Tuesday, May 20, 2014

မြို့အရိပ် မြို့အယောင်




မနက်ဖြန်တွေကို ကြောက်တယ်

လို့ သူကပြောတော့ ကျွန်တော် သူ့ကို တစ်ချက် လှည့်ကြည့်မိသည်။ ဘာကို ကြောက်တာလဲ လို့ ထပ်မေးမိသည်။ မနက်ဖြန်တွေကို ကြောက်တာလေ လို့ သူက ထပ်ပြောသည်။ မှားသွားလို့။ ဘာလို့ ကြောက်တာလဲ လို့ ကျွန်တော် မေးခွန်းကို ပြင် မေးလိုက်သည်။ ဘာမှ မသိရလို့ ကြောက်တာ။ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ သေချာ မသိရလို့ ကြောက်တာ။ လို့ သူက ကလေး ဆန်စွာ ဖြေ၏။ ကျွန်တော် ရယ်မိသည်။ ကလေးကလားဟာ ဟုလည်း ပြောမိသည်။ မဟုတ်လို့လား ဆိုပြီး သူက အထွန့် တက်ပြန်သည်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ နင် သေချာသိလို့လားလို့ သူ က မေးသည်။ ကျွန်တော်က ရယ်ရင်းနှင့်မှ သိတာပေါ့ ဟု ရွဲ့ဖြေလိုက်သည်။ သူက အစမှ အဟုတ်ထင်သွားသေးသည်။ ပြီးမှ ကျွန်တော် ရွဲ့ပြောမှန်း သဘောပေါက်သွားပြီး မျက်နှာကို ဆူ ပုပ်ပစ်လိုက်သည်။ နင်ကလည်းဟာ.။ မနက်ဖြန်မှ ကြိုမသိရတာမဟုတ်ဘူး။ ဒီနေ့လည်း ဘယ်မှာ ကြိုသိရလို့လဲ။ အခု နင်နဲ့ ငါ တွေ့ တယ်။ နင် ဒီနေ့ မနက် ငါနဲ့ အခုလို တွေ့မယ်လို့ ကြိုသိခဲ့သလား။ ဒီနေ့လည်း ကြိုမသိရဘူးလေ။ နင်ပြောသလို ကြိုပြီး သိမှ ရမယ်ဆို ဒီနေ့လည်း ကြောက်စရာပေါ့။ အချိန်တိုင်းဟာ ကြောက်စရာဖြစ်နေမှာပေါ့ လို့ ကျွန်တော်က ပြောတော့ သူ တွေတွေ လေး ဖြစ်သွားသည်။ အဲ့ဒါကတော့ဟယ် ဆိုပြီး ရပ်နေပြန်သည်။နောက်ပြီး နင် ပြောသလို ဖြစ်လာမယ့်ဟာတွေကိုသာ သေချာအတိအကျ သိရရင် မနက်ဖြန်ဆိုတာ ဘယ်ရင်ခုန်စရာကောင်းတော့မလဲဟ။ ဘာဖြစ်မယ် ဘာဖြစ်မယ် ကြိုသိ။ ကြိုတင်ပြင်ဆင်။ ပြီးတော့ ပြင်ဆင်ထားတဲ့ အတိုင်း လုပ်။ ဒီလိုနဲ့ ပြီးနေမှာ။ ပျင်းစရာကြီးလို့ ကျွန်တော်က ထပ်ပြောလိုက်တော့။ မသိဘူးဟာ။ ငါကတော့ မနက်ဖြန်တွေကို ကြောက်တာပဲ သိတယ်။ မနက်ဖြန်တွေဟာ ငါ့အတွက် မကောင်းဆိုးဝါးတွေ နဲ့ ပြည့်နှက်နေတဲ့ တော တစ်ခု လိုပဲ။ လို့ သူက တကယ် ကြောက်ကြောက်ရွံ့ရွံ့ ကြီး ပြန်ပြောသည်။ နင့်ဟာကလည်း မကောင်းတာတွေကိုပဲ မျှော်ပြီး နင်က တွေးနေတာကို။ ကောင်းတာတွေလည်း လာနိုင်တာပဲလေ။ အဲ့လို ကောင်းတာတွေပဲ မျှော်ပြီးတော့ မနက်ဖြန်ဆိုတာ နတ်သားတွေနဲ့ ပြည့်နေတဲ့ နတ်ဗိမာန်ကြီးပဲလို့ တွေးကြည့်လိုက်။ ဘယ်လောက် ပျော်စရာကောင်းလဲ လို့ ကျွန်တော်က ပြောတော့ အေးဟ ။ နင် ပြောသလို ငါ တစ်ခါမှ အဲ့လို မတွေးကြည့်ဖူးဘူး။ အဟဲ။ အဲ့လို ပြောင်းပြီး တွေးကြည့်ဦးမယ် လို့ သူက ပြောင်စပ်စပ် မျက်နှာနဲ့ ပြောတော့ ကျွန်တော်လည်း အားမနာနိုင်ပဲ ကြောင်ပါ့ ဟု ပြန်ပြောလိုက်သည်။ သူကတော့ ခပ်တည်တည်ပဲ။

မြို့ထဲမှာ မကောင်းဆိုးဝါးတွေ ရှိတယ်

လို့ ပြောတဲ့သူကို ကျွန်တော် ကြည့်လိုက်တော့ သူ ဖြစ်နေသည်။ ဘာ ပြောတယ်လို့ ကျွန်တော် ထပ်မေးမိသည်။ အဲဒီအခါ ကျမှ သူက ကျွန်တော်ကို မြင်သွားပြီး ။ အော် မြို့ထဲမှာ မကောင်းဆိုးဝါးတွေ ရှိတယ် လို့ ပြောတာ ဆိုပြီး သူက ထပ်ပြောသည်။ ကျွန်တော် နား ရှုပ်သွားသည်။ ဘယ်လိုက ဘယ်လို မြို့ထဲမှာ မကောင်းဆိုးဝါးတွေရှိနေရတာလဲဆိုပြီး တွေးနေမိသည်။ ဘယ်လို မကောင်းဆိုးဝါးလဲဗျ လို့ ကျွန်တော် ထပ်မေးလိုက်သည်။ သူက ။ ခင်ဗျား ဟယ်ရီပေါ်တာ ရုပ်ရှင်ကြည့်ဖူးသလား လို့ မေးတော့။ ကျွန်တော်ကလည်း ကြည့်ဖူးတယ်။ အဲ့ဒါ နဲ့ ဘာဆိုင်လို့လဲ ဆိုတော့။ အဲဒီ ရုပ်ရှင်ထဲမှာ ပါတယ်လေ ဒတ်သ်အီတာတွေလေ။ လူတွေ ရဲ့ ပျော်ရွှင်ခြင်းတွေကို စားသုံးပစ်ကြတဲ့ မကောင်းဆိုးဝါးတွေလေ။ သူတို့လာရင် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တောင့်ခဲ့ သွားပြီး တော့ သူတို့နဲ့ မျက်နှာချင်းဆိုင်မိလိုက်တဲ့ သူဟာ စိတ်ညစ်စရာ ၀မ်းနည်းစရာတွေကိုပဲ တွေးမိပြီး ပျော်စရာဆိုတာ မတွေးတတ်တော့ဘူးလေ။ လို့ သူက ပြောတော့။ ဟုတ်တယ်လေ။ အဲ့ဒါ ကျွန်တော်သိတယ်။ အဲဒီအကောင်တွေက ဘာဖြစ်လို့လဲ။ မြို့ထဲမှာ အဲဒီအကောင်တွေ ရောက်နေလို့လား လို့ ကျွန်တော်က မေးတော့။ ဟုတ်တာပေါ့ဗျာလို့ သူက ဖြေ၏။ မဖြစ်နိုင်တာဗျာ လို့ ကျွန်တော်က လက်မခံနိုင်ဘဲ ပြန်ပြောလိုက်သည်။ အာ ခင်ဗျားကလည်း ရုပ်ရှင်ထဲကလို အဲဒီအကောင်တွေ ပုံစံအတိုင်းတော့ ဘယ် ဟုတ်မလဲဗျ။ အခု မြို့ထဲကို ရောက်နေတဲ့အကောင်တွေက လူယောင်ဆောင်ထားတာဗျ။ သာမန်ခင်ဗျားတို့ ကျွန်တော်တို့လို လူတွေပဲ။ အဲ ခင်ဗျားသူတို့နဲ့ အကြည့်ချင်းဆုံမိတဲ့အချိန် မျက်နှာချင်းဆုံမိတဲ့အချိန်ဆို၇င်တော့ ခင်ဗျားရဲ့ ပျော်ရွှင်ခြင်းတွေ အစားခံလိုက် ရပြီလို့သာ မှတ်လိုက်ပေတော့လို့ သူက အတိအကျပုံစံကြီးနှင့် ပြောလေသည်။ ကျွန်တော်ကတော့ ဘယ်လိုမှ မယုံချေ။ လက်ခံလို့ လည်းမရ။ ဟိုဟာက စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်း။ ဒါက တကယ့် ပြင်ပလောကကြီး ဘယ်လိုမှ မဖြစ်နိုင်ပေ။ ခင်ဗျားကိုယ်တိုင် ကြုံ ဖူးလို့လားလို့ ကျွန်တော်က မေးတော့။ သူ့မျက်နှာက ဖြူရော်ဖြူဖတ်ဖြစ်သွားသည်။ တကယ် ကြုံဖူးသည့် စတိုင်လ်နှင့်။ ဟာ မပြော ပါနဲ့တော့ဗျာ။ အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော် ကိုယ်တိုင် ခံလိုက်ရတာတော့ မဟုတ်ဘူးဗျ။ အခြားလူ တစ်ယောက် ခံလိုက်ရတာ။ အဲ့ဒါကို ကျွန်တော်မြင်လိုက်ရတာ။ လို့ သူက ပြောသည်။ ဘယ်လိုမျိုးလဲလို့ ကျွန်တော်က မေးတော့။ အဲဒီနေ့က မြို့ထဲက အဆောက်အဦးတစ်ခုမှာ။ အလုပ်လျှောက်ထားလို့ အင်တာဗျူးဖြေဖို့ ကျွန်တော် ရောက်သွားတယ်။ ကျွန်တော်နဲ့ အတူ အင်တာဗျူးဖြေ ဖို့ လာတဲ့သူတွေလည်း အများကြီးပေါ့ဗျာ။ အဲ အဲဒီအချိန်မှာ ကျွန်တော်နဲ့ ကပ်လျက် ထိုင်နေတဲ့ လူတစ်ယောက်ပဲ။ သူ့ပုံစံက တကယ့် လူကြီးလူကောင်းပုံစံ။ ၀တ်တာစားတာ လှုပ်ရှားတာတွေက တကယ် စမတ်ကျတယ်။ ဒါပေမယ့် သူ့မျက်နှာဗျ။ သူ့မျက်နှာ က ဖြူဖတ်ဖြူရော်နဲ့ သွေးမရှိတဲ့ လူတစ်ယောက်လိုပဲ။ အဲဒီလူက သူနဲ့ မျက်နှာချင်းဆိုင်တည့်တည့်က လူတစ်ယောက်ကို အသေ အချာကြီး ကြည့်ပြီး ပျော်ရွှင်ခြင်းတွေကို စားသုံးနေတာ။ အစက ကျွန်တော်လည်း မသိဘူး။ ပုံမှန်ဘဲ။ အင်တာဗျူးဖြေဖို့ အချိန်ကလည်း လိုသေးတယ်လေ။ အဲဒီတော့ ကိုယ်ကျက်မှတ်ထားတာလေး တွေ စိတ်ထဲမှာ ပြန်နွှေးနေတာ။ ကျွန်တော့်ဘေးတွေ ရှေ့တွေက လူတွေလည်း သိပ် အာရုံမထားမိဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော့် စိတ်ထဲမှာ အေးလာသလိုလို ခံစားရတယ်။ အစက အဲကွန်းကြောင့်လို့ ထင်နေတာ။ ကြာလာတော့ ဘယ်လိုမှ မနေနိုင်လောက် အောင်ကို အေးစက်လာတာဗျာ။ ကျွန်တော်လည်း စိတ်ထဲမှ ကျက်မှတ်သမျှတွေ ပြန်နွှေးရင်း ဟိုကြည့်ဒီကြည့် လုပ်လိုက်တာပေါ့။ တကယ်လို့ အဲဒီက ၀န်ထမ်းတစ်ယောက်ယောက်များတွေ့ရင် အဲကွန်းကို လျှော့ခိုင်းဖို့ပေါ့။ အဲ့လို ကြည့်ရင်း ကျွန်တော်နဲ့ မျက်နှာ ချင်းဆိုင်ခုံတန်းက တစ်ယောက်ကို သတိထားမိသွားတာ။ သူက ကျွန်တော်တို့ဘက်ကို ကြောင်ကြောင်ကြီး ကြည့်နေတာ။ ကြည့်နေ ရင်း ကြည့်နေရင်းနဲ့လည်း သူ့မျက်လုံးတွေဟာ အားငယ်လာသလိုလို ကြောက်ရွံ့လာသလိုလို ဖြစ်လာတယ်။ ကျွန်တော်လည်း သူ ဘယ်ကို ကြည့်တာလဲ သေချာအောင် လိုက်ကြည့်တော့ ကျွန်တော့်ဘေးက လူကို ကြည့်နေတာတွေ့တာပေါ့။ ကျွန်တော့်ဘေးကလူ ကတော့ ဟိုဘက်ကလူကို မမှိတ်မသုန်ကြည့်နေတာကလွဲပြီး သူ့မျက်လုံးဟာ အားငယ်တဲ့ပုံ မပေါ်ဘူး။ သေချာကြည့်ရင်း သူမျက်လုံး တွေဟာ ခွန်အားတွေ ပြည့်လာသလိုလိုတောင် ခံစား၇တယ်။ ဟိုဘက်ကလူကတော့ တဖြည်းဖြည်းနဲ့ အခြေအနေက ဆိုးသထက် ဆိုးလာတယ်။ မျက်နှာလည်း ဖြူရော်ရော် ဖြစ်လာတယ်။ ကျွန်တော်တောင် ဘေးကနေ စိတ်ညစ်လာတယ်။ ဟို ဗျာ ။ အဆင်မပြေတဲ့ အတွေးတွေ ၀င်လာတာပေါ့။ စိတ်ညစ်လာတာ။ ခဏနေတော့ ဟိုဘက်ကလူ ငိုပါလေရော။ ပါးစပ်ကလည်း ပွစိ ပွစိတွေ ပြောနေ တယ်။ အမေ အမေ လို့လည်း ညည်းတယ်။ ဘေးကလူတွေလည်း ရုတ်ရုတ်ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ ဘာညာနဲ့ပေါ့။ ဟိုလူက ဘယ်လိုမှ မေးလို့ မရတော့ဘူး။ ငိုကြီးချက်မတွေ ဖြစ်ပြီး ဘေးကလူတစ်ချို့ ၀ိုင်းပြီး တက်စီငှားပြီး အိမ်ပြန် ပို့လိုက်ရတယ်။ ကျွန်တော်လည်း လန့်သွားတယ်။ ဒါ ကျွန်တော့်ဘေးကလူ လက်ချက်ဆိုတာ ကျွန်တော် သိတယ်လေ။ ကျွန်တော့် ဘေးကလူကတော့ သူနဲ့ ဘာမှ မဆိုင်သလိုပဲ။ သူ့မျက်နှာကလည်း စောစောကလို ဖြူဖတ်ဖြူလျော်မဟုတ်တော့ဘဲ နည်းနည်း သွေးရောင်လေးတွေ သမ်းလာတယ်။ ဟိုလူ ထွက်သွားတော့ အခန်းက အေးမနေတော့ဘဲ ကျွန်တော် ရောက်ကာစက အတိုင်း ပုံမှန် ဖြစ်သွားတယ်။ ကျွန်တော်လည်း အဲဒီနေ့က ကျွန်တော့်ဘေးကလူကို သေချာမကြည့်ရဲဘူး။ အင်တာဗျူးလည်း ကောင်းကောင်းမဖြေ နိုင်ခဲ့ဘူး။ အဲဒီနောက် အပြန်လမ်းမှာလည်း ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားပြီး ပြန်လာခဲ့တယ်။ အဲဒီမှာမှ သေချာတွေ့တော့ တာဗျို့။ ဘတ်စ်ကားပေါ်မှာ။ စားသောက်ဆိုင်တွေမှာ။ ပလက်ဖောင်းတွေမှာ။ အများကြီးပဲ။ ကျွန်တော် သူတို့ကို မနည်းရှောင်ပြီး ပြန် လာခဲ့ရတယ်။ အဲဒီနေ့နောက်ပိုင်း ကျွန်တော်မြို့ထဲကို မသွားရဲတော့ဘူး။ လို့ သူက ပြောပြီး မောသွားသလိုနဲ့ လက်ဖက်ရည်ခွက် ကို ကောက်ခနဲ မော့သောက်လိုက်သည်။ ကျွန်တော်ကတော့ မယုံနိုင်ဖြစ်နေသည်။ ဒီလို မြို့ကြီးထဲမှာ ဘယ်လိုလုပ် စိတ်ကူးယဉ် ဇာတ်လမ်းထဲက အကောင်တွေ ရှိနိုင်မှာလဲပေါ့။ သူ့ကြည့်ရတာလည်း တကယ်ကြုံခဲ့သည့်ပုံ။ ပြောနေရင်းနဲ့တောင် မျက်နှာက ဖြူရော်ရော် ဖြစ်သွားချင်သည်။ တစ်ခုတော့ရှိသည်။ သူ စိတ်မနှံ့ဖြစ်သွားတာလား။ ဒါပဲ ဖြစ်နိုင်သည်။ ဇာတ်လမ်းထဲကလိုတော့ အပြင်မှာ ဘယ်လိုမှမဖြစ်နိုင်။ သူ့ဟာသူ စိတ်ရူးသွပ်ပြီး ထင်ချင်ရာတွေ လျှောက်ထင်နေတာပဲ ဖြစ်လိမ့်မည်။ ကျွန်တော် သူ့ကို ဘာမှ အထွန့်တက်မနေတော့ဘဲ နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့သည်။ အပြန်လမ်းမှာတော့ သူပြောသလို မကောင်းဆိုးဝါးများတွေ့မလား ဟု ရှာကြည့်သေးသည်။ မကောင်းဆိုးဝါးတော့မတွေ့ပါ။ မျက်နှာ ဖြူဖတ်ဖြူလျော်နှင့်လူများကိုတော့ တွေ့သည်။ နည်းနည်းအေး သလိုလည်း ခံစားရသည်။ ခံစားရမည်ပေါ့ ။ ဆောင်းရာသီေ၇ာက်နေပြီကို။ ညနေပိုင်းဆို အအေးလေးက ၀င်ချင်ပြီလေ။ အိမ်ရောက် ရင် ဟယ်ရီပေါ်တာရုပ်ရှင် ပြန်ကြည့်ဦးမည်ဟု စိတ်ထဲက တွေးရင်း ပြုံးမိသည်။

ဒီနေ့ည မုန်တိုင်း ရှိတယ်

လို့ သူက ပြောသည်။ ဘယ်လိုရှိတာလဲ လို့ ကျွန်တော်က မေးတော့ သူက ရေဒီယိုကို မေးငေါ့ပြ၏။ ရေဒီယိုက မုန်တိုင်း သတိပေးချက် လာနေသည်။ မုန်တိုင်းက ဘယ်ကို ဗဟိုပြုပြီး ဘယ်မြို့တွေ ဖြတ်သန်းသွားပြီး ဘယ်ရောက်ရင် အားပျော့ပျက်ပြယ် သွားမယ်ဆိုတာတွေ ကြော်ငြာနေသည်။ မုန်တိုင်း ဖြတ်သန်းသွားမည့် မြို့များထဲတွင် ကျွန်တော်တို့ မြို့လည်း ပါသည်။ အပြင်ဘက် ကို ကြည့်လိုက်တော့ ကောင်းကင်တစ်ခုလုံး တိမ်ညိုတွေနဲ့ အုံ့မှိုင်းနေသည်။ ရေဒီယိုက ကြော်ငြာထားသည့် မုန်တိုင်း ဖြတ်မည့် အချိန်က သိပ်မလိုတော့။ အခုနှစ်ထဲမှာ မုန်တိုင်းတွေ ခဏခဏ ဖြစ်တယ်နော် လို့ သူက ပြောသည်။ ဖြစ်ရမယ့် အကြောင်းတွေ ရှိ တော့လည်း ဖြစ်ရမှာပဲလေ လို့ ကျွန်တော်က ပြောလိုက်သည်။ သူက ရေနွေးအိုးထဲမှ ဆူပွက်နေသည် ရေနွေးများကို ခွက်နှစ်ခွက်ထဲ သို့ ထည့်နေသည်။ ပြီးတော့ ရယ်ဒီမိတ် ကော်ဖီမစ်နှစ်ထုပ်ကို ဖောက်ထည့်လိုက်သည်။ ဇွန်းနှင့် မွှေပြီး တစ်ခွက်ကို ကျွန်တော့်ကို ပေးသည်။ ကျွန်တော် ကော်ဖီခွက်ကို လှမ်းယူပြီး ။ ငါ ဒီည ဒီမှာပဲ အိပ်တော့မယ် လို့ ပြောလိုက်သည်။ သူက အိပ်လေ  ။ ကောင်းတယ် ။ ငါလည်း စကားပြောဖော်ရတာပေါ့ လို့ ပြောသည်။ အပြင်ဘက်တွေ လေတိုက်သံတွေ ကြားနေရပြီ။ မုန်တိုင်းလာနေ ပြီနဲ့ တူတယ်လို့ သူက ပြောသည်။ ရေဒီယို ပြန်ဖွင့်ကြည့်တော့ ဘာလိုင်းမှ မဖမ်းမိတော့။ တီဗွီဖွင့်တော့လည်း ဘာချန်နယ်မှ မလာ တော့။ မီးကတော့ မပြတ်သေး။ သူနဲ့ ကျွန်တော် စာအုပ်ကိုယ်စီ ကောက်ကိုင်ရင်း ကော်ဖီမြုံ့လိုက် စာဖတ်လိုက် နှင့် ဇိမ်ကျနေ လိုက်သည်။ အပြင်ဘက်က လေတိုက်သံတွေသာ အခန်းထဲသို့ တ၀ုန်းဝုန်း ၀င်လာသည်။ စာအုပ်ထဲမှာ အာရုံနစ်သွားတော့ လေ တိုက်သံတွေ မကြားမိတော့။ စာမျက်နှာ ဆယ်မျက်နှာလောက် ဖတ်ပြီးချိန်မှာ သူက ရေဒီယိုကို ပြန်ဖမ်းသည်။ အခုဆိုရင် မုန်တိုင်း ဟာ ကုန်တွင်းကို ၀င်ရောက်နေပြီး ….မြို့တွေကို ဖြတ်သန်းနေပါပြီ။ ဆက်လက်၍ ….၊…….၊…….၊…….မြို့များကို ဖြတ်သန်းဖို့ ဦးတည်နေပါသဖြင့် ၎င်းမြို့များတွင် နေထိုင်သော ပြည်သူများအနေဖြင့် မုန်တိုင်းဒဏ်နှင့် ကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေကြရန် ကြိုတင်သတိပေးကြေငြာအပ်ပါသည်။ပြီးပြီးချင်းပဲ ရေဒီယိုက လိုင်း ပြတ်သွားပြန်သည်။ အခုမှ အပြင်က အသံတွေကို သူ ဂရုစိုက်မိတော့သည်။ မုန်တိုင်းသည် သူတို့မြို့ ကို ဖြတ်သန်းနေပြီ ထင်သည်။ လေတိုက်သံတွေက ကမ္ဘာပျက်နေသလိုပင် ။ ထိုအချိန်တွင် မီးက ပြတ်သွားသည်။ သူက မီးအိမ်လေး ထွန်းလိုက်သည်။ ကျွန်တော်တို့ နှစ်ယောက် ထိုင်နေသော စားပွဲရှေ့တွင် မီးအိမ်လေးကို ချထားသည်။ ထုံးစံကတော့ မပျက်ဘူး လို့ သူက ပြောသေး၏။ မုန်တိုင်းသံကို နားထောင်ရတာလည်း တစ်မျိုး စိတ်ဝင်းစားဖို့ ကောင်းတယ်နော် လို့ သူက ဆက်ပြောသည်။ ဘာလို့လဲ ဟု ကျွန်တော်က မေးတော့ ။ မသိဘူး။ သေသေချာချာ မပြောတတ်ဘူး။ နင်ကော ဘာမှမခံစားရဘူးလားလို့ ကျွန်တော့် ကို မေးခွန်းပြန်ထုတ်၏။ ကျွန်တော်လည်း ဘယ်လို ဖြေရမှန်းမသိ။ မုန်တိုင်းသံ နားထောင်ရတာ အခြားအသံတွေ နားထောင်ရသလို မဟုတ်တာတော့ သေချာသည်။ အဲ့ဒါကတော့ ကျွန်တော်မှ မဟုတ် ။ အခြားလူတွေလည်း ဒီလိုပဲ ခံစားမိကြလိမ့်မည်။ သေချာတာ ကတော့ ကောင်းတဲ့ ခံစားချက်မဟုတ်တာပဲ ဖြစ်သည်။ မုန်တိုင်းဆိုတာ လူတွေရဲ့ ဘ၀ကို ဖျက်စီးတတ်တဲ့ သဘာဝအန္တရာယ်တစ်ခုပဲ ဟ။ အဲ့လို ဖျက်စီးတတ်တဲ့သူတွေရဲ့ အသံကို ကြားရတာ အခြားအသံတွေကို ကြားရသလိုတော့ သာမန်ခံစားလို့ ရမှာမဟုတ်တာ သေချာတယ်။ ရင်ခုန်စိတ်လှုပ်ရှားသလိုလို။ ကြောက်ရွံ့ထိတ်လန့်သလိုလို။ တစ်မျိုးတော့ တစ်မျိုးပဲ ဟု ကျွန်တော်က ပြောတော့ သူ က ခေါင်းညိမ့်ပြသည်။ ဟုတ်တယ်။ အဲ့ဒီလိုပဲ။ အဲ့ဒါကကို တစ်မျိုးခံစားလို့ကောင်းနေတာ မဟုတ်ဘူးလားလို့ သူက ပြောသည်။ မကောင်းပါဘူးဟာ။ မကောင်းတဲ့အကောင်တွေရဲ့ အသံတွေက ဘယ်လိုလုပ် ခံစားလို့ ကောင်းမှာလဲ။ သူတို့လာရင် မကောင်းတာ တွေ ဖြစ်တော့မယ်ဆိုတာ ကြိုသိနေတာပဲ။ မနက်ဖြန်ကျ သတင်းတွေ နားထောင်ကြည့်။ အပျက်အစီးသတင်းတွေ။ အသေအပျောက် သတင်းတွေ တန်းစီလာလိမ့်မယ်။ ဒီလို မကောင်းတာတွေ သယ်လာတဲ့ကောင်ရဲ့ အသံက ဘယ်လိုလုပ် ကောင်းနိုင်တော့မလဲ လို့ ကျွန်တော်က ပြောတော့ သူ ခဏငြိမ်သွားသည်။ အဲ့ဒါလည်း ဟုတ်တာပဲဟ။ မုန်တိုင်းတွေ မလာတာဘဲ ကောင်းတယ်နော် လို့ သူက ပြောသည်။ အဲ့လို မကောင်းတာတွေ တပြုံတမကြီး သယ်လာတဲ့ အရာမှန်သမျှဟာ မုန်တိုင်းလိုပဲ ကောင်းတဲ့အကောင် မဟုတ်ဘူး ပေါ့နော် လို့ သူက ထပ်ပြောသည်။ အင်း ဒါပေါ့လို့ ကျွန်တော်လည်း ထောက်ခံလိုက်သည်။ ဒီလိုဆို လူ့အဖွဲ့အစည်းမှာ မုန်တိုင်းလို လူတွေ အများကြီးရှိတာပေါ့နော် လို့ သူက ဆက်ပြောပြန်သည်။ ဟမ် ဘာ ပြောတယ်လို့ ကျွန်တော် နားမရှင်းလို့ ပြန်မေးမိသည်။ အော် ငါတို့ လူ့အဖွဲ့အစည်းမှာလည်း ဒီလို မကောင်းတဲ့ ပြဿနာတွေ ကိစ္စတွေ အဖြစ်အပျက်တွေ အကျိုးအဆက်တွေ ဖြစ်ပေါ်စေ တဲ့ လူတွေ ရှိတယ်လေ။ အဲ့လိုလူတွေဟာလည်း မုန်တိုင်းလိုပဲမဟုတ်လား။ လူမုန်တိုင်းတွေပေါ့။ ကျွန်တော် ပြုံးမိသည်။ အဲ့လို လူတွေကျတော့ မုန်တိုင်းမဟုတ်တော့ဘူးဟ။ မကောင်းဆိုးဝါး နတ်ဆိုးတွေ။ သူတို့က မုန်တိုင်းလို ခဏလေး ဖြတ်ဝင်ပြီး ဖျက်စီးသွား တာမဟုတ်ဘူး။ မသေမချင်းကို လူ့အဖွဲ့အစည်းကို ဒုက္ခတွေ ထုတ်လွှတ်ပေးနေတာ။ မုန်တိုင်းထက်ဆိုးတယ်လို့ ကျွန်တော်က ပြော တော့ သူက သဘောကျသလို ရယ်၏။ အေး အေး ဟုတ်မယ် ဟုလည်း ပါးစပ်က ထောက်ခံသေး၏။ လေသံတွေတော့ နည်းနည်းပါး သွားပြီ။ မုန်တိုင်း ကျော်သွားပြီနဲ့တူတယ် လို့ အပြင်ဘက်ကို နားစွင့်ရင်းကျွန်တော် ပြောလိုက်သည်။ သူက ။ အေး ဒါဆိုလည်း အိပ်ကြရအောင်။ မီးကလည်း ပြန်လာမယ့်ပုံမပေါ်တော့ဘူး။ လို့ ပြောရင်း အိပ်ဖို့ အိပ်ခန်းဘက် ထွက်ခွာရင်း ပြော၏။ ငါ ဒီစာအုပ် ပြီးအောင် ဖတ်လိုက်ဦးမယ် ။ စောစောစီးစီး မအိပ်တတ်ဘူး။ အကျင့်ဖြစ်နေပြီ လို့ ပြောတော့ သူက အေး အေးဆိုပြီး အခန်းထဲ ၀င်သွားသည်။ ကျွန်တော်တစ်ယောက်တည်း ဧည့်ခန်းမှာ ကျန်ခဲ့၏။ အေးစက်နေသော ကော်ဖီကို တစ်ငုံမြုံပြီး စာဆက်ဖတ်နေလိုက် သည်။ စာအုပ်ဖတ်လို့ ပြီးတဲ့အချိန် အိပ်ချိန်ပဲဟု စိတ်ထဲမှာ တွေးထားသည်။

မုန်တိုင်းအပြီး မြို့ထဲမှာ ကြောက်စရာ မနက်ဖြန်တွေ ရှိနေမလား

ဘယ်သူမှ မပြောပါဘူး။ ကျွန်တော့်ဘာသာ ရေရွတ်လိုက်မိတာပါ။မုန်တိုင်းအပြီး နောက်တစ်နေ့ ။  ကြည်ကြည် လင်လင် ရာသီဥတုတစ်ခု လွှမ်းခြုံထားလို့ သာသာယာယာရှိတယ်ဆိုပြီး မြို့ထဲသွားဖို့ ပြင်ရင်း ရေရွှတ်မိလိုက်ခြင်း ဖြစ်သည်။ မြို့ထဲမှာ ဘာတွေ ရှိနိုင်သလဲ။ မုန်တိုင်းဖြတ်ဝင်သွားလို့ အပျက်အစီးတွေ ရှိနေမလား။ အသေအပျောက်တွေ ရှိနေမလား။ မကောင်းဆိုးရွား တွေကော။ မုန်တိုင်းဒဏ်ခံထားရတဲ့ အချိန်မှာတောင် မကောင်းဆိုးဝါးတွေက လူတွေကို ဒုက္ခပေးနေဦးမလား။ ဒါကတော့ မဖြစ်နိုင်။ ဟိုလူက အရူးထပြီး လျှောက်ပြောသွားခြင်းသက်သက် စကားဖြစ်နေခြင်းသာ။ သူ ပြောသလို ပျော်ရွှင်စရာတွေ စားသောက်ချင်ဦး တော့ အခုအချိန်မှာ ပျော်ရွှင်စရာတွေက နည်းနေမှာ အသေအချာပဲ။ အဲဒီမကောင်းဆိုးဝါးတွေ ငတ်ပြီပေါ့။ ပေါက်တတ်ကရတွေ တွေး မိတွေးရာ တွေးရင်း မြို့ထဲမှာ တွေ့ရမယ့်အရာတွေကို ကျွန်တော် ကြောက်နေမိသလားပဲ။ ကြောက်အောင်တွေးရင်တော့ အားလုံး ကြောက်စရာဖြစ်နေမှာပဲ။ ကြောက်စရာမဟုတ်ဘူးလို့ တွေးရင်တော့ မကောင်းဆိုးဝါးမက လို့ သူ့အဘိုးပဲ လာလာ ဘာမှ ကြောက် စရာမရှိမှာ သေချာသည်။ ဒီတော့ ကြောက်စရာတွေ မတွေးဘဲ ပျော်စရာလေးတွေပဲ တွေးပြီး သွားတော့မည်။ ကားဂိတ်ရောက်တော့ ထုံးစံအတိုင်း လူစည်မြဲ။ လူအုပ်ရဲ့ အစွန်မှာ ရပ်လိုက်ပြီး ဘတ်စ်ကားအလာကို စောင့်ရင်း လူတွေကို ကြည့်ရင်း မကောင်းဆိုးဝါးများ ရှိနေမလား ရှာရင်း စိတ်ကူးတွေ ယဉ်ရင်း ကြောက်စရာတွေ မျှော်လင့်ရင်း မုန်တိုင်း အပြီး မနက်ဖြန်ဟာလည်း မုန်တိုင်းမတိုင်ခင်က နေ့တွေလိုပဲ သိပ်မထူးပါဘူးလို့ မှတ်ချက်ချရင်း ဘတ်စ်ကားဟာ တော်တော်နဲ့ ရောက်မလာနိုင်တော့ဘူး။

မိုးအိမ်လူ
နိုဝင်ဘာ ၁၃ ရက်၂၀၁၃ခုနှစ်

No comments:

Post a Comment