Monday, October 31, 2011

ကောင်းကင်မဲ့သူများအကြောင်းနှင့် နောက်ဆက်တွဲ လမင်းပျောက်ဆုံးခြင်း




ထူးဆန်းစွာပဲ အခန်းနံရံပေါ်မှာ ကြယ်တွေ တောက်နေတယ်။ နံရံများ ပျောက်ဆုံးသွားပြီလားလို့ လက်နဲ့ ကိုင်ကြည့်လိုက်သေးတယ်။
မပျောက်ဘူး။ နံရံရဲ့ ဂုဏ်သတ္တိအပြည့်နဲ့ ထိတွေ့မှုကို ခံစားရတယ်။ ခက်တာက ကြယ်တွေပဲ။ ခက်တာက ကိုယ်က ကြယ်တွေအကြောင်း
ဘာမှ နားမလည်။ ကိုယ် သိတာဆိုလို့ ခုနှစ်စဉ်ကြယ်နဲ့ ဓူဝံကြယ်ပဲ သိတာ။ ရှာကြည့်လိုက်တော့ အမယ် သူတို့လည်း ရှိပါသကော။
ဒါဟာ ပြဿနာလား။ ဟုတ်တယ် ဒါဟာ ပြဿနာပဲ။ ကိုယ့် အခန်းနံရံမှာ ကြယ်တွေ တောက်နေတာ တစ်နည်းအားဖြင့် ကောင်းကင်
ရောက်နေတာ။ ကိုယ် ဘယ်လို လုပ်ရမလဲ။ မဖြစ်သေးဘူး။ ဒီကိစ္စကို လူတွေကို အသိပေးမှ။ အဲဒါလည်း မဖြစ်သေးဘူး။ တော်ကြာ
ထူးဆန်းအံ့ဖွယ်ဆိုပြီး လူတွေ ၀ိုင်းလာကြည့် သတင်းသမားတွေ လာကြည့် နဲ့ ကိုယ့်အခန်းတစ်ခုလုံး ရစရာမရှိဖြစ်သွားလိမ့်မယ်။
အရင်ဆုံး သူငယ်ချင်းတွေကို ခေါ်ပြရမလား။ အင်း ဟုတ်တယ် သူတို့နဲ့ တိုင်ပင်သင့်တယ်။ အရင်ဆုံးသတိရလိုက်တာက ပေါက်တတ်ကရ
တွေ အရမ်းတွေးတတ်တဲ့ ရင်နင့်အောင်ကြီး။ ဟုတ်တယ် ။ ရင်နင့်အောင်ကြီးက ခေါ်ပြရမယ်။ သူက ကိုယ့်ထက် အသက်ကော  အတွေး
အခေါ်ကော ကြီးတဲ့သူဆိုတော့ အဲ ကျန်တာတွေလည်း ကြီးချင်ကြီးမှာပေါ့နော် ။ ဟုတ်တယ် သူ့ကို ခေါ်ပြရမယ်။ ရင်နင့်အောင်ကြီးကို
ပြောပြတော့ သူက မယုံဘူး။ မဖြစ်နိုင်တာကွာ တဲ့။ လိုက်ကြည့်ဗျာဆိုပြီး အခန်းကို ခေါ်ပြီး ပြလိုက်တော့ သူ လည်း အံ့သြသွားတယ်။
ဟာ အမိုက်စားပဲ ငမိုးအိမ်ရာ ။ အာဗျာ ကျုပ်ကို အဲ့လို မခေါ်စမ်းပါနဲ့။ ဟုတ်တယ်လေ သူက အဲ့လိုခေါ်လိုက်တိုင်း ကိုယ့်နားထဲမှာ ငမိုးရိပ် ပဲ
ပြေးပြေး မြင်နေတာ။ အဲ့ဒါ ဘယ်လိုလုပ်မလဲ ဟေ့လူကြီး လို့ ကိုယ်က မေးတော့။ သူက မေးစေ့ကြီး ပွတ်ပြီး အင်း ကုန်ကြမ်းပဲ ကုန်ကြမ်း
ပဲ ဆိုပြီး နံရံ အဲ ကောင်းကင် နံရံပေါ့ဗျာ အဲဒီကြီးကို တွေတွေကြီး ရပ်ကြည့်နေလေရဲ့။ ခက်ပြီ ။ ဘယ်လိုလုပ်မလဲ ပြောဦးလေဗျာ လို့
ကိုယ်က အတင်းမေးတော့ အာ နေစမ်းပါ ငမိုးအိမ်ရာ ။ ဒီလို အံ့သြထူးဆန်းတဲ့ အဖြစ်မျိုးနဲ့ ကြုံတုန်း ၀တ္ထုကောင်းတစ်ပုဒ်ရအောင်
ကြိုးစားရမယ်ကွ။ ဟာဗျာ ခင်ဗျားကြီးကလည်း။ ဘယ်လိုပြောပြော ရမယ့်ပုံမပေါ်တော့ ကိုယ်လည်း စိတ်လေသွားတယ်။ ဒါဆိုလည်း နောက်တစ်ယောက် ရှာတာပေါ့။ စ တွေ့တာပဲ။ နေ့ခင်းကမှ နေလင်းထွန်းကြီးနဲ့ တွေ့ထားတာ။ အဲဒီလူကြီးကို မေးရမယ်။
သိပ်တော့မထူးပါဘူး။ သူကလည်း ထူးဆန်းအံ့သြပြီး ရင်နင့်အောင်ကြီးဘေးမှာ ထိုင်ချလိုက်တယ်။ အေးကွာ အမိုက်စားပဲ တဲ့။
ဟိတ်ကောင် မင်း အတုလုပ်ထားတာတော့ မဟုတ်ပါဘူးနော် တဲ့ သူက သံသယနဲ့ ပြန်မေးသေးတာ။ ဟာဗျာ ကျုပ်က အဲ့လောက်
အလုပ်ရှုပ်ခံ ပါ့မလားလို့ ကိုယ်က ပြန်ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလောက် ကြယ်ပေါင်းသောင်းခြောက်ထောင် ရှိနေတဲ့
ကောင်းကင်ကြီးကို ကိုယ်က ဘယ်လို အတုလုပ်ရမလဲ။ လုပ်ရင်လည်း အတော်လက်ဝင်မှာ။ ကိုယ်က အဲ့လောက် ၀ီရိယ ကောင်းတဲ့သူ
ဇွဲရှိတဲ့သူလည်း မဟုတ်။ ခက်ပြီ။ ဒီလိုနဲ့ ကိုယ်လည်း ရှိသမျှ သူငယ်ချင်းတွေ အကုန်ခေါ်ပြတယ်။ မထူးပါဘူး။ အကုန်လုံး အမိုက်စားနဲ့
လွတ်လပ်လိုက်တာ လှလိုက်တာ နဲ့ စုံနေတာပဲ မှတ်ချက်တွေပေးပြီး တွေတွေကြီး ထိုင်နေကြတယ်။ ခက်တာက ကိုယ့်မှာ သူတို့
ခေါ်ထားတော့ ကိုယ့်အခန်းက ပျောက်နေပြီ။ အရေးထဲ ကောင်းကင်ကြီးက တစ်ခါတစ်ခါ တိမ်တွေ ဖြတ်ပြေးသွားလိုက် ကြယ်တွေ
ကြွေပြလိုက်နဲ့။ သူတို့ကို ဖမ်းစားထားသလို ဖြစ်နေတယ်လေ။ ဒီကဗျာဆရာ စာရေးဆရာတွေများ ထူးဆန်းတဲ့ ကိစ္စတောင်
ထူးဆန်းသလိုမနေဘဲ ခံစားချင်ရတာနဲ့ ဖွဲ့နွဲ့ချင်ရတာနဲ့။ နောက်ဆုံး ကိုယ်လည်း မတတ်နိုင်တဲ့ အဆုံး သက်ဆိုင်ရာကို အကြောင်းကြား
ရတယ်။ သိုသိုသိပ်သိပ် လုပ်ပေးဖို့လည်း ပြောရတယ်။ သူတို့တွေ ရောက်လာပြီး ပညာရှင်တွေ အကြောင်းကြား ပညာရှင်တွေကလည်း
ဟုတ်တိပတ်တိ မှတ်ချက် မပေးနိုင်ပါဘူး။ နောက်ဆုံး အသားမည်းမည်း ၀၀ ပုပုနဲ့ လူကြီးက ဒါကို အမျိုးသား ပြတိုက် ပို့သင့်တယ်လို့
ဆုံးဖြတ်ချက်ချလိုက်တယ်။ သေတာပဲ။ ၀န်ထမ်းတွေက နံရံကြီးကို အချပ်လိုက် ခွာပြီး မ သွားရော။ နံရံခွာချတာတောင် ကောင်းကင်
ပုံရိပ်က မပျောက်ဘူးဗျာ။ ဘယ်လို ကျိန်စာလဲ မသိပါဘူး။ ကြယ်တွေလည်း လင်းတုန်း တိမ်တွေလည်း ပြေးတုန်း။ တော်သေးတယ်
ညကောင်းကင်မို့သာပဲ။ နေ့ကောင်းကင်သာဆို အသားလွတ်ပူနေဦးမယ်။ အခုတော့ ကိုယ့်မှာ တစ်ဖက်လပ် အခန်းကြီးနဲ့ ပွင့်ပွင့်
လင်းလင်းကြီး ကျန်နေခဲ့တော့တယ်။ ဟိုစာရေးဆရာအုပ်စုကတော့ မိုက်တယ် ခိုက်တယ် ဒီလို အနီးကပ် မြင်ရတာ ဒါပထမဦးဆုံးပဲတွေ
ဘာတွေနဲ့ အိမ်ပြန်သွားကြလေရဲ့။ ကိုယ့်မှာတော့ လပ်နေတဲ့ နံရံကို လောလောလတ်လတ်ပိတ်ဖို့ ထရံတစ်ချပ် အမြန်သွားဝယ်လိုက်ရ
တယ်။ အဲဒီညမှာတော့ ကောင်းကင်မှာ ဘာကြယ်မှာ မရှိတော့ဘူး။ ပကတိ အနက်ကြီးနဲ့ ။ နောက် ညပေါင်းများစွာအထိ။ လူတွေမှာတော့
ညကောင်းကင်ကြယ်စုံစုံ ကို ကြည့်ချင်ရင် ပြတိုက်ကို သွားသွားကြည့်ကြရတယ်။ လူတွေကတော့ ကိုယ့်ကို မြင်ရင် မကောင်းဆိုးဝါး
ကောင်လိုလို ကြည့်ပြီး ရှောင်ရှောင်သွားကြလေရဲ့။ တစ်ခု ထူးဆန်းတာက လမင်းဟာ ပြတိုက်ထဲက ကောင်းကင်မှာလည်း မရှိဘူး
အပြင်ဘက်က ကောင်းကင်မှာလည်း မရှိဘူး။ ဘယ်ပျောက်နေလဲတော့ အခုထိ ဘယ်သူမှ မသိခဲ့ကြဘူး။



မိုးအိမ်လူ

ကိုရင်နင့်ကြီးနဲ့ ကိုနေလင်းထွန်းကြီးအား ချစ်ခင်စိတ်ဖြင့် ကြယ်စီထားသော ညီလေးအား ခွင့်လွှတ်တော်မူ။ ကျန်သော သူငယ်ချင်းများက
လည်း သူတို့ မပါဝင်၍ မချစ်ခင်ဘူးဟု ထင်မှာစိုးသောကြောင့် စာရေးဆရာအုပ်စုတွင် မိုဘာမှ စာရေးသူများ အားလုံးပါဝင်ကုန်မူ။
ဤကား စကားချပ်တည်း။

No comments:

Post a Comment