Thursday, November 17, 2011

အဖြူရောင်ရဲ့ ချစ်သူ




အပြင်ဘက်မှာ မိုးတွေရွာရင်
ပြတင်းတံခါးကို ပိတ်တော့မှာလား
ခရမ်းရောင် ပန်းခင်းကို
အလည် မလာတော့ဘူးလား …ချစ်သူ

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒီလို မိုးတွေ အေးတဲ့ နေ့တွေကို
ဘယ်လို စိတ်ဓာတ်နဲ့မှ
ငါ ရင်မဆိုင်နိုင်တော့ဘူး

ကြက်သွေးရောင် တောက် နေတဲ့
အနောက်ဘက်ကောင်းကင်မှာ
အိပ်တန်းဝင်ဖို့
ငါ သွားတော့မယ်

သတိရခြင်းတွေ အလျှံညီးညီး မတက်ခင်
ဦးနှောက် အိုမင်းအောင် ငါ မစောင့်ချင်တော့ဘူး
ရုပ်ရှင်ကားတစ်ကားလို
မင်း ဘက်က သရုပ်ဆောင်ချက်တွေကို ကြည့်ဖို့
ငါ မစောင့်ချင်တော့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘယ်သူမှ မသိအောင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ငါ့ခြေလှမ်းတွေ နောက်ပြန်လှည့်စေမယ့်
မင်းရဲ့ သတင်းတွေ မကြားခင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

ဆံနွယ်ရှည်တွေ ဝေ့၀ဲနေတဲ့
အိပ်မက်တွေ ပီပြင်လာတဲ့ အထိ
ငါ မအိပ်စက်ရဲဘူး

မင်းရဲ့ ကိုယ်သင်းရနံ့တွေ
ငါ့ပန်းခင်းမှာ ထုံသင်းလာတဲ့အထိ
ငါ မနေရဲဘူး

အလွမ်းတွေ ပုံပေါ်လာတဲ့အထိ
မင်းကို
ငါ သတိမရရဲဘူး

အပြင်ဘက်မှာ
မိုးတွေ  တကယ်ရွာနေပါပြီ ချစ်သူ

ဘ၀ရဲ့ အနာကျင်ဆုံး
ဥပေက္ခာ တရား တစ်ခုကို
ယောကျာင်္းတစ်ယောက်ရဲ့ မျက်ရည်နဲ့ရင်းပြီး
မွေးဖွားခဲ့ရတာပါ

ဒီမိုးစက်တွေကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်
ဒီ ပန်းခင်းလေးကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း ဘာကို မုန်းတယ်ဆိုတာ ငါ မသိဘူး
မင်း ဘာကို မနှစ်သက်တတ်သလဲဆိုတာ ငါ မသိဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ နှလုံးသား ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ ငါ့ရဲ့ စိတ် ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး

ရိုးစင်းလွန်းတဲ့ မင်းရဲ့ အလှ
ဖြူစင်လွန်းတဲ့ မင်းရဲ့ စိတ်ထားလေး
ဘယ်လို စိတ်ဓာတ်မျိုးနဲ့
ငါ ထားရစ်ခဲ့နိုင်မှာလဲ

ဒီခရမ်းရောင်တောအုပ်ကို
ဘယ်လို ခွန်အားမျိုးနဲ့
ငါ ၀င်ရောက်ရမှာလဲ

ကြယ်တစ်သောင်း ခြံရံတဲ့ လမင်းနဲ့ ဝေးတဲ့
ကောင်းကင်အောက်မှာ
ငါ မှောင်မိုက်နေတော့မယ်

ပြတင်းတံခါးကို
မင်း မပိတ်ဘူးဆိုတာ ငါ သိပါတယ်

အပြင်ဘက်မှာ
မိုးတွေ တကယ် ရွာနေပြီလေ

အအေးဓာတ်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို
ငါ ဘယ်လို ဖြေဆည်ရမလဲ
မင်းရဲ့ လက်ဖ၀ါးလေးပေါ်မှာ
မိုးရေစက်တွေ ခိုနားနေမယ်ဆိုတာ
ငါ သိပါတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း မငိုပါနဲ့
အဲဒီအဖြူရောင် မိုးစက်တွေကို
ငါ ကြောက်တယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘ၀ပေးမကောင်းလို့
မင်းရဲ့ နှလုံးသား ဒဏ်ရာ ရခဲ့သလို
ဝဋ်ကြွေးရှိလို့
ငါ့နှလုံးသား သေဆုံးခဲ့ရတာပါ

မိုးတွေ စဲသွားပြီ ချစ်သူ

ကောင်ကင်ကြီးရဲ့ လက်ဆောင်
သက်တံကြီးကို မင်း ရှာနေမယ်ဆိုတာ
ငါ သိပါတယ်

နာကျင်ခြင်းများစွာနဲ့
သက်တံရဲ့ အစွန်းတစ်ဖက်မှာ
ငါ ရပ်နေပါတယ် ချစ်သူ

ရောင်စဉ်ခုနှစ်သွယ်ထက်
မင်းရဲ့ ဖြူစင်မှုလေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

မိုးရေစက်တို့ရဲ့ အေးစက်မှုထက်
မင်းရဲ့ အေးချမ်းတဲ့  မူဟန်ကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆင်ဖိုနီတွေထက်
မင်းရဲ့ ရယ်သံ လွင်လွင်လေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

သုံးရာသီနဲ့ နာရီလက်တံတို့ရဲ့ တိုက်စားမှုနဲ့
မင်း ဦးနှောက်ထဲက
ငါ့ပုံရိပ်တွေ
ပျက်ပြယ်ပါစေ

မင်း မိဘတွေရဲ့ စိတ်ချမ်းသာမှု
မင်း သူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုတွေနဲ့အတူ
မင်း နှလုံးသားထဲက ငါ့ ပုံရိပ်တွေ
ပျောက်ကွယ်ပါစေ

အထိမ်းအမှတ်နေ့ရက်များစွာနဲ့
ငါတို့ရဲ့ ပျားရည်ပေါ်က ရက်စွဲတွေမှာ
ငါ့ရဲ့ ပန်းခင်းလေး ဘယ်လောက် လှပခဲ့တဲ့ အကြောင်း
ငါ့ရဲ့ အိပ်မက်လေး ဘယ်လောက် ချိုမြိန်ခဲ့တဲ့ အကြောင်း

ချစ်သူရယ်
သက်ပြင်းရှည် တစ်ခုကို
ခပ်လေးလေးချဖို့
ငါ ဘယ်လောက်နာကျင်ခဲ့ရမယ်ဆိုတာ
မင်း သိမှာပါ

နောက်ဆို
ငါ့ရဲ့ ယုံတမ်းစကားတွေ
မင်း နားမထောင်ရတော့ဘူး

နောက်ဆို
ငါ ပေးတဲ့ ပန်းကုံးလေးတွေ
မင်း မပန်ဆင်ရတော့ဘူး

နောက်ဆို
ငါ ညည်းဆိုနေကျ သီချင်းတွေ
မင်း မကြားရတော့ဘူး

တို့မြို့သားတွေ မဟုတ်တဲ့
သူစိမ်းတို့ရဲ့ အလယ်မှာ
ငါ တစ်ယောက်တည်း
အထီးကျန်ရတော့မယ်

စွန့်ခွာထားခဲ့သူအတွက်
နေ့ရက်တွေဟာ
ဆီးနှင်းတွေ ဖုံးနေတော့မယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

နောက်ဆို
မင်းရဲ့ ဆံနွယ်ရှည်တွေကို
ငါ မနမ်းရှိုက်ရတော့ဘူး

နောက်ဆို
မင်းရဲ့ ရယ်သံလွင်လွင်လေးတွေကို
ငါ မကြားရတော့ဘူး

နောက်ဆို
မင်းအတွက် ပန်းကုံးလေးတွေ
ငါ မသီကုံးရတော့ဘူး

မင်းနဲ့အတူ ဒီမြို့လေးကို
မြှုပ်နှံဖို့ မြေနေရာ
ငါ့မှာ မရှိခဲ့ဘူး

တဆစ်ဆစ်ကိုက်စားဦးမယ့်
မင်းနဲ့ ငါရဲ့ အတိတ်ကို
ဦးနှောက်ထဲက
ဖယ်ရှားနိုင်စွမ်း
ငါ့မှာ မရှိခဲ့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

အနောက်ဘက်ကောင်းကင်မှာ
သက်တံတစ်စင်း
အိပ်စက်နေတယ် …. ချစ်သူ

အစိမ်းသက်သက် လတ်ဆတ်နေတဲ့ နှလုံးသားဒဏ်ရာ
နှလုံးခုန်တိုင်း
သွေးတွေ ၀င်ရောက်လည်ပတ်တိုင်း
ငါ့ရဲ့ အမြင်အာရုံတွေဟာေ၀၀ါးလို့

ဒါတွေဟာ မင်းရဲ့ အပြစ်မဟုတ်သလို
ငါ့ရဲ့ အပြစ်လို့လည်း မဆိုသာ
ဟို ကံကြမ္မာ လူဆိုး ကြောင့် ပါပဲကွယ်

ရှေ့ကို ရွေ့ဖို့ ငါ့ခြေလှမ်းတွေက
ဘာကို စောင့်နေကြတာလဲ
နာကျင်စရာတွေ ပြန်တွေးရင်း
ငါ အမြစ်တွယ်မိတော့မယ်

ချစ်သူရေ…
ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ်
မင်း ငါ့ကို မနာကျည်းဘူးဆိုတာ
ငါ သိပါတယ်

မင်းက အကောင်းမြင်ဝါဒီတစ်ယောက်

အကြောင်းတစ်ခုခုနဲ့ မင်း ဖြေဆည်နေမယ်ဆိုရင်
ငါ့ရဲ့ စွန့်ခွာထားရစ်မှုမှာ
ဘယ်လို ကြယ်ပွင့်မှ ပွင့်လာမှာမဟုတ်ဘူး

သူတစ်ပါး စကားကို နားမယောင်တတ်တဲ့
မင်းကို
မင်းရဲ့သူငယ်ချင်းတွေက
ဘယ်လို စကားလုံးမျိုးတွေ သုံးပြီး
ငါ့ကို ယုတ်မာစေမှာလဲ

ခေါင်းမာလွန်းတဲ့ မင်း ကို
မင်းရဲ့ မိဘတွေက
ဘယ်လို ဇာတ်လမ်းမျိုးတွေ ဆင်ပြီး
ငါ့ကို ဆိုးသွမ်းစေမှာလဲ

မင်း ပြုံးနေမယ် ဆိုတာ
ငါ သိပါတယ်….ချစ်သူ
သူတို့ရဲ့ ဇာတ်လမ်းတွေက
ငါ့ရဲ့ ယုံတမ်းစကားတွေလောက်
မင်းကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလေ

မိုးစိုနေတဲ့ လေညှင်းလေးတွေ တိုက်ခတ်လာပြီ…ချစ်သူ

ငါ့ဘ၀ကို အမှောင်ထဲ သွတ်သွင်းနေတဲ့
အတွေးတွေကို
ငါ ဘယ်လို ခါချရမလဲ

အိပ်စက်တိုင်း နှိပ်စက်ဦးမယ့် အိပ်မက်တွေ
နေ့ နဲ့ ည မှားယွင်းခဲ့ရင်တောင်
ဒီ အိပ်မက်တွေက
ငါ့ကို တိုက်ခိုက်ကြဦးမှာ

ချစ်သူရယ်
ငါ့အတွက်တော့
အချစ်ဆိုတာ
ချစ်ရတဲ့သူကို လွမ်းနေရလည်း
ပြည့်စုံနေခဲ့တဲ့ အရာပါ

ညနေချိန်တွေ ရောက်တိုင်း
ငါ ပန်းထုပ်ပေးတဲ့ ပုဝါလေးကို ကြည့်ပြီး
အလွမ်းဖြေနေဦးမှာလား

ဒါမှ မဟုတ်
ငါတို့ရဲ့ အတိတ်ကို
ပြန်လည် တူးဆွရင်း
မင်း မျက်ရည်တွေ ကျနေဦးမှာလား

ငါ့ကို မေ့လိုက်ပါ လို့
လူတွေ ပြောကြတိုင်း
ငါ့ကို သတိရနေဦးမှာလား

နာကျင်ရပါတယ် …. ချစ်သူရယ်

ဟိုးအဝေးမှာ
ငှက်တစ်အုပ် အိပ်တန်းဝင်ဖို့
ငါ့ကို ခေါ်နေပြီ

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်။

မိုးအိမ်လူ

No comments:

Post a Comment