Thursday, January 17, 2013

လန့်နိုးသံ



.


နံရံကို တစ်စုံတစ်ယောက် ကုတ်ခြစ်နေသလို အသံကြားရ၍ ကဗျာဆရာ အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။ ကုတင်ပေါ်မှ ဆင်း၍ အခန်းမီးကို ဖွင့်လိုက်သော အခါ အသံက ပျောက်သွားသည်။ ကုတင်ခြေရင်းတွင် စာတစ်စောင် ခပ်ဟဟလေး လဲလျောင်းနေသည်။ ကဗျာဆရာ နာရီကို ကြည့်လိုက် တော့ ည နှစ်နာရီ ဆယ်မိနစ် ရှိနေပြီ။ စာကို ကောက်ယူ၍ ကုတင်ပေါ် လဲလျောင်းရင်း ဖတ်ကြည့်လိုက် တော့ ကမ္ဘာဦး ပုံပြင် တစ်ပုဒ် အကြောင်း ရေးထားသော စာ ဖြစ်နေသည်။
ဖြူဝင်းကြီးမားသော နှင်းဖတ်ကြီးများသည် လူသား၏ ခန္ဓာကိုယ်ပေါ်သို့ တဘုတ်ဘုတ်နှင့် ထိရိုက်
ကျဆင်းနေလေ၏။ လူသားသည် အေးစက်လွန်း၍ တောင့်ခဲမတတ် ဖြစ်နေသည်။ လူသား၏ ရှေ့
တွင် ရေခဲမြစ်ကြီးတစ်စင်း တည်ရှိ၏။ ရေခဲမြစ်ကြီး၏ ရေမျက်နှာပြင်သည် ရေခဲပြင် အတိနှင့် ရေခဲ
ပြင်၏ အောက်ဝယ် ရေများ ဒရကြမ်း စီးဆင်းနေသည်ကို ရေခဲပြင်ကို ထိုးဖောက်၍ မြင်နေရသည်
ရေခဲပြင်၏ တစ်ဖက် ဝေးလံသော နေရာတွင်တောမီးတို့ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေ၏။
လူသားသည် တောမီးကို မမှိတ်မသုန်ကြည့်နေရင်း….

တဂျစ်ဂျစ်နှင့် နံရံကို ကုတ်ခြစ်သံ ပြန်၍ ထွက်ပေါ်လာပြန်သည်။ ကဗျာဆရာသည် လဲလျောင်းနေရာမှ ထ၍ မီးဖိုခန်းထဲ ၀င်ခဲ့သည်။မီးဖိုခန်းတစ်ခုလုံး ရှုပ်ပွနေသည်။ ဆောင်းရာသီ အကြွင်းအကျန်များ၊ မလျှော်ဖွတ်ရသေးသော ကုတ်အင်္ကျီညိုညစ်ညစ် တို့ လို့ တွဲလောင်း၊ ကြွက်ကိုက်ထားသော မွေးနေ့ ည၊ လမ်းပျောက်နေသော ဒိုင်ယာရီ စာအုပ်၊ နာရီတံ မိနစ်တံ စက္ကန့် တံ လောက်တက်များ စသဖြင့် မြင်မကောင်းအောင်ပင် ရှုပ်ပွနေသည်။ ကဗျာဆရာသည် ဗုံးရှောင်သော စစ်သားတစ်ယောက်လို ဟိုရှောင်ဒီကွင်း လမ်းလျှောက်၍ ရေခဲသေတ္တထဲမှ ၀ီစကီပုလင်းကို ယူလိုက်သည်။ ၀ီစကီ နှစ်ပက်လောက် သောက်ပြီးသောအခါမှ ကဗျာဆရာ နေသာထိုင်သာရှိသွား သလိုနှင့် အိပ်ခန်းထဲ ပြန်လာခဲ့သည်။ တိတ်ဆိတ်သံတို့ ဖြင့် ငြိမ်သက်နေသော အခန်းထဲတွင် ကဗျာဆရာ၏ ရွေ့ လျားသံသာ လှုပ်ခတ်လျက် ရှိသည်။ ကဗျာဆရာသည် စာရေးစားပွဲမှာ ထိုင်လိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ရေးလက်စ ကဗျာများ သိမ်းထားရာ ဖိုင်ကို ဖွင့်လိုက်သည်။ စာကြောင်းအတိုအစများ၊ စကားလုံး အပြတ်အတောက်များ ငိုက်မျဉ်းလျက်။ ကဗျာဆရာသည် သူ၏ ရေးလက်စကဗျာများကို အဓိပ္ပာယ်မဲ့ ဖတ်နေမိသည်။

          မျှော်လင့်ခြင်း အသားမပြည့်ဝသေးသော ငါ၏ ပစ္စက္ခ လူမဖြစ်မှု
          တောင့်တမိတယ်...တောင့်တမိတယ်...တောင့်တမိတယ်

                                  ----------------

          ငါ့အတွေးတွေကို တွန်းဖွင့်ဝင်လာတဲ့ တနင်္ဂနွေ အော်သံများ
          ငါ့ခြေလှမ်းတွေကို ယိုင်ထိုးစေတဲ့ တနင်္ဂနွေ တိမ်တိုက်များ
          တနင်္ဂနွေဟာ ငါ့အတွက် မဟုတ်ခဲ့ဘူး
          တနင်္ဂနွေဟာ ငါ့အတွက် မရှိခဲ့ဘူး
          တနင်္ဂနွေ တစ္ဆေဟာ

                                 -----------------

          အ၀ါရောင် နံနက်ခင်း  အ၀ါရောင် နံနက်စာ  အ၀ါရောင် အကြည့်
          အ၀ါရောင် နှင်းဆီ  အ၀ါရောင် ကုတ်အင်္ကျီ  အ၀ါရောင် အနမ်း
          အ၀ါရောင် စိတ္တဇ  အ၀ါရောင် မျှော်လင့်ချက်  အ၀ါရောင် အိပ်မက်

                                ------------------
အ၀ါရောင် ရနံ့ကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ နွေရာသီ၏ ဒိုင်ယာရီစာမျက်နှာတွင် အ၀ါရောင်များ လှိုင်းထ ပွင့်ဝေလျက်။ ကဗျာဆရာ၏ အီးမေးလ် ဘောက်စ် ထဲတွင် အီးမေးလ် အသစ်သုံး စောင် ရောက်နေသည်။ ကဗျာဆရာသည် ပထမမေးလ်ကို ကလစ်ပေး၍ ဖွင့်လိုက်သည်။

နေကောင်းရဲ့လား …သား။ အဖေတို့ကို သား မဆက်သွယ်တာ ကြာပြီနော်။ အဖေတို့ အားလုံး
ကျန်းမာကြပါတယ်။ သားရော အဆင်ပြေရဲ့လား။ အခု အဖေတို့ ခြံလေးထဲမှာ သား စိုက်ခဲ့တဲ့
နှင်းဆီပင်က အ၀ါရောင် နှင်းဆီပန်းတွေ ပွင့်နေပြီ…သား။ မင်းအမေကတော့ ပျော်ရွှင်ကြည်နူးလို့ပဲ
အချို့အ၀က်ကို ဘုရားမှာ ပူဇော်ထားတယ်။ မင်း ပြန်လာဖို့ အစီအစဉ်ရှိရင် အဖေတို့ကို ကြိုတင်
အကြောင်းကြားပါ။ ကိုယ့်ကိုယ်ကို လည်း ဂရုစိုက်နေထိုင်ပါ …သား။ အဖေတို့ကိုလည်း ဆက်
သွယ်ပါ။

ချစ်တဲ့
အဖေ

အိမ်ဝေးငှက်၏ ရင်ဘတ်ကို အလွမ်းတို့ ရိုက်ခတ်ကြ၏။ သံယောဇဉ်တို့ မီးတောက်ကြိုးတန်းများ သဖွယ် နှလုံးသားကို လောင်ကျွမ်းပူလောင်စေကြ၏။ နာရီစင်အိုပေါ်မှ နောင်တ လတ်လတ်ဆတ်ဆတ်များ ကြွေကျနေသည်။ အတွေးများ ရုန်းကြွ တွန်းထိုးရင်း ဒဏ်ရာများကို နှိုးဆွနေသလိုလို နာကျင်မှုတို့ အသားမသေနိုင်ကြတော့။ ဒုတိယမေးလ်ကို ကဗျာဆရာ ဖွင့်လိုက်သည်။

အမှောင်၏ ဆွဲဆောင်မှု စကားလုံးများ ပျော်ဝင်ပျောက်ရှနေ၏။
ပျော်ဝင်ပျောက်ရှနေသော စကားလုံးများသည် အမှောင်၏ ဆွဲဆောင်မှု
စကားလုံးများသည် အမှောင်၏ ဆွဲဆောင်မှု၌ ပျော်ဝင်ပျောက်ရှ……။
အရေးအသား မစစ်သော အရေးအသားများ။ ကဗျာမစစ်သော ကဗျာများ။
နှလုံးသားနှင့် ဦးနှောက်ကို တံတားထိုးထားသော ရနံ့ တစ်စ။
အ၀ါရည်တွေ ယိုဖိတ်ကျစင်နေသာ ကဗျာ။

ကဗျာက ကဗျာဆရာထံ ပေးပို့လိုက်သော မေးလ် ဖြစ်သည်။ နားလည်ရခက်ခဲသည်။ နားမလည်ပါ။ ကဗျာပြောသော စကားများကို ကဗျာဆရာနားမလည်ပါ။ ကဗျာနှင့် ကဗျာဆရာတို့ ဤကဲ့သို့နားလည်မှု မရခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နားလည်အောင် ကြိုးစားလေ ပို၍ နားမလည်လေ ဖြစ်ခဲ့ရသော ကာလများကို ကဗျာဆရာ သတိရမိသေးသည်။ အခုတော့ နားလည်အောင် မကြိုးစားတော့။ နားလည်ဖို့လည်း စိတ်မ၀င်စားတော့။ ကဗျာဆရာလည်း ကဗျာဆရာ ယုံကြည်ရာအလျောက်။ ကဗျာလည်း ကဗျာယုံကြည်ရာ အလျောက်။ တတိယမေးလ်ကို ကဗျာဆရာဖွင့်လိုက်သည်။

ရနံ့တွေ မသန့်စင်တော့ဘူး…… သူငယ်ချင်း။
ဝါသနာက အသက်မွေးဝမ်းကျောင်း ကို သတ်နေပြီ။ ဒါမှမဟုတ်
အသက်မွေးဝမ်းကျောင်းက ၀ါသနာကို သတ်နေပြီ။
သေချာတာကတော့
ယုံကြည်ချက်ကို ငါ သတ်လိုက်မိပြီ။
စိတ်နဲ့ ငါဟာ တကွဲတပြားစီ။ နာကျင်မိတယ်….. သူငယ်ချင်းရာ။
အခုတော့ ရနံ့ တွေ မသန့်စင်တော့ဘူး။
ဒီလိုတွေ ဖြစ်လိမ့်မယ်လို့ သူငယ်ချင်းကို ကဗျာဆရာ သတိပေးခဲ့ဖူးသည်။ အခုတော့ သူငယ်ချင်း ပြောသလိုပဲ ရနံ့တွေ မသန့်စင်တော့ဘူးပေါ့။ ဘာတတ်နိုင်မှာလဲ။

*
နံနက်ခင်း နေထွက်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန် လန့်နိုးခြင်း လား။ မန်နေဂျာ၏ အော်သံကြောင့် ကဗျာဆရာလန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ ကားဟွန်းတီး သံကြောင့် ကဗျာဆရာလန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ တိမ်တိုက်တစ်အုပ် ပြုတ်ကျသံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ ငှက်တစ်အုပ် အော်ရယ်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ကဗျာသံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။လန့်နိုးသံ ကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ အစစ်အမှန်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ……. …… …..။

*

မိုးအိမ်လူ


ရနံ့သစ် ၊ ဧပြီ  ၂၀၁၃

No comments:

Post a Comment