Sunday, October 18, 2015

လွန်ခဲ့တဲ့ မိုးတွင်းတုန်းက


ဝတ်ထားတဲ့ အပေါ်ထပ်အင်္ကျီနွမ်းလျက ရာသီဥတုဒဏ် ကောင်းကောင်း မခံနိုင်ဘူး
ခြေလှမ်းဟာ ရှေ့ကိုတိုးနေရဲ့လားလို့ သံသယဖြစ်မိရလောက်အောင် တိုက်နေတဲ့လေက ပြင်းတယ်
ဒီလိုအခြေအနေမျိုးဟာ ဆေးလိပ်မသောက်သင့်တဲ့ အခြေအနေတစ်ခု
ပခုံးကို တိုက်သွားတဲ့ လူကို လည်ပြန်ကြည့်မိတော့ ကျောပြင်ပဲ မြင်ရတာပေါ့
ရူးပါ့ကွာ လို့ ကိုယ့်ကိုယ်ကိုပြန်ပြောမိတာ ဒီကာလအတွင်း ငါးကြိမ်ရှိသွားပြီ
အိတ်ကပ်ထဲ ထည့်ထားတဲ့ လက်ဟာ ဘာမှမရှိတာကို အတင်းလိုက်ရှာနေတုန်း
တစ်ခုခုများတွေ့ရင်ဖြင့် ပျော်လွန်းလို့ သေမိမလားပဲ
ဟာ...ကိုသစ္စာ
ခင်ဗျား လူမှားနေပြီ
လက်မှတ်က ဘယ်နားထိုးထားခဲ့ရမလဲ
ခင်ဗျားက ဘာလုပ်ဖို့ လက်မှတ်ထိုးမှာလဲ
ကျွန်တော်က ကျွန်တော်ဖြစ်ကြောင်း သက်သေပြဖို့ အတွက်လေ
ခင်ဗျား နေရာမှားနေပြီ
အသံတိတ်တိုက်သွားတဲ့ ကားနှစ်စီးဆီကနေ ဟာသတွေ ရဲခနဲ ဖြာကျလာတယ်
ယာဉ်တိမ်းမှောက်မှုအဖြစ်များတဲ့ ဒီလမ်းမကြီးဘေး ဘယ်လိုရောက်လာခဲ့သလဲ
ခရီးဆက်တော့မယ် ဆရာ...လိုက်မှာလား
ဘယ်သွားကြမှာလဲ
မူလဆုံမှတ်ဆီကို
နေခဲ့တော့မယ်
ရာသီဥတု ဟာ ဆိုးရွားနေတုန်း
အင်္ကျီရဲ့ ကြယ်သီးတစ်လုံး ပြုတ်ထွက်သွားတယ်
အိတ်ကပ်ထဲက လက်ကို ထုတ်ပြီး ထိန်းထားရတယ်
သေချာတာကတော့ အခြေအနေဟာ ဆေးလိပ်သောက်ဖို့မသင့်တဲ့ အခြေအနေပဲ။


မိုးအိမ်လူ
18 Oct 2015

Thursday, October 15, 2015

ပြဇာတ်



လွယ်လင့်တကူ တော့မဟုတ်ပေဘူး
သူ့စိတ်ကူး အတိုင်း
ငါတို့
ရှင်သန်ရဲခဲ့ကြ။


မိုးအိမ်လူ
၁၆ အောက်တိုဘာ ၂၀၁၅

( ၀၀၂၄ )


သစ်ရွက်တွေ
အစိမ်းလိုက်ကြွေခဲ့ပြီးပြီပဲ


သစ္စာ တရားက
သစ္စာ တရားမှန်ကြောင်းပြစရာမလိုတဲ့အကြောင်း
သစ္စာ စကားအပြောများသူတွေ သိရင်ကောင်းမယ်။


16 Oct 2015

( ၀၀၂၃ )


ပစ္စက္ခ ကာလ၌ တည်သော
တရားသည်
ခါး၏။


ထိုတရားတို့တွင်
ကိုးကွယ်ကျင့်ကြံအားထုတ် ပွားစီးကြသူတို့သည်
ပို၍ ခါး၏။


၎င်းပုဂ္ဂိုလ်တို့အရိပ်ဝယ်
မှီခို ကျိုးကုတ် ဘဝလုပ်နေရသူတို့မယ်
ဆိုဖွယ်ရာမရှိတော့ပြီ။


16 Oct 2015

Wednesday, October 14, 2015

ရုပ်ရှင်ဟာ ရုပ်ရှင်ဖြစ်ဖို့ ရုပ် ရှင်ခဲ့ပြီးသား



အခုချိန်ထိ
ဗိုဒီမော့ ကို နာမည်တပ်မပြောရဲသူတွေ
အများကြီးရှိသေးတယ်


အခုချိန်ထိ
ဟယ်ရီပေါ်တာ ကို မုန်းတဲ့သူတွေ
အများကြီးရှိသေးတယ်


အသက်ရှင်ရင်သန်ပြီးရော စိတ်နဲ့
ခပ်ညံ့ညံ့မှော်ဆရာတွေဟာ
လူတောထဲမှာ ပုန်းလျှိုးကွယ်လျှိုး ။


မိုးအိမ်လူ
၁၄ အောက်တိုဘာ ၁၅

အပြော ရှစ်ဆယ် အပြ နှစ်ဆယ်



ဘာမှမပြောရင်လည်း အခြားဘာမှပြောစရာမရှိ
အသိပေးချက်။သတိပေးချက်။စစ်ဆေးကြည့်ရှု။
ဘယ်သူမှားသလဲ။ ဘယ်သူမှန်သလဲ။
ရုပ်ရှင်ဇာတ်လမ်းပြီးဆုံးကာနီးအထိ
မသဲကွဲကြသေးဘူး။


မိုးအိမ်လူ
၁၄ အောက်တိုဘာ ၁၅

Tuesday, October 13, 2015

မျက်နှာပြင်ကို အသာအယာ သပ်ချထားသမျှ




ကိုယ့်ကိုယ်ကို screenshot ထား တယ်
လမ်းချိုးလမ်းကွေ့တွေဟာ အချိန်မရွေး Reportအထု မခံရဘဲ ပျောက်ဆုံးသွားနိုင်သလို
စာမတတ်ပေမတတ်တွေရဲ့ ခလုတ်မှားနှိပ်ခြင်းတွေကနေလည်း ဖျောက်ဖျက်ခြင်းခံရနိုင်တယ်
ရွေ့လျားမှုတိုင်း ထိတွေ့မှုတိုင်း မှတ်တမ်းတင်ပုံရိပ်တွေ တဖျပ်ဖျပ်ပြုလုပ်ခြင်း
စာတိုစာစများ ကယောင်းကတမ်း ရိုက်နှိပ် ရေးပိုစ့်ခြင်း
ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုကောင်းခဲ့ပါတယ်
အခုတော့ စိုစိုရွှဲရွှဲ
ထီးမပါတဲ့ မိုးရာသီနေ့တွေမှာဆို ချစ်ခဲ့ဖူးတာတွေ အကုန်မေ့
ကိုယ့် အတ္တလေတွေ မိုးရေစိုစွတ်ပျက်ပြယ်သွားမှာကို သေမလောက်ကြောက်ရွံ့တတ်လာခဲ့ပြန်ပြီ
မတိုင်ခင် screenshot
တိုင်းဒေသကြီးအစွန်က မြို့သေးသေးလေးတစ်ခုကနေ
တိုင်းဒေသကြီးအလယ်က မေဂျာမြို့ကြီးတစ်ခုဆီလာတဲ့လမ်းတစ်လျှောက်
သတင်းမိတဲ့အခါ မိ မိုးမိတဲ့အခါ မိ
ဒါတွေဟာ နောင်တစ်ချိန်မှာ လွမ်းစရာလား စိတ်ပျက်စရာလား အားတက်စရာလား
တစ်လားလားနဲ့  လားခဲ့တာလဲ နှစ် ပေါင်းများစွာခဲ့ပြီ
အဲဒီနေ့တွေ တုန်းက screenshot မလုပ်တော့ သေချာမမှတ်မိ
မမြဲတဲ့တရားတွေကို အကြိမ်ကြိမ်အခါခါ တဖျပ်ဖျပ်
အသိ သတိတိုင်းကို တဖျပ်ဖျပ်
ဖျပ်ခနဲပြီးတော့ ဖျပ်ခနဲပဲ မက်မိုရီကဒ်ထဲ ကူးပြောင်း
ှုဦးနှောက်ဗလာနဲ့ စိတ်အလွတ်ကြီးနဲ့ မြင်ကွင်းတွေကိုscreenshot ပြီးရင်း
shot ....။။


Moe Eain Lu
14 Oct 2015

တံခါးစောင့်


ကြယ်ပွင့်တွေအကြောင်း
မပြောချင်ဘူး
(ကောင်းကင်ရော၊မြေပြင်ရော။
လင်းပွင့်တာရော၊ မှေးမှိန်တာရော။)

မနက်ဖြန်သောက ကို
ဖြန့်ပြီး ကျောခင်း
မျှော်လင့်ချက်ကို အတွေးနဲ့ ထွန်းညှိလိုက်တယ်
အလင်းပေါက်။


မိုးအိမ်လူ
၁၈၀၃၂၀၁၅

မှောက်ထားတဲ့ ဖန်ခွက်ထဲမှာ ပြည့်လျှံ နေတဲ့အရာ



မယုံကြည်ခြင်းကို ယုံကြည်ခြင်းနဲ့ ငြိမ်သက်စေတယ်။
အပြန်အလှန်။
အချိန်ကာလအကြောင်း ပြောကြတိုင်း အတိတ်ကာလကိုပဲ ထင်သာစေတယ်။
သစ်ရွက်ခြောက်တွေကြောင့် ခြေသံဟာ ညံခဲ့တယ်။
ညနေချိန် ကော်ဖီ မဟုတ်ဘူး။
ညဦးချိန် ဝီစကီ မဟုတ်ဘူး။
မေတ္တာ ဟာ အရည်လို့ ဘယ်သူ ပြောခဲ့သလဲ။
စဉ်းစားတယ်။
အက်ကြောင်းထနေတဲ့ အနာဂတ်ဟာ အပူလောင်ခဲ့လို့ ဖြစ်တယ်။
မေတ္တာ ရေ ဟာ အေးမြ အေးချမ်း တာကတော့ အသေအချာ။
မနေ့က ဝတ်ခဲ့တဲ့ အင်္ကျီကို ပြောင်းပြန်လှန်ပြီး ဒီနေ့ ပြန်ဝတ်တယ်။

ငါ့ဘဝဆိုတာကလည်းကွာ ဆိုဒ်မကိုက်တဲ့ အင်္ကျီဝတ်ထားရသလိုပါပဲ။
အမြဲတမ်း အသက်ရှူ ကြပ်။
မြင်ရတဲ့လူကော ဝတ်ရတဲ့လူကော ဘယ်တော့မှ စမတ်မကျ။
စိတ်ဓာတ်သာ ကျခဲ့တယ်။


မိုးအိမ်လူ
၁၇၀၃၂၀၁၅

နွေ သတင်းဟာ သီချင်း မဖြစ်





မသာမယာ သတင်းတွေ မပြတ်
စိတ်အာရုံက ဒေါသတရားအတိုင်း
နွေရောက်ပြီဆိုတော့လည်း
အပူလှိုင်းတွေ တလိမ့်လိမ့်တိုက်ဦးမှာပေါ့

ကျွန်တော်ရဲ့ ချည်အင်္ကျီလေးလည်း နွမ်းလျော့နေခဲ့ပြီ
စကားဓားတွေလား
ဓားစကားတွေလား
ထိတွေ့ဆက်ဆံမိသမျှဟာ ကြမ်းတမ်းမြိရှ

ကျွန်တော်ရဲ့ သည်းခံစိတ်လေးလည်း ကွဲ
ကြေမွလျနေခဲ့ပြီ

မီးခိုးတန်းတွေရဲ့ ရုန်းကြွမှုဟာလည်း
တကယ်တော့ အထီးကျန်စရာ
မေတ္တာ တရားအခြေခံတဲ့ သတင်းတစ်ပုဒ်လောက်တော့
နေ့စဉ် ရှူရှိုက်ချင်သေးရဲ့

ရနံ့ကောင်းတို့ သေလွန်ခဲ့တဲ့အကြောင်း
ကျွန်တော့်အိပ်မက်လေးကို
အိပ်မက်လေးအတိုင်းပဲ ဖြစ်စေချင်ပါတယ်။


မိုးအိမ်လူ
၁၆၀၃၂၀၁၅

Monday, November 10, 2014

အခွင့်အရေးတို့မည်သည် ဘယ်တော့မှ နှစ်ခါပြန်မရ


နေမ၀င်ခင်
စကားတွေ အကုန်ပြောခဲ့ပါ
အစားကို လျှော့စား
စကားကို ကုန်အောင်ပြောခဲ့ပါ
ပြောပါများလွန်းလို့ စကားတွေ ဆက်ရနေလည်း
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားစကား ပြောပါများလို့ စကားထဲက ဇာတိ တွေ မွေးရပ်မြေတွေ ပြနေလည်း
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားကျွံလို့ နှုတ်မရသည့်တိုင် အဆုံးထိ ကျွံဝင်သွားပါစေ
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားနောက် တရားတွေ အထွေးလိုက်ပါလာအောင်
စကားကို ကုန်အောင်ပြောခဲ့ပါ
စကားလွန်လို့ ကျွန်ဖြစ်သွားလည်း ကျွန်သူပုန်ဖြစ်သည့်တိုင်အောင်
စကားကို ကုန်အောင် ပြောခဲ့ပါ
လျှာ ပြတ်ကျသည့်အထိ
စကားကို ကုန်အောင်ပြောခဲ့ပါ
လျှာ ပြတ်ကျသည့်တိုင် အွန်လိုင်းမီဒီယာနှင့် အွန်ပရင့် မီဒီယာများတွင် စာရေး၍
စကားကို ကုန်အောင်ပြောခဲ့ပါ
နောက်ဆုံးထွက်သက်ရောက်၍ ဘာမှမပြောနိုင်တော့ပြီ ဆိုလည်း
အ အာ အိ အီ အေ အဲ အော အော် အံ အဲ အို စသည်တို့မှ စကားသံတစ်ခုခုကို အော်ညည်း၍
စကားကို ကုန်အောင် ပြောခဲ့စေချင်ပါသည်
နေမ၀င်ခင် လေး...။


မိုးအိမ်လူ
၁၁ နိုဝင်ဘာ ၂၀၁၃

လူသားရဲ့ ဓမ္မ


နံနက်ခင်း နှင်းတွေ ဖွဲကျနေတဲ့အခါ
ကိုယ်တို့ အမြင်မှန်မရကြဘူး
ချမ်းစိမ့်စိမ့်လေးနဲ့ အမှားကို အပျော်ကြူးကြတယ်


နေ့လည်ခင်း နေပြင်းပူတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
ပူလောင်ခြင်း ဒုက္ခတွေနဲ့ အမှားကို ရမ်းကားကြတယ်


ညနေခင်း အလင်းအိုတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
နွမ်းလျဖျော့တော့စွာပဲ အမှားကို ခြေပစ်လှဲကြတယ်


ကိုယ်တို့အမြင်မှန်မရခြင်းဟာ
မှားနေတဲ့ လောကကြီးကြောင့်လို့
အိပ်ရာအဝင်မှာ အတ္တကို ချော့သိပ်ခဲ့ကြတယ်။


Moe Eain Lu
၉ နိုဝင်ဘာ ၂၀၁၄

လပြည့်နေ့မှာ လကွယ်နေ့ကို အိပ်မက်မက်တယ်


မသေချာတဲ့တစ်နေ့မှာ
မင်းဆီ အရောက်လာခဲ့မယ်လို့
ငါ့ရဲ့ တောင်ကုန်းမို့မို့လေးကို
တီးတိုးပြောခဲ့တယ်


လေအသင့်မှာ အဲဒီစကား
ကောင်မလေးရဲ့ နားရွက်ဖျားမှာ
ချိတ်ကောင်း ချိတ်မိနိုင်တာပေါ့


အနိမ့်ကျဆုံးစကားလုံးတွေနဲ့
ရွာခဲ့တဲ့ ကောင်မလေးရဲ့မိုး
ငါ တစ်ယောက်တည်း ရွှဲရွှဲစို
သေသည့်တိုင် ဒူးမထောက်တဲ့စိတ်နဲ့


အထက်မြိဆုံးစိတ်တွေထဲမှာတော့
ငါဟာ အတောက်ပဆုံးပါ
ကြယ် ဘယ်လောက်တောက်တောက်
လမင်း ရှိနေသရွေ့ ဘယ်တော့မှ အလင်းမပေါက်ဘူး
ငါတို့အရပ်က
အချိန်ပြည့်သာတဲ့ လပြည့်ဝန်းတွေ လခြမ်းပဲ့တွေ လပိန်ချွန်းတွေ
ပေါင်းထနေတယ်ဆိုတာ ကောင်မလေးကတော့ မသိစွမ်းနိုင်ပါဘူး


ငါတို့က
တရားမျှတမှုကို မတရားသဖြင့် လိုချင်နေမိတာလို့
အမြဲစိမ်းတောကြီးက ရယ်ပွဲဖွဲ့
ပြီးတော့
ကြေကြေကွဲကွဲပါပဲ
ရွက်ကုန်ကြွေတယ်


အခုတော့ ငါ တစ်ယောက်တည်း
ကျောက်ကမ်းပါးစွန်းမှာ ရပ်
ကောင်မလေး လို့ အသံတိတ်ရေရွတ်ခေါ်
တိမ်မျှင်ပါးတွေနဲ့
အနာဂတ် ဆိုတဲ့ စကားလုံးကို အထပ်ထပ်ရေးနေခဲ့တယ်


Moe Eain Lu
၈ နိုဝင်ဘာ ၂၀၁၄

ငါ တွေးလိုက်တဲ့အခါတိုင်း ငါ မရှိသလို


ကိုယ့်ကံတရားကို ကိုယ် ဇက်ကြိုးဆွဲ ဒုန်းစိုင်းခဲ့တာပါပဲ
ဘယ်လိုက ဘယ်လို သူတို့စားပွဲဝိုင်းထဲမှာ ချာချာလည်ခဲ့သလဲ
ရာသီကူးပြောင်းသည် ဖြစ်စေ မဖြစ်စေ နှာစေးချောင်းဆိုး
စိတ်မလာရင် ယတြာ ကြီးကြီး ချေ
လွတ်တဲ့လက်က တယ်ကြီးပါလား လို့
အထိတ်တလန့်တွေးနေတဲ့ ငါးငယ်လေးတွေဟာ
ငါတို့ ဖြစ်သည် မဖြစ်သည်

လွင့်နေတဲ့တိမ်တွေဟာ သဒ္ဒါ ပြည့်မီအောင်စီရင်ထားတဲ့ ဝါကျတွေထက် လှခဲ့တယ်။

မိုးအိမ်လူ

၃ နိုင်ဝင်ဘာ ၂၀၁၄

ကဗျာထဲမှာ ဘာမှထည့်မထားဘူး


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ငါ့အကြောင်း မပါဘူး
ငါ့အကြောင်း တော်တော်များများ ဇူကာဘာခ့် သိပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘာသာရေး၊ လူမျိုးရေးအကြောင်း မပါဘူး
အဲဒီအကြောင်းတွေကို အရေးအသားကောင်းကောင်း၊ ရသအစုံအလင်နဲ့
တရားမဝင် သတင်းဆိုက် ပေါင်းစုံက မျိုးစုံအောင် ရေးပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ အချစ်အကြောင်း လိင်အကြောင်း မပါဘူး
Status တွေနဲ့ အသစ်တိုးပွားလာတဲ့ Page တွေအရ
ငါ့ထက် လက်စောင်းထက် စိတ်အားတက်တဲ့သူတွေ ရှိတဲ့အကြောင်း သိခဲ့ပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘဝနာတဲ့အကြောင်း မပါဘူး
ဖီးနစ်ငှက်ကြီးရဲ့ နာဖျားမှု နဲ့ သူ့သားသမီးတွေရဲ့သောကကို ငါ့လောကဓံက မကျော်လွန်နိုင်တဲ့အကြောင်း ဝမ်းနည်းခဲ့ရပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ကဗျာကအစ ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းတရားတွေ အကုန်လုံး မပါဘူး
ပါဝင်ပတ်သက်ခြင်း ပြုလုပ်နိုင်စွမ်း မရှိတဲ့ စိတ်ရှိလက်ရှိ တွေရဲ့ စိတ်မရှိလက်မရှိ တဲ့အကြောင်း

အဲဒါတွေလည်း မပါဘူး ။


မိုးအိမ်လူ
၆၇၂၀၁၄၀၁၁၅

စိတ်နားတွေ တံတွေးစို



အသံသာတော့ စိတ်သာတာပေါ့
ဖြစ်လွယ်ပျက်လွယ် ရပ်ဝန်းကြီးပါလေ
ပြောလွယ် ဆိုလွယ်...မေ့လွယ် ပျောက်လွယ်
ငိုလွယ် ရယ်လွယ်....ချစ်လွယ် မုန်းလွယ်
အားလုံး လွယ်လွယ်ပဲ လွယ်အိတ်တွေ လွယ်ခဲ့ကြတယ်

စိတ်သာတော့ အသံမှန်သမျှ အကုန်သာနေပြီပေါ့။

မိုးအိမ်လူ
၈.၈.၁၄

ကယောင်ကတမ်း ရေးခြစ်ခြင်းတွေ


ပုံစံခွက်လို့ မမြင်သာအောင် အခြားအရေးအသားတစ်ခုခု ပြောင်းလဲ ချင့်ချိန်သုံစွဲ အတည်ပြု လို/မလို


ကိုယ်ရေး အကြောင်းအချင်းအရာ ပုံစံခွက် ဖရိုဖရဲ သို့မဟုတ် ယိုင်နဲ့နဲ့
ကိုယ်ရည်ကိုယ်သွေး ပြောင်ပြောင်လက်လက် မတောက်မပတွေ ချိတ်ဆွဲ
တကယ့် အရေးအသားတွေမှာ .............

သတင်းတစ်ပုဒ်ဖတ် မျိုးချစ်စိတ်တွေ ဖလန
်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် လူသားချင်းစာနာစိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် မြင့်မြတ်တဲ့စိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် သူရဲကောင်းစိတ်လေး ဖလန်းဖလန်း ထ
သတင်းတစ်ပုဒ်ဖတ် ပညာရှိမာန်စိတ်လေး ဖလန်းဖလန်း ထ
ဖလန်းဖလန်းတွေ ပြည့်နှက် လျှံထွက် ထိန်းမနိုင်သိမ်းမနိုင် ဖလန်းဖလန်းတွေ ဖြစ်လာပြီး
ဇူကာဘတ်ရဲ့ သတ်ကွင်းထဲမှာ ဘာသာစကားတွေ ချွန်ထက်ပြောင်မြောက် ဖလန်းဖလန်းထ
မျိုးချစ်ပုဂ္ဂိုလ်ကြီးလိုလို လူ့ယဉ်ကျေးကြီးလိုလို သူရဲကောင်းကြီး လိုလို ပညာရှိကြီးလိုလို ထိန်းမနိုင်သိမ်းမနိုင် ဖလန်းဖလန်းတွေ ထ
တကယ့် စိတ်အတွင်းသားတွေမှာ....

လှမ်းလို့ မမီတဲ့အခါ ခဲ နဲ့ ထုပစ်လိုက်ခြင်းက အချိန်မကုန် လူသက်သာစေတဲ့ နည်းမှန်လမ်းမှန်
ဘယ်လမ်းညွှန်က အတည်ဆိုတာ အတည်ပြုပြီးပြီလား
ခပ်တည်တည်ပဲ ကိုယ်ပိုင် စာမျက်နှာတွေမှာ ကိုယ်ပိုင် နာမည်တွေ ကိုယ်ပိုင် တွေလိုလို အတည်ပြု
ရေးနေကျ အရေးတွေ ကိုပဲ နေ့စဉ် ရေးသားမြင်တွေ့နေရတဲ့ အရေးအသားထဲ
အရေးအသားအကြောင်းကို ဘယ်သူမှ အရေးအရာလုပ် မပြောဖြစ်တော့သလိုလို
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည် ဆိုတဲ့ ပုံစံခွက်ထဲမှာ အားလုံး မလွတ်မလပ် ဖြစ်နေပုံ
အားလုံးအတူတကွ အသက်ရှူကြပ်နေပုံ အားလုံးအတူတကွ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်အခြောက်ခံနေရပုံ
လွတ်လပ်စွာပဲ ကွဲလွဲပေးလိုက်ကြပါ ..
. ဒါဟာ ပုံစံခွက်လို့ မမည်တဲ့ ပုံစံခွက်။


မိုးအိမ်လူ
၂၃ စက်တင်ဘာ ၂၀၁၄

ငါးကိုလိုက်တဲ့ ရေ



အသံပြတ်တွေနဲ့ ပျက်ယွင်းနေတဲ့ စိတ်
ဟောင်းမြေ့နေတဲ့ အဖြစ်အပျက်တွေကိုပဲ
ဘဝထင်နေတဲ့ ပုတ်သင်များ မျိုးဆက်များ
တစ်ခုခုဟာ အတည်တကျ သင့်တယ်
ပေါ်လစီ မဟုတ်ရင် ပေါ်ပင် ။

မိုးအိမ်လူ

၂၅ July ၂၀၁၄

အသက်တွေ ရှိုက်ပြီး ထုတ်



သောက်ကျိုးနည်း ကပ်ပါးကောင်တွေ မျိုးပွားနှုန်း မြင့်တက်လာခြင်းက
ဇာတ်လမ်းအချို့ရဲ့ အစ

သူ့အသံ ကိုယ့်အသံ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မြို့လမ်းမတလျှောက် မီးကျောင်းတွေလို တွားသွားခဲ့

ယနေ့ရဲ့ သစ်ပင်များ မနေ့က ရာသီဥတုကို လွမ်းဆွတ်သလိုမျိုး
ကဗျာတွေကို တငွေ့ငွေ့ပူနွေးစေခြင်းဟာ

မနက်ဖြန်ရဲ့ အကြောက်တရားတွေကို ဖျော့တော့စေတယ်
စိတ်မှာ

ကိုယ့်ကိုယ်ကို မီး ခြစ်
ဘယ်သူ မှောင် မှောင်
ဘယ်သူ လင်း လင်း
ကိုယ့်ကိုယ်ကို မီး ခြစ်

အရှိတရာကို ရှို့ပစ်လိုက်။


မိုးအိမ်လူ

( သက္ကရာဇ် တစ်ခုမှာ Donald Barthelm ကွယ်လွန်ပြီး Daniel Radcliffe မွေးဖွားတဲ့နေ့ )/2014