Friday, December 16, 2011

ပန်းပွင့် အယ်လ်ဘမ် ( ၂ )




၁။ အားလုံးက အလင်း ဟု သတ်မှတ်ထားပါသည်။ ( အလင်းဟုသာ သတ်မှတ်ခြင်း ဖြစ်ပြီး မည်သူမျှ အလင်းရောင်အောက်တွင်   မနေချင်ကြ။ လိုချင်သည်ဟုသာ အကြိမ်ကြိမ် တဆာဆာ အော်ဟစ်တောင်းတပြီး ရအောင်မယူကြ။ )
၂။ ရာသီဥတု ။ နေရာဒေသ။ အချိန်ကာလ ။ ဘာဆိုဘာမှ ထိုအရာအတွက် အရေးမကြီးပါ။ အရေးကြီးသည်မှာ ခံယူတတ်ဖို့ပဲ ဖြစ်သည်။
၃။ ဒီလိုနဲ့ ကျွန်တော်တို့ အိပ်မက်တွေ ရေငတ်တတ်လာတယ်။
၎။ ဘယ်နှနာရီရှိပြီလဲလို့ ဗန်ဂိုးက မေးတယ်။ နှစ်ဆယ့် ခြောက်နာရီလို့ ပီကာဆိုက ဖြေတယ်။ ဗန်ဂိုးက ပီကာဆိုရဲ့ချိုးငှက်ကို သေနတ်နဲ့ ပစ်လိုက်တယ်။ သံလွင်ခက်လေး မြေပေါ် ကျလို့။
၅။ ခင်ဗျားရောက်လာတော့ ကျန်တဲ့သူတွေ တစ်ယောက်မှ မလာသေးဘူး။ အခြား ဘယ်သူတွေပါသေးလဲ လို့ ခင်ဗျားကမေးတော့ ဒါရိုက်တာက မေတ္တာတရားပဲ ပါတာပါ။ သူက ဒီလိုပဲ နောက်ကျတတ်တယ်လေ လို့ ဖြေတယ်။
၆။ တကယ်တော့ ဒါဟာ ဇာတ်လမ်းတစ်ပုဒ် လား။ ဖြစ်ချင်လည်း ဖြစ်မှာ။ မဖြစ်ချင်လည်း မဖြစ်နိုင်ဘူးပေါ့။ ဒါက စာဖတ်သူ ဆုံးဖြတ်ရမယ့် ကိစ္စ ။ ကျွန်တော်တို့ ခင်ဗျားတို့ စာဖတ်သူကို နှိပ်စက်လာတာ ကြာပြီမဟုတ်လားလို့ စာရေးဆရာက ပြောတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တကယ်တော့ အားလုံး အမှတ်တစ်ခုမှာ လာဆုံသင့်တာ။
၇။ မေးခွန်းဟောင်းကြီးနဲ့ပဲ သူတို့ ဂျာလည်ရိုက်နေတော့တယ်။ အနုပညာဆိုတာ ဘာလဲတဲ့။
၈။ ပန်းတွေလေ ပွင့်လိုက်တာ ကမ္ဘာကြီးတောင် မူးသွားတယ်။
၉။ အလင်းတွေဟာ တစ်နေရာရာမှာ အမြဲတမ်း လင်းထင်းနေတာပါ။ ဘယ်သူမှ မမြင်ကြဘူး။ ဒါမှမဟုတ် ။ မမြင်ချင်ယောင် ဆောင်နေခဲ့ကြတယ်။
၁၀။  မေမေတွေဟာ ရာသက်ပန် ရနံ့သင်းတဲ့ ပန်းပွင့်တွေ။ ဖေဖေတွေဟာ ဘယ်တော့မှ မငြိမ်းတဲ့ မီးရှူးတန်ဆောင်တွေ။ မိသားစုတွေဟာ ဘယ်လိုသားရဲတွေမှ မနှောက်ယှက်နိုင်တဲ့ အလုံခြုံဆုံး နန်းတော်တွေ။
၁၁။ မယုံကြည်ခဲ့ကြဘူး။ သူဟာ သူ့အတ္တထက် ကျော်လွန်ပြီး ဘယ်သူ့ကိုမှ မယုံကြည်ရဲခဲ့ဘူး။ အခုတော့။
၁၂။ တစ်ယောက်တည်းရယ်။
၁၃။ တိတ်ဆိတ် ခြောက်ကပ် အထီးကျန် မှောင်မိုက်လို့။
၁၄။ ချစ်သူရဲ့ အိပ်မက်ဟာ ကျွန်တော်ဆီမှာ ဖူးပွင့်လို့။
၁၅။ သူတို့ တေးတွေ သီကြတယ်။ သူတို့ ကဗျာတွေ စပ်ကြတယ်။ သူတို့ တတ်စွမ်းသမျှ လင်းထင်းဖို့ ကြိုးစားနေကြတယ်။
၁၆။ နေ ဟာ ကွယ်ခဲ့ပြီ။ သက္ကရာဇ်တွေ မြောက်မြားစွာ။
၁၇။ မင်း ကော်ဖီကြိုက်လား လို့ ခင်ဗျားက သူ့ကို မေးလိုက်တော့ သူက ခေါင်းညိတ်တယ်။ ပြီးတော့ ခင်ဗျားက သူ့ကို လက်ဘက်ရည်တိုက်တယ်။ ဒါဟာ ဖြစ်သင့်တဲ့ လွဲချော်မှုလား။
၁၈။ တကယ်တမ်းကျတော့ ဘယ်သူမှ စိတ်လိုလက်ရ ရူးချင်မှာ မဟုတ်ဘူးလေ။
၁၉။ ဘ၀ ဟာ အင်ဂျင်ကျနေတဲ့ ယာဉ်တစ်ခုလို ။ စကြာဝဠာမှာ ခင်ဗျား ပိုင်တဲ့ ဂြိုဟ် ရှိလို့လား။
၂၀။ သံမဏိ မာနတွေပါ။ သူသာ ဒီကဗျာ မရေးခဲ့ရင် ဘယ်သူမှ သူ့ကို ပုန်ကန်သူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ ခက်တာက သူက အနုပညာသမားလေ။ ကဗျာရေးသူမှ မဟုတ်တာ။
၂၁။ မေမေ့ရဲ့ ပန်းဥယျာဉ်မှာ ကျွန်တော် ရဲရဲရင့်ရင့် ပွင့်လိုက်ချင်တာ။ အခုတော့ ည တာတွေသာ ရှည်လို့။
၂၂။ ဘယ်သူ ယုံခဲ့မလဲ။ ဒီလို သိုးငယ်လေးတွေ မြေခွေး ဖြစ်သွားတာကို။ အခုတော့ ခင်ဗျား လက်တစ်ဖက် ပါသွားပြီမလား။ ခင်ဗျား နှလုံးသားတောင် အခုထိ သွေးလေခြောက်ခြားတုန်း။
၂၃။ ဘယ်အရပ်ဒေသရယ်လို့ မရှိဘူးလေ။ ခင်ဗျားသာ အလင်းကို တောင့်တရင် အလင်း က ခင်ဗျားနဲ့ ဝေးဝေးမှာ နေနေမှာ မဟုတ်ပါဘူး။
၂၄။ သူလည်း ဒီလိုနဲ့ သင်းကွဲ ဖြစ်ခဲ့တာ။
၂၅။ ကဗျာတွေတော့ ရေးနေတာပဲ။ စာတွေတော့ ရေးနေတာပဲ။ ကြယ်တစ်စင်းမှ မကြွေသေးဘူး။
၂၆။ ချစ်သူဟာ ကျွန်တော့်အတွက် အလင်းတစ်စ ပီသ ခဲ့တာပါ။
၂၇။ အလင်းယောင်တွေ အလင်းရောင်တွေ အလင်းယောင်တွေ အလင်းရောင်တွေ။
၂၈ေ။ ခြေကုန်လက်ပန်းကျတဲ့အထိ မြစ်ရေကို ဆန်တက်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် စုန်ရေကသာ ...။
၂၉။ ဘယ်သူမှ မပြောလဲ ခင်ဗျားဟာ လူ့သမိုင်းမှာ ပျောက်ဆုံးသွားမှာပါ။ ဘာအတွက်နဲ့များ စိတ်ရိုင်းတွေ လှိုင်းထန်နေရတာလဲ။
၃၀။ ဒီလိုပါပဲ။ ညတိုင်း ညတိုင်း အရက်က ကျွန်တော့်ကို လာလာမူးတယ်။
၃၁။ လေပြေတွေဟာ အချိန်မှန် ရောက်လာလေ့ရှိပါတယ်။ သူက သာ နိုးထဖို့ အဆင်သင့်မဖြစ်ခဲ့တာ။
၃၂။ အမှောင်ဟုသာ ပြောနေကြသည်။ အလင်းကို မရှာကြ။ ဤသို့ဖြင့် ဘုရားသခင်သည် လူသားတို့နှင့် ဝေးသထက် ဝေးလာခဲ့သည်။
၃၃။ စကားလုံးများဖြင့် ဖော်ပြဖို့ ခက်ခဲလာသော အရာများထဲတွင် မေတ္တာတရားလည်း ပါဝင်လာခဲ့သည်။
၃၄။ ဤသက္ကရာဇ်မှ စ၍ လောကကြီးတစ်ခုလုံး မှောင်မိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြပြီ။
၃၅။ သတင်းစကားများ ကြားရသည်မှာ မကောင်းလှ။
၃၆။ သူ ငိုင်တွေနေသည်။
၃၇။ ခင်ဗျား ပြင်ဆင်ချင်နေပြီ။
၁။ ကျွန်တော် အိမ်ပြန်ချင်နေပြီ။


*  *  *

မိုးအိမ်လူ
၁၆ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ခြောက်မိနစ်

Thursday, December 15, 2011

ဗျည်းသံ သရသံတွေ ပျောက်နေတဲ့ ၀တ္ထု


ကျွန်တော့် နား ထဲကို အသံတွေ ၀င်မလာတာကြာပြီ။ နားထဲ တစ်ခုခု ၀င်သွားတာလား။ ဒါမှမဟုတ် နားထဲက အင်္ဂါတစ်ခုခု ပျက်စီးသွားတာ လား မသေချာဘူး။ သေချာတာကတော့ နားထဲကို အသံတွေ အရင်လို ၀င်မလာတော့ဘူး။ သီချင်းလည်း နားထောင်လို့မရတော့ဘူး။ လူတွေရဲ့ စကားသံကို လည်း ကောင်းကောင်းမကြားရတော့ဘူး။ စကားသံတွေမကြားဘဲ ၀ူးဝူးဝါးဝါး တွေပဲ ကြားနေရတယ်။ ဒီတော့ ပြောရ ဆိုရတာ အဆင်မပြေတော့ဘူး။ သူတို့ကို စာရွက်နဲ့ ရေးခိုင်းပြီးမှာ ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးကို လည်ပတ်နေစေရတယ်။ နားအထူးကု ဆီသွားပြဖို့ ပြင်နေတာလည်း ကြာပြီ။ အလုပ်တွေက လည်း မပျက်ဘူး။ ခင်ဗျား ကျွန်တော့်ဆီ လာပြီး နောက်နေ့ မနက်ကတည်းက ဆိုပါတော့။ သူကလည်း အထူးကုဆီ သွားပြဖို့ ပြောနေတာ ကြာပြီမဟုတ်လား။ သူ့စကားကို နားမထောင်တာတော့ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်ကကို အလုပ်တွေက ရှုပ်နေတာလေ။ အလုပ်တွေက ရှုပ်ဆို တစ်နေ့တစ်နေ့ ၀တ္ထု နှစ်အုပ် ကုန်အောင် ဖတ်နေရတာ တော်တော် ပင်ပန်းတယ်မဟုတ်လား။ ညကတော့ လ သာသေးတယ်။ ဒီနေ့ ည သာမသာတော့ မသိဘူး။ သူ က ကော်ဖီတစ်ခွက်ဖျော်ပြီး ၀တ္ထုထဲ ပြန်ဝင်သွားတယ်။ ၀တ္ထုထဲမှာ ဒီအချိန်ဆို သူ ကော်ဖီသောက်ရင်း စာဖတ်တဲ့ အချိန်လေ။ မနက်ဖြန်မှ မသက်သာရင် ဆရာဝန် သွားပြဖို့ ကြံထားတယ်။ ကျွန်တော်လည်း အပြင်မှာနေရတာ အေးလာတာနဲ့ အခန်းထဲ ပြန်ဝင်လာခဲ့တယ်။
မနက်ဖြန် သွားမယ်မလား
သူက စာဖတ်ရင်းကနေ လှမ်းမေးတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ တကယ်က ကျွန်တော် ဘာမှမကြားဘူး။ ၀ူးဝူးဝါးဝါးပဲ ကြားတာ။ ဘာမှ ပြန်မပြောချင်လို့ ခေါင်းညိတ်ပြလိုက်တာ။ စိတ်ညစ်ပါတယ်။
*
အရိပ်က ကျွန်တော်ဆီကနေ ပျောက်သွားတာ ရင်နင့်အောင် ရဲ့ ပုံရိပ် မှန်ထဲကနေ ပျောက်သွားတဲ့ နေ့ကတည်းကပဲ။ အစကတော့ သူ မသိပါဘူး။ မနေ့က ခင်ဗျားနဲ့ တွေ့မှ စကားစပ်မိရင်း အတူတူ အရိပ်တွေ ပျောက်ကုန်တာပေါ့လို့ ဆိုတာ။ ရင်နင့်အောင်ကတော့ သူ့အရိပ်ကို ပြန်လာစေချင်ပုံမရဘူး။ သူလည်း အရိပ်ကို ပြန်မလာစေချင်ဘူး။ ဒါပေမယ့် ရည်ရွယ်ချက်တွေကတော့ မတူဘူး။ ရင်နင့်အောင်က သူနဲ့ဘ၀တူ အဘိုးကြီး ပြောလို့ သေမှာကြောက်ပြီး မလာစေချင်တာ။ သူကတော့ ပုံသဏ္ဍာန်အမျိုးမျိုးထွက်နေတဲ့ သူ့အရိပ်တွေကို စိတ်ပျက်ပြီး ပြန်မလာစေချင်တာ။ ည ည အိပ်မပျော်တာလည်း ကြာပြီမဟုတ်လား။ စိတ်ညစ်ညစ်နဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖတ်ဦးမှ ဆိုပြီး ဖတ်နေလိုက်တယ်။ သူကတော့ ၀တ္ထုထဲမှာ ကောင်မလေးနဲ့ ပြုံးပျော်လို့။ ခက်တာက သူက ကျောင်းကို ဆက်မတက်တော့ဘူး။ ပညာရေးစနစ်ကို မကြိုက်လို့တဲ့။ ကျွန်တော့်အနေနဲ့ကတော့ ဆက်တက်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒီမှာဒါတက်မှ အဆင်ပြေမှာ မဟုတ်လား။ သူကတော့ ပညာရေးစနစ်ကို အယုံအကြည်မရှိဘူးတဲ့။ သူ့ဝတ္ထုထဲမှာတော့ သူက မင်းသားပဲလေ။  သူ ကျောင်းဆက်မတက်လည်း အချိန်တန်ရင် သူ့ဘ၀က နေခြည်ဖြာမှာပဲ မဟုတ်လား။ ပူပင်စရာ သိပ်မှ မရှိဘဲ။
အဲ့လိုလည်း မဟုတ်ဘူးဗျ
သူက ငြင်းတာ။ ဘာလို့လဲ လို့ ကျွန်တော်က ပြန်မေးတော့
ကျွန်တော် ၀တ္ထုထဲမှာမို့ ကျောင်းဆက်မတက်တာမဟုတ်ဘူး။ အပြင်မှာဆိုလည်း တက်မှာမဟုတ်ဘူး။
ကျွန်တော်ကတော့ မယုံဘူး။
မဖြစ်နိုင်ပါဘူးကွာ လို့ ပြန်ပြောလိုက်တယ်။
ဒီဘွဲ့တွေရတော့ကော ဘယ်ကုမ္ပဏီက အလွယ်တကူ အလုပ်ပေးလို့လဲ ။ တဲ့ သူက ပြန်မေးတယ်။
အဲ့ဒါတော့ ကိုယ်လည်း မသိဘူးလေ။ သူတို့ကြိုက်ရင် ပေးမှာပေါ့။ လို့ ကျွန်တော် က ပြန်ပြောတော့ သူက ရယ်တယ်။
ထားပါဗျာ။ ကောင်မလေးကို သွားကြိုရဦးမှာ ။ နောက်မှ ဆက်ပြောတာပေါ့ ။ ဆိုပြီး လစ်သွားတယ်။
ကျွန်တော်လည်း စိတ်ရှည်သည်းခံပြီး ၀တ္ထု ဆုံးတဲ့အထိ ဆက်ဖတ်ပေးလိုက်ပါတယ်။
*
ထုံးစံအတိုင်းဆို ကျွန်တော် ဒီနေ့ ပျော်နေရမှာ။ ဒီနေ့ လခ ထုတ်ရက်လေ။ ဒါပေမယ့် အကြွေးတွေအကုန်ဆပ်လိုက်တော့ လက်ထဲမှာ ငါးထောင်ပဲ ကျန်တော့တယ်။ ဘာတတ်နိုင်မှာလဲ။ ထုံးစံအတိုင်းပဲ ကိုယ့်အခန်းကို ပြန်ပြီး အိပ်ရုံရှိတာပေါ့။ အဲဒီမှာ ခင်ဗျားက ကြိုရောက်နှင့် နေတယ်။ ရင်နင့်အောင်ကြီးလည်း ပါတယ်။ သူတို့က ၀ိုင်းဖွဲ့မလို့တဲ့။ မနက်ဖြန်လည်း အလုပ်တွေ နားတယ်ဆိုတော့ ဒီည တော့ ကွဲချင်သလိုကွဲ ပါစေ ချကြမယ်တဲ့။ ကျွန်တော်လည်း မထူးဘူးဆိုပြီး ချဗျာလို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ကျွန်တော် မှ တစ်ပြားမှ မကုန်တာ။ သူတို့က အကုန်ဝယ်လာတာကို။ အေးဆေးပေါ့။
ခင်ဗျားတို့ကတော့ ရေလျှံတုန်းပေါ့ ဟုတ်လားလို့
ကျွန်တော်က မေးတော့ ရင်နင့်အောင်ကြီးက မုတ်ဆိတ်မွှေးကြီး ဆွဲပွတ်ရင်း
ဟဲဟဲ ကိုယ်တို့က အသုံးအစွဲ စီစစ်တယ်လေကွာ ။ သူများလို ဒါဆိုဒါပဲ လုပ်နေတာမဟုတ်ဘူး။ ဘေးပေါက်လည်း ရှာသေးတာ မဟုတ်လား လို့ ကျွန်တော့်ကို ဖဲ့ရင်း ပြောတယ်။ ကျွန်တော်လည်း ရယ်ရုံပဲ ရယ်နိုင်တယ်။ ဗိုင်းရပ်စ်ကိုကော ခေါ်ဦးမလားလို့ ခင်ဗျားက မေးတော့ ဒီလူ ဒီအချိန်ဆို အွန်လိုင်းမှာကျူနေလောက်ပြီ ခေါ်မနေနဲ့ ရမှာ မဟုတ်ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ ဟုတ်တယ်။ အဲ့ဒီလူက ကျူနေတာပဲ အားတိုင်း။ အဲဒီအချိန်မှာ သူလည်း အလုပ်က ပြန်လာတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ရုပ်နဲ့။
ဘယ်လိုလဲ ငါ့ကောင်ရ။ လူပဲ ကျန်ပါတော့လား ။
လို့ ရင်နင့်အောင်က နှုတ်ဆက်ရင်း မေးတယ်။
ဟုတ်ပါ့ဗျာ။ လူတွေက တော်တော်မကောင်းတာပဲဗျ။ ခင်ဗျားတို့က ၀ိုင်းမလို့လား။
လို့ သူက မေးတယ်။ အေး လို့ ကျွန်တော်က ဖြေပြီး
လာလေကွာ။ တစ်ခါတည်း ၀ိုင်းလိုက်လေ။ လို့ ဖိတ်လိုက်တယ်။
ခဏနေဦးဗျာ။ ဒီလောက်နဲ့ ရမှာမဟုတ်ဘူး။ ကျွန်တော် ထပ် သွား ဆွဲလိုက်ဦးမယ်။ ရိက္ခာ ပြည့်တော့ စိတ်ချလက်ချ ဆွဲနိုင်တာပေါ့
ကျွန်တော်တို့လည်း သဘောတူလိုက်တယ်။ အဲဒီညက ကျွန်တော်တို့ မိုးလင်းအထိ ၀ိုင်းမပျက်ဘူး။ နောက်ဆုံး လမ်းခွဲတဲ့ နေရာက
ဘေဂျင်း လမ်းမကြီးမှာ။
*
စိတ်ကျရောဂါဆိုတာမျိုးက ကုဖို့ လွယ်မလိုလိုနဲ့ မလွယ်ဘူး။ ရောဂါထတဲ့အ ချိန်များဆို ကိုယ့်ကိုယ်ကို သတ်မသေမိအောင် မနည်း ကြိုးစားနေရတယ်။ မနက်ကပဲ မင်းယုမာန်လာသေးတာ။ ဘာဖြစ်နေတာလဲ မေးပြီး အကြောင်းအရင်းသိသွားတော့ သူနဲ့ ရင်းနီးတဲ့ ဆရာဝန်တစ်ယောက်ဆီညွှန်တယ်။ ဆရာဝန်နာမည်ကြားပြီး သွားချင်စိတ်မရှိတော့ဘူး။ ဒေါက်တာအဖြူလေးတဲ့။ အခုအချိန်မှာ အဖြူနဲ့ ပတ်သက်တာ ဘာမှကို မကြားချင်တာ။ အခုအချိန်မှာ အရာရာဟာနက်နေ မှောင်နေတာကို။ လင်းတဲ့ ဖြူတဲ့ နေရာဆို စကားဆို ကြားကို မကြားချင်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဒီရောဂါကို ကုဖို့ ကြိုးစားရမယ်။ ရေရှည်ဆိုရင် မလွယ်ဘူး မဟုတ်လား။ အစစအရာရာ အဆင်မပြေ မှုတွေက အချိန်တိုင်း ပြတ်တယ်မှ မရှိဘဲ။ ဖြေရှင်းဖို့လည်း မတတ်နိုင်ဘူး။ ကိုယ်ကပဲ ညံ့တာလား။ ကိုယ်ညံ့တာပဲ ဖြစ်မှာပါလေ။ အဲဒီလို ကိုယ့်ကိုယ်ကို ညံ့တယ်လို့ တွေးတွေးနေတာကို က စိတ်ကျရောဂါ ဖြစ်နေတာပဲလို့ ဗင်းဆင့်က ပြောနေတာ ခဏခဏ ။ မတတ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်မှ ညံ့တယ် မသတ်မှတ်ရင် ဘယ်သူ့ကို သွားသတ်မှတ်ရမှာလဲ။ သေချာတာကတော့ ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေ မညံ့ကြ ဘူးဆိုတာပဲ။မနက်မိုးလင်းရင်တော့ မိုးမရွာပါစေနဲ့ ဆုတောင်းနေမိတယ်။ မိုးရွာရင် ရောဂါက ပိုဆိုးချင်တယ်။ အခုတောင် နှင်းမိုးတွေ ဖွေးလို့။
*
ကျွန်တော် သေ တော့ ဘေးမှာ ဘယ်သူမှ မရှိကြဘူး။ အခန်းဖော်တွေကလည်း အကုန်လုံး အလုပ်ကိုယ်စီ သွားနေကြတာ။ ကျွန်တော်သေ တာကို အရင်ဆုံး စ တွေ့တာက ကြိုးမဲ့ ဆိုတဲ့ ဂျစ်ကန်ကန် ကောင်မလေးနဲ့ တယောဆိုတဲ့ အူတူတူ ကောင်မလေး နှစ်ယောက်။ အဲဒီ အမျိုးသမီးလေးတွေက မိုဘာက ကဗျာဆရာမတွေ စုပြီး ကဗျာရွတ်ပွဲ လုပ်မှာမို့ လာဖိတ်တာ။ သူမတို့လည်း ကျွန်တော်သေတာ မြင်တော့ တော်တော်လန့်သွားရှာကြတာ။ အဲဒီမှာ ခင်ဗျားတို့ကို လှမ်းခေါ် ။ ခင်ဗျားတို့ ရောက်မှ ကျွန်တော့်အလောင်း ကို လှလှပပ ပြင်ပေးကြလို့ ကျွန်တော့်အလောင်းလေး ကြည့်လို့ကောင်းသွားတာကလား။ အစက ကျွန်တော်က နံရံမီပြီး စဉ်းစားခန်းဝင်နေတာကို။ စဉ်းစားရင်း စဉ်းစားရင်း ဘယ်လို သေသွားမှန်းမသိလိုက်ပါဘူး။ မင်းယုမာန်ကတော့ ကျွန်တော့်အလောင်းကြည့်ပြီး ငမိုးရိပ်တော့ ၀ိဥာဉ်မြို့တော် ရောက်နေလောက်ပြီ လို့ ပြောတယ်။ ကျန်တဲ့သူတွေက အရေးထဲမှာ ဆိုတဲ့ မျက်စောင်းတွေ ၀ိုင်းထိုးကြလို ငတိ ငြိမ်သွားတာ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။ ကျွန်တော့်အလောင်းဘေး ပတ်ပတ်လည် ထိုင်ပြီး ငိုင်တွေတွေကြီးတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ကို ကြည့်ပြီး ငိုင်တွေတွေကြီးဖြစ်လို့။ ကျွန်တော်လည်း ဒီဝတ္ထုထဲကနေ ထွက်ချင်နေပြီ။ အသက်ရှူရတာမမိုက်ဘူး။ သူကတော့ ပြောတယ်။
မိုးအိမ်က သူ့ဝတ္ထုကို သူ့ဘာသာ သိမ်းသွားတာပဲ တဲ့။
မထင်ပါဘူး။ ကျွန်တော့်ဝတ္ထုကို ကျွန်တော်ဘယ်လိုသိမ်းလိုက်သလဲ ။ ကျွန်တော်ကိုယ်တိုင် ရေရေရာရာ မသိဘူး။ ၀တ္ထုက တကယ်ကို သိမ်းသလား မသိမ်းသလား။ မသိပြန်ဘူး။ ရင်နင့်အောင်ကတော့ နာရေးကူညီမှု အသင်းကို လှမ်းဖုန်းဆက်နေတယ်။ အမျိုးသမီးအချို့ကတော့ မျက်ရည်လေး စိုတိစိုတိပေါ့။ ကျွန်တော်လည်း သူ့ကို ခေါ်ပြီး လက်ဘက်ရည်ဆိုင် ထွက်ခဲ့တယ်။
ဝတ္ထုကို ဒီအတိုင်း ထားခဲ့မှာလား လို့ သူက မေးနေသေးတယ်။
*
ခင်ဗျားကတော့ ဒီလိုရေးရင် ကြိုက်ပါ့မလား မသိဘူး။ နေဦးဗျ။ ကျွန်တော် ဒီဝတ္ထုအတွက် မှတ်ချက်ရေးရဦးမယ်။
မှတ်ချက်။ ။ ကျွန်တော့်ကို သွေးတိုးစမ်းနေသော သို့မဟုတ် ကျွန်တော်က သွေးတိုးစမ်းနေသော အနုပညာဟု ကျွန်တော် ယုံကြည်ထားသော အရာတစ်ခုကို ကျွန်တော် ရေးသား ဖန်တီးလိုက်ပါသည်။ ဖြစ်သလား မဖြစ်သလား။ စစ်သလား မစစ်သလား။ ပညာရှင်များ ဆုံးဖြတ်စေချင်သည်။ အတတ်နိုင်ဆုံး မငြိတွယ်အောင်။ မသွေဖီအောင်။ ပျောက်ဆုံးမသွားအောင်။ စစ်မှန်အောင် ကျွန်တော် ကြိုးစား ထားပါသည်။ ဤ၀တ္ထုသည် ဗမာ ဗုဒ္ဓ မြန်မာ လူမျိုးစစ်စစ် မိုးအိမ်လူ ကိုယ်တိုင် ရေးသားသော မြန်မာဝတ္ထုတို စစ်စစ်ဖြစ်ပါသည်။
လက်ခံခြင်း လက်မခံခြင်းသည် သင်။ သူ။ ခင်ဗျား။ ၏ တစ်ကိုယ်ရေလွတ်လပ်ခွင့်ဖြစ်သည်။ အနုပညာသည် လွတ်လပ်ခြင်း ဖြစ်သည်။ ကျွန်တော်သည် အပျော်တမ်း ( ရင်နင့်အောင်စကား ငှားပြောရလျှင် ) ဖျော်ဖြေရေး သမားမဟုတ်။ အပျော်တမ်းစာရေးသူမဟုတ်ပါ။ စာပေ ဟူသော အနုပညာကို အနုပညာမည်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေသူသာ ဖြစ်ပါသည်။ ရည်းစားစာ ရေးသူမဟုတ်ပါ။ ကဗျာရေးသူ ဖြစ်ပါသည်။ စာစီစာကုံး ရေးသူ မဟုတ်ပါ။ အက်ဆေး ရေးသူ ဖြစ်ပါသည်။ ပုံပြင် ပြောသူ မဟုတ်ပါ။ ၀တ္ထု ရေးသူ ဖြစ်ပါသည်။ ကျွန်တော် ဖန်တီးသော အနုပညာသည် အနုပညာဖြစ်သည် မဖြစ်သည် ဆိုသော ကိစ္စတွင် သင်။သူ။ ခင်ဗျား။ သည်လည်း အရေးပါသော နေရာတွင် ပါဝင်သူ ဖြစ်ပါသည်။ သင်။သူ။ခင်ဗျား။ ၏ သဘောထားနှင့် လွတ်လပ်ခွင့်ကို ကျွန်တော် လေးစားပါသည်။ ဆက်လက်၍ ပြောဆိုရမည်ဆိုလျှင် ဤ၀တ္ထုတိုသည် ၀တ္ထုတို စစ်စစ် ဖြစ်ပါသည်။
ကျွန်တော့် မှတ်ချက်ဖတ်ပြီးတော့ သူက မှတ်ချက်ချတယ်။
အလိမ်အညာတွေချည်းပဲ တဲ့။
ခင်ဗျားကလည်း ခေါင်းညိတ် ထောက်ခံလိုက်သေးတယ်။
မမေ့နဲ့လေ။ ဒီနေ့က ဆယ့်သုံးရက် သောကြာနေ့။
* * *
မိုးအိမ်လူ
၁၅ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ငါးဆယ့်ခြောက်မိနစ်

Idea Magazine , May 2012 Issue

Tuesday, December 13, 2011

အနုပညာကို မယုံကြည်ဘူးဆိုရင် ဒီကဗျာ/စကားပြေ ကို ဖတ်သင့်တယ်



ကမ္ဘာဦးသူရဲကောင်းတို့ စစ်ဝတ်တန်ဆာတို့ ပြင်ကြပြီ။ မုန်းတိုင်းသံတို့ သည်းသည်းထန်အောင် ကြားနေရသည်။ ဘာအတွက်ပါလဲ။ ဘာအတွက် သူရဲကောင်းတို့ စစ်ပြင်နေကြပါသလဲ။ တိမ်တိုက်ကိုယ်စီ နှင့် နှင်ခဲ့ရသော ဒီခရီးလမ်းမှာ ဘယ်သူ့တိမ်တိုက်က မိုး အရွာဆုံးလဲ။ လပြည့်ညတိုင်း လရောင်ကို အပြည့်အ၀ သောက်ခွင့် မရသူသည် ဘယ်သူပါလဲ။ စကားလုံးများ ပေါင်ချိန်တက်နေပြီ။ သေနတ်ထဲက ကျည်ဆံကို ပြန်ထုတ်ထားဖို့ ကောင်းသည်။ အခုတော့။ အရေးအသားများ သည် ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာလူမျိုးနှင့် ရင်းနှီးအောင် မနေနိုင်ကြသေး။ သူရဲကောင်းတို့ စစ်ပြင်နေကြသည်။ ဘာအတွက်ပါလဲ။ ယနေ့သည် နှင်းဆီသက္ကရာဇ်၏ အတောက်ပဆုံးသော လပြည့်နေ့ တစ်နေ့ ဖြစ်သည်။ သို့မဟုတ်။ လပြည့်ည တစ်ည ဖြစ်ပါသည်။ လိုအပ်သော စကားလုံးများဖြင့် အတ္တများကို စိတ်ကြိုက်ဖော်ဆောင်ကြပါ။ လမ်းမကောင်းလျှင် လမ်းဟောင်းအတိုင်းသွားပါ။ လမ်းဟောင်းကြီးက ပျင်းစရာကြီးပါဟု ဆိုလျှင် လမ်းသစ်ကို ကိုယ့်ဘာသာ ဖောက်ပါ။ လမ်းသစ်ဖောက်သူများအား ပြောင်လှောင် ပြက်၇ယ်ပြုခြင်း မလုပ်ရ။
@
အသည်းငယ်သူတို့ အချစ်၏ အရိပ်ဝယ် နားခိုနေကြသည်။ ဘယ်အချိန်ထိ ဤရနံ့ဟောင်းများမှာ ပျော်မွေ့နေဦးမှာလဲ။ နောက်ခံ ပိတ်ကား လဲပါတော့မည်။ စကားပြေ..ကဗျာ။ စကားပြေအရေးအသားကဗျာ။ စကားပြေ...အရေးအသား ...ကဗျာ။ လစ်ဟသွားသော အပိုင်းအဆစ်လေးသည် မည်မျှပင် သေးငယ်သည် ဆိုစေ အနုပညာဖြစ်သည်။ ပင်ပန်းလှသည်။ ခံစားချက်များ အငွေ့ပျံကုန်ကြပြီ။ ရေးသူ ကဗျာ ဖတ်သူ။ ထိုသုံးပါး ပြည့်စုံမှ အနုပညာမည်ပါသည်။ တစ်ခုတည်းနှင့် ဘာမှဖြစ်မလာ။ နှစ်ခုတည်းနှင့်လည်း ဘာမှဖြစ်မလာ။ ဒါဆို ဘာကြောင့် ဖတ်သူကို ထည့်မတွက်ကြသနည်း။ အသံတွေ ဆူညံလှသည်။ အချို့ ပေါက်ကွဲကြသည်။ အချို့ ပြန်လည် ပေါက်ကွဲကြသည်။  ရောင်စုံ မီးပန်းများ တဖောင်းဖောင်း ထပေါက်ကြသည်။ အမှန်တရားသည် ဘာပါလဲ။ ဘာအတွက် ကျွန်တော် မိုးအိမ်လူ စာတွေ ရေးနေပါသလဲ။ ဘာလို့ စာတွေကို သူများတွေကို လိုက်ပြနေပါသလဲ။ လိုက်ပြဖို့ ရေးတာလား။ လိုက်မပြဘဲ ဒီအတိုင်းေ ရးနေရင်ကော မဖြစ်ဘူးလား။ ဘာအတွက် စာတွေ ရေးနေတာလဲ။ ဘာအတွက် ကဗျာတွေ ရေးနေတာလဲ။ ဆင်ခြင်ခြင်း၏ စည်းဝိုင်းထဲသို့  အနုပညာသမားဟု ခေါ်ဆို ခံယူသူများ တစ်ယောက်မှ ရောက်မလာကြပါ။ အနုပညာသမားဟူသည် လူ နှင့် အရူးကြားက စည်မျဉ်းပေါ်တွင် တက်ထိုင်နေသော သူများ ဖြစ်သည်။ လက်မခံချင်ဘူးလား။ လက်မခံချင်လျှင် လက်မခံပါဟုပဲ ပြောခဲ့ပါ။ အခြား မီးပန်းများ မဖောက်ခဲ့ပါနှင့်။ ဆူညံသံများကို မကြိုက်လှပါ။
@
၁၉၇၀ ခုနှစ် လောက်က မောင်ချောနွယ်တို့ လူငယ်တွေ လေးလုံးစပ် ကာရန်များ၏ ပိတ်လှောင် တင်းကျပ်မှု စည်းမျဉ်းများအောက်တွင် အသက်ရှူကျပ်ခဲ့ကြသည်။ သူတို့ တော်လှန်ပုံကန်ကြသည်။ ကာရန်များ ဖြုတ်ပစ်သည်။ ကျစ်လစ်သိပ်သည်းသော စကားလုံးများဖြင့် ကာရန်မဲ့ကဗျာများ ရေးစပ်ကြသည်။ နိမိတ်ပုံများ သင်္ကေတများ ဥပမာများ စသဖြင့်တို့ဖြင့် ကာရန်များကို တိုက်ဖျက်ခဲ့ကြသည်။ ဘ၀၏ အဆင်မပြေမှုများ မပြည့်စုံမှုများ နာကျည်းမှုများ ကို အလုံးအရင်းနှင့် ခံစားရေးဖွဲ့ခဲ့ကြသည်။  ၂၀၀၀ ခုနှစ်နောက်ပိုင်း ဇေယျာလင်း တို့ တစ်သိုက် နိမိတ်ပုံများဖြင့် တင်းကျပ်နေသောစကားလုံးများ နာကျင်မှု စကားလုံးများ ကြားတွင် အသက်ရှူကျပ်ခဲ့ပြန်သည်။ ကဗျာများကိုလိုင်းအပြည်စီသည်။ ကဗျာ၏ အကြောင်းအရာကို ဖျက်ပစ်သည်။ ရင်နှင့် ခံစား၍ နှလုံးသားနှင့် ခံစား၍ ကဗျာများကို မရေးစပ်ချင်တော့။ ပင်ပန်းလှသည်။ မောပန်းလှသည်။ အရာရာအားလုံးကို အပိုင်းပိုင်းဖြတ်ပစ်သည်။ အပိုင်းအစများစွာကို ဆက်စပ်ပစ်သည်။ လမ်းမှာ သွားရင်းလာရင်း တွေ့ရသော ဆောင်ပုဒ်များ သတိပေးတာမြစ်ချက်များ ကြားနေရသော စကားများ ဘန်းစကားများ မြင်နေရသော ခေတ်ပေါ် နည်းပညာပစ္စည်များ ခေတ်ပေါ် ရောဂါများ ဆေးဝါးများ ထိုအ၇ာများကို ကဗျာများကို ထည့်သွင်း အသုံးပြုလာကြသည်။ သူတို့အတွက် ဒါသည်ပင် လူသားတို့၏ နေ့စဉ်ဘ၀။ အရာအားလုံးသည် ပြုလုပ်ခြင်း ခံထားရသည် ။ အစရှိသဖြင့် မြစ်ခွဲပေါင်းစုံဖြင့် ရေစီးတွေ ကြမ်းနေဆဲ။ မသိလျှင်ဘာမှမဟုတ်ပါ။ သိလျှင် ရူးချင်စဖွယ်။ ဘာလုပ်ရမည်နည်း။ ဒါတွေက ဘာအတွက်လဲ။
@
မနက်ဖြန်။ အချိန်။ သေဆုံးခြင်း မိုးစက်များ။ အိပ်မက်တွေပေါ့။ ခရမ်းရင့်ရင့် တိမ်တိုက်များ အုပ်လိုက်။ သိုးတစ်ကောင်ရဲ့ ဖြူစင်မှုတွေထဲ။ ကမ္ဘာဟာ ငါ့ကို အသေသတ်။ ကဒါဖီရဲ့ သားငယ်။ မိုဘာဟုခေါ်သော။ ကဗျာဆရာရဲ့ အကျီ။ မှော်ဆရာဟာ။ စိတ္တဇ။ ဗိုင်းရပ်စ်။ ဗိုင်းရပ်စ်ကိုက်ထားတဲ့ ကဗျာတွေနဲ့။ မိုးလုံးမှိုင်း ပြီးတော့။ ကွန်နက်ရှင် စလိုးနေလို့။ ဒုန်း။ ဒုတ်။ ဒုတ်။ ၀ိဥာဉ်ပြန်ဝင်လာလာ။ ရေ ။ ရေ။ ဘယ်မှာလဲ။ အချိန်ကော။ နှင်းနှောင်းရာသီဦး၏ ငှက်ကလေး။ ဂွမ်းတယ်။ ငနီတွေ များများလာမှတော့။ ပိတ်ပစ်လိုက်။ ဒီပိုစ့်ကို ဖျက်။ အဖျက်တွေ။ ဘင်လာဒင်တွေ။ ကဒါဖီတွေ။ အယ်လ်ကိုင်းဒါးတွေ ။ စစ်သွေးကြွရဲ့ သမီးလေးခဗျာ။ ငိုတဲ့အခါ အပြုံးဟာ။ သေချင်သေလိုက်။ ဒါဟာ စကားပြေ။ မဟုတ်။ ကဗျာ။ မဟုတ်။ ဘာမှမဟုတ်။ စိတ်ထဲ ခံစားရသလို။ မီးလို အော်ဟစ်လိုက်။
@  @  @
မိုးအိမ်လူ
၁၃ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ငါးဆယ့်လေးမိနစ်

အချစ်ဟုတ်လား မောင်ရေချမ်းကို လာမယှဉ်နဲ့ သီချင်းအသစ်ရသွားတယ်





နှင်းဆီတွေလား စံပယ်တွေလား ခရေတွေလား နက်ရှိုင်းလှတဲ့ အဓိပ္ပာယ်ပေါင်း သောင်းခြောက်ထောင်နဲ့ လျှာအရိုးမရှိ ပြောခဲ့ဆိုခဲ့ခြင်းတွေနဲ့ ဆံနွယ်လေးတွေဟာ ပစ္စုပ္ပန်တွေ ကို အသေရစ်ချည် နှောင်ဖွဲ့ပြီး ဆွဲနှုတ်သွားသမျှ  အပြစ်မမြင်ပါဘူး သီချင်းနဲ့ပဲ စားမေးပွဲတွေ တစ်ခုပြီး တစ်ခု ဒေါင်း အဖေအမေ မျက်ရည်လည်း မကယ်နိုင် ညည  မအိပ် မနေ ဒိုင်ယာရီ ဆိုလား နေ့စဉ် မှတ်တမ်းဆိုလား ထဲမှာ လှတယ် ပ တယ်လို့ လူပြောသူပြောများတဲ့ စကားလုံးတွေ ထိတယ် မိတယ်လို့ လူပြောသူပြောများတဲ့ စကားလုံးတွေ မော်ဒန်တွေမသိဘူး ပိုစ့်မော်ဒန်တွေ မသိဘူး တာရာမင်းဝေ သေသလား ရှင်သလား မသိဘူး မင်းခိုက်စိုးစံ ဆရာဝန်လား စာရေးဆရာလား မသိဘူး အမိုက်စားလို့ ထင်တာတွေ အမိုက်စား လက်ရေးနဲ့ ( ဒီလို လက်ရေးမျိုး ကျောင်းသင်ခန်းစာမှာ တစ်ခါမှ မရေးဖူးဘူး ) အကုန်ကူးရေး ရေးလို့ မ ၀ ရင် အလွတ်ကျက် သင်သေသွားသော် ကဗျာကမှ ကျက်၇တာ ခက်ဦးမယ် အလွတ်ကျက်  မလွတ်လည်း ကျက် ခံစား ရှိသမျှ ခံစား နှလုံးသား နဲ့ ခံစား ရင်ဘတ်နဲ့ခံစား ပါးစပ်နဲ့ ခံစား မျက်လုံးနဲ့ခံစား ခံစားလို့ မ၀နိုင်တဲ့ အို ဘာဘာညာညာ ရေရွတ်တမ်းတ တယ်လို့ လူထင်သူထင်အောင် ဖြန်း ခြင်က လာကိုက်တယ် ခံစား ဖြန်း  မီးကလည်း ပျက်ပြန်ပြီး ဖြန်း စာမေးပွဲက ကျပြန်ပြီ ဖြန်း ဖြန်းလို့ မနိုင်အောင် ပိုးတွေက ရွထ ကြိုက်သွားပြီ ကြိုက်ကုန် ပြီ အချိန်ကုန် နေကုန် ဘ၀ကုန်အောင် တစ်ယောက်နဲ့ တစ်ယောက် ရှောခ့်တိုက်ထားသလို ပူးကပ် အို လွမ်းစရာတွေ အို သတိရစ၇ာတွေ မမေ့နိုင်ဘူး မခွဲနိုင်ဘူး ဘာကျန်လဲ ဘာထူးလာလဲ ကိုယ်ခံအားတွေလည်း ကုန် နေပြီ ဘာအနာဂတ် ဟုတ်လား အချစ်ရှိရင် အရာအားလုံး အာ မီးပျက်ပြန်ပြီ ဘာ ငွေကြေး မပြည့်စုံရင် ဟုတ်လား အချစ်ရှိရင် အာ မီးပျက်ပြန် ပြီ ဘာ ပညာမတတ်ရင် ဟုတ်လား အချစ်ရှိရင် ဒိုးတော့ လစ်တော့ ပြေးပြီ ကွဲပြီ နေပါဦး မမီတော့ဘူး ဒါတွေ မရှိရင်တော့ နိုး နိုး နဲဗားပဲ နေပါဦး အချစ် အချစ် အ အ နဲဗားပါပဲကွယ် ဟေ့ ဟေ့ ဆံနွယ်တွေလေ သံယောဇဉ်တွေလေ စူပါဂလူး အနမ်းတွေလေ ဟေ့ ဟေ့ အာ မီးကလည်း ပျက်ပြန်ပြီကွာ ခဏလေးပါကွာ ဘယ်ဆီကို မင်းရောက်နေလဲ ကွဲပြန်ပြီ ဘာတွေကို လုပ်လုပ် ကွဲပြန်ပြီ ကန်တော်ကြီး အင်းလျားလည်း မသွားချင်ပါ ကွဲပြန်ပြီ မိန်းကလေး အသည်းကွဲရင် မျက်၇ည်တစစ်စစ် ကျရသတဲ့ ကွဲပြန်ပြီ ယောကျားလေး အသဲကွဲရင် သီချင်း အသစ် ရသွားသတဲ့ ကွဲပြန်ပြီ အချစ် အချစ် မောင်ရေချမ်းကို လာမယှဉ် နဲ့ ခင်လို့ပြောတာ အချစ် ဟေ့ လွန်ခဲ့သော သက္ကရာဇ်တွေလေ နဲဗားပါ သီချင်းအသစ်ရသွားတယ် မောင်ရေချမ်းကို  လာမယှဉ်နဲ့။

မိုးအိမ်လူ

Monday, December 12, 2011

ချစ်တာလား လွမ်းတာလား တစ်ခုခုတော့ တစ်ခုခုပဲ



ချစ်ရက်တွေလည်း ရှိလိမ့်မယ်
လွမ်းရက်တွေလည်း ရှိလိမ့်မယ်
ချစ်သူဘ၀ လောကဓံ ပန်းပေါင်းစုံ နဲ့
နေ့ရက်တွေဟာ ပြဿဒါးနီနီလေးထဲမှာ
ပိတ်မိလို့
တို့တွေ ပျော်ခဲ့ကြတယ်

အနူးညံ့ဆုံး မုန်တိုင်းတို့
တိုးဝှေ့စဉ်က
အတ္တလေးတွေ မီးပွင့်ခဲ့သလောက်
အကြမ်းတမ်းဆုံး အဖျက်ပိုးတွေလည်း ကျရော
စစ်မှန်တဲ့ သံယောဇဉ်က
အချစ်ကို ကောင်းကောင်း ဘာသာပြန်ပေးနိုင်ခဲ့တယ်

မပြောပြတတ်တော့ပါဘူး
သေချာတာတစ်ခုတည်းရယ်
အရမ်းချစ်တတ်သူ ငါဟာ
အရမ်းလွမ်းတတ်သူလည်း
ဖြစ်နေခဲ့ပြန်တယ်
မဆုံစည်းနိုင်ခြင်း အပူလောင်နေ့စွဲတွေထဲ။

မိုးအိမ်လူ

ပဋိ ဇာတ်လမ်း ပေါ်မှာ ဖြတ်လျှောက်အခန်းကပါတဲ့ ပဋိ ကဗျာ



ဆိုလိုရင်းကို အရင်းစစ်လိုက်တော့ အရင်းရှင်စနစ်တုန်းက ကျွန်တော် မမွေးသေးတာ သေချာတယ် မဆိုင်တာကို ကွိုင်
လာရှာတော့ ပုတ်သင်ညိုမဟုတ် ဘာမဟုတ်နဲ့ ခေါင်းညိတ်ခဲ့ရတဲ့ အဖြစ် အပျက်ထဲမှာ အကျိုးအကြောင်းကို အကြောင်း
ရှာတော့ မနေ့က ကျွန်တော့်ရဲ့ လိပ်စာက ဒီနေ့ ရုပ်ပြောင်းရုပ်လွှဲ ဒီလို အလုပ်မရှိ အကိုင်မရှိ ခြူမရှိ ပြားမရှိနဲ့ ဒီ
လောက် အသက်ရှင်နေတာကို အံ့သြလို့ မဆုံး နိုင်တဲ့ အရေးအသားထဲက မထွက်နိုင်တာမျိုးကလည်း ၀ဋ်တစ်ခုလေပဲ
လား မေးခွန်းတွေ မဖြေချင်လို့ ကျောင်းမတက်တဲ့သူကို ဒီနေရာမှာ စာမေးပွဲ ကျတယ်လာပြောတော့ နားမလည်တော့
ဘူး မင်းက ဗျာကို နားမလည်တော့ဘူး တောင်ရေးမြောက်ရေး လျှောက်မရေးနဲ့ စိတ်ရှိလက်ရှိပြောလိုက်ရရင် အက်ဒမင်
တွေ က အဖွဲ့ က ထုတ်ပစ်တာခံရဦးမယ် တော်တော့ ဒီနေရာမှာ ရပ်တော့ ရပ်တော့ ရပ်ရအောင် မှတ်တိုင်မရှိဘူး ဗျ
ယဉ်ထိန်းကို ရှင်းပေးမှာလား ရှင်းလို့ မကုန်နိုင်တဲ့ လူမှု ဖြစ်ထွေတွေထဲ ကျွန်တော် ခင်ဗျား အဲ ခင်ဗျားရဲ့ သံယောဇဉ်
အမျှင်အတန်းတွေ မပါစေချင်ရင် တံခါးတွေ ပွင့်နေပြီ ၀င်လာမဆဲ တသဲသဲ နဲ့ သည်းသည်းလှုပ် အမူအရာတွေ
ဒီနှစ် အကယ်ဒမီ မပေးဘူး ကြားတယ် နားစွင့် လူဆိုတာကလည်း ခက်သားလား ခက်ရင် ဘာမှ ခေါင်းမခဲချင်ကြဘူး
ဖလက်ရှ်တွေ တဖျက်ဖျက်ပွင့်ပြီး ချက် ဆိုကိုယ့်ကို ပြန် ချက် လိုက်တော့ ဘယ်ရမလဲ ကိုယ်လည်း ပြန်ချက် ချက်ရင်း
ချက်ရင်း သူနဲ့ ကိုယ်နဲ့ ငြိ ငြိရုံနဲ့ မပြီးတော့ အိ ကနဲ မျက်ရည်တွေ မထွက်အောင် မြန်မြန် လစ် ဖို့ ခင်ဗျား ဖတ်ရတာ
ရှုပ်ရင် ဒီစာကြောင်းကို ပယ်ပစ်လိုက် ဒါမျိုးတွေက ဒီခေတ်မှာ ပေါတယ် ပေါလွန်းလို့ ပေါတောတော မဖြစ်အောင်
တော့ အန်တီဗိုင်းရပ်စ်လေး ဆောင်ထား။

မိုးအိမ်လူ

Sunday, December 11, 2011

ရံဖန်ရံခါ နှင့် မကြာခဏ ဆင်ခြင်မဲ့မှုများ






ကျွန်တော်၏ ချစ်သူလေး နေမကောင်းပါ။ တေးမဆိုသော ငှက်များ လာမနားစေလို။ အဆင်မပြေသော အိပ်မက်များဖြင့် ကျွန်တော်၏ ည
များ နေထိုင်မကောင်းကြ။ နေသည် ထွက်လာလေပြီ။ ပန်းများ ပွင့်တော့မည်။ ပွင့်လင်းရာသီ ရောက်တော့မည် ဟု ကြားနေရသည်။
ပြတင်းတံခါးများ ကို ပြန်ပြင်ဖို့ လိုအပ်နေပြီ။ စကားလုံးများ အတိုင်းအဆ ရှိသင့်ပါသလား။ ဆောင်းရာသီတွင်ရေးသော ဤရသစာတမ်း
အတွက် နှင်းခဲတစ်ဆုပ်လောက် ရှာပေးကြပါ။ လေအေးအေးများ ၀င်မလာရ။ အချစ်သည် ကျွန်တော်၏ အခန်းနံရံထက်တွင် ပျင်းရိစွာ
သန်းဝေနေသည်။ တစ်ခါတစ်ရံ မနက်စာများ ကျွန်တော်ထံမှာ ထွက်ပြေးကြသည်။ တစ်ခါတစ်ရံ ညစာများ ကျွန်တော်ထံမှ ထွက်ပြေးကြ
သည်။ အိပ်မက်များ မကောင်းပါ။ ယတြာများ မလိုအပ်ပါ။ နာရီသံတစ်ချက်ချက်ဖြင့်သာ ကျွန်တော်၏ ယုံကြည်မှုကို တည်ဆောက်ပါမည်။

*

အခန်းနံရံထက်မှာ ရွက်ဆုပ် ပြက္ခဒိန်တွင် မာရ်နတ်သည် တည်၏။ အရေးမကြီးပါ။ ကျောက်သားထက်မှာ အသေထွင်းထုထားခြင်း မဟုတ်
သော ကျိန်စာများအတွက် ကျွန်တော် အသက်ရှုမပျက် နေတတ်ပါသည်။ ကန်ရေပြင်တွင် လှေမလွှတ်ရ။ အချစ်တို့ကိုသာ လိုအပ်သည်။
ထိုးသွင်းထားသော ဓားများကို အချိန်မီ ရုတ်သိမ်းပေးကြပါ။ မုန်တိုင်းလာတော့မည်။ အာရုဏ်ဦး လာတော့မည်။ နေခြည်ဦးလာတော့ မည်။
ချစ်သူ သည် ဆံနွယ်ရှည်များ မထား။ ချစ်သူသည် မာယာရှည်များ မထား။ ချစ်သူသည် ။ ဤအရာကို အချစ်ဟု ခေါ်လျှင် ထိုအရာကို
ဘာဟု အမည်တပ်မည်လဲ။ မိသားစုများ စုဝေး တိုင်ပင်သင့်သည်။ မနေ့က ချုပ်ခဲ့သော အင်္ကျီသည် ဒီနေ့ စုတ်ပြဲသွားပြီ ဖြစ်သည်။
ကွမ်းစားခြင်းဖြင့် အမုန်တရားများ ထွေးထုတ်ပါ။ အလွမ်းမသင့်သော လူမှုရေးကို အလွမ်းသင့်လောက်အောင် ခံစား ထုဆစ်မနေချင်။
ကမ္ဘာမြေတွင် ကျွန်တော်သည် လူသားတစ်ဦးသက်သက်သာ ဖြစ်ပါသည်။

*

အလွမ်းဟူသည် ဘယ်လိုမျိုးလဲ။ သီတာခုနှစ်တန်တွင် ကျွန်တော် ရေချိုးချင်သည်။ တောင်စဉ်ခုနှစ်ထပ်ကိုတော့ တက်ဖို့ စိတ်ကူး မရှိ။
အားလျှင် အားသလို ကျွန်တော် ချစ်သူကို လွမ်း ပေးပါသည်။ အချစ်များလည်း အတိုးပေးထားသည်။ ဘာလိုအပ်သေးသနည်။ လိုအပ်
ချက်သည် ဘယ်တော့မှ ကုန်မည်မဟုတ်။ ကျွန်တော်၏ ချစ်ခြင်း များ မြင်းခင်းသဘင်သို့ ထွက်သွားကြပြီ။ ကျွန်တော်တစ်ယောက်
တည်း လမင်းနှင့် ရည်ငံရင်း ကျန်ခဲ့သည်။ ဒါ လွမ်းလောက်စရာမဟုတ်ပါ။ ကျွန်တော် မုန့်ဟင်းခါး ကြိုက်ပါသည်။ ပြည်ပမှ မြန်မာ များ
မုန့်ဟင်းခါး ကြိုက်ကြပါသလား။ လမင်းကို ကြည့်၍ လွမ်းကြပါ။ မနေ့က ကြတ်ခဲ့သော လမင်းသည် ယခုတော့ ဖြူစင်လျက်။
စကြာဝဠာတွင် အချစ်သည် နာမည်ကြီး ဆယ်လီဘရစ်တီ ဖြစ်သည်။ ကျွန်တော်၏ ချစ်သူအား နှင်းဆီပွင့်ဖြူဖြူစွတ်စွတ်များ ပေးချင်လှ
သည်။ ယခုတော့ နှင်းဆီပန်းများနှင့် ကျွန်တော်သည် ဝေးလံနေဆဲ။

*

မျှော်လင့်ခြင်းများ မပါဝင်သော။ ရမ္မက်များ မပါဝင်သော။ သ၀န်တိုစိတ်များ မပါဝင်သော။ ချုပ်ချယ်မှုများ မပါဝင်သော။ အစရှိသဖြင့်။
အချစ်သည် ကျွန်တော်နှင့် ညှိနှိုင်းရ ခက်ခဲလှသည်။ ကျွန်တော်၏ ချစ်သူလေးကို စိတ်ချမ်းသာစေချင်လှသည်။ မကောင်းဆိုးဝါးများအား
မေတ္တာ နာနာ ပို့ပေးကြပါ။ အချစ်များ နာဖျားနေဆဲလား။ အချစ်တစ်ခုတည်းရယ်ပါ။ ကျန်တာ ဘာမှမလိုအပ်ပါ။ ၀ိဥာဉ်တော်တို့ ရှာပေး
ကြပါ။ မြင်းရိုင်းတို့၏ ခွာကြမ်းရှများအောက်တွင် ကျွန်တော်၏ အချစ်ကို မထားစေလိုပါ။ မနက်ဖြန်သည် နှစ်နာရီ ရှိပြီ ဖြစ်သည်။
စမ်းချောင်းလေး၏ ရေအလျဉ်တွေ မျောပါနေသော ပန်းပွင့်နီနီသည် အချစ်ဖြစ်သည်။ လက်မခံချင်ဘူးလား။ လေစီးကြောင်းထဲတွင်
မျောပါနေသော သစ်ရွက်ခြောက်စ လေးသည် အချစ်ဖြစ်သည်။ ပြန်လည် သိမ်းယူလို့ မရသော တိမ်တိုက်များသည် အချစ်ဖြစ်သည်။
မြစ်တစ်စင်းထဲတွင် အချစ်သည် ရေနှစ်ခါ ချိုးခဲ့၏။ ကျွန်တော်၏ ချစ်သူလေးကို နေခြည်ဖြာလှည့်ပေးကြပါ။ မြက်ခင်းစိမ်းများ ပေါ်တွင်
ကျွန်တော်အချစ်များ ဖြူဖြူစင်စင် ပွင့်ဝေလျက်ရှိသည်။

* * *

မိုးအိမ်လူ
၁၁ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ နှစ်ဆယ့်သုံးမိနစ်

တောသီချင်း ( ၆ )







လေယာဉ်ပျံကြီး မိုးပေါ်မှာ ပျံသန်းသွား
မီးရထားကြီး သံလမ်းပေါ်မှာ ကမူးရှူးထိုး သွား
သွား သွား သွား

ညည မက်တဲ့ အိပ်မက်မကောင်းတွေနဲ့
လာမယ့် လပြည့်ညများနဲ့
အတွေးတွေ သိပ်မလှဘူး။

မိုးအိမ်လူ

Saturday, December 10, 2011

ကွန်မန့်များသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်





ကောင်းတယ် အရမ်းကောင်းတယ် လန်းတယ် အရမ်းလန်းတယ်နော် လေးစားတယ် ကြိုက်တယ် မိုက်တယ် ခိုက်တယ် ခံစားသွားတယ်နော် တစ်မျိုးလေးပဲ နားမလည်ဘူး ဥာဏ်မမီဘူးဗျို့ အားပေးလျှက် ဆက်လက် စောင့်မျှော်လျှက် ခံစားတတ်တယ်နော် ရေးတတ်လိုက်တာ like it mite tal good tal good kg tal so good ထိရှလွန်းတယ်ဗျာ ရေးတယ် ဆက်ရေးတယ် အများကြီး ရေးတယ် ရေးရင်း ရေးရင်း ရေထဲကို ကျ ရေပေါ်မှာ ပေါလောပေါ် ဟိုတစ်ယောက်တော့ ကွန်မန့်တွေ စားလွန်းပြီး အကုန် ကွာကျကုန်ပြီ ဒီတစ်ယောက်တော့ ကွန့်မန့်တွေနောက် တကောက်ကောက် အဲဒီ တစ်ယောက်က ဘာအထာလဲ ရေးတယ် ဆက်ရေးတယ် အသံမမြည်ဘူး စကားလုံးတွေနဲ့ လှိုင်းထ ခေတ်ရဲ့ ထိခိုက် ရှန အချို့ အချို့နဲ့ ချို့တဲ့သွားတဲ့ အနာတရ လောကဓံ မသုံးဘူးဆို သုံးမိနေပြီ ကွန့်မန့်လေးတွေက အားဆေးလေးတွေပါ ဆဲဆိုကြမ်းတမ်းသော ကွန်မန့်များ မပေးရ ကိုယ်ချင်းစာပါ ဆရာကြီးမလုပ်ပါနဲ့ ဒါက ကလောင်သစ်လေးပါ ဘာမှ မသိ သေးပါဘူး ဒါက ကလောင် မသစ်တသစ်ပါ နည်းနည်းပါး ပါး သိနေပါပြီ ဒါက ကလောင်ဟောင်းကြီးပါ အကုန်လုံး သိသလိုလိုနဲ့ အဲဒီကွန်မန့်ကြောင့် တစ်ညလုံး အိပ်မရဘူး အဲဒီ ကွန်မန့်ကြောင့် ဟာ ကွန်ကလည်း စုတ်တယ်ကွာ loading loading loading loading page load error Network error down down တယ် ဒေါင်းတယ် အစားပြတ် အအိပ်ပြတ် အဖေအမေသိရင် ရင်ကျိုးမယ် မသိလည်း မသိသလို ခိုးခိုး ပေါက်တတ်ကရ ဒိုင်အသစ်တွေ လျှောက်ရေး ဆွဲဆောင်မှု တင်းပြည့်ကျပ်ပြည့် အရူးလက်ဖျားခါ ဒိုင်အသစ်တွေ လျှောက်ရေး သူက အင်္ဂလိပ်စာ ကျွမ်းတယ် သူက ပြင်သစ်စာ ကျွမ်းတယ် သူက ကိုရီးယားစာ ကျွမ်းတယ် သူက တရုတ်စာ ကျွမ်းတယ် ငါက မီးကျွမ်းတယ် လွဲ လွဲ မရေးနဲ့ မမန့်နဲ့ မပြောနဲ့ မ like နဲ့ လိုက်ပေးပါ လိုက်ခ် ပေးပါ မလိုက်ခ်ဘူးဟုတ် ဖျက်တယ် မန့်ပါဦး တစ်ခုနှစ်ခု မန့်ပါဦး လေးငါး ဆယ်ခု ဒါဟာ Network Diary Cyber bullying Cyber ကျေးဇူးပြု၍ တစ်နေ့တစ်ခါ လာမန့်ပါ သို့မဟုတ် ။


မိုးအိမ်လူ

ခင်ဗျား ကဗျာရေးတဲ့အခါ မျဉ်းကြားက ကူးပါ





ချစ် ချစ် ခြစ်ခနဲ့ ခြစ်လိုက်တော့ မီးထတောက်တယ် ပူလိုက်တာ တအား နွေမဟုတ် ဘာမဟုတ်နဲ့ ဆောင်းစစ်စစ်မှာ
ပူနေလိုက်တာ လမ်းဘေးက ဇာတ်နဲ့ လမ်းဘေးမှာ ကပြီး လမ်းပေါ်အထိတက် ဘယ်ရောက်မလဲ လမ်း လမ်း လမ်း
လန်းနေလိုက်တာ အပူအပင်မရှိ သူတို့များ တယ်ငြိမ်းချမ်းသကိုး ဒီလို စာသား ဖြစ်ပြီးရော ဒီလို စကားလုံး ဖြစ်ပြီးရော
ခင်ဗျားဝါကျတွေ အရမ်း ၀ လာတယ်နော် ခင်ဗျား ၀ါကျတွေ ဗီတာမင်စီ နည်းနေပြီ အင်နာဗွန်စီ တိုက်သင့်တယ် ရွေ့
သူက ပြောတာ ကဗျာ ကိုယ်က ကြားတာ ကလျာ အော်ခက်ချေပြီ ကွိုင် ဘာလဲ ကွိုင် ကဗျာ ကွိုင် ကျန်းမာရေး ကွိုင်
လူမှုရေး ကွိုင် အဲဒီ မျက်နှာကြီး ဖောဖောလာတာလည်း မပြောနဲ့ တစ်နေ့ ဘယ်နှပုလင်း ဒရစ်သွင်းနေလိုက်တာ
ဂရင်းရွိုင်ရယ် ပိုင်ရှင်တောင် သူ့လောက်မသောက် နာရေးတစ်ကို ပယ်လိုက် အန်တီ နာရေးတစ်တို့ ဦးဦး နာရေးတစ်
တို့နဲ့ ပြောမယ် မယ်မြန်မာတွေ မယ်ကမ္ဘာမဖြစ်သေးသရွေ့ အိမ်ရှေ့ကလည်း မကောင်းဘူးကွာ ဖြတ်ပစ်လိုက် ဒီနား
နားရွက်ထောင်တိုင်း ပညာရှိမယ်မထင် မထင်ရှောခ့်တွေနဲ့ ခင်ဗျားတို့ သည်းမခံနိုင်တော့ဘူး နိမိတ်ပုံတွေ ကွာကျ
အလင်္ကာတွေ ကွာကျ ခံစားမှု ဂျပ်တပ်ခဲတွေ ကွာကျ မကြိုက်ဘူးလား မကြိုက်ရင်လည်း မကြိုက်သလို ဒီလောက်ပဲ
ဖတ်လိုက်တော့ နော်။

မိုးအိမ်လူ

တောသီချင်း ( ၅ )







တအိအိနဲ့ ပြိုကျလာပြီ
တအိအိနဲ့ ပြိုကျလာပြီ
တအိအိနဲ့ ပြိုကျလာပြီ
တအိအိနဲ့ ပြိုကျလာပြီ

သင့်စိတ်နဲ့ ဓာတ်တည့်တာတွေရော
သင့်စိတ်နဲ့ ဓာတ်မတည့်တာတွေရော။

မိုးအိမ်လူ

Friday, December 9, 2011

တောသီချင်း ( ၃ )











မြို့လယ် လမ်းမကြီးမှာ ကားသံလူသံတွေ စီညံ
ဝူး ဝေါ ကျွီ ကျွိ ဘယ်လို မောင်းနေတာလဲကွ ..×.+..၀..×
ရွာလယ် လမ်းမကြီးမှာ လှည်းသံ လူသံတွေစီညံ
ဂလောင် ဂလောင် ကျိကျီ ဟဲ့ ဟော်

အသံတွေ အရမ်းဆူတယ်ကွာ
ဒီညတော့
နှလုံးသားကို ပိတ်အိပ်မယ်။

မိုးအိမ်လူ

တောသီချင်း ( ၄ )







မြေခွေးတွေလား
ဖျံတွေလား
သွား သွား ရှူး ရှူး

တောခြောက် တောင်ခြောက်တွေလား
အုတ်ရောရော ကျောက်ရောရောတွေလား
သွား သွား ရှူး ရှူး

ခြံစည်းရိုးတွေ သေချာခတ်
သော့တွေ သေချာခတ်
သတ္တ၀ါ အားလုံး ကျန်းမာ ချမ်းသာပါစေ။

မိုးအိမ်လူ

Thursday, December 8, 2011

ဘာမှ အရေးမကြီးဘူး ရယ်ချင်ရယ်လို့ရတယ် မရယ်ချင်ရင်တော့ .....






စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးတစ်ခုရှိတယ်။ အဲဒီ မြက်ခင်းပြင်ကြီးကနေ မြောက်ဘက် စူးစူးအတိုင်း လွင့်သွားလိုက်။ တောင်တွေ ချောက်
တွေ တောတွေ မြစ်တွေ ကျော်ဖြတ်ပြီးရင် ကန္တရပြင်ကြီး တစ်ခုကို တွေ့မယ်။ အဲဒီ ကန္တရပြင်ကြီးရဲ့ အလယ်တည်တည့်မှာ အိုအေစစ်
ကလေး တစ်ခုရှိတယ်။ စိမ်းစိုနေတဲ့ အုန်းပင်တွေ အခြားသစ်ပင်တွေနဲ့ အလယ်မှာ ရေကန်လေးတစ်ကန်။ အဲဒီ ရေကန်လေးရဲ့ အစပ်
ကျောက်သားပြင်ပေါ်မှာ မိုးအိမ်လူ တစ်ယောက် နှစ်ချို့ဝိုင် သောက်နေတယ်။ ( ရှည်ကို ရှည်တယ်။ အစကတည်းက အိုအေစစ်တစ်ခုရဲ့
ရေကန်စပ်မှာ မိုးအိမ်လူ ၀ိုင်သောက်နေတယ် ပြောရင် ပြီးတဲ့ဟာကို။ တော်တော်လျှာရှည်တဲ့ အကောင် ။ အဲ့လို သတ်မှတ်ရင် သင့်ရဲ့
စိတ်မှာ ဒေါသတွေ မောဟတွေ ဖုံးလွှမ်းသွားလိမ့်မယ်။ ပြီးရင် ဒေါသမီး မောဟမီးတွေ တောက်လောင်ပြီး သင့်ခန္ဓာကိုယ်ဟာ ပူလောင်
လာမယ်။ သင့်ရဲ့ သွေးသားလည်ပတ်မှုတွေ မြန်ဆန်လာမယ်။ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာမယ်။ သင်ဟာ အသားဖြူသူ တစ်
ယောက်သာ ဖြစ်ခဲ့မယ်ဆို သင့် အသားတွေဟာ နီမြန်းလာလိမ့်မယ်။ အဲဒီအခါ သင်ဟာ အင်မတန်ရုပ်ဆိုးတဲ့ ဘီလူးသရဲတစ်ကောင်နဲ့
တူသွားလိမ့်မယ်။ အဲဒီတော့ ဒေါသမထွက်လည်း မထွက်နဲ့ မောဟလည်း မဖုံးနဲ့။ ဒီကောင်လေး ရူးနေတာပါဆိုပြီး ခွင့်လွှတ်စိတ်လေးနဲ့
မေတ္တာပွားလိုက်ပါ။ သင် အေးချမ်းသွားပါလိမ့်မယ်။ တော်တော် လျှာရှည်တဲ့ မိုးအိမ်လူပဲ )

မိုးအိမ်လူ တစ်ယောက် ၀ိုင်သောက်နေတုန်း အတွေးတွေ လက်ဆန့် ခြေဆန့် လုပ်မိတယ်။ ကမ္ဘာလောကကြီးမှာ ဘယ်အရာဟာ
အကောင်းဆုံးလဲ။ ဘယ်အရာဟာ မကောင်းဆုံးလဲ။ ဘာညာဘာညာတွေပေါ့။ အဲဒီလို ပေါက်တတ်ကရတွေ တွေးနေတုန်း ကောင်မလေး
တစ်ယောက် ရောက်လာလေရဲ့။ မိုးအိမ်လူတို့ သိပ်ပျော်သွားတာပေါ့။ ကောင်မလေးက လည်း သိပ်လှတာကို။ သွားရည်တွေ မကျ
အောင် မနည်းထိန်းနေရတယ်။ ကောင်မလေးက စကားစ တယ် ။
" ရှင် မိုးအိမ်လူ လား "
" သိပ်ဟုတ်တာပေါ့ မိန်းမလှလေးရယ် "
" အိုကေ အဲဒါဆို သိပ်အဆင်ပြေသွားပြီ "
" ဟင် ဘာလို့လဲ။ ကိုယ်နဲ့ တွေ့ရင် မင်းက ဘာလို့ သိပ်အဆင်ပြေရတာလဲကွယ် "
( မိုးအိမ်လူဟာ ယောကျာင်္းပီပီ တဏှာအတွေးတွေ တွေးပြီး စိတ်ကူးတွေ ယဉ်နေတဲ့ မျက်နှာမျိုး နဲ့ မေးတာ ။ တော်တော် ချဉ်စရာ
ကောင်းပါတယ်။ )
" ရှင့်ကို သတ်ဖို့ "
" ဘယ်လို "
သေသွားပါပြီ။ ကောင်မလေးရဲ့ အဖြေတောင် ပြန်မကြားသွားလိုက်ဘူး။ ကောင်မလေးက မိုးအိမ်လူကို သတ်ပြီးသွားပြီ။
"ကျွန်မက ဗီးနပ်စ်ပဲ။ အချစ်နဲ့ မထိုက်တန်တဲ့ ရှင့်ကို သတ်ဖို့ ရောက်လာတာ။ ဓားနဲ့ ထိုးဖို့ လက်မရှိလို့
အက်ဖရိုဒိုက်ဆီကလက်ငှားပြီးတော့ကို ရှင့်ကို
လာသတ်တာ ဟင်း ဟင်း "

*

စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့ တစ်မြို့လုံးကို ပတ်လည် ၀ိုင်းထားတယ်။ အခုချက်ချင်းကို မြို့ကို အတင်း ၀င်တိုက်တော့မယ့် ဟန်
နဲ့။ သူတို့ဘုရင် ရဲ့ ခွင့်ပြုချက်ကို စောင့်နေတာ။ အဲဒီ အချိန်မှာပဲ ရဲမက်တစ်ယောက် အပြေးအလွှား ရောက်လာပြီး ဘုရင်ကြီးရဲ့
့ေ၇ှ့မှာ အခစားဝင်တယ်။ ပြီးတော့ စာချွန်လွှာတစ်ခုကို ဆက်သတယ်။ ဘုရင်ကြီးဟာ စာချွန်လွှာ ကို အလျင်အမြန်ယူ ပြီး ဖတ်တယ်။
ပြီးတော့ တောက် တစ်ချက် ခေါက်လိုက်တယ်။
" ဒီကောင် ဗိုင်းရပ်စ်က ဘာကောင်တုန်းကွာ ။ ငါလို ခုနှစ်ပြည်ထောင် မင်းတရားကြီးကို ပမာမခန့် ပြုတာပေါ့လေ "
ဘေးက ရဲမက်တွေလည်း ဘုရင်ကြီး ဒေါသထွက်နေတော့ ကြောက်လန့်နေကြတာပေါ့။ တုပ်တုပ်တောင် မလှုပ်ရဲကြဘူး။
ပညာရှိ အမတ်ကြီး က အရဲစွံ့ပြီးမေးရတယ်။
" အရှင် မိုးအိမ်လူ ဘုရား။ တစ်ဖက်က စစ်ဘုရင် ဗိုင်းရပ်စ်က ဘယ်လိုများ အကြောင်းပြန်လိုက်လို့ပါလဲ "
" ဒီမှာ ဖတ်ကြည့် "
ဆိုပြီး ဘုရင်ကြီး မိုးအိမ်လူဟာ စာချွန်လွှာကို အမတ်ကြီးဆီပစ်ပေးလိုက်တယ်။ အမတ်ကြီးဟာ ခပ်မြန်မြန်ပဲ စာချွန်လွှာကို ဖတ်လိုက်
တယ်။
" ဟိတ်ကောင် ငကြောက် မိုးအိမ်
မင်း ငယ်ငယ်က ဒီသာပေါမက္ခကြီး လက်ချာရိုက်နေတုန်း အီးအီးပါချတာ မှတ်မိရဲ့လားကွ
မင်းလို ငယ်ငယ်ကတည်းက အရှက်မရှိတဲ့ကောင်ကများ ငါ့တိုင်းပြည်ကို သိမ်းချင်သေးတယ်ဟင်
ပြီးတော့ ငယ်ငယ်က မိုးရွာတဲ့တစ်နေ့ မင်းနေတဲ့ အခန်းထဲကို တီကောင်တွေဝင်လာလို့ မင်း ထအော်လိုက်တာလေ
အဟား ငယ်သံကို ပါလို့
မင်းလို ငကြောက်ကများ ကွာ
ဟိတ်ကောင် သတ္တိရှိရင် အချိန်မရွေးပဲကွ လာခဲ့လေ
ငကြောက်ကြီး

မင်းရဲ့ ဆရာ
ဗိုင်းရပ်စ်
ကျုံပျော် ဘုရင်မင်းတရားကြီး "

အမတ်ကြီးခင်ဗျာ မရယ်မိအောင် မနည်းထိန်းလိုက်ရတယ်။
" ဒီဘုရင်ဟာ တော်တော် မောက်မာလွန်းနေပါပြီ။ အရှင်မတရားကြီး။ အခုချက်ချင်းပဲ တပ်တော်ချီဖို့ အမိန်ပေးသင့်ပါတယ် "
" ဟုတ်တယ်။ အဲဒီကောင် တော်တော် မောက်မာတယ်။
ငါကတော့ ငယ်ငယ်တုန်းက ဒိုးထုဖက်တွေပါဆိုပြီး ညှာတာနေတာ။ တွေ့ကြသေးတာပေါ့ကွာ။
ဒင်းကို မိကာမှ ငယ်ငယ်က ဒိုးထုလို့ ရှုံးတဲ့ အကြွေးတွေပါ ပြန်တောင်းရမယ်။
ကဲ တပ်တော် ချီစေ "

အဲဒီမှာ ပဲ စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့တံခါးကို အတင်းဖျက်ကြတယ်။ မြို့တံခါးလည်း ပေါက်ရော ဒရကြမ်း ၀င်စီးကြတော့
တယ်။ တပ်တွေ အကုန်လုံး မြို့ထဲရောက်သွားကုန်ပြီ။ ခဏလည်းကြာရော စောစောက ဒရကြမ်း ၀င်သွားတဲ့ ရဲမက်တွေဟာ ဒရကြမ်း
မြို့ထဲက ပြန်ပြေးထွက်လာကြလေရဲ့။ ဘုရင်ကြီးမှာ အံ့သြတကြီးပေါ့။
" ဟ ဘာဖြစ်ကြတာတုန်းဟ "
ဘုရင်ကြီးဟာ အထိတ်တလန့်နဲ့ အော်ဟစ်မေးတယ်။ ရဲမက်တွေဟာ ပြေးရင်း လွှားရင်းနဲ့
" အရှင်မင်းကြီး တီကောင်တွေ ဘုရား တီကောင်တွေ "
ရဲမက်တွေဟာ အော်ရင်း ဟစ်ရင်းနဲ့ သူတို့ ကိုယ်ပေါ်က တီကောင်တွေကို ဆွဲခွာ လွှင့်ပစ်ကြတာပေါ့။ လွှင့်ပစ်လိုက်တဲ့ တီကောင်တွေ
ဟာ ဘုရင်ကြီး မိုးအိမ်လူ ကိုယ်ပေါ်ရောက်ကုန်ကြတယ်။ ဘုရင်ကြီးဟာ တီကောင်တွေလည်း မြင်ရော မျက်လုံးတွေပြူး ပါးစပ်ကြီးဟပြီး
တီ တီ..တီ..နဲ့ သေပါလေရော။ တစ်ဖက်က ဘုရင် ဗိုင်းရပ်စ်နဲ့ တိုင်းသူပြည်သားတွေဟာ စီစီတီဗွီကနေ သူတို့ အဖြစ်ကို ကြည့်ပြီါ်
ခွက်ထိုးခွက်လန်ရယ်ကြလေရဲ့။ ရယ်ရင်း ရယ်ရင်း မထိန်းနိုင်ဘဲ အကုန်လုံး အူတက်ပြီး ဂန့်ပါလေရော။ အနိစ္စဟူသည် အမြဲမရှိ။

*

နေရောင်ခြည်ဟာ ကျမလာသေးဘူး။ လောကကြီးဟာ ညှို့မှိုင်းလို့။ သူတော်စင်လေး ရင်နင့်အောင်ဟာ တရား ဓမ္မ အားထုတ်ဖို့
ဒီနေရာကို ရောက်လာတာ ကြာပြီ။အခုထိ တစ်ခါမှ ကောင်းကောင်း အားမထုတ်နိုင်သေးဘူး။ အားမထုတ်နိုင်ဆို အဖျက်က ရှိနေတာ
ကို။ သူ ဒီအရပ်ကို စ ရောက်လာတုန်းက လူတွေက သူ့ကို နတ်သားလေးလို့ ထင်နေကြတာ။ သူ့ကို ပူဇော်ကြ။ ပသကြနဲ့ပေါ့။
သူ့ဆီက တစ်ခုခုများရမလားဆိုပြီး တော့ပေါ့။ ခက်တာက သူတော်စင်လေးရင်နင့်အောင်မှာက ၀တ်ရုံဖြူ နှစ်ထည်ရယ် မုတ်ဆိတ်ရိတ်
တဲ့ ဂျုတ်နဲ့ ဓားရယ် ရေဗူးရယ် ပဲကြီးလှော် တစ်ပြည်ရယ် ဒါပဲ ရှိတာ။ သူတို့ လိုချင်တာ ဘာပေးနိုင်မှာတုန်း။ အဲဒီမှာ လူလည်လိုလို
ပတ်ကားလိုလို ကောင်တစ်ကောင်က သူတော်စင်လေး အနားမှာ လာကပ်နေပြီး သူတော်စင်လေးကို တော်ကီတွေနဲ့ ချုပ် လူတွေကို
ထင်ယောင်ထင်မှားတွေဖြစ်အောင် လျှောက်ပြော လူတွေ ပေးသမျှဟာတွေနဲ့ ဟန်ကျနေတယ်။ သူတော်စင်လေးလည်း အစက
ဘာမှမသိပေမယ့် နောက်ပိုင်းကတော့ အဲဒီ ငရှုပ် လှည့်ကွက်တွေကိုသိလာတယ်။ ဒါဟာ မကောင်းဘူးဆိုတာလည်း သူတော်စင်လေး
က သိနေပြန်တယ်။ လူတွေ အတွက်လည်းမကောင်းဘူး။ အဲဒီ ငရှုပ်လေးအတွက်လည်း သံသရာမှာ မကောင်းမှုအကုသိုလ်ကံတွေ
ရဲ့ ဒဏ်ကို ခံရနိုင်တယ်။ ဒီတော့ သူတော်စင်လေးဟာ အရင်ဆုံ ငရှုပ်လေးကို ဆုံးမဖို့ ကြိုစားတယ်။
" လုလင် မိုးအိမ်"
"ဗျ"
"အသင် အခုလုပ်နေတဲ့ လုပ်ရပ်တွေဟာ မကောင်းဘူးကွဲ့"
"သိပါ့ဗျာ"
"သိရင် ဘာလို့ လုပ်နေသလဲ မလုပ်နဲ့တော့လေ"
"ကျုပ်က မလုပ်ချင်တော့ပါဘူး။ လူတွေက ကို ဇွတ်အတင်း လာ ပူဇော်ပသနဲ့ လောဘတွေ တက်နေကြတာပါ။
"ကျုပ် အမြင်မှန်ရတာဖြင့် ကြာပေါ့။ မနေ့ညကတည်းက"
"အိမ်း ။ အဲဒါဆိုလည်း လူတွေကို ကျွန်ုပ် ပြောမယ်။ လုလင်လည်း အဲဒီ လိမ်ညာတာတွေ မလုပ်နဲ့တော့။
ကျွန်ုပ်နဲ့အတူ တရားဓမ္မကျင့်ကြံပါလား"
"အာ ဘာလို့ ပြောမှာတုန်း သူတော်စင်လေးရ။ သူ့အရှိန်နဲ့သူ လိမ့်ပါစေ။
ဒီမယ် သူတော်စင်လေးကို ကျုပ်ပြောမယ်။ အခု လူတွေ ဒီလိုလုပ်နေကြတာ သူတော်စင်လေးကို ကြည်ညိုလွန်းလို့
လုပ်နေတယ် ထင်သလား။ သူတို့အတွက် သူတို့ လုပ်နေကြတာ။ သူတို့ လောဘနဲ့ သူတို့ ခံနေကြရတာ။ အမှန်ကို မြင်တဲ့တစ်နေ့
သူတို့ဘာသာရပ်သွားလိမ့်မယ်။ သူတော်စင်လေး ပြောစရာတောင်လိုမှာမဟုတ်ဘူး။ အမှန်ကို မမြင်နိုင်သေးသရွေ့တော့ ခံဦးပေါ့ "'
"အို အဲ့လိုတော့ မကောင်းပါဘူး လုလင်ရယ်။ မကောင်းတာကို မကောင်းဘူးဆိုတာ သိအောင် ပြောပြသင့်တာပေါ့"
"သူတော်စင်လေးကလည်း ဗျာ ပိန်းပါ့"
အဲဒီလိုနဲ့ သူတို့ နှစ်ယောက် ငြင်းကြခုန်ကြနဲ့  လိုရင်းကို မရောက်နိုင်ကြတော့ဘူး။ နောက်ဆုံး သူတော်စင်လေးလည်း မနိုင်တော့
တာနဲ့ ဒီအတိုင်း လွှတ်ပေးထားလိုက်တယ်။ နောက်နေ့ မနက် အစောကြီး ဘယ်သူမှ မနိုးခင် သူတော်စင်လေး ရင်နင့်အောင်ဟာ
ဒီအရပ်ကနေ စွန့်ခွာသွားလေရဲ့။ အဲဒီမှာပဲ မိုးအိမ်တစ်ယောက် တိုင်ပတ်တာပဲ။ သူတော်စင်လေး မ၇ှိရင် သူက နားကားပြီလေ။
ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ နဲ့ စဉ်းစားနေလိုက်တာ နေ့လည် မွန်းတည့်ချိန်ရောက်တော့ လူလည် မိုးအိမ်ဟာ အကြံတစ်ခု ရသွား
တယ။် သူ့အကြံက ရွာအစွန်မှာ နေတဲ့ ဆင်းရဲသား လေး မင်းယုမာန်ကို သူတော်စင်လေးနေရာမှာ အယောင်ဆောင် ခိုင်းဖို့ပဲ။
မင်းယုမာန်နဲ့ သူတော်စင်လေးကလည်းရုပ်က ခပ်ဆင်ဆင်ကို။ အဲ့ဒါနဲ့ လူလည် မိုးအိမ်ဟာ မင်းယုမာန်နဲ့ သွားညှိလေရဲ့။ အဆင်ပြေ
တာပေါ့။ မင်းယုမာန်က အလကားနေရင်း ပလ္လင်ပေါ်ေ၇ာက်မယ့် ကိစ္စ ဘယ်ငြင်းမလဲ။ အဲဒီလိုနဲ့ မင်းယုမာန်ဟာ သူတော်စင်လေး
အယောင်ဆောင်ပြီး နေလိုက်တာ လူလည် မိုးအိမ်လည်းအခြေမပျက် အဆင်ပြေလို့ မင်းယုမာန်လည်း ကြီးပွားလို့။ ဒါပေမယ့်
မကြာပါဘူး။ မင်းယုမာန်ဟာ ဒါဟာ သူ့ကြောင့်ရနေတာ။ ဟိုကောင်က အလကားနေရင်း ဘေးက အချောင်သုတ်နေတာ။ သူ့ဝေစုကို
အလကားယူနေတယ်လို့ တွေးမိလာတယ်။ အဲ့ဒါနဲ့ပဲ ဖြုတ်ထုတ်သတ် ဇာတ်လမ်း ခင်းလိုက်တဲ့အခါ လူလည်မိုးအိမ်ခမျာ
လည်လွန်းတဲ့ ဘီး ဟိုဟာသင့် သွားသလို ရွာသားတွေရဲ့ လက်အောက်မှာပဲ ဂန့်သွားလေရဲ့။

*

အချိန်တွေ နေရာတွေ လူတွေ ဇာတ်ကောင်တွေ အများကြီး ဘ၀တွေ အများကြီးနဲ့ ကျွန်တော်တို့ သံသရာမှာ လည်လို့ပတ်လို့
ကောင်းတုန်း။ ဘယ်အချိန်မှာ ရပ်မှာလဲ။ ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ စစ်မှန်သော တရားဟာ စစ်မှန်တဲ့
နေရာတစ်ခုမှာ စစ်မှန်စွာ ရှိနေတယ်။ ကျွန်တော်တို့ မမြင်နိုင်သေးသရွေ့ မြင်အောင် မကြည့်နိုင်သေးသရွေ့ ဒီလို ဇာတ်လမ်းပေါင်း
များစွားနဲ့ အခါခါ သေ အခါခါ ရှင် အခါခါ..... ပေါ့ဗျာ။ ကျွန်တော်ဇာတ်လမ်း ဒီမှာ ပြီးသင့်သလား။ မပြီးသင့်ဘူး ထင်ရင် သင် ဘာသာ
သင်ကိုယ်တိုင် စိတ်ကြိုက်ဆက်ရေးနိုင်တယ်။ ပြီးပြီလို့ ထင်ရင်လည်း ပြီးလိုက်နိုင်တယ်။ ကျွန်တော်ကတော့ လက်ညောင်းလို့ တော်
သေးပြီ။

*

မိုးအိမ်လူ
၈ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ရှစ်

Wednesday, December 7, 2011

အများသူငါ ပိုင်ဆိုင်တဲ့ ပုံပြင်





နယ်နိမိတ် အစွန်း ။ ဘယ်ဒေသ ဘယ်အရပ်ရယ်လို့  သတ်မှတ်မနေတော့ဘဲ လောက ကမ္ဘာကြီးရဲ့ နယ်နိမိတ်အစွန်းမှာ ကျွန်တော်
ရပ်တည်။ ဟိုး ပြည်မ လို့ ခေါ်တဲ့ မြို့ကြီးကို လှမ်းငေးကြည့်တော့ အနက်ရောင် မီးခိုးတွေ တလူလူလွင့်လို့။ ကျွန်တော့်ကို ကန်ထုတ်
လိုက်သော စေတသိတ်များ။ ထိုစေတသိတ်များကို ငုံထားကြသော ခန္ဓာများ။ ထိုခန္ဓာများပေါ်မှာ တပ်ဆင်ထားသော မျက်နှာများ။
ကျွန်တော် မေ့ပစ်လိုက်ပါပြီ။ ကိုယ်နဲ့ မထိုက်တန်လို့ လွင့်မျောရတာပဲ ။ ကျွန်တော့်ဘေးမှာ ကဗျာဆရာရဲ့ ၀ိဥာဉ်ဟာ တည်ငြိမ်စွာ
ဖြူစင် ရပ်တည်လို့။

*

တကယ်တမ်းကျတော့ နတ်ဆိုးတွေဟာ မဆိုးသွမ်းကြပါဘူး။ နတ်ယုတ်တွေကသာ ကောက်ကျစ်တတ်ကြတာ။ နတ်ကောင်းယောင်
ဆောင်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ရက်ရက်စက်စက် စုတ်ဖြဲပစ်ကြတာ။ ကျွန်တော်မမုန်းပါဘူး။ အရာအားလုံးဟာ ထိုးဇာတ်တွေ
ချည်းပဲလေ။ ဘာအတွက်မှာ အမုန်းတရားတွေနဲ့ ပူလောင်နေစရာ မလိုဘူး မဟုတ်လား။ အဲဒီ ထိုးဇာတ်တွေကို နောက်ကျမှ သိခဲ့ရခြင်း
ကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပေါ့။ မီးကျွမ်းရာတွေ အပြည့်နဲ့ ကျွန်တော့်ရဲ့ အတိတ်စာမျက်နှာဟာ ကျွန်တော့် နှလုံးသားထဲမှာ
နွမ်းကြေ လို့။ ဘာအတွက်နဲ့ ပန်းရိုင်းတို့ ပွင့်နေကြရတာလဲ။ ကမ္ဘာကြီးဟာ ဘယ်လို လဲ။ လောကကြီးကကော ဘယ်လိုလဲ။
ကမ္ဘာနဲ့ လောက ကကော မတူဘူးလား။ လူတွေကတော့ အတူတူပဲ ထင်ပါရဲ့။ ဆိုးယုတ်တတ်တဲ့ နေရာမှာလေ။

*

အဆိုးတရားတွေ ချည်းကိုပဲ ဖွဲ့နွဲ့လို့တော့ စိတ်ညစ်ရုံပဲ ရှိမယ် ထင်ပါရဲ့။ မပြောတော့ပါဘူး။ အဲဒီ မြေခွေးတို့ မင်းမူတဲ့ ပုံပြင်တွေကို။
နတ်သမီးပုံပြင်လေးတွေပဲ နားထောင်ကြရအောင်လား။ ကြယ်စင်တို့ရေ ချွေချပေးလှည့်ပါဦး ။ နတ်သမီးပုံပြင်လေး တစ်ပုဒ်လောက်။
ကျွန်တော်က ညည်းရုံရှိသေးတယ်။ ကဗျာဆရာက ကဗျာတစ်ပုဒ် ရွတ်လိုက်တယ်။ နတ်သမီးပုံပြင်ပြောပြပါတဲ့။ ကြားဖူးကြတယ် ဟုတ်။
ဒီလိုပဲပေါ့။ ကျွန်တော်တို့ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် နတ်သမီးပုံပြင်လှလှလေးတွေ ရေးကြ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပန်း လှလှလေး
တွေပွင့်တဲ့ ဥယျာဉ်လေးတွေ စိုက်ကြ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အလှပဆုံး သီချင်းလေးတွေ ဆိုကြ။ အလှပဆုံး ယဉ်ကျေးမှုတွေကို
ကိုယ်ချင်းစာတရားတွေနဲ့ တည်ဆောက်ကြ။ ဘယ်လောက်များ လှပနေမလဲ။ ကမ္ဘာမြေကြီးဟာ နေခြည် ပျိုတို့နဲ့ လန်းဆန်းလို့
နေမှာပဲနော်။ ဒါတွေက စိတ်ကူး တွေပါလေ။

*

အလျားလိုက်ကော ဒေါင်လိုက်ကော ထိုးသွင်းထားတဲ့ လောကဓံဓားသွားပေါ်က အဆိပ်တွေဟာ ကျွန်တော့် ခန္ဓာထဲ ပျော်ဝင်ဖို့ တွန့်
ဆုတ်နေကြလေရဲ့။ သူတို့အရင် သူတို့ထက် ပြင်းတဲ့ အဆိပ်တွေက ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ရောက်နှင့်နေပြီးသားလေ။
သေလူထက် ပိုတဲ့ သေလူ။ ခက်တာက နှလုံးသားတွေဟာ တဆတ်ဆတ် ခုန်နေတုန်း။ ကျဉ်းထဲ ကျပ်ထဲမှာ ရှုရတဲ့ အောက်စီဂျင်က
မသန့်စင်ပေမယ့် အဆုတ်ကိုတော့ ကောင်းကောင်း အလုပ်ပေးနိုင်ခဲ့ပုံပဲ။ ထိခိုက်ရှနာတွေ အသွားစိပ်နေတာတောင်မှ ကျွန်တော်က
ပြုံးပြုံးကြီး နေနေခဲ့တာလေ။ မျက်ရည်တို့လည်း မျိုးသုဉ်းပျောက်ကွယ်ခဲ့တာကြာပြီ မို့လား။ နာကျင်တိုင်း ပြုမှုမိတဲ့ အပြုအမူက
ပြုံးရယ်ခြင်းပဲ တတ်နိုင်တော့တယ်။ ဘာထူးဆန်းလဲ။ နှုတ်ခမ်းတွေက ရယ်နေပြီး မျက်လုံးတွေက ငိုနေတဲ့သူတွေ လောက တစ်နံတစ်လျား
အပုံကြီးပဲ မဟုတ်လား။ နာကျင်တေးတွေ မကြားချင်တော့တာ တော့ အမှန်ပဲ။ အမှန်တွေလည်း မမှန်နိုင်တော့တာလည်း အမှန်ပဲ။

*

ပြောနေကြတိုင်းပြောရရင် ဒုက္ခတွေအတွက် ညည်းညူလိုက်ရုံသက်သက်ပါ။ စိတ် အနှောက်အယှက် ဖြစ်သွားရင် စိတ်မကောင်းပါဘူး။
တစ်ယောက်ရဲ့ ဝေဒနာကို တစ်ယောက်က ဖေးကူ ခံစားအားပေးရင်း ကျွန်တော်တို့ ယဉ်ကျေးမှုကို ကျွန်တော်တို့ မြှင့်တင်သွားရမှာပဲ
မဟုတ်လား။ အရာရာကို ဥပေက္ခာပြုနေရင်တော့ လူသားတွေ ပျောက်ကွယ် မျိုးသုဉ်းဖို့ အလားအလာကောင်းတွေ ဖြစ်လာတော့မှာပဲ။
မဆုံးတဲ့ ခရီးကို လျှောက်နေကြတဲ့သူချင်းအ တူတူ အတ္တတွေကို အိပ်မက်ထဲမှာ ထားခဲ့ပါလား။ လောဘ ဒေါသတွေကို အိပ်မက်ထဲမှာ
ထားခဲ့ပါလား။ မမြင်ချင်တဲ့ မျက်နှာတွေအတွက် သည်းခံစိတ်လေးနဲ့ ချစ်ခြင်းကို ကြိုးစားမွေးမြူလိုက်ရင် လောကကြီးဟာ ဘယ်လောက်
နေပျော်စရာကောင်းလိုက်မလဲနော်။ ဒါက စိတ်ကူးပါ။ နောက်ဆုံးတော့လည်း ကျွန်တော်အပါအ၀င် အားလုံးဟာ ကိုယ့်အတ္တအတွက်ပဲ
ကိုယ့်ကိုယ်ကို ရင်းနှီးပေးဆပ် တိုက်ပွဲတွေဝင် အသေအကြေ ခံခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ရိုးအီလွန်းနေတဲ့ ပုံပြင်တွေကို
အထပ်ထပ် အခါခါ မရိုးမအီ နားထောင်ရင်း အရှိတရားကို မျက်ကွယ်ပြုချင်နေတဲ့ ကလေးတစ်ယောက်ဟာ ကျွန်တော်ပေါ့။

* *  *

မိုးအိမ်လူ
၇ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ခွဲ

တောသီချင်း ( ၂ )




အားလူးတွေ စားရတာ
ဟမ္ဘာဂါ စားရတာ
နင်နေပြီလား

ဆိုလို့ အဆင်မပြေတဲ့ သီချင်းတွေ
ဘာလို့ကြိုးစားပမ်းစား ဆိုနေမှာလဲ
အဆင်ပြေတဲ့သီချင်းပဲ ဆိုကြမယ်လေ
ယီး လေး လေး
ယီး လေး ရို။


မိုးအိမ်လူ

Tuesday, December 6, 2011

ကျွန်တော် ဇာတ်လမ်းကို စ လိုက်ရအောင်။





ကျွန်တော် ဇာတ်လမ်းကို စ လိုက်ရအောင်။
ဇာတ်လမ်းကို စ ဖို့ က ဘယ်နေရာက စ ရမလဲ။ စဉ်းစားရတာ ကျပ်တယ်။ စာကို စာလို မရေးချင်တာက ဘာအကျင့်မှန်းမသိ။
ဘယ်လို အစပျိုးပြီး ဘယ်လို ဇာတ်လမ်းဆင်ပြီး ဘယ်လို ဇာတ်ကွက်ချပြီး ဘယ်လို ဇာတ်ရှိန်တက်ပြီး ဘယ်လို ဇာတ်သိမ်းရမလဲ။
ရင်နင့်အောင်လို ရေးရင် ကောင်းမလား။ နေလင်းထွန်းလို ရေးရင် ကောင်းမလား။ မင်းယုမာန်လို ရေးရင် ကောင်းမလား။ လောလော
ဆယ် စိတ်ထဲမှာ အကြိုက်တွေ့နေတာက သူတို့ ရေးဟန်တွေပဲ အကြိုက်တွေ့နေတာဆိုတော့ သူတို့လိုပဲ ရေးချင်နေတယ်။
ခက်တာက ဇာတ်လမ်းကို စ ရေးမယ်ကြံကာမှ ကျွန်တော်ဇာတ်လမ်းက ပျောက်နေတာပဲ။ ဗိုင်းရပ်စ် စတိုင်လ် ခိုးရရင် ဇာတ်လမ်းဆိုပြီး
ခေါင်းစဉ်တပ်လိုက်တာပဲ အေးမယ် ထင်တယ်။ အဟဲ။ အဲ့လို လည်း မဖြစ်သေးဘူး။ တော်ကြာ ဗိုင်းရပ်စ်က သူ့မပြောဘဲ သူ့စတိုင်လ်
ယူသုံးတယ်ဆိုပြီး ကိုယ့်လာကိုက်နေမှာ ၀င်းဒိုးကျသွားရင် ခက်ဦးမယ်။ ကဲ စဉ်းစားစမ်း ဘယ်လို စ ရေးရမလဲ။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
သူမရဲ့ လက်ကလေး နွေးနေတယ် တကယ်။ ကျွန်တော့်လက်တွေပါ နွေးသွားတယ် တကယ်။ သူမ က ကျွန်တော့်ကို ပြုံးပြတယ် တကယ်။
ကျွန်တော် သူမကို ပြန်ပြီးပြုံးပြမိသလား ပြုံးမပြမိဘူးလား မသိဘူး တကယ်။ ခက်နေတာက သူမ ရဲ့ အချစ်ကို ကျွန်တော် ရပြီလား
မရသေးဘူးလား ဆိုတာ သေသေချာချာ မသိသေးဘူး တကယ်။ သူမကလည်း ဘာမှမပြောဘူး တကယ်။ ဒီနေ့ ကျမှာ ရာသီဥတုက
လည်း အသားကုန် သာတယ် တကယ်။ သူမရဲ့ ခေါင်းမှာ နှင်းဆီဖြူပွင့်လေးပန်ဆင်ထားတာ အရမ်းလှတယ် တကယ်။ အဲဒါကို
ကျွန်တော် သူမကို ပြောမပြမိခဲ့ဘူး တကယ်။ ကျွန်တော်တို့ လျှောက်နေတဲ့ လမ်းကလေးမှာ ကျွန်တော်ရယ် သူမရယ် နှင်းဆီဖြူလေး
ရယ်ကလွဲပြီး ကျန်တာ ဘာမှ မရှိဘူး တကယ်။ ကျွန်တော် စိတ်တွေ လှုပ်ရှားလိုက်တာ တကယ်။ ကျွန်တော် ရင်တွေ ခုန်နေတာ တကယ်။
အဲဒီအကြောင်းက ဇာတ်လမ်း အစ တော့ မဟုတ်သေးဘူးဗျ။ ဇာတ်လမ်းရဲ့ အလယ်လောက်ကနဲ့ တူတယ်။ ကျွန်တော်က
ဇာတ်လမ်းအစကို ရေးချင်တာ ။ ကဲ ဇာတ်လမ်း အစကို ပြန်သွားရအောင်။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
မြန်မာနိုင်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတော့မှာ သေချာတယ် လို့ ထင်တယ်။ ကိုယ့် အိမ်ကိုပဲ ကိုယ် ဂရုစိုက်ပါ။
အခြား အီယောင်ဝါးတွေ လျှောက်ပြောမနေပါနဲ့။ မြန်မာ ဘောလုံးအသင်းကလည်း ဘယ်တော့မှ အာဆီယံ ဖလား ရမှာလဲ မသိပါဘူး။
ပြောရဦးမယ်။ မကွေးမှာ မိုးတွေ အုံ့ပြီး အရမ်းအေးနေတယ်ဗျို့။ တကယ်တော့ ဒါဟာ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။
ပိုစ့်မော်ဒန်ဟာ ဗဟိုချက်မဲ့တယ်။ ဦးတည်ချက်လားရာတွေဟာ တစ်နေရာတည်းကို သွားနေတာမဟုတ်ဘဲ နေရာအနှံ့ကို ပြန့်ထွက်
နေတယ်။ ပိုစ့်မော်ဒန်ဟာ မော်ဒန်ကို ဝေဖန်ဆန်းစစ်တာပဲ တဲ့။ ပိုစ့်မော်ဒန်ကို မသိနားမလည် တဲ့ လူတွေက မော်ဒန်လွန်လို့ ဘာသာ
ပြန်ကြသတဲ့။ ဒါက ဒီနေ့ ဖတ်မိတဲ့ ဆောင်းပါးထဲက ဟာတွေ။ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
တကယ်တော့ သူမ ကျွန်တော့်ဆီ ပြန်မလာတာ နှစ် အတော်ကြာပြီ။ သူမ အကြောင်း ရေးထားတဲ့ အချစ်ဦးဆိုတဲ့ ၀တ္ထုတို တစ်ပုဒ် ရှိ
တယ်။ ၀တ္ထုထဲမှာတော့ ကျွန်တော် ရူးသွားတယ်။ ၀တ္ထု မဟုတ်တဲ့ ဒီ ၀တ္ထုထဲမှာတော့ ကျွန်တော် မရူးသေးဘူး။ သူမက အတွေး တွေ
အရမ်းတွေးတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် တွေးတယ်။ ကျွန်တော်က ဘာမှ မတွေးဘူး။ အဲဒီ အတွက် သူမက ကျွန်တော့်ကို
သဘောမကျဘူး။ အရေးမကြီးပါဘူး။ ကိုယ်မဟုတ်တဲ့ အခြားလူတွေ သဘောကျအောင် နေထိုင်ဖို့ အမေက မွေးပေးထားတာမှ
မဟုတ်တာပဲ နော့။ သူမ က ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် စပ်ပေးတယ်။ ခပ်ပိန်းပိန်း လူငယ်တစ်ယောက် လောကကြီးမှာ
ရည်ရွယ်ချက် မရှိ ရှင်သန်နေပုံ အကြောင်းပေါ့။ သူမ ကဗျာစာရွက် ပေးတဲ့နေ့က ကျွန်တော်တို့ ကန်ဘောင်ပေါ်က ထိုင်ခုံလေးမှာ
အတူထိုင်ခဲ့ကြတယ်။ ကန်ရေပြင်သေးသေးလေးဟာ လေ အလွင့်မှာ လူးလို့ပေါ့။ သူမ က စကားလည်း နည်းသေးတာ။ ကျွန်တော်က
လည်း စကားအရမ်းများတဲ့သူ မဟုတ်လေတော့ ဆယ်မိနစ်လောက်နေတော့ ပြောစရာစကားက မရှိတော့ဘူး။ ဒီလိုနဲ့ အဲဒီညနေက
အဲဒီအတိုင်း ကြီး ဘာမှမပြောကြဘဲ အချိန်ကုန်သွားကြတယ်။ ဒါလည်း ဇာတ်လမ်းရဲ့ အစ မဟုတ်သေးဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
ကဗျာအရေးအသားတွေဟာ စကားပြေ ဆန်လွန်းလာပေမယ့် လူတွေ နားမလည်နိုင်ကြဘူး။  သာမန် အရပ်သုံး ဘာသာစကား
အခြား အလကာင်္ နိမိတ်ပုံ တွေ ဘာမှ မပါဘဲ ရိုး၇ိုးသားသားရေးနေတာကို လူတွေ နားမလည်နိုင်ကြဘူး။ ဘာလို့လဲ။ ရေးသူတွေက
စကားလုံးတွေ စာသားတွေကို အစိတ်စိတ်အမွှာမွှာ ပိုင်းပစ်တယ်။ ပညာရှင်ဆန်တဲ့ စကားလုံးတွေသုံးတယ်။ ပညာရှင်ဆန်တယ် ဆိုတာ
က သိပ္ပံစကားလုံးတို့ င်္ဇီဝဗေဒ အခေါ်အဝေါ် စကားလုံးတို့ နောက်ဆုံးပေါ် အိုင်ဒီယိုလော်ဂျီ စကားလုံး တွေ အမည်နာမတွေကို
သွတ်သွင်းရေးသားလာကြတယ်။ အဲဒီတော့ အဲဒီလို ကဗျာတွေကို ဖတ်ဖို့က တော်ရုံ စာပေ၀မ်းစာနဲ့က ဘယ်လိုမှ နားမလည်နိုင်ဘူး။
အချို့ သည်းမခံနိုင်တဲ့သူတွေက ပြောကြတယ်။ အရူးရေးသလို ပဲ။ ပေါက်တတ်ကရတွေ လျှောက်ရေးတာတဲ့။ ဟိုနေ့က မဂ္ဂဇင်း
အဟောင်း တစ်အုပ်ထဲမှာ အယ်ဒီတာက အရူးရေးတာက အရူးအသိပဲ ရှိမယ် ပညာရှင် ရေးတာက ပညာရှင် အသိ ရှိတယ်။ အကွာကြီး
ပါတဲ့။ ကျွန်တော်လည်း အဲဒီကိစ္စတွေ သိပ်တော့နားမလည်ဘူး။ ဇာတ်လမ်းကို ဇာတ်လမ်းလို မရေးချင် စာကို စာလို မရေးချင်တော့
နည်းနည်းတော့သဘောကျမိတယ်။ ကျွန်တော်ရောဒီစကားပြေ အရေးအသားတွေကို အပိုင်းပိုင်းအပြတ်ပြတ် ဖြတ်ပစ် လိုက်ရင်
ကောင်းမလား။ ဒီလိုလုပ်ရင် အသစ် ဖြစ်နိုင်သလား။ မဖြစ်နိုင်သေးဘူးဗျ။ ကျွန်တော်တို့ေ၇ှ့မှာကို ကျွန်တော်တို့လို ရူးတဲ့ ပညာရှင်
ကြီးတွေက ရှိနှင့်နေပြီ။ အဲဒီတော့ မလုပ်တော့ပါဘူး။ သစ်မှ မလာဘဲလေနော့။ ဒီအတိုင်းလေးပဲ ရေးတာ ကောင်းပါတယ်။
ဒါကကော ဇာတ်လမ်းနဲ့ ဆိုင်လို့လား။ ဇာတ်လမ်းရဲ့ အစ လား ။ ဆိုတော့လည်း မဟုတ်သေးဘူးဗျ။ စိတ်ရှည်ပါနော်။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
ဒီနေ့ ကျွန်တော် ချစ်တဲ့ မိုးတွေ ရွာတယ်။ မသည်းဘူး။ဖွဲဖွဲလေးရယ်။ သူမ နဲ့ ကျွန်တော် ကော်ဖီဆိုင်တစ်ဆိုင်မှာ။ သူမကတော့
ထုံးစံ အတိုင်း တစ်ခုခုကို စိတ်ဝင်စားနေတယ်။ ဘာကို စိတ်ဝင်စားနေသလဲ ဆိုတော့။ စာအုပ်တစ်အုပ်ထဲမှာ နှင်းဆီ ပွင့်ဖတ်တွေရယ်
စံပယ်ပွင့်ဖတ် တွေရယ် စကားဝါ ပွင့်ဖတ်တွေရယ် အစရှိသဖြင့်ပေါ့ဗျာ ကျွန်တော် မသိတဲ့ ပန်းပွင့်ဖတ်တွေကို ကပ်ပြီး ပန်းပွင့်ပုံ
ဖော်နေတာ။ ဘယ်လို ရူးတာလဲ မသိပါဘူး။ ပါးစပ်ကတော့ မပြောရဲဘူး။ ကျွန်တော်လည်းဒီအတိုင်းလေးပဲ သူမရဲ့ အလှကို ခိုးနမ်း နေရ
တယ်။ သူမရဲ့ ဆံနွယ်တွေက ဘေးတစ်ဖက်တည်းမှာ စုကျလို့။ သနပ်ခါး ပါးကွက်လေးကလည်း ပါးပါးလေးနဲ့ မျက်နှာမှာထင်းနေတယ်။
ဘယ်လောက် လှလိုက်မလဲ။ ကျွန်တော့်ကို ရူးစေတဲ့ အရာတွေပေါ့ဗျာ။ မိုးတွေကတော့ ရွာလို့ကောင်းနေတုန်း။ ကော်ဖီဆိုင်မှာ
သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းရယ်။ ခက်တော့ခက်တယ်။ သူမနဲ့ကျွန်တော် တွေ့လိုက်တိုင်း ပတ်ဝန်းကျင်မှာ ဘယ်သူမှ
ရှိမနေတတ်ဘူး။ အမြဲတမ်း ကျွန်တော်တို့ နှစ်ယောက်တည်းရယ်။ အဲ ကော်ဖီဆိုင်ဆိုတော့ ဆိုင်ပိုင်ရှင်တို့ ဆိုင်ဝန်ထမ်းတို့တော့ ရှိ
တာပေါ့နော်။ သူတို့ကလည်း ခပ်ဝေးဝေးမှာ သူတို့ အာရုံနဲ့သူတို့ပါ။ ကြာတော့ ဒီဖြစ်ရပ်ကြီးဟာ ဟုတ်ကောဟုတ်ရဲ့လားလို့ ကျွန်တော်
ထင်လာမိတယ်။ တော်ကြာ ရင်နင့်အောင် ကြီးရေးတဲ့ ၀တ္ထုထဲက ပန်းချီဆရာလို ဖြစ်နေရင် ခက်ဦးမယ်။ ကျွန်တော့်ဆီမှာတော့
အာရုဏ်ဦးငှက်တွေ မရှိပါဘူးလေ။ ညနေချိန် သီချင်းတွေပဲ တသာသာနဲ့။ အဲဒီ ပန်းချီဆရာထက်သာတာက သူမက ကျွန်တော်ရဲ့
မိဘတွေနဲ့ တွေ့ဖူး တာပဲ။ ရင်းနှီးတယ်ဆိုတဲ့ အဆင့်တောင် ရှိပါတယ်။ သေချာပါတယ်။ ကျွန်တော် မရူးနိုင်သေးပါဘူး။
ဒါလည်းကျွန်တော့် ဇာတ်လမ်း အစ မဟုတ်သေးဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
အနုပညာကို ကျွန်တော် ယုံကြည်တယ်။ ချစ်တယ်။ ရူးမက်တယ်။ ဒါပေမယ့် အဲဒီလို ရူးမက်လာတာကြာတော့ ကျွန်တော် အနုပညာကို
မယုံကြည်ချင်တော့ဘူး။ မချစ်ချင်တော့ဘူး။ အနုပညာဟာ တကယ်ကော ရှိရဲ့လားလို့ပေါ့လေ။သံသယတွေနဲ့။ ခေတ်တိုင်း ခေတ်တိုင်း
မှာ လူတွေဟာ အနုပညာတွေကို ဖန်တီးကြတယ်။ လမ်းဟောင်းအတိုင်း ဆက်သွားတဲ့သူတွေ ရှိသလို လမ်းသစ် ဖောက်တဲ့သူတွေလည်း
ရှိတယ်။ အဲဒီတော့ အနုပညာဟာ အမျိုးအစားပေါင်းစုံ အသစ်ပေါင်းစုံနဲ့ အကွဲကွဲ အပြားပြားဖြစ်လာတယ်။ ဘယ်ဟာက အမှန်တရားလဲ။
ဘ၀အတွက် အနုပညာဟာ ဘယ်လောက်အထိ အရေးပါသလဲ။ မသိတော့ဘူး။ ဘယ်လို ရွေးချယ်မှုတွေနဲ့ အနုပညာကို ကျွန်တော့်
နှလုံးသားမှာ ချိတ်ဆွဲရမှန်းမသိတော့ဘူး။ ခက်တယ်ဗျာ။ မှော် တဲ့။ ဖန်တီးမှု တဲ့။ အိုင်ဒီယာ တဲ့။ ပြုလုပ်မှု တဲ့။ ခံစားမှု တဲ့။
တကယ်တော့လည်း တကယ်ပါပဲ။ အနုပညာမရှိလည်း လောကကြီးက သေဆုံးသွားမှာမှ မဟုတ်ဘဲ။ အနုပညာမ၇ှိလို့လည်း
ကမ္ဘာကြီးဟာ လည်နေတာက ရပ်တန့်သွားမှမှမဟုတ်ဘဲ။ ကျွန်တော်တို့ ဘာတွေ ပူပန်နေစရာလိုသလဲ။ ကျွန်တော် အနုပညာကို
မချစ်လို့လည်း လောကကြီး ဘာမှ ဖြစ်သွားမှာမှမဟုတ်ဘဲ။ ကျွန်တော် အနုပညာကို မဖန်တီးလို့လည်း ကမ္ဘာကြီး ပျက်စီးသွားမှာမှ
မဟုတ်ဘဲ။ ဒီတော့ ဒီအတိုင်းလေးပဲ ။ တကယ်တော့လည်း တကယ်ပါပဲ ။ ဒါတွေဟာ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
သူမ ဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက် ဆိုတာထက် မပိုပါဘူး။ ကျွန်တော်ဟာ ကျွန်တော် ဆိုတာထက် မပိုပါဘူး။
သူမဟာ ကဗျာတစ်ပုဒ် မဟုတ်သလို ကျွန်တော်ဟာလည်း ကဗျာ ရေးသူ တစ်ယောက်မဟုတ်ပါဘူး။ ဆိုလိုတာက ကျွန်တော် ရေးစပ်
ထားတဲ့ ကဗျာတစ်ပုဒ်ဟာ သူမ မဟုတ်ဘူး။ သူမဟာ သူမ ဘာသာ သူမ သီးသန့် ဖြစ်တည်မှုနဲ့ သူမ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို
လူ့ဘ၀ ရခိုက်မှာ အပြည့်အ၀ အသုံးချနိုင်ခဲ့တဲ့သူ။ ကျွန်တော်ကတော့ ကျိုးပြတ်နေတဲ့ စာသားတွေနဲ့ အစိတ်စိတ်အမွှာမွှာ ခွဲစိပ်
ရောစပ်ခံထားရတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။ ကျွန်တာ့်ကို လူတိုင်း နားမလည်နိုင်လို့ စိတ်မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို ရေးခဲ့တဲ့
သူမကတော့ နားလည်သင့်တယ် မဟုတ်လား။ အခုတော့ ရင်နင့်အောင်ရဲ့ အာရုဏ်ဦးငှက်တွေဟာ ညနေချိန် ငှက်တွေနဲ့ အတူ
ကျွန်တော့်အခန်း ပြတင်းပေါက်ကနေ ထွက်ခွာ ပျံသန်းသွားခဲ့ကြပြီ။
ဒါဟာ ဇာတ်လမ်းရဲ့ အဆုံးလို့ သင် ထင်နေသလား။ မဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ အစလို့သင် ပြောင်းလဲ ထင်မြင်လိုက်ပြီလား။
မဟုတ်ပါဘူး။ ဘယ်ဇာတ်လမ်းမှ မ စ ရသေးသလို ဘယ်ဇာတ်လမ်းမှလည်း အဆုံးသတ်ဖို့ စိတ်ကူးမရှိကြဘူး။ သင့်ဇာတ်လမ်းကော။
ကျွန်တော့် ဇာတ်လမ်းကော။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဇာတ်လမ်းကိုတော့ စ သင့်တယ် မဟုတ်လား။
ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။

* * *

မိုးအိမ်လူ
၆ ဒီဇင်ဘာ ၂၀၁၁
ည ဆယ်နာရီ

တောသီချင်း ( ၁ )



မနေ့က ဆိုလက်စ သီချင်းကို
ဒီနေ့မှာ ဆက် ဆိုတယ်

ကမ္ဘာကြီးက မျက်နှာမသစ်နိုင်အောင်
အလုပ်လုပ်နေတဲ့အချိန်
ငါကတော့
မျက်နှာမသစ်ဘဲ သီချင်းတွေပဲ ဆက် ဆက် ဆိုလို့
အချစ်များ သူ့ဆီမှာ။

မိုးအိမ်လူ

Monday, December 5, 2011

အချစ်သည် ရှိနေပါလိမ့်မည်





စိတ်လိုလက်ရ နေ့တစ်နေ့မှာ ထမ်းမထားရဘဲ ဖိစီးနေတဲ့ လောကဓံတွေကို ဖြည်ကြည့်မိတယ်။ အားလုံးဟာ စင်ပေါ်က အနိုင်ရသူ
မျက်နှာထားတွေနဲ့။ ဆိုးပါတယ်။ လေနံ့ မရှိတဲ့ လေတွေကို ရှုရှိုက်ပြီး ကျွန်တော် ဘယ်လောက်ကြာကြာ အသက်ရှင်ရဦးမှာလဲ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လည်း အခါခါ ကြိုးစားဖူးတယ်။ ကြိုးတစ်ချောင်း။ အဲဒီ ကြိုးတစ်ချောင်းရဲ့ ငြိတွယ် ဆွဲငင်မှုနဲ့ပဲ
အိပ်မက်ဆိုးတွေကို ကျွန်တော်အားယူ မောင်းထုတ်နေခဲ့ရတယ်။ တရားသလား မတ၇ားသလား။ ကျွန်တော် မတွေးချင်တော့ဘူး။
ဖြစ်ပျက်သမျှ အရာအားလုံးဟာ စိတ်ရှိလို့ မှားခဲ့တဲ့ အမှားတွေ မဟုတ်မှန်း ကျွန်တော်ကလွဲပြီး ဘယ်သူသိသေးသလဲ။ သိရင် လာအားပေး
လှည့်ပါဦး။

*

နေမသာတဲ့နေ့ လေမသာတဲ့နေ့။ အမှား ကောက်ကြောင်း လှလှ တစ်ပုဒ်ကို ကျွန်တော် ရေးခြစ်မိတယ်။ လောကကြီး ကောင်းချီး
သြဘာပေးပုံက ရက်စက်တယ်။ အချိန်တွေကို ရပ်တန့်ထားတယ်။ ( နာကျင်ခံစားချိန်ကြာအောင်လို့ )။ ဆိုးယုတ်မှု တေးထပ်တွေ တီး
မှုတ်ကြတယ်။ မကောင်းမြတ်ခြင်း သတင်းတွေ အဆက်မပြတ် ထုတ်လွှတ်ကြတယ်။ အရာအားလုံးဟာ အမှောင်သား အပြည့်နဲ့
ကမ္ဘာမြေမှာ ကျွန်တော့်အတွက် နေရာ ရှိမှရှိသေးရဲ့လားလို့ ထင်မိတဲ့အထိ။ ထားလိုက်ပါ။ လောကဓံဆိုးတယ်ဆိုတာ အားလုံးသိပြီး
သားပဲ။ ဒါပေမယ့် ကျွန်တော့်နတ်သမီးလေးကတော့ နာကျင်မျက်ရည်တွေ ရွှဲရွှဲစိုလို့။

*

@ချိန်းထားပြီး မလာခဲ့သော ချစ်သူကို ကျွန်မ စိတ်ဆိုးချင်ပါသည်။ ဒါပေမယ့် စိတ်ဆိုး မရပါ။ ကျွန်မကို အလေးမထားဘူးဟု စွပ်စွဲချင်ပါ
သည်။ စွပ်စွဲဖို့ မရဲပါ။ သူ့ကို ကျွန်မ စိတ်ပူနေခဲ့မိပါသည်။ ဟန်ဆောင်၍ မရခဲ့ပါ။ ကျွန်မ ဦးနှောက် က သူ့ကို ခွင့်မလွှတ်ချင်ပါ။
နှလုံးသားကတော့ ခွင့်လွှတ်ချင်သည်။ ဆန္ဒ မဟုတ်ပါ။ အတ္တ တစ်ခုသာ ဖြစ်ပါသည်။ ချစ်သူကို ပိုင်ဆိုင်ချင်မိသည်။ အတ္တ မဟုတ်ပါ။
အချစ်တစ်ခုသာ ဖြစ်ပါသည်။ သူ့ဘ၀မှာ ကျွန်မက အဓိကဖြစ်ချင်ပါသည်။ ဆန္ဒတစ်ခု မဟုတ်ပါ။ ...။ သူ့ပါးလေးကို ကျွန်မ နမ်းခဲ့
သည်။ သက်သေတစ်ခုဟု မဆိုချင်ပါ။ အချစ်က သက်သေ မပြချင်လောက်အောင် ပြီးပြည့်စုံခဲ့ပါသည်။ ချစ်သူရဲ့ ရင်ခွင်မှာ နားခို ချင်
မိပါသည်။ တပ်မက်မှု တစ်ခု မဟုတ်ပါ။ တောင့်တမှု တစ်ခုသာ ဖြစ်သည်။ ကျွန်မ သူ့ကို အရမ်းချစ်သည်။ ဦးနှောက်က ပြောသော
စကားမဟုတ်ပါ။ နှလုံးသားမှ ထွက်ကျလာသော စကားတစ်ခွန်းပါ။ သူ့ကို ကျွန်မ လွမ်းနေသည်ကို မညာချင်ပါ။ အမှန်တကယ်
လွမ်းမိပါသည်။ သူလည်း ကျွန်မကို လွမ်းနေမည်ဟု ထင်နေမိသည်။ မဟုတ်ပါ။ ယုံကြည်မိပါသည်။ ညနေကျရင် တွေ့ရမှာပါဟု
စိတ်ကို ဖြေနေခဲ့မိသည်။ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် တစ်ခုပါ။ သေချာပါသည်။ @

*

အချိန်သည် လွန်ခဲ့ပြီလား။ မသေချာပါ။ ကျွန်တော့်အတွက် မသေချာခြင်းသည်သာ သေချာနေပါသည်။ အတ္တတို့ အောင်ပွဲခံနေပြီ
လား။ သေချာချင် သေချာမည်။ မသေချင်လည်း မသေချာပဲ နေလိမ့်မည်။ အရေးမကြီးပါ။ လုပ်ရပ်က သက်သေပြပေလိမ့်မည်။
လရိပ်ဝေးသော ညများတွင် အလွမ်းတို့ အနွေးဓာတ်ပျောက်ရှလျက်။ အိပ်မက်တွေ တကယ်မကောင်းခဲ့ဘူး ချစ်သူရယ်။
သူမ၏ စာလွှာလေးတွေကို အခါခါ ပြန်ဖတ်ရင်း ကျွန်တော်ရဲ့ ညတွေ အိပ်ပျော်ဖို့ မေ့နေခဲ့မိတယ်။ ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးနဲ့
ဖွင့်ခဲ့တဲ့ ကျွန်တော့်ရဲ့ မနက်ဖြန်တွေ။ အို .. ဆိုးကြပါစေ ..ယုတ်ကြမ်းကြပါစေ.. ဘ၀အတွက် ဘာမှ မကျန်တော့ဘူးဆိုရင်တောင်
သူ့ရဲ့ အချစ်နဲ့ ဆက်သွယ်ထားတဲ့ ကျွန်တော့်အချစ်တွေ နှလုံးသားထဲမှာ ရှင်ဘုရင် ထိုင် ထိုင်နေဦးမှာပဲ မဟုတ်လား။
ကမ္ဘာဟာ လည်လို့ မညောင်းနိုင်သေးဘူး။ ကျွန်တော့်ရဲ့ လောကဓံနတ်ဆိုးတို့လည်း ကျီစယ်လို့ မ၀နိုင်သေးဘူး။ နာကျင်ရင်း
ရှင်သန်နေရတဲ့ စိတ်တစ်ခုအတွက် အကြင်နာအလင်းတစ်စဟာ ဟိုး အဝေးက ကောင်းကင် အနားသတ်မျဉ်းမှာ လင်းလက်လို့။
သေချာပါသည်။ ကျွန်တော်အတွက် အချစ်သည် သစ္စာတရားတစ်ခု အမှန်ကန်ဆုံးသော........။

* * *

@Venus Virgo@


မိုးအိမ်လူ
၅ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီခွဲ

ခင်ဗျားကို ကျွန်တော် ချစ်နေတယ်



သတိရခြင်း အကြောင်းမပါဘဲ ကျန်တာပြောရမယ်ဆို
ခင်ဗျားနဲ့ ပတ်သက်သမျှ အကုန် မေ့မရဘူး
ရမ္မက် လောဘတွေ မပါဘဲ စွဲလမ်းခြင်းက ပဲ
ကျွန်တော့်ဦးနှောက်ထဲကို ခင်ဗျားပုံရိပ်တွေ
အခါခါ တံဆိပ်ရိုက်
ခင်ဗျားက သိမယ်မထင်ဘူး သိဖို့လည်း သိပ်မလိုအပ်လှပါဘူး
ဘက်တစ်ခုတည်းမှာပဲ မီးပွင့်နေတဲ့ ကျွန်တော့်ရဲ့ မြတ်နိုးခြင်းတွေအတွက်
ခင်ဗျားရဲ့ ရောင်ပြန်ကိုလည်း အရေးတကြီး မွတ်မွတ်သိပ်သိပ် မလိုအပ်လှဘူး
ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုက
ခင်ဗျားကို ကျွန်တော် ချစ်နေတာပဲ။

မိုးအိမ်လူ