခံစားတတ်တာ ဒါပေမယ့် ကျွန်မ အဲ့လို မခံစားရဘူးလို့ကော ရှင့်ကို ဘယ်သူက
ပြောလိုက်ပါလိမ့်လို့ ခနဲ့သလိုလို ကျွန်တော့်ကို ပြန်ပြီး မေးခွန်းထုတ်ပုံက တကယ့်ကို ချဉ်စရာ ကောင်းနေပေမယ့် သူ့ခဗျာ အမေဆုံးပါး
ထားတာပါလေဆိုပြီး ဘာမှ ပြန်မပြောမိအောင် ကျွန်တော်လည်း သူ ငေးတဲ့ဘက် အကြည့်တွေကို ရွှေ့ပစ်ရင်း ဆောင်းတောင် ရောက် နေ
ပြီနော် လို့ စိတ်ထဲ အစီအစဉ်မရှိဘဲ ပြောမိသွားပြီးမှ ဘာမှလည်း မဆိုင်ပါလားဆိုပြီး ကိုယ့်ကိုယ် ပြန်ရှက်နေမိပေမယ့် သူမကတော့
ဘာမှမဖြစ်သလို ငေးမြဲငေးနေရင်းက ဒီလိုဆောင်း မဟုတ်ပါဘူး ဆောင်းတော့မဟုတ်ဘူး အခုလို အရမ်းမအေးသေးဘူး မြူတွေတော့
ဆိုင်းနေပြီ အဲဒီတုန်းက မေမေက ကျွန်မကို ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ် ကျွန်မတို့ အိမ်ရှေ့ ဒန်းလေး ပေါ်မှာ ကျွန်မက မေမေ့ ပေါင်ပေါ်
မှာ ခေါင်းအုံး ပြီး မေမေ့ မျက်နှာကို ငေးကြည့် မေမေက ခြံထဲက နှင်းဆီပင်တွေကို ငေးကြည့်ရင်း တစ်ခါတုန်းက သိပ်ပြီး ရိုးအတဲ့
ကောင်မလေးတစ်ယောက်နဲ့ သိပ်ပြီး လူရည်လည်တဲ့ ကောင်လေးတစ်ယောက်ဟာ မျက်စီလည် လှမ်းမှားပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပြီး
ချစ်သူသက်တမ်း သိပ်မကြာလိုက်ဘဲ အိမ်ထောင်ပြုလိုက်ကြသတဲ့ ကောင်လေးက ကောင်မလေးအပေါ် သိပ်နိုင်စားပြီး ကောင်မလေးက
တော့ အရာရာ ကောင်လေးသဘောအတိုင်း သူ့ဘ၀ကို ကောင်လေးအပေါ်လုံးလုံးပုံအပ် ယုံကြည်ကိုးစား ပြီးနေခဲ့တယ်တဲ့ ဒီလိုနဲ့
သူတို့မှာ ရင်သွေးလေးတစ်ယောက်ရလာခဲ့ပြီးနောက် ကောင်လေးဟာ ပုံစံတွေ ပြောင်းလာခဲ့သတဲ့ နောက်ပိုင်း ကြာလာတော့
ကောင်လေးဟာ သူ့အလုပ်ကို အကြောင်းပြပြီး ခရီးတွေ ခဏခဏထွက်လာတတ်ပြီး ကောင်မလေးနဲ့ သူ့ရင်သွေးလေးအပေါ်မှာလည်း
လုံးဝ ဂရုစိုက်ခြင်း မရှိခဲ့သလို တစ်ခါမှာပေါ့ ကောင်လေး ခရီးတစ်ခု အရမ်းကို ကြာတဲ့ ခရီးတစ်ခုက အပြန်မှာ ကောင်လေးဟာ
ကောင်မလေးဆီကနေ ကွာရှင်းခွင့်တောင်းသတဲ့ ဘာဆိုဘာမှ မသိနားမလည်လွယ်တဲ့ ကောင်မလေးဟာ ဘာဆိုဘာမှကို နားမလည်
နိုင်လောက်အောင် ဖြစ်ခဲ့ပြီး ခွင့်မပြုဘူးလို့ အတန်တန် ငြင်းဆိုခဲ့တယ် ပြောရင်းဖြင့် သူမ သက်ပြင်း ချလိုက်ပြီး အဲဒီနောက်
ကောင်လေးက ကွာရှင်းခွင့်ပေးပေး မပေးပေး သူ ဒီအိမ်ကနေ ထွက်သွားတော့မယ် လို့ပြောပြီး အပြီးအပိုင် ကောင်မလေးနဲ့ သူ့ရင်သွေး
လေးကို ထားခဲ့ပြီး ထွက်သွားခဲ့တယ် ဘယ်လောက်တောင်ကြာပြီလဲဆို မေမေက ကျွန်မကို ငုံ့ကြည့်တော့ ကျွန်မက အိပ်ပျော်နေပြီ
လေ အဟား ဒီအကြောင်းတွေ နောက်မှ အန်တီလေး ပြန်ပြောပြ သိခဲ့ရတာ ကျွန်မကိုယ်ကျွန်မ အဲဒီတုန်းက ဘာလို့ အိပ်ပျော်သွားမှန်း
မသိခဲ့ဘူး တကယ်ဆို ကျွန်မ အိပ်မပျော်သင့်ခဲ့ဘူး အဲဒီတုန်းက မေမေ့ မျက်နှာကို ကျွန်မ မြင်ခဲ့ရမှာ ကြည့်ခဲ့ရမှာ အခုတော့ ဒါတွေက
ပြီးခဲ့ပါပြီ လို့ ပြောရင်း ကျွန်တော့်ဘက် တစ်ချက် လှည့်ပြီး ပြုံးပြတော့ သူမကို ငေးနေတဲ့ ကျွန်တော့်မှာ အမ်းတမ်းတမ်းဖြစ်သွားလို့
အမြန်ပဲ အကြည့်ကို အဝေးပို့ပစ်ပြီးမှ ဒါပေမယ့် ကိုယ် သိခဲ့တဲ့ တစ်လျှောက်လုံးမှာ မင်းနဲ့ မင်းအမေရဲ့ ဆက်ဆံရေးက အေးစက်
လွန်းတယ်လို့ ကိုယ် ခံစားမိတယ်လို့ ကျွန်တော့်စိတ်ထဲ ရှိတဲ့ အတိုင်း သူမကို ပြောမိပြီး မှ အားနာသလိုလို ဖြစ်သွားရပေမယ့်
ရုတ်တရက် အသံတိုးတိုးလေး ထွက်အောင်ရယ်လိုက်တဲ့သူမ ရယ်သံကြောင့် ကျွန်တော်တောင် နည်းနည်း ကြောင်ချင်သလိုလို
ဖြစ်မိသလို သူမကိုလည်း ကြောင်များသွားပြီလားလို့ စိတ်ထဲ တွေးမိတုန်း ဒါကတော့ ၇ှင်ရဲ့ ပုဂ္ဂလအမြင်လေ ရှင့်ရဲ့ ခံစားချက်ပဲ
ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အေးစက်ပါတယ် မနွေးထွေးပါဘူးလို့ ရှင့်ကို အင်း ရှင်တို့ကို မေမေက
ပြောဖူးမယ် မထင်သလိုပဲ ကျွန်မလည်း တစ်ခါမှ မပြောမိဘူးလို့ ထင်ပါတယ်လို့ ရယ်ဟဟနဲ့ ပြောပုံက လောလောလတ်လတ်
အမေဆုံးထားတဲ့ သမီးတစ်ယောက်မဟုတ်သလိုလို ပုံစံနဲ့ ဆိုတော့ ရှည်မိတဲ့လျှာကို ကိုယ့်ဘာသာကိုယ်ပဲ ဖြတ်ပစ်ချင်စိတ် ပေါက်
သွားမိရင်း အခု မင်း ပုံစံလည်း ကြည့်ပါဦး ကိုယ့်အမေတစ်ယောက်လုံး ဆုံးတာ ဘာမှမဖြစ်သလိုနဲ့လို့ ကျွန်တော်လည်း စိတ်ထဲက
အတိုင်း ပြောမိသွားတော့ သူမက ထပ်ရယ်ပြီးမှ အမေသေရင် သားသမီးတွေက အရူးတစ်ယောက်လို့ ငိုကြွေးနေရမယ်လို့ ဘယ်သူက
သတ်မှတ်ခဲ့လို့လဲ ကျွန်မအထင်တော့ အဲ့လို ငိုကြွေးတတ်တဲ့လူတွေဟာ မိဘ အသက်ရှင်စဉ်မှာ မိဘကို စိတ်ဆင်းရဲအောင် အများဆုံး
လုပ်တဲ့ လူတွေပဲ လို့ထင်တယ် သေကာမှ ကြွေးဆပ်ခွင့်တောင်းနေကြတာလေ တဲ့ ကျွန်တော်ဖြင့် ဘာပြောလို့ ပြောရမှန်းမသိတော့တာ
နဲ့ထားပါဗျာ အေးလာပြီ အထဲ သွားရအောင်လို့ စကားမြန်မြန်ဖြတ်ဖို့ ကြိုးစားတဲ့အခါ ဟင်း ဟင်း ဒေါက်တာကြီး စိတ်ရှုပ်သွားပြီ
ထင်ပါရဲ့ so sorry ပါရှင် လို့ ရယ်ဟဟ ပြောပြီး ရှေ့ကနေ အိမ်ထဲကို သွက်သွက် ၀င်သွားတော့ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကို
ဘာကို စိတ်ရှုပ်လို့ ရှုပ်မှန်းမသိ အီလည်လည်ကြီး နဲ့ နေရာက မရွေ့နိုင်ဘဲ စောစောက သူမ ငေးတဲ့ မြောက်ဘက် မြူတန်းဘက်
လှမ်းကြည့်လိုက်တော့ မြူတွေဟာ သိပ်သည်းသည်ထက် သိပ်သည်းလာပြီး အဲဒီမှာ ဘာရှိလို့ ရှိမှန်းတောင် မမြင်ရတော့ဘူး။

မိုးအိမ်လူ

၁၆  နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ ဆယ့်နှစ် မိနစ်

ကဗျာကကဗျာ ရေးတယ်




နေမထိထိုင်မသာ လောဘ ပိုး ထိုးမှုနဲ့ မနေ့တစ်နေ့( သောကြာနေ့ ) က အကြောင်း
ပြန်မတွေးချင်ဘူး
ဆိုလိုတာက ပြန်မတွေးချင်လောက်အောင် ဆိုးရွားမှု အမြင့်စားနဲ့ ထိခိုက်မိလို့ပဲ
ထိခိုက်မိတော့ နာသွားလားလို့ မေးမယ့်လူ မရှိအောင် ဆိုးရွားလွန်းတဲ့  အဲ ကံကြမ္မာလို့ပြောရမလား
ကံကြမ္မာက ကဗျာဆရာတွေ တော်တော်သုံးထားလွန်းလို့ နွမ်းကြေစုတ်ပြတ်နေပြီ ဆိုတော့ကာ
ဘာလို့သုံးရင်ကောင်းမလဲ ကောင်းမလဲ ကောင်းရင် မလဲဘူးတဲ့ မဖြစ်နိုင်ဘူး ကောင်းလို့ လဲတဲ့သူတွေ တစ်ပုံကြီး

ဒီလို အရေးအသားမျိုးကို ကဗျာလို့ ခေါ်မလား မခေါ်ဘူးလား မခေါ်ရင် စိတ်ဆိုးမှာ
စိတ်ဆိုးလည်း မတတ်နိုင် စကားလုံး အရူး တွေ တောင်ပျံ မြောက်ပျံ လုပ်နေတာမျိုးကိုတော့
အနုပညာလို့ သတ်မှတ်မပေးနိုင်ပေါင် ဘယ်သူပြောလဲ ဘယ်သူ မပြောလဲ
စိတ္တဇကို စကားလုံးနဲ့ အစာသွပ်ထားတဲ့ ကဗျာတွေ စာသားတွေကို အချိုးမညီ
ဝက်အူစုပ်ထားတဲ့ ကဗျာတွေ လိုင်းတွေကို ချိုးဖဲ့ပြီး ဂဟေ ဆက်ထားတဲ့ ကဗျာတွေ

တကယ်တော့ အနုပညာထဲမှာ မင်း မရှိလို့ ဘာမှမဖြစ်သလို ငါ မရှိလို့လည်း ဘာမှမဖြစ်ဘူး
အဲဒီလိုပဲ အနုပညာမရှိလို့လည်း ဘာမှမဖြစ်ဘူး ဆိုတဲ့ စကားမျိုးတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်း
က လူပြောသူပြော မများခဲ့တဲ့ အယူအဆ တွေ ဆိုသလိုမျိုးပဲ
ဓာတ်လိုက်နေတဲ့ ဆက်ဆံရေးတွေနဲ့ အတ္တဟိတ က နေ့လွဲညစာ လွတ် လွတ် လွတ်
ထွက်သွားပြီးတဲ့နောက် သမိုင်းဟာ စာအုပ်ထဲကနေ ကွန်ပျူတာ မက်မိုရီထဲ ပြောင်း ၀င်
ဗိုင်းရပ်စ် အပြင်းစားတွေနဲ့ အနုပညာဟာ အရောင်တွေ ဖျော့ ဖျော့ ဖိုလ်ဒါတွေ ပျောက် ဒေါ့ကူမန့်တွေ ပျောက်
ဖိုင်တွေ ပျောက် စကားလုံးတွေဟာ ကိုယ်စားပြုနိုင်စွမ်း ကျဆင်းမှုနဲ့ ကဗျာဟာ ကဗျာဟာ ကဗျာဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ  ဟာ လက်ညောင်းတော့ ဒီမှာ ရပ်လိုက်ပြီ။

မိုးအိမ်လူ

အရောင်မဲ့ ရုပ်နာမ်




ဒြပ်မဲ့ နှောင်ထုံးတစ်ခုရဲ့
ရောင်စဉ် ဖြာလွှတ်မှုမှာ
နှုတ်ခမ်းတွေ စေးကပ်လာ
စကားလုံးတွေဟာ
စကားလုံးတွေပဲ ဖြစ်ခဲ့တယ်

အဓိပ္ပာယ်များစွာကို
အရောင်ခြယ်ပြီးတဲ့နောက်
လိမ္မော်ရောင် ကောင်းကင်နဲ့
မှိုင်းညှို့နေတဲ့ မြစ်တစ်စင်းနဲ့
ရင်ဝမှာ သက်တံရဲ့ အစွန်းနှစ်ဆက်
ထိပ်တိုက် တွေ့ဆုံခဲ့

ချည်တိုင်မှာ ရုန်းဆန်မိတဲ့
အိပ်မက်တွေက
ဆည်းဆာချိန်မှာ လက်ပန်းကျလာသလို
မိုးနှောင်းဟာ
ဘယ်အချိန်မှာ ရပ်တန့်ရမလဲ မသိခဲ့ဘူး

လွန်ခဲ့တဲ့ နှစ်နှစ်က
အပြီးမသတ်ခဲ့တဲ့
ပန်းရောင် ရုပ်ထုက
သူ့ဘာသာ အ၀ါရောင် ဖန်ဆင်းပစ်တဲ့အချိန်
ငါဟာ မှန်ထဲမှာ အရောင်မဲ့လို့ နေတယ်။

မိုးအိမ်လူ

အိပ်ဆေးသောက်ခြင်း



အရေခွံ ချွတ်ခံထားရတဲ့
အိပ်မက်အချို့ရဲ့ ဖြောင့်ချက်မှာ
နောင်တက မီးလိုပူ

မကုန်နိုင်သေးတဲ့
ရှေးရေစက်ရဲ့ ဆောင်မမှုနဲ့
တွေ့ဆုံမှုတို့က အဆိပ်ဖြစ်

ဘယ်အချိန် ဘယ်ကာလ
မသိပေမယ့်
အချိန်တန်ရင် ဆိုတာက
ဝင်သက်ထွက်သက်ကို
အဓွန့်ရှည်စေ

အားလုံးကို ခ၀ါချဖို့
ကြိုးစားတဲ့အခါ
အားလုံးဟာ မာနမှာ ထစ်နေခဲ့တယ်

ရောင်းမှား ၀ယ်မှား သံသရာမှာ
ရှုံးနိမ့်ခဲ့တဲ့ အရင်းက
ဘ၀တွေ ဖြစ်တဲ့အခါ

မျက်လုံးမှိတ်လို့ အိပ်စက်တိုင်း
အိပ်မက်တွေ ၀င်မလာစေချင်။

မိုးအိမ်လူ

အိမ်


တိမ်တွေကို အမျှင်လိုက်ဆွဲထုတ်ပြီး ကွက်စိပ် ယက်ထားတဲ့ နံရံတွေ
အဲဒီနံရံတွေရဲ့ နူးညံ့မှုကို သက်ဝင်ခံစားရင်း ငြိမ်းအေးမှုတွေ ပွေ့ဖက်ကြ
ပွေ့ဖက်ထားသမျှဟာ အစစ်အမှန်တရားတွေပဲ ဖြစ်ရမယ်လို့ သတ်မှတ်လို့ မရသလို
သတ်မှတ်ထားတဲ့ အစစ်အမှန်ပျော်ရွှင်မှုမှာ အမှောင်ရနံ့တွေ စွန်းပေမနေသင့်ဘူးပေါ့

တံခါးလေးက လောကကြီးကို ဆက်သွယ်ထားတဲ့ တံတားလေး
ဘာတွေလိုအပ်နေသလဲ အရေးတကြီး မွတ်သိပ်စွာ ဘာတွေ လိုအပ်နေသလဲ
တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဆန်းစစ် ဆင်ခြင်
ဖြည့်ဆည်းခြင်းမှာ လျှံထွက်မသွားဖို့ ဂရုတစိုက်

ပြတင်းပေါက်လေးက အလင်းတွေ သယ်လာတယ် လေပြေတွေ သယ်လာတယ်
ဒီလိုပဲ ဖုန်မှုန့်တွေ သယ်လာတယ် ပိုးမွှားတွေ သယ်လာတယ် သတင်းစကားတွေ သယ်လာတယ်
ထင်းထင်းရှင်းရှင်း မြင်တွေ့မှု နဲ့ အတူ သာသာယာယာ ဆိုတဲ့ စကားလုံးလေး
အဓိပ္ပာယ်ပြည့်စုံပြီး တန်ဖိုးတက်လာသလိုမျိုး
အညှိအကြေး ကပ်ငြိမှုတွေက အဆိုးတရားကို ကောင်းကောင်းကြီး ပုံသွင်းထုဆစ်
လိုချင်ခြင်း  မလိုချင်ခြင်း နဲ့အတူ  ရယူခြင်း  လက်ခံရခြင်း  တွေလည်း အများသား
သက်ပြင်းတွေနဲ့ မောရတဲ့ ပြဿဒါးတွေ ရှိသလို
ရယ်ခြင်းတွေနဲ့ မောရတဲ့  ရက်ရာဇာတွေလည်း ကြိုကြား ကြိုကြား

ညဥ့်ဦးယံ ကြယ်တောက်ချိန်မှာ ဗုဒ္ဓအရှင်မြတ်ရဲ့ ကျောင်းသင်္ခမ်းမှာ
ပန်းလန်းတွေ  ဆီမီး ထိန်ညီးတွေ  ယိမ်းနွဲ့ အခိုးအငွေ့ အမွှေးနံသာတွေ နဲ့
မိခင်က ပရိတ်ရွတ် ၀တ်ရွတ် ၊ ဖခင်က သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ဋ္ဌာန်ကရိုဏ်းကျကျ
သားငယ်ရဲ့ သရဏဂုံ ဆောက်တည်သံ ၊ သမီးငယ်ရဲ့ မေတ္တာပို့ အမျှဝေသံ
ငြိမ်းအေးမှုကို နိုင်သလောက် မွေးမြူကြရင်း
လွှမ်းခြုံထားတဲ့ ကောင်းကင်ရောင်  အမိုးပေါ်က
ပြောင်းလဲ တိုးပွားနေတဲ့ လောကဓံတရားတွေကို သပ်ချရင်း
ချစ်ခြင်း မေတ္တာတွေ အနွေးဓာတ်  ဒီဂရီမြင့်စေခဲ့ကြ..။


   မိုးအိမ်လူ

အိပ်မက် အော်သံ




မိုးနှောင်းမှာ ရွှဲရွှဲစိုခဲ့တဲ့
အိပ်မက် တစ်ပိုဒ်
သပွတ်အူထဲမှာ ငိုကြွေးနေတဲ့
ငါ့ ၀ိဥာဉ်အတွက်
ဘယ်နေ့ ဘယ်နံ ဘယ်ယတြာ
အတိတ်မဲ့ ဦးနှောက်ရဲ့
စီစဉ်ပိုင်းဖြတ်ခြင်းမှာ
အော်ပရေးရှင်း အခန်းထဲက
အော်သံ အချို့နဲ့
သံလမ်းပေါ်မှာ ရထားတစ်ကောင်
ဟစ်အော်လို့
ကုန်ဆုံးကာနီး သက္ကရာဇ်တစ်ခုက
ဆွေးဆွေးမြေ့မြေ့ သံစဉ်တွေနဲ့
လုံးကြေနေတဲ့ ရက်စွဲထဲမှာ
ကြက်ခြေခတ် အချို့ ၀ပ်တွား
မိုးသောက်ယံ အိပ်မက်နိဂုံးဟာ
အဖျားတက်လို့ နေခဲ့တယ်။

မိုးအိမ်လူ

တစ်စက္ကန့် အတ္ထုပ္ပတ္တိ




စက္ကန့်မလပ် မွေးဖွားသေဆုံးနေသော
ခံစားမှု ကုဋေ ကုဋာများရဲ့ အဆုံး
ေ၇ာင်းတန်းဝင် သံယောဇဉ် အချို့
စွမ်းဆောင်ရည် ကျဆင်းလာခြင်း
ဘုံခုနှစ်ဆင့်မှ မေတ္တာတရားရဲ့
ရောင်စုံမိုး ဖြာသွန်းခြင်း
ဇာတ်မြုပ်သွားသော သစ္စာတရားရဲ့
ကောလဟာလ သတင်းအချို့
ဖိနပ်ပါးအောင် လျှောက်ခဲ့ပြီးမှ
လိပ်စာမှားခဲ့တဲ့ နေ့ရက်တွေနဲ့
မိုးလေ၀သ အထူးကြေငြာချက်ကြောင့်
အိမ်ခေါင်မိုး ပေါက်ပြဲသွားခြင်းမှာ
ဟိုမှာ တက်သစ်စ မော်ဒယ်လ်လေးရဲ့ ကြော်ငြာအသစ်
စက္ကန့်မလပ် မွေးဖွား သေဆုံးနေသော
ခံစားမှု ကုဋေ ကုဋာများရဲက အဆုံး..။

မိုးအိမ်လူ

လမင်းလေးနဲ့ ငါ ဝေးနေတယ်လို့ ဘယ်သူပြောသလဲ




အိပ်မက်လေးက ပြောတယ်
လွမ်းရလွန်းလို့
ညတွေကို ကြောက်နေပါပြီ တဲ့

ပန်းပွင့်လေးက ပြောတယ်
သတိရလွန်းလို့
သိမ်းထားတဲ့ ရနံ့တွေတောင် သိုးတော့မယ် တဲ့

ကောင်းကင်က ပြောတယ်
မျှော်ရလွန်းလို့
အပြာရောင်တွေ တောင် လွင့်တော့မယ် တဲ့

ကြယ်ကလေးက ပြောတယ်
အထီးကျန်ရလွန်းလို့
ကိုယ့်ကိုယ်ကို ကြွေဆင်းပစ်လိုက်တော့မယ် တဲ့

ငါ  ဘာမှပြန်မပြောမိဘူး
သူ ပြန်လာမှ ငါ့ အသက်ဓာတ် ပါလာမှာလေ
ငါ ဘာပြန်ပြောနိုင်မှာလဲ
ပြန်လာပါတော့လို့ လည်း
မပြောနိုင်ဘူး
လွမ်းလှပြီလို့လည်း
မညည်းညူနိုင်ဘူး

ဒါပေမယ့်

အခုချိန်ဆို
ငါ့ အသက်ဓာတ်လေး
ပျော်ရွှင်နေရော့မယ်။

မိုးအိမ်လူ

စကားလေး တစ်ခွန်း





စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
လေတစ်ပွေ့မှာ
ဘ၀တွေ ခြွေသွားတဲ့

စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
ပန်းပွင့်ခိုက်မှာ
ရနံ့တွေ ခြွေသွားတဲ့

စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
ကြယ်ပွင့်သံမှာ
အလွမ်းတွေ လွန့်လူးသွားတဲ့

စကားလေး တစ်ခွန်း
စကားလေး တစ်ခွန်း
စကားလေး တစ်ခွန်း

ချစ်တယ်
တဲ့။

မိုးအိမ်လူ

Friday, November 11, 2011

၁၁.၁၁.၁၁




၁၁.၁၁.၁၁ ဟာ စေတန် ကုန်ခြစ်သွားတဲ့ ကံကြမ္မာ စွပ်ကြောင်း အနက် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ဘုံမြှောက်ခံထားရတဲ့ အရူးတစ်ယောက် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ဧရိယာ 12 ထဲက နှစ်ဆယ့်လေး ကီလိုဂရမ် လေးတဲ့ မူးယစ်ဆေးဝါးအထုပ် တစ်ထုပ် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ဘင်လာဒင် ဦးနှောက်ထဲက ကျည်ဆံ ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ နက်ဝက်ဘ် တိုက်ပွဲ မှာ  အတော်ဆုံး ဟက်ကာ တစ်ယောက် ဖြစ်တယ်

သွေးကြောတွေ သံမဏိချောင်းလို မာကျောမှုနဲ့ မမြင်နိုင်တဲ့ အန်လပ်ကီးတွေက တ၀ှီးဝှီး ဦးနှောက်ထဲကို ထိုးစိုက် ဦးနှောက်က ရှောခ့်
ဖြစ်တော့ နှလုံးသား က လန့်အော်တယ် အောင်ရင်း လန့်တယ် လန့်ရင်း အော်တယ် အသံကုန် အသားကုန် ကျုံးအော် ရှိသမျှ
ခွန်အားတွေဟာ တစ်စုံတစ်ခု မကောင်းမှု အတွက် ကုန်ခမ်းခဲ့ပြီးမှ အားပြန်မဖြည့်ရသေးတဲ့ ဟန်းဖုန်းတစ်လုံးလို သတင်းတွေက
ရောက်ရှိကြောင်း ပြောပြဖို့ တိုးကြိတ် စောင့်ဆိုင်း ခေါ်ဆိုမှုတွေဟာ တိုးကြိတ် စောင့်ဆိုင်း မှုန်ရီေ၀၀ါး နံနက်ခင်းက စလို့ ခလုတ်တိုက်
လိုက်တဲ့ အကျိုးမပေးမှုက မွန်းတည့် မွန်းလွဲ ညနေစောင်းအထိ ဘက်ထရီဟာ မပြည့်နိုင်တော့ဘူး

၁၁.၁၁.၁၁ ဟာ နှစ်ထောင့် တစ်ဆယ့်တစ် နှစ်ထဲက ရက်စွဲ တစ်ခု ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ မထူးဆန်းမှုတွေ ဆင်ယင်ထားတဲ့ အထည်ကြီးပျက် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ဘယ်သူမှ စိတ်မ၀င်စားတဲ့ ဘရိတ်ကင်းနယူး ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ရင်နင့်အောင် ပိတ်ထားတဲ့ တံခါးတစ်ချပ်ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ မိုးအိမ်လူ မမက်ချင်တဲ့ အိပ်မက်တစ်ပုဒ်ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ နေလင်းထွန်း ကျခဲ့တဲ့ သံဝေဂ ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ရော်ကာကြီး ပုခုံးပေါ်က သေနတ် ဒါမှမဟုတ် လောင်ချာ ဒါမှမဟုတ် လက်နက် တစ်ခု ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ အဖြူလေး ပျောက်ဆုံးနေတဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ မောင်ရေချမ်း သောက်နေကျ ရေချမ်းချမ်းတစ်ခွက် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ကြိုးမဲ့ ရစ်နေကျ ကြိုးတစ်ချောင်း ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ တယော ရံဖန်ရံခါမှ ယူသုံးတတ်တဲ့ စကားလုံးဂိုထောင်ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ မိုဘာ ထဲက မန်ဘာတွေအတွက် ကွန့်မန့်မပေးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရတဲ့ ဘလော့ပိုစ့် တစ်ခု ဖြစ်တယ်

ပုံရိပ်ယောင်တွေကြားမှာ ပုံရိပ်စစ်ပါလို့ ဘယ်နှခါ လက်ညှိုးထောင်ဖူးသလဲ မအိပ်ဘဲနဲ့ မက်ခဲ့တဲ့ အိပ်မက် တန်းလန်းတွေနဲ့
ချုံးချုံးကျ ညတွေထဲမှာ ခွေးအူသံတွေဟာ စိတ်ကို ခြောက်ခြား ချောက်ချား ဖောက်ပြား မှောက်မှား လှန်မှား အကုန်မှား
ကဗျာစာသားတွေ ပြန့်ကျဲနေတဲ့ တတိယ ကမ္ဘာစစ်ရဲ့ စစ်မြေပြင် မှာ ကာရန်တွေ အငွေ့တထောင်းထောင်းထ စာသားအပြင်ဘက်မှာ
ငါတို့ ရှိတယ်လို့ မိုဘာက ကဗျာဆရာတွေ မဟုတ်ဘူး မြန်မာနိုင်ငံက ကဗျာဆရာတွေဟာ တညီတညွတ်တည်း ကြွေးကြော်လိုက်
တဲ့အခါ မြို့ကြီး ပြကြီး မရောက်ဖူးတဲ့ တောသား ကဗျာဆရာတစ်ယောက်က မြို့ပြဟာ မွန်းကျပ်လွန်းလှချည်ရဲ့လို့ ကဗျာတစ်ပုဒ် ရေးစပ်
ရေးစပ် လိုက်တဲ့ ကဗျာဟာ ကယ်လီဖိုနီးယားက ကဗျာဆရာတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်တဲ့

၁၁.၁၁.၁၁ ဟာ အိုဘားမား မသောက်ဖြစ်တဲ့ ကော်ဖီတစ်ခွက်
၁၁.၁၁.၁၁ ကို သိပ္ပံပညာရှင်တွေ စိတ်ဝင်တစား သုတေသနပြုကြတဲ့အခါ
၁၁.၁၁.၁၁ ဟာ မျိုးစိတ်ဗီဇ အသစ် နဲ့ ကမ္ဘာမြေကို ကယ်တင်မယ့် ဆဲလ်အသစ်တွေနဲ့
၁၁.၁၁.၁၁ ဟာ နိုဗယ်ဆုပေးဖို့ ကမ်းလှမ်းခံရတဲ့ လူလို မျောက်လို ဘာလိုလို သတ္တ၀ါတစ်ကောင် ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ ဆွံ့အ နားမကြား ဒုက္ခိတ တွေရဲ့ သီချင်း ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ မိဘမဲ့ကလေးတွေရဲ့ မရှိမာန ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ လမ်းကြိုလမ်းကြားမကျန် မူးယစ်သောက်စား တတ်သူ ဖြစ်တယ်
၁၁.၁၁.၁၁ ဟာ စကြ၀ဠာကို အလည်ထွက်မယ့် ငါးတစ်ကောင် ဖြစ်တယ်

ယုတ္တိဗေဒ နယ်ပယ်ရဲ့ အပြင်ဘက်က မသာယာဆုံးသီချင်းတွေနဲ့ ဓမ္မဓိဌာန် ကျကျ ဆုံးဖြတ်ဖို့ ခဲယဉ်းလေတဲ့အခါ မဆိုဘူး
ဓမ္မတေးတွေ မဆိုဘူး ပျော်စရာ သီချင်းတွေ မဆိုဘူး မစိုဘူး အခြောက် နပုလ္လိင် နှစ်ဆယ့်တစ်ရာစုမှာ လူရာဝင်လာတဲ့ လူတန်းစား
ကျည်ဆန်မပါတဲ့ သေနတ်တွေထမ်း ကီးဘုတ်ခလုတ်ထဲက အန်းတားကို တချက်ချက် ခေါက် သေတဲ့သူတွေ သေကုန်ပြီ နာတဲ့သူတွေ
နာကုန်ပြီ အရေးပေါ်ခန်းကို အမြန်ပို့ ဖို့ ဗိုင်းရပ်စ်တွေ ဗိုင်းရပ်စ်တွေ ဗိုင်းရပ်စ်တွေ ကဗျာဆရာ မဟုတ်ဘူး ဗိုင်းရပ်စ်တွေ အကာအကွယ်
ယူကြ မြန်မြန် ကူးစက်ကုန်ပြီ ပေါ်ပင် ယဉ်ကျေးမှု ပေါ်ပင် ၀တ်စားဆင်ယင်မှု ပေါ်ပင် လိင်ဆက်ဆံမှု ပေါ်ပင် ရိုင်းစိုင်းမှု ပေါ်ပင် ပေါ်ပင်
အပင်ပေါ်မှာ သစ်ရွက်တောင် မကျန်တော့ဘူး ထိန်းချုပ်မှုတွေ ပျက်ယွင်းကုန်ပြီ စနစ်တွေ ယိုယွင်းကုန်ပြီ ယိုယွင်းတာတွေ ယိုယွင်းကုန်ပြီ။


မိုးအိမ်လူ

၁၁ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီခွဲ ကာနီး ခုနှစ်မိနစ်အလို