Friday, November 18, 2011

ကောင်းကင်က ကြွေကျမယ့် ကာရန်




အားလုံးကို ရပ်တန့်ဖို့
ဆုံးဖြတ်လိုက်တဲ့အခါ
တိမ်တိုက်တွေဟာ
ကိုယ့်လမ်း ကိုယ် ဆက်လျှောက်ခဲ့ကြတယ်

ကိုယ်တိုင် ပါဝင်ခွင့် မရတဲ့
ပုံပြင်အချို့အတွက်
ငါ ပေးခဲ့သမျှဟာ
သက်တံတစ်စင်းထက် အဖိုးထိုက်တန်လို့

ကိုယ်ရေးကိုယ်တာ မိုးရာသီရဲ့
တယောဆွဲသံမှာ
ငါဟာ နာရီတွေကို ရွက်လွှင့်
သန်းခေါင်ယံမှာ
ကြိုးပြတ်ခဲ့တဲ့ စောင်း လိုပေါ့

ရေပေါ်မှာ ရေးခဲ့တဲ့
အရုပ်မဟုတ်တော့
သက္ကရာဇ်အချို့ရဲ့ ရှုတ်ချမှုက
ငါ့ကို ခေါင်း ကိုက်စေခဲ့

တိုက်စားမှုတို့ရဲ့ အလံထူမှု
မအောင်မြင်တဲ့အခါ
ဆောင်း မရောက်ခင်မှာပဲ
သူတို့ရဲ့ ပင်လယ်တွေ
ရေစီးကြောင်း ပြောင်းခဲ့ကြတယ်

အတိတ်ဟာ
အတိတ်ဖြစ်ကြောင်း သက်သေပြဖို့
ကန့်လန့်ကာ ချဖို့ ကြိုးစားခဲ့တာ
အခါခါ
နွေညရဲ့ အိပ်မက်အချို့
ရေချိုးဆင်းတဲ့ အချိန်မှာ
ငါ ကိုက်ဝါးခဲ့တဲ့
နီရဲရဲ ပန်းသီးဟာ
အဆိပ်သုတ်လိမ်းထားသလား
အဆိပ် သုတ်လိမ်းမထားသလား

အမှန်တရားက
နာမည်ဝှက်များစွာနဲ့
ငါ့ မျက်ခုံးပေါ် လမ်းလျှောက်
မျက်တောင်ခတ်တိုင်း
မှောင်မှောင်သွားတာ
သတိမထားမိခဲ့ဘူး

ဆူးချွန်နဲ့ ထိုးဆွတာနဲ့
ဓားတုံးတုံး နဲ့ ခုတ်တာနဲ့
နာကျင်မှုဆိုတာ
ဒိုင်ခွက်ထဲ ထည့်ပြီး
နံပါတ်နဲ့ အဆင့်ခွဲလို့ မှ မရတာလေ

ရှောင်ဖယ်သွားခဲ့တဲ့
လိပ်ပြာတစ်ကောင်ရဲ့ အတ္တက
ငါ့အတွက်
မီးပင်လယ်မှာ ရွက်လွှင့်ရသလို

နေရစ်ခဲ့ရသူက
အစဉ်အမြဲ ရှင်သန်နေတဲ့
မီးတောင်ပါ

ကိုယ့်အတွက် ကိုယ် ကြည့်တိုင်း
အတ္တ မဟုတ်သလို
သူများအတွက် ကြည့်တိုင်းလည်း
မေတ္တာမဟုတ်ဘူး

ရွက်မဲ့သစ်ပင်ရဲ့
နွမ်းပါးမှုမျိုးနဲ့
စိတ်ခံစားချက်တွေတိုင်းအတွက်
ကြွေပေးမယ့်
သစ်ရွက် မဲ့ခဲ့ပြီ

နေ့သစ်တိုင်းမှာ
စိတ်သစ်မဖြစ်နိုင်ခဲ့တဲ့
စွဲလမ်းမှုမျိုးနဲ့
ငါ့ရဲ့ နံနက်ခင်းတွေဟာ
နှင်းကွဲဖို့ မေ့နေခဲ့တယ်

ကော်ဖီတစ်ခွက်ရဲ့
စွမ်းဆောင်ရည်မျိုးနဲ့
အဲဒီအရာက
ငါ့ကို
အခုထိ ညှင်းဆဲ

အကြောင်းမကြားဘဲ ရောက်လာတဲ့
မိုးရာသီကြောင့်
ဖရိုဖရဲ ထွက်ခွာခဲ့ရတဲ့
နွေရဲ့ ဘ၀က
လမ်းဘေး ဂျစ်ပစီတွေလို

ရံဖန်ရံခါများစွာရဲ့
အတိတ်စိမ်းပေးမှုက
အတည့်ယူရမလား
ပြောင်းပြန်ယူရမလား

နှုတ်ဖျားအချို့
ပျားရည်လူးတဲ့အခါ
ငါ့ အိတ်ကပ်ထဲ
ကြက်ခြေခတ် တွေ
ဝရုန်းသုန်းကား
မဖိတ်ခေါ်ဘဲ ရောက်လာတယ်

ကံတရားဆီမှာ
အာမခံထားတဲ့
ဘ၀တွေအတွက်
မနက်ဖြန်ဟာ
အဓိပ္ပာယ်များစွာနဲ့

ကောင်းကင်က ကြွေကျလာတဲ့
ကာရန်တစ်ပိုဒ်ကို
နံနက်ခင်းတွေမှာပဲ
ခံစားခွင့် ရှိတယ် တဲ့

ဘယ်နေ့ ဘယ်အချိန်မှန်းမသိ
ငါ ဆိုခဲ့ဖူးတဲ့ သစ္စာလည်း
သောကြာနေ့မှာ
တုန်းလုန်းပက်လက်

အိပ်မက်ချိုချိုတွေပေးတဲ့
မှားယွင်းမှုလေးတွေ
လိုက်ရှာရင်း
ငါ့ရဲ့ ပြဇာတ်က
မင်းသားမလို
မင်းသမီးမလို

ဒီလို မီးစာ ကုန်ခါနီး
ဆီမီးခွက်တို့
အစွမ်းကုန် လောင်ကျွမ်းချိန်မှာပဲ
ကာရန်တစ်ပိုဒ်နဲ့
ငါ့နှလုံးသား
တေးဆိုခဲ့တယ်။

မိုးအိမ်လူ

No comments:

Post a Comment