Thursday, January 17, 2013
လှုပ် လှုပ် မြင်းက မလှုပ် လှုပ် လှုပ် လှုပ်
ဖတ်နေတဲ့ ၀ါကျဟာ ဇက်ကြောတွေ တက်နေပြီ
တွားသွား စကားလုံးတွေ မိုးကို မျှော်မျှော်ကြည့်တတ်လွန်းလို့
စစ်ပြန် တွေ အကြောင်း စစ်ပြန် တွေ အ ကြောင်း စစ်ပြန် စစ်ပြန်.....?
အဲဒီနေ့ကနေ မဟုတ်သေးဘူး ယေဘူယျ အတိအကျ ပြောရေးရရင်ဖြင့်
မစ္စတာမောင်မှိုင်း ဟာ မစ္စတာ ဘွန်း နဲ့ မတူခဲ့ဘူး
ရူပဗေဒ အလိုအရ ဖြစ်ဖြစ် ဓာတုဗေဒ အလိုအရ ဖြစ်ဖြစ် မပျက်ယွင်းဘူး
တစ်ခုခု ကို လိုချင်တယ်လား ။ တစ်ခုခု ရချင်တယ်လား။ တစ်ခုခု ခံစားလိုက်ချင်တယ်လား။
ဒန် တွေ ၀ယ်တယ် ကြေးတွေ ၀ယ် တယ် ဟောဒီက မုန့်စိမ်းပေါင်းးးးးးးးးးးးးးး
ဒါပဲလေ ဒါပဲပေါ့ အခြား ဘာရှိနိုင်သေးလဲ မြို့ပတ် ဘတ်စ်ကားပေါ်မှာ ကိုယ့် အသက်ရှုသံတွေ ကျန်ခဲ့တယ်
ယနေ့ ဆောင်းရာသီ ဖြစ်၍ ချမ်းအေးသော အကြောင်း ကို မဖွဲ့ဖြစ်ခြင်းသည်
ကဗျာဆရာ ၏ ရိုးသားမှု အစစ်အမှန်သာ ဖြစ်ပါသည်။
အား လုံး အား လုံး
ကျေးဇူးပြု၍ ခဏလောက် ငြိမ်ပေးကြပါ
အား လုံး အား လုံး
သူလို ကိုယ်လို မောင်ဝဏ္ဏတွေ ချည်း ဆိုတာ မငြင်းနိုင်မှန်း သိရဲ့နဲ့ကွယ်။
မိုးအိမ်လူ
၁၅ ဇန်န၀ါရီ ၂၀၁၃
ည ကိုးနာရီ ငါးဆယ့်ခြောက်မိနစ် စက္ကန့်အနည်းစွန်း
ငါ့ကို ခွင့်လွှတ်ပါ
သူရော ကိုယ်ရော ဇီဝဗေဒထဲမှာ ပါဝင်တယ်
ဘေစ့်များနေတဲ့ မြေဆီလွှာမှာ အဲဒီသစ်ပင် ပေါက်တော့
ကလိုရိုဖီးလ်ဟာ ငယ်ငယ်ရွယ်ရွယ် အရိုင်းစိတ်
ကိုယ်တို့ နာမည်တွေ ကျမ်းစာတစ်ခုမှာ ပါဝင်လာမယ်လို့
ပျောက်ဆုံးနေတဲ့ နံရိုးက မသိရှိလေခြင်းဟာ
ရီဆိုင်ကယ် သုံးလို့ မရတဲ့ အတူတူ ဒိုင်နိုဆောတွေကို
ကိုယ်တို့ အတူ ချုံ့ပစ်ခဲ့ကြ
ဘော်ဘီလေးရဲ့ ပလပ် ပလပ် လျှာ လျက်သံကနေ
တေးသီချင်းတွေ စတင် ပေါ်ပေါက်လာတယ်ပြောရင်
စိတ်ဆိုးကြမလား
ခင်ဗျားတို့ လိုချင်တဲ့ အဖြေ ဟာ ကျွန်တော့်ဆီမှာ
မေးခွန်းဖြစ်နေခြင်း
ရှုပ်ထွေးသမျှ ထွေးယှက်သွားတဲ့ အခါမှာ
နံရိုးလေးရေ… ပြန်ခဲ့တော့ကွယ်
ငါတို့ဟာ ကမ္ဘာဦးလူသားတွေ မဟုတ်ကြတော့ဘူးတဲ့။
မိုးအိမ်လူ
Thursday, January 10, 2013
စစ်တလင်း
အမြင်မှာ
မီးခိုးတန်းတွေ
ကြားလိုက်ရတဲ့
မျက်ရည်သံတွေ
ရှုရှိုက်မိတဲ့
သွေးညှီနံ့တွေ
သင်တို့ရဲ့ ရူးသွပ်မှုတွေ
မကျဆုံးခင်အထိ။
မိုးအိမ်လူ
၁၁ ဇန်န၀ါရီ ၂၀၁၃
နံနက် ၁၁း၅၀
သို့ ….. လမင်းပြာ
အသက်ရှူတွေကျပ်နေဆဲပဲ လမင်းပြာ။
တစ်ခါတစ်ခါ သတိရတတ်တာလေးက လွဲ လို့ ကျန်တဲ့အချိန်တွေမှာ
လွမ်းစိတ်နဲ့ အသက်ရှူတွေကျပ်နေဆဲပဲ။
ဓားဦး ချွန် ထက်မြိတွေ။ ကိုယ် မြင်တာပေါ့
လမင်းပြာ။ ကိုယ့် မိတ်ဆွေလေးကတော့ စိုးရိမ်တကြီး သတိပေးရှာတယ်။
ကိုယ့် မျက်လုံးတွေ ကန်း မနေမိခဲ့တာကိုက
ကိုယ့် အမှားဖြစ်နေပြန်တဲ့ ဘ၀ ရဲ့ ခက်ခဲခြင်းထဲက တစ်ခုပေါ့ကွယ်။
အချိန်ပြည့် အမုန်းတွေပဲ လွှတ်ထုတ်တတ်တဲ့
သက်ရှိ စက်ရုံတွေ။
တစ်ခါတစ်ခါပေါ့။
သူတို့ လိုချင်တဲ့ အနိုင် … ကိုယ့်ဆီက ရချင်နေတဲ့
အရှုံး။ ကိုယ်ပေးလိုက်ချင်တယ်။ ခက်တယ် လမင်းပြာရယ်။
ရက်စွဲတွေ တစ်ရွက်ပြီး တစ်ရွက် ကြွေသွားတိုင်းမှာ
ကိုယ့်မှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ သမုဒယ သံယောဇဉ်တွေ…။
ကိုယ် တစ်ယောက်တည်း လောင်မယ့် မီး မဟုတ်တော့ဘူး
လမင်းပြာ။ အခု ကိုယ် မိသားစုစိတ်ဓာတ်လေးကို
မြတ်မြတ်နိုးနိုး ဖက်တွယ်မိနေပြီ။ ခိုင်မာတဲ့
လှေကားတစ်စင်း ဖြစ်ချင်နေပြီ။ နွေးထွေးတဲ့ အမိုးလေး ဖြစ်ချင်နေပြီ။
ကိုယ်တို့ မရုန်းထွက်နိုင်ကြတာ မမှားဘူး
မဟုတ်လား လမင်းပြာ။
ကိုယ်… ကိုယ်ချင်းစာခဲ့ပါတယ်။
သူတို့ ချွန်ထက်ခဲ့တဲ့ ဓားသွားတွေဟာ သူတို့
တစ်ဦးတည်း မဟုတ်ဘူး ဆိုတာကိုလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။
ကြယ်နတ်သားလေး ပြောသလိုပဲ မထိုင်တန်တဲ့သူဆိုတာ
လွင့်မျောရမှာပဲ မဟုတ်လား။
ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်အောင် ကိုယ် ကြိုးစားမနေခဲ့ဘူး
ဆိုတာ ကိုယ် ကိုယ်တိုင်ပဲ သိတာပါ လမင်းပြာ။
ကိုယ်က ရိုးသားချင်ခဲ့တာ။ ရိုးသားနေတာ။ ဘယ်သူတွေဘယ်လိုပဲ
စစ်သွေးကြွနေပါစေ ကိုယ် ရိုးသားနေလိုက်မယ်။
အခိုက်အတန့် တွေအတွက်နဲ့တော့ တစ်ဘ၀လုံး လွှင်မပစ်ချင်ဘူး
လမင်းပြာ။ ကိုယ်တို့ ဆင်ခြင်တုံတရား ရှိသင့်တယ် မဟုတ်လား။
တစ်ခါတစ်ခါ..
ကိုယ်တို့ မရုန်းထွက်နိုင်တဲ့ အိပ်မက်ထဲမှာ
လမ်းမှားချင်ယောင်ဆောင်နေချိန်များဆို သူတို့ အပြုံးတွေ အရမ်း တောက်ပ နေတတ်ကြတယ်။
ဘာကြောင့်လဲ မသိဘူး လမင်းပြာ။ ကိုယ့်ကို
ကြည့်ပြီး သူတို့ အဲ့လို ပြုံးနေချိန်များဆို ကိုယ် အရမ်း ပျော်မိတာပဲ။ သူတို့ အပြုံးက
အရမ်းသနားစရာကောင်းတယ်လေ။ ကိုယ် နည်းနည်းများ သူယုတ်ဆန်သွားသလား။
ဒီလိုပါပဲ လမင်းပြာရယ်။ အိပ်မက်တွေ တကယ်ဖြစ်မလာတတ်တဲ့
အချိန်မျိုးမှာ ကိုယ်တို့ စိတ်ဓာတ်တွေ ယိမ်းယိုင် ပြိုပျက်တတ်ကြတာ ဖြစ်လေ့ဖြစ်ထ တစ်ခုလိုပဲ။
အဲဒီ အိပ်မက်တွေကြောင့်ပဲ
အသက်ရှူတွေကျပ်နေဆဲပဲ လမင်းပြာ။
စကားလုံးတွေ။ လက်ထ မှုတွေ။ နက်ရှိုင်းမှုတွေ။
ရိုးသားမှုတွေ။ ခန့်ထည်မှုတွေ။ အို… အကုန်လုံး လွမ်းစရာတွေအဖြစ်နဲ့ပဲ၊။
မသေသော ဆေးသမားဆိုတာ တကယ်မရှိဘူးလား လမင်းပြာ။
ကိုယ်ကတော့ ရှိစေချင်တယ်။
ဘာကြောင့်များ မှားယွင်းခွင့် ဒီလို လိုင်စင်ခိုင်ခိုင်မာမာနဲ့
ခွင့်ပြုပေးနေကြသလဲ။ သူယုတ်တို့ ကျန်းမာကြပါစေ။
ဝေးလွန်းတဲ့ ခရီးတွေအတွက် ကိုယ်တို့ရဲ့ ခြေတစ်လှမ်းတွေ
ဘာအတွက်နဲ့ စိုးရွံ့လေးပင့်နေခဲ့သလဲ။
တစ်ချိန်ချိန်မှာတော့
ကိုယ် အကြီးအကျယ် ကျရှုံးနိုင်တယ်။
တစ်ချိန်ချိန်မှာတော့
ကိုယ် အကြီးအကျယ် အောင်မြင်နိုင်တယ်။
ဒါပေမယ့်.. ဘယ်သောအခါမှ
ကိုယ် အကြီးအကျယ် အံ့သြလိမ့်မယ် မဟုတ်ဘူး
လမင်းပြာ။
အံ့သြတယ်ဆိုတာ အမြင်ကျဉ်းတဲ့သူတွေပဲ ရှုရှိုက်တဲ့
အောက်စီဂျင်တစ်မျိုးဆိုတာ သိမှာပါ။ ဘာအတွက်နဲ့ ကိုယ်တို့ စိတ်အယိုအယွင်းခံပြီး အံ့သြထူးဆန်းနေမှာလဲ
။
ဟို ပုတက်တက် စစ်သေနာပတိကြီး ပြောသလိုပေါ့
။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဟုတ်လား။ ဒီလောက် ရိုးရှင်းတဲ့ စကားတွေ ပြောနေကြားနေကြပါရဲ့နဲ့
ဘာလို့ အံ့သြနေမှာလဲကွယ်။
ကိုယ့်မှာ မမြင်ရတဲ့ ရန်သူတွေ စိတ်လက်ကျန်းကျန်းမာမာရှိကြပြီး
မမြင်ရတဲ့ မိတ်ဆွေတွေလည်း ပျော်ပျော်ရွှင်ရွှင် ရှိနေသေးတယ် ဆိုတာ ကိုယ် ဘယ်တော့မှ မေ့မထားဘူး
လမင်းပြာ။
အမှောင်မှာ လင်းလက်နိုင်စွမ်းမရှိသေးလို့
ကိုယ့် ၀မ်းနည်းရပေမယ့် တစ်ချိန်ချိန်မှာတော့ ကိုယ့် အိပ်မက်တွေနဲ့ အတူ
လင်းလက်ချင်သေးတယ်။
ကိုယ်တို့ တစ်နေ့တော့ ဆုံမှာပါ လမင်းပြာ။
မသေချာခြင်းတို့အတွက် ဘာစကားမှ ချန်မထားတော့ဘဲ..
ကိုယ်တို့
တစ်နေ့တော့
ဆုံမှာပါ။
* * *
မိုးအိမ်လူ
၁၀ ဇန်န၀ါရီ
၂၀၁၃
ညနေ ၇း ၃၀
Wednesday, January 9, 2013
SOLO နံနက်ခင်း+များ
နံနက်ခင်း မဆန်သော နံနက်ခင်းတစ်ခု။ ကိုယ့် အိပ်မက်တွေ ပြန်မလာသေးဘူး။ ကိုယ့်စိတ်တွေ လွင့်စင်ပြန့်ကျဲနေတာ ကာလတွေ ဘယ်နှခု ပြာချွေပြီးပြီလဲ။
နေထွက်ရှိလာခြင်း ဖြစ်စဉ်၏ အခြားတစ်ဖက်၌ ကျွန်တော် တည်၏။ မည်သူတို့ မည်သို့ပင် မျဉ်းတားနေကြပါစေ။ ကျွန်တော် တစ်ယောက်တည်းသာ နေထွက်ခြင်း၏ ။
လာ ပါ သွား ပါ ။ ဂျိုးဂျိုးဂျွတ်ဂျွတ် အိပ်မက်များဖြင့် သူငယ် တို့ အပျော်မမြူးနိုင်ကြဟု သင်ထင်မြင်နေပါသလား။ အံ့သြစရာ ဆိုသည်မှာ ဘာပါလဲ သင်သိမည့်နေ့သည် ထိုနေ့ ဖြစ်သည်။
ကျွန်တော်တို့ မျှော်လင့်လျှက်ရှိသော အိပ်မက်သည် ရောက်ရှိလာပါပြီကော။
ယနေ့ ဖတ်ရှုလျှက်ရှိသော စကားလုံးများအား မနက်ဖြန်နံနက်တွင် ရဲရဲဝံ့ဝံ့ မေ့ပစ်လိုက်ပါ။
ကိုယ် လွမ်းလှတယ်။ ကမ္ဘာမှာ ပြန်ဝင်စားခွင့် မရှိတော့တဲ့ အိပ်မက်လေးတစ်ပုဒ်ကိုပေါ့။
ရှင်သန်ခြင်း စကားလုံး အနက်များကို ရှာဖွေရသည်မှာ အသက်ရှူတွေကျပ်။ရင်တွေကျပ်။ ချောင်းတွေဆိုး။
ဒါဟာ ဆောင်းယောင်ဆောင်တဲ့ ဆောင်းရာသီတစ်ခုဆိုပါတော့။
တကယ် အေးစက်ခြင်းမရှိဘဲ အေးစက်နေခြင်းကို သင် လက်ခံလိုက်လျှင် အနွေးထည်သည်ကော။
နှင်း
နှင်း နှင်း
နှင်း နှင်း
နှင်း
နှင်း နှင်း နှင်း
ကျွန်တော် နားလည်သလို အဓိပ္ပာယ်ဖွင့်ဆိုထားသော နံနက်ခင်းသည် ၎င်းဖြစ်၏
မှားခဲ့ပြီပေါ့ ချစ်သူရယ်။ ဆုံးဖြတ်ချက်တွေ။ စိတ်ကူးယဉ်တွေ။ ကိုယ်တို့ မျှော်လင့်ချက်တွေ။ မောရတယ်။
တောင့်တနေမိတဲ့ အသံ လေးတစ်သံ ဟာ ။ ကိုယ့်အတွေးထဲမှာ တော့ နှင်းဆီဖူးတွေ လှုပ်ခါသွားတယ်။
အဆင်မပြေသော အာရုံတွေနဲ့ပါပဲ။
မိုးအိမ်လူ
၉ ဇန်န၀ါရီ ၁၃
Subscribe to:
Posts (Atom)



