Thursday, January 17, 2013

လွင့်နေတဲ့ သစ်ရွက်တွေ တိမ်နှုတ်ခမ်းမှာ



            


ဒီည အိပ်မက်မက်ပြီး မနက်လင်းတဲ့ အချိန်မှာ စာတစ်စောင် ရောက်လာတယ်။ အိပ်မက်ကို အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြချက်။ ဒါဟာ တကယ်လား။ အိပ်မက်လား။ မသေချာသေးပေမယ့် စာကို ဖတ်ပြီး တဲ့ အခါ အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ လိုက်တယ်။ စိတ်ကူးထဲက အတိုင်း။ ၀ါသနာတူ သူငယ်ချင်းတွေ ထိုင်နေကျ ကော်ဖီဆိုင်လေးကို ရောက်သွားတယ်။ အရင်ကတော့ စာပေသဘောတရားတွေအကြောင်း။ လူတွေ အကြောင်း။ ရာသီဥတုအကြောင်း။ ငြင်းခုံစကားနိုင်လုတာ မဟုတ်ဘဲ အေးအေးလူလူ ဆွေးနွေးပြောဆိုခဲ့ကြတယ်။ အခုတလော နိုင်ငံရေး အပြောင်းအလဲလေးတွေ ရှိလာတော့ စကားဝိုင်းထဲမှာ နိုင်ငံရေး အကြောင်း။ ပါတီအကြောင်း။ မီဒီယာအကြောင်း။ လူမှုရေးလုပ်ငန်းအဖွဲ့အစည်းတွေအကြောင်း။ အများအားဖြင့် ပြောဆိုဆွေးနွေးဖြစ်ကြတယ်။ အိပ်မက်အကြောင်း ပြောဖို့တောင် အခွင့်မသာလိုက်ဘူး။ အပြန်ကျတော့ ကဗျာဆရာနဲ့ စာအုပ်ဆိုင်တွေ လျှောက်ကြည့်ပြီး သီချင်းရေး ဆရာရဲ့ အိမ်ကို ရောက်သွားတယ်။ သီချင်းရေးဆရာကို မတွေ့ရတာ အတော်ကြာပြီ။ သီချင်းရေးဆရာအိမ်ကို ရောက်တော့ ဂစ်တာသံ ဖွဖွလေးနဲ့ သီချင်းညည်းသံတိုးတိုးလေးကို အရင်ကြားရတယ်။ ပြီးမှ သီချင်းရေးဆရာကို တွေ့ရတယ်။ ပြတင်းပေါက်နားမှာ နာမည်ကြီး အဆိုတော်တစ်ယောက် လက်ပိုက်ပြီး မတ်တတ်ရပ်နေတယ်။ သီချင်းရေးဆရာက သီချင်းညည်းနေရင်းက ပြုံးပြတယ်။ သီချင်းရေးဆရာ ညည်းဆို နေတဲ့ သီချင်းက အိပ်မက်အကြောင်း။ တိုက်ဆိုင်သလို ဖြစ်နေတော့ စိတ်တောင် လှုပ်ရှားချင်သွားတယ်။
အမှောင်ထဲမှာ နစ်ဝင်နေသူဟာ အိပ်မက်လေး တစ်ပုဒ်ရယ်
စွဲလမ်းခြင်းတို့ အခြေတည်ပွင့်ဖူးလာတဲ့ ပန်းလေးတစ်ပွင့်လို
စိတ်တို့ အလွှာလိုက်လှုပ်ခတ်ပြီး ပျော်ရွှင် ပြီး ငိုကြွေးမိ
အိပ်မက်ထဲက အိပ်မက်လေးတဲ့ကွယ်
နေ့ရက်တို့ ကြမ်းတမ်းခက်ထန်နေလည်း လွမ်းတယ် အိပ်မက်လေးရယ်
စိတ်က ကျောပိုးအိတ်တစ်လုံးဝယ်ဖို့ အကြောင်းဆီကို ရောက်သွားတယ်။ အခုသုံးနေတဲ့ ကျောပိုးအိတ်က တော်တော် စုတ်နေပြီ။ အသစ်တစ်လုံးဝယ်ဖို့ ကြံရွယ်ထားပေမယ့်လည်း မေ့မေ့သွားတယ်။ အဆိုတော်လေး တံခါးကို ခပ်ပြင်းပြင်း ပိတ်သွားမှ စိတ်က သီချင်းရေးဆရာဆီကို ပြန်ရောက်သွားတယ်။ သီချင်းရေးဆရာက လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတာ။ လုပ်အားနဲ့ရော။ ငွေအားနဲ့ရော။ အဆင်ပြေသလို စိတ်နှစ်ပြီး လုပ်နေတယ်ဆိုပဲ။ ထွေရာလေးပါးတွေ ပြောဆိုပြီး တော့ အိမ်ကို ပြန်ခဲ့တယ်။ ညနေတောင်စောင်းသွားပြီ။ ဘာဆက်ရေးရင် ကောင်းမလဲ စဉ်းစားလို့ မရဘူး။ ကိုယ်ဖြစ်ချင်တာတွေ အဆင်ပြေသလို ရေးပြီးသွားပေမယ့် ဘာအကြောင်းရေးရမလဲ ဆိုတာ စိတ်ထဲမှာ မယ်မယ်ရရ မရှိသေးဘူး။ ဇာတ်လမ်းတွေ ဆင်ရတာ ပျင်းလာပြီ။ ပေးနေကျ။ ပြောနေကျ။ ကြားနေကျ။ မက်ဆေ့ခ်ျ။ အကြောင်းအရာ။ အတွေးစ။ အဲဒါတွေ ပေးနေ ပြောနေရတာ ပျင်းလာပြီ။ ရသခံစားမှု အပြည့်အ၀ပေးချင်ပေမယ့်လည်း။ အခြားတစ်ဖက်မှာ မပေးချင်ပြန်ဘူး။ အိပ်မက်ထဲကနေ ကွယ်ဝှက်ထားတဲ့ စိတ်တွေ ထွက်ကျလာတယ်။ စကားလုံးတွေ ထွက်ကျလာတယ်။ ထိတွေ့ ဆက်ဆံနေရသမျှ သက်ရှိသက်မဲ့။  သတ္တ၀ါ။ အရာဝတ္ထု ။ အရာအားလုံးကို ပျင်းရိတဲ့ စိတ်ဟာ စိတ်ကုန် စိတ်ဓာတ်ကျတဲ့ အထိဖြစ်လာတယ်။ သီချင်းသံ သဲ့သဲ့ ကြားရတယ်။ သီချင်းသံ အေးအေးလေး ကြားရတယ်။ ၀ါးရုံပင်စု လေးတွေ ၀န်းရံထားတဲ့ ၀ါးအိမ်ပုလေး။ အိမ်လေးရဲ့ ရှေ့တလင်းပြင်ဟာ အမှိုက်သရိုက်ကင်းစင်ပြီး ။ ၀ါးခုံတန်းလေးနှစ်ခု ရှိတယ်။ သီချင်းရေးဆရာရဲ့ သားငယ်လေးက သုံးနှစ်သားအရွယ်။ ငှက်သေးသေးလေးတွေနဲ့ ကစားတယ်။ မပီကလာ ပီကလာနဲ့ စကားတွေ တတွတ်တွတ် ပြောတယ်။ သီချင်းရေးဆရာရဲ့ အိမ်လေးဆီကို တစ်ပတ်တစ်ခါ လာလည်တဲ့သူက ကဗျာဆရာ။ ကဗျာဆရာရဲ့ ၀ါးအိမ်လေးက သီချင်းရေးဆရာရဲ့ အိမ်နဲ့ တစ်ဖာလုံလောက်ပဲ ဝေးတာ။ တောလမ်းကလေး ကလည်းသာသာယာယာ။ သီချင်းရေးဆရာနဲ့ ကဗျာဆရာကတော့ ငြိမ်းချမ်းရေးထက်ပိုတဲ့ ငြိမ်းအေးမှုကို ရှာဖွေထုဆစ်နေ ကြတာတဲ့။ ပျင်းရိစရာပါ။ မီးမရှိ ။ ရေမရှိနဲ့။ ဖျော်ဖြေရေးပစ္စည်း တစ်ခုမှ မရှိဘူး။ ရေဒီယိုတောင် အနည်းဆုံးအနေနဲ့ မရှိ ဘူး။ သူတို့ကတော့ ပျော်နေတာပဲ။ သူတို့ရဲ့ ကဗျာတွေ သီချင်းတွေဟာ အေးချမ်းနေတယ်။ လောဘမရှိ။ ဒေါသမရှိ။ လူ့ရဲ့စိတ်ကို အမှန်အတိုင်း ကုန်စင်အောင် ထုတ်ဖော်ရမယ်။ ကောင်းတာကို ချန်ပြီး မကောင်းတာကို မကောင်းမှန်း စိတ် ထဲက လက်ခံပြီး နှုတ်ပယ်ရမယ်။ စိတ်ကို ဖိနှိပ်ထားရင် အုံကြွလာမှာပဲ။ ထိန်းချုပ်ရမယ်လို့ လက်ခံပြီး ထိန်းချုပ်ခြင်း မဟုတ်ဘဲ။ ထိန်းချုပ်ရမယ်လို့ ဖိအားပေးပြီး ထိန်းချုပ်ရင် ပွင့်ထွက်ကုန်မယ်။ အကုန်လုံး ဖရိုဖရဲဖြစ်ကုန်မယ်။ စိတ်ကို သာ အမှန်အတိုင်း မြင်အောင် ကြည့်နိုင်ရင် ။ အမှန်အတိုင်း ထားနိုင်ရင်။ အမြင့်ဆုံး ယဉ်ကျေးမှုကို ပိုင်ဆိုင်နိုင်ပြီပဲ။ တရားဟော ဆရာလေးက ပြောသွားတာ။ သီချင်းရေးဆရာနဲ့ ကဗျာဆရာကတော့ ခပ်ပြုံးပြုံးလေးပဲ။ လူရဲ့ အသိဥာဏ်ကို မြှင့်တင်ခြင်း ဟာ အကောင်းဆုံး ယဉ်ကျေးမှုကို ရဖို့ရာ လမ်းပဲ။ ပန်းချီဆရာက ပြောတယ်။ ဟိုးကောင်ကင်းမှာ လမင်းကြီးသာနေတာ မြင်ရင် ဘာကြောင့် ပျော်ရွှင်နေရတာလဲ။ ပန်းကလေးတွေ နွမ်းတာမြင်ရင် ဘာကြောင့် ၀မ်းနည်းနေရတာလဲ။ သဘာဝ တရားကြီးနဲ့ ထပ်တူထပ်မျှ ခံစားတတ်ခြင်းဟာ ယဉ်ကျေးမှုပဲ။ ကဗျာဆရာက ကဗျာတစ်ပုဒ်ရွတ်နေသလိုပဲ။ တို့တတွေ ဒီအကြောင်းကို ပြောနေကြတာဟာ စစ်မှန်တဲ့ အမှန်တရားလား။ အတ္တနဲ့ ပရ။ ရှင်းနေတဲ့ အရာဟာ ရှုပ်ထွေးသွားတယ်။ ရှုပ်ထွေးနေတဲ့ အရာဟာ ရှင်းလင်းနေတယ်။ ပကတိဖြစ်တည်မှုကို မမြင်ရတော့ဘူး။ အားလုံးဟာ သုညပဲ။ ဒါပေမယ့် သုည ထက်ပိုတဲ့ တန်ဖိုးတွေ ရှိနေတယ်လို့ မြင်တဲ့ စိတ်နဲ့။ အားလုံးဟာ သုညထက် ပိုပြီး တန်ဖိုးနည်းနေကြတယ်။ ၀ါးရွက်များ ဖြင့် မြေပြင်ဟာ ရှုပ်ပွသွားတယ်။ လမင်းကို တိမ်မည်း ဖုံးသွားတယ်။ ပြတင်းတံခါးဘောင်ပေါ်ကို ငှက်ဝါတစ်ကောင် လာ နားနေလေရဲ့။ သီချင်းရေးဆရာ။ ကဗျာဆရာ။ တရားဟောဆရာ။ ပန်းချီဆရာ။ တောလမ်းကလေးအတိုင်း တရွေ့ရွေ့နဲ့ တောအုပ်လေးထဲကို တိုးဝင်ပျောက်ကွယ်သွားတယ်။ စာရွက်ပေါ်မှာတော့ စကားလုံးတွေ အဖြစ်။ ကဗျာရေးရင်ကောင်းမ လား။ စကားလုံးတွေ တလှုပ်လှုပ်။ မနေ့က ရေးခဲ့တဲ့စကားလုံးတွေ ဒီနေ့ ပြန်သုံးမိပြန်တယ်။ ဒီနေ့ ။ မနက်ဖြန်။ တနင်္ဂနွေ။ တနလာၤ။ နေ့ရက်တွေ ။ ကုန်ဆုံးပြီး ဆက်လက် ကုန်ဆုံး။ ဘာတွေ ကျန်ခဲ့သလဲ။ ဘာတွေ ကျန်သင့်သလဲ။ ဘာတွေ ဖြစ်သင့်သလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်သင့်သလဲ။ ရှိနေဆဲ အသက်ဓာတ်ဟာ အစစ်အမှန်တရား။ အမှန်တရားကကော ဘယ်လောက်အထိ အရေးပါလို့လဲ။ အတ္တထဲက ရုန်းမထွက်နိုင်တဲ့ အတ္တ။ ဖြစ်ရပ်။ အဖြစ်အပျက်။ ခံစားမှု။ ရသ။ အတွေး။ အရေးကြီးတာ ဘာရှိသလဲ။ အမြင်မှားတွေ အထပ်ထပ်နဲ့ အယူတွေမှားတယ်။ ဘယ်လောက် အထိ။ နွေညခင်းကြီးထဲ လေပြေတွေ ခရီးနှင်လာတယ်။ အနုပညာတောအုပ်လေးမှာ မီးအိမ်တွေ မမှိတ်သေးဘူး။ ကြယ် အကြွေစောင့်တဲ့ အိပ်မက်တွေလည်း ခေါင်မိုးပေါ်မှာ ကပိုကရို။ သီချင်းရေးဆရာက တူရိယာတစ်ခုနဲ့ သီချင်းရေးနေတယ်။ ကဗျာဆရာက ကဗျာရေးနေတယ်။ ပန်းချီဆရာက ပန်းချီရေးနေတယ်။ အထပ်မြင့်တိုက်ခန်းထဲမှာ။ ၀ါးအိမ်ပုလေးထဲမှာ။ အရာအားလုံး ပြိုကျပြီး။ စိတ်တစ်ခုထဲနဲ့ လင်းလက်နေဆဲ။ ကိုယ်ပိုင် အမှန်တရားနဲ့ ။ ကိုယ်ပိုင်အလင်းနဲ့။ အမှောင်ဟာ ရွေ့နေဆဲ။ အိပ်မက်တွေ ပြယ်လွင့်ဆဲ။ ရှေ့က အကြောင်းတရားတွေ အကုန်လုံး အတိတ်ထဲ ထားခဲ့ပြီး။ ပစ္စုပ္ပုန်စိတ် မျောလွင့်မှုနဲ့။ ကျွန်တော်လည်း စာတွေ ရေးနေဆဲ။ ၀တ္ထုမဟုတ်တဲ့ ၀တ္ထုတွေ။ ကဗျာမဟုတ်တဲ့ ကဗျာတွေ။ ရေးသားခြင်း မှာပဲ စိတ်ကို နှစ်ထားပြီး။ စကားလုံးတွေ တန်းစီ ကပိုကရို ချထားပြီးတော့။

                                      *
မိုးအိမ်လူ

No comments:

Post a Comment