မြို့ပြ၏ မိုးရာသီနောက်ဆုံးနေ့များ သီအိုရီအတိုင်း လည်ပတ်နေပုံသည် ယန္တရား ဆန်ဆန်
တကယ်က အရာအားလုံး ယန္တရား ဆန်ခဲ့ကြသည်ပဲ မဟုတ်လား။
လှောင်ပြောင်ရယ်မောစရာများ၊ စိတ်ညစ်ညူးဖွယ်ရာများ ပြီးသည့်အခါ ကြည်နူးနွေးထွေးမှုများ ထီးတစ်ချောင်းအောက်တွင်
ဖူးပွင့်ခဲ့ပြီ မဟုတ်လား။
ဧရာဝတီမြစ်ကို မြင်ရသည့်အခါ အတွေးများ ကျယ်ပြန့်ရှည်လျားရပြီး
မြစ်ကမ်းနံဘေးတွင် ထိုင်ရင်း ဖြတ်သွားဖြတ်လာများကို ကြည့်ရသည့်အခါ အမြင်များ ကျယ်ပြန့်ရှည်လျားရ၏။
မြစ်တစ်စင်းကို ခွေလိပ်ထိုးသိပ် ထည့်ထားခဲ့သော စာအုပ်ဟောင်းများ၊စာရွက်အတိုအစ အဟောင်းများ ရှိခဲ့ပြီ မဟုတ်လား။
ကောက်ရိုးမီးသဖွယ် စည်းစနစ်ကျမှုသည် ရာသီအစများတွင် ဟုန်းခနဲ
အချိန်ကို တိရိသေသပ်ဖို့ ကြိုးစားသော သူရဲကောင်းတစ်ယောက်၏ ဓားသည် ဟောင်းဆွေး တုံးတိနေခဲ့ပြီ မဟုတ်လား။
ပွင့်ဖတ်များပေါ်မှ တက်တူးရုပ်သည် ပေါ်ပင်ငြိမ်းချမ်းရေး မဟုတ်
အမြီးကျက် လျှင် အမြီးစားမည့်သူ အဆင်သင့်ရှိ၍
ခေါင်းကျက်လျှင် ခေါင်းစားမည့်သူ အဆင်သင့်ရှိပြီး ဖြစ်၏
ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်း၍
လက်နက်သစ်များအပြိုင်အဆိုင်ထုတ်၍ စစ်ပွဲများ အပြန်အလှန် စတင်ခဲ့ကြသည် မဟုတ်လား။
စီးပွားရေးဆိုသည်မှာ အမြင်ရှိဖို့ပဲ လို၏
အာဏာရှင် ဖြစ်စရာမလို ဒုက္ခသည်တို့၏ မျက်ရည်ကို ခု၍လည်း ပန်းတိုင်ရောက်နိုင်၏
အနည်းငယ် ယုတ်မာရသည်ပေါ့
ယုတ်မာနိုင်ခဲ့လို့ ယုတ်မာခဲ့ပြီးကြပြီ မဟုတ်လား။
ဗိုင်းရပ်စ်များ ကဲ့သို့ အဖျက်ပိုးမွှားများ ရှိမှသာ ပဋိဇီဝဆေးများလည်း ရှိနိုင်မည်
သူရှိမှ ကိုယ်ရှိ အပြန်အလှန်မှီခို ဆက်ဆံ ရုန်းကန် ဝံ့ကြွားခဲ့ကြပြီး
မိုးရေထဲမှာပင် မီးခိုးများ အူထွက်နေတတ်ခဲ့ကြပြီ မဟုတ်လား။
မိုးအိမ်လူ
၁၁.၉.၂၀၁၆
ည ၁၀နာရီ ၂၀မိနစ်
No comments:
Post a Comment