အမြဲ စိမ်း စိတ်
.........................
သစ်ရွက်ဟာ စိတ်ပေါ်ကို ကြောင်ကျ ကျတယ်
လမ်းတစ်ခုလုံး အတိတ်သေတွေနဲ့ ပြည့်ကျပ် ပုပ်ဟောင်သွားလေရဲ့
ဒီနေ့ဟာ ကမ္ဘာမတိုင်ခင် နေ့တစ်နေ့ဖြစ်မယ်လို့
နှုတ်ခမ်းအိုက အသံမမြည်ဘဲ ရေရွတ်တယ်။
မိုးအိမ်လူ
1st August 2014
Saturday, August 2, 2014
Tuesday, May 20, 2014
ဇာတ်လမ်း ကိုယ်တိုင်ရေး တဲ့ ဇာတ်လမ်း
ကျောက်နံရံထက်သို့
ကုပ်ကပ်တွယ်တက်နေသော သူသည် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ဇာတ်လမ်းသည် ဘာကြောင့် ထိုကျောက်နံရံထက်သို့
သက်စွံဆံဖျားကုပ်ကပ်တက်နေသည်ကို မည်သူ့ကိုမှ မပြောချေ။ ကျောက်နံရံအခြေရှိ ကွင်းပြင်တွင်
ပရိသတ်များစွာနှင့် အုံ့အောသောင်းနင်း ဖြစ်နေပြီ။ ပရိတ်သက်အုပ်ကြီးမှာ များပြားလွန်းလှသည်ဖြစ်ရာ
ကွင်းပြင် တစ်ဝက်ခန့်အထိပင် ဖွေးဖွေးလှုပ်ပြည့်နှက်နေသည်။ ဇာတ်လမ်းကတော့ အောက်ကို မကြည့်။
အော်သံဟစ်သံများကို ဂရုမထား။ အထက်သို့သာ အာရုံစူးစိုက်၍ တက်နေလေ၏။ ဟိုးအဝေးကွင်းပြင်စပ်တွင်
လူတစ်ချို့ ပြေးလာသည်ကို တွေ့ရ သည်။ လူအုပ်ကြီးမှ အသံတစ်ခု ညံခနဲ ထွက်လာသည်။ ဇာတ်ဆောင်တွေ
လာပြီ ဟေ့ ။ ဇာတ်ဆောင်တွေ လာပြီ။ ဟေ့ ဇာတ်လမ်း ။ ဒီမှာ မင်းရဲ့ ဇာတ်ဆောင်တွေလာပြီ ဟ။
ဘာလုပ်ကြမလဲ မသိဘူး။ ဇာတ်လမ်း ဒီလိုလုပ်တာ ဇာတ်ဆောင်တွေ သိ ကောသိရဲ့လား မသိဘူး။ အို
သိမှာပါ။ သိကြမှာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ဆောင်ပဲဟာ ။ တစ်ယောက်အကြောင်း တစ်ယောက် မသိဘဲ
နေပါ့မလား။ သိချင်မှ သိမှာပေါ့။ မဟုတ်ရင် အစောကြီးကတည်း ဇာတ်လမ်းကို သူတို့ လာတားကြမှာပေါ့။
အခုတော့။ စသဖြင့် အသံပေါင်းစုံ အူထွက်လာလေသည်။ ဇာတ်ဆောင်များမှာ လူအုပ်ကြီးကို အတင်းတိုးတိုက်၍
ကျောက်နံရံအခြေသို့ ရောက်အောင် သွားကြလေသည်။အခြေသို့ ရောက်သောအခါ ။ အဓိကဇာတ်ဆောင်က
စ၍ အော်လေသည်။ ဟေ့ ဇာတ်လမ်း။ မင်း ဒါ ဘာလုပ်တာလဲ။ ငါတို့လည်း ဘာမှမသိရပါလား။ ပေါကြောင်ကြောင်တွေ
မလုပ်စမ်းပါနဲ့ကွာ။ အခု ပြန်ဆင်းခဲ့။ အဓိက ဇာတ်ဆောင်ဘေးမှ ဇာတ်ပို့များကလည်း ထိုနည်းတူ
အော်ဟစ်ကြပြန်သည်။ ဟေ့ ဇာတ်လမ်း။ မင်းတစ်ယောက်တည်း လုပ်ချင်ရာလုပ်လို့ မရဘူးနော်။ ငါတို့
မပါဘဲ မင်းဘာမှ လုပ်လို့ မရဘူး။ မင်းအခုလို လုပ်နေတာတွေက တကယ့် အရူးလိုပဲ။ အခုပြန်ဆင်းခဲ့ပါကွာ။
သူတို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ဇာတ်လမ်းကတော့ ကြားပုံမရသည့်ပင်။ အထက်သို့သာ ဆက်
တက်သွားလေသည်။ လူအုပ်ကြီးမှာ အသံများ တစ်စထက်တစ်စ ပို၍ ဆူညံလာလေသည်။ အဓိက ဇာတ်ဆောင်က
။ ဟိုလူ တွေကော။ ဟိုလူတွေ။ ဘယ်သူတွေလဲလို့ ကျန်တဲ့လူတွေက မေးတော့။ ဒါရိုက်တာတို့ ဇာတ်ညွှန်းရေးဆရာတို့လေ။
လူအုပ် ကြီးမှာ စောစောကထက် အသံများပို၍ စီညံသွားလေသည်။ ဟုတ်တယ်။ဟုတ်တယ်။ ဒါ သူတို့
ခိုင်းထားတာ ဖြစ်မယ်။ ဇာတ်လမ်းက သူ့ဘာသာသူတော့ ဒီလို အရူးဆန်မှာမဟုတ်ဘူး။ လိုက်ရှာကြဟေ့။
ဒါရိုက်တာတို့ ဇာတ်ညွှန်းဆရာတို့ကို။ တစ်ယောက်တစ်ပေါက် အော်ဟစ်ကြရာ ကျောက်နံရံကြီးပင်
တုန်ခါသွားသလား အောက်မေ့ရသည်။ နောက်ဘက်နားက လူတစ်ချို့ ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာရှာမယ်ဟု
အော်ဟစ်ပြီး ကွင်းပြင်ထဲမှ ထွက်ခွာသွားကြသည်။ ဇာတ်လမ်းကတော့ အထက်သို့ တက်မြဲ တက်နေမြဲ။
မင်းတို့က အဓိက ဇာတ်ဆောင်တွေပဲ။ ဇာတ်လမ်းနောက်ကို လိုက်ကြလေကွာ။ သူ့ကို မီရင် ဖျောင်းဖြပြီး
အောက်ပြန်ခေါ်ခဲ့လေ ဟု ဇာတ်ပို့များက အဓိကဇာတ်ဆောင်များကို ပြော၏။ အဓိကဇာတ်ဆောင်များမှာ
ခါးခါးသီး သီးပင်။ ဟာ ခင်ဗျား ရူးနေလား။ ဒီလောက် အမြင့်ကြီးကို ကျုပ်တို့က ဘယ်လို တက်နိုင်မှာလဲဗျ။
သူ့ဟာသူ အရူးထ တက်တဲ့ ဟာ ။ မတော်လို့ ပြုတ်ကျရင် ကိုယ်က အချောင်သေဦးမယ်။ ဟင် မင်းတို့က
အဓိကဇာတ်ဆောင်တွေလေ။ ဟာ ခင်ဗျားတို့က လည်း ဇာတ်ပို့တွေပဲလေ။ ခင်ဗျားတို့လည်း တက်လို့ရတာပဲ။
ဟို လူကြမ်းဆိုတဲ့ ဇာတ်ပို့တွေ တက်ကြလေ။ အဓိကဇာတ် ဆောင်များက သူတို့ဘက် တည့်တည့်ထိုးနေသော
မြားဦးကို ဇာတ်ပို့များဘက် ပြန်လှည့်သည်။ ဟ ငါတို့ချည်း ဇာတ်လမ်း ကို လုပ်လို့ရတာမှ
မဟုတ်တာကွ။ ငါတို့မပါဘဲ မင်းတို့နဲ့ပဲ ဇာတ်လမ်းလုပ်နေတဲ့ ဟာတွေ မနည်းတော့ဘူး။ မင်းတို့က
အဓိကပဲ လေ။ အခုမှ ဘာလို့ ငါတို့ဘက် လှည့်လာရတာတုန်း။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ပုတ်ခတ်ရင်း
ရန်ပွဲဆီသို့ ဦးတည်နေကြလေရာ ဘေးမှ လူများက ၀ိုင်းဝန်းဖျောင်းဖြမှ ငြိမ်သွားကြသည်။
ပြီးတော့ အထက်သို့ ကုန်းရုန်းတက်နေသော ဇာတ်လမ်းဆီသို့ အာရုံပြန်ရောက်သွားကြပြီး စောစောက
အတိုင်း အသံတွေ ဆူညံလာပြန်သည်။ ပရိတ်သတ်ကြီးမှ ဇာတ်လမ်း ကိုကြည့်ရင်း ရင်တမမ ဖြစ်နေကြ၏။
တက်နေရင်းမှ တစ်ခါတစ်လေ ခြေချော်လက်ချော်များဖြစ်သွားလျှင် ပရိတ်သတ်ကြီးဆီမှ အာမေဋိတ်သံများ
ဟိန်းခနဲ ထွက်ထွက်လာသည်။ ဇာတ်လမ်းကတော့ အောက်ကိုလည်းပြန်မကြည့်။ ထွက်ပေါ်လာသည့် အသံ
တွေကိုလည်း ကြားသိဟန်မပြ။ အထက်သို့သာ ဇွဲကြီးစွာဖြင့် တက်နေလေ၏။ ဇာတ်လမ်း ဘာလို့ ဒီလိုတွေ
လုပ်ရတာလဲ။ ဇာတ်လမ်းကို ဒီလို လုပ်ဖြစ်အောင် ဘယ်သူတွေ မြှောက်ထိုးပင့်ကော် လုပ်လိုက်ကြသလဲ။
ဇာတ်လမ်းဟာ အရင်က ဒီလို မဟုတ်။ ဒီလိုမဟုတ်ဆိုတာက ဒီလိုမျိုး မိုက်ရူးရဲဆန်ဆန် မလုပ်တတ်။
တစ်ခါတစ်လေ။ အဲဒီတစ်ခါတစ်လေဆိုတာကလည်း ဆယ်စုနှစ် တစ်ခုမှာမှ တစ်ကြိမ်လောက်သာ မိုက်ရူးရဲဆန်ဆန်
လုပ်တတ်သည်။ ထိုအခါတုန်းကလည်း ဒီလိုမျိုး ပရိတ်သတ်ကို ရင်တမမနှင့် စိတ်လှုပ်ရှားအောင်
မလုပ်ခဲ့။ ပုံမှန်နေရင်းနဲ့မှ ရုတ်တရတ် ထ ဖောက်တတ်တာမျိုးလောက်ပင်။ အခုတော့ ဘယ်လိုဖြစ်ကြသည်မသိ။
အဓိက ဇာတ်ဆောင်တွေ ဇာတ်ပို့တွေလည်း ဘာမှ မတတ်နိုင်။ ဘယ်သူမှလည်း ဇာတ်လမ်းနောက် ကို
အရဲစွန့်ပြီး မလိုက်ရဲကြ။ ကျောက်နံရံက မတ်စောက်သည်။ အမြင့်ဆုံးဆိုသည့် ကျောက်နံရံထိပ်ကိုပင်
အောက်မှ ကောင်း ကောင်းမမြင်ရ။ အောက်မှာသာ လေက မတိုက်တာ အထက်အမြင့်မှာတော့ လေက ပြင်းပြင်းထန်ထန်
တိုက်သည့်ပုံ ပေါ်သည်။ တိမ်ခိုးတွေ တစ်သုတ်ပြီး တစ်သုတ် ပတ်ပြေးနေသည်။ ထိုအချိန်တွင်
လူအုပ်ကြီးဆီမှ အသံများ ပြန်ဆူလာပြန်သည်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ တွေ့ပြီတဲ့ဟေ။
ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ လာပြီတဲ့။ အသံများ လှိုက်ဆူလာသည်။ လူအား လုံး အနောက်ဘက်သို့
လည်ပြန်မျှော်ကြည့်ကြသည်။ လူတစ်အုပ် ကွင်းပြင်ထဲသို့ အသောနှင်၍ ၀င်လာသည်။ ဒါရိုက်တာတို့
လာပြီဟေ့ ဘေးဖယ်ပေးကြ။ လမ်းဖယ်ပေးကြ။ လူအုပ်ကြီး၏ တွန်းပို့မှုဖြင့် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ
ကျောက်နံရံအခြေ သို့ ရောက်လာ၏။ အသံတွေလည်း ဆူလာပြန်သည်။ မေးခွန်းသံတွေ ဖြစ်သည်။ ဒါရိုက်တာကြီး
ဒါ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဒါရိုက်တာကြီး ခိုင်းတာလား။ ဇာတ်ညွှန်းဆရာ
ခင်ဗျား ရေးလိုက်တာလား။ ဇာတ်လမ်းကို ခင်ဗျား မြှောက်ပေးလိုက်တာလား။ ခင်ဗျားတို့ ဗျာ
ဒီလို တော့ မလုပ်သင့်ပါဘူး။ ဇာတ်လမ်းလေးက ရိုးရိုးလေး ရယ်ပါ။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့
ဆန်းချင် သစ်ချင်ရင် ကိုယ့်ဘာသာ စိတ်ထဲမှာပဲ ဆန်းကြ သစ်ကြဗျာ။ ဇာတ်လမ်းကို တော့ ဒီလို
မလုပ်သင့်ဘူး။ အသံမျိုးစုံ ။ မေးခွန်းမျိုးစုံ တို့၏ ကြားတွင် ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာတို့မှာ
ကြောင်တက်တက် လေး ဖြစ်နေကြသည်။ ပြော ပြော ဒါ ခင်ဗျားတို့ခိုင်းတာလား ဟု ၀ိုင်းမေးကြသောအခါ
နှစ်ယောက်လုံး ခေါင်းယမ်းကြလေ သည်။ လူအုပ်ကြီးမှာ ဟင်ခနဲ ဖြစ်ပြီး ငြိမ်ကျသွားသည်။
ဟုတ်တယ် ဒါ ကျွန်တော်တို့ ခိုင်းတာ လုံးဝမဟုတ်ဘူး။ သူ ဒီလို လုပ်နေတာတောင် ခင်ဗျားတို့
ခေါ်ပြလို့ ကျွန်တော်တို့ သိကြရတာ။ ကျွန်တော်တို့ ဒီကိစ္စကို လုံးဝ မသိလိုက်ဘူး။ ဒီလို
ကိစ္စ မျိုးကို လုပ်ခိုင်းဖို့လည်း ကျွန်တော်တို့မှာ လုံးဝ စိတ်ကူးမရှိပါဘူးဗျာ။ အတွေးထဲ
အိပ်မက်ထဲတောင် မရှိဘူး။ အခုဟာက။ ကျွန်တော်တို့လည်း မသိပါဘူးဗျာ။ ဒါရိုက်တာကရှင်းပြတော့
ပရိတ်သတ်ကြီးမှား အားမလိုအားမရသံတွေ မကျေမချမ်းသံတွေ ပြန်ထွက်လာသည်။ စောစောက အတိုင်းပင်
ဆူညံစီဝေနေတော့၏။ ဒါဆို ဘယ်သူလဲ။ ဇာတ်လမ်းလေးကို ဒီလို အရူးထချင် အောင် ဘယ်သူလုပ်တာလဲ။
ပရိတ်သတ်အားလုံးက ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာကိုပဲ မျက်စောင်းတခဲခဲ လုပ်နေကြသည်။ ဒါရိုက်တာရှင်းပြတာကို
သိပ် လက်မခံချင်ကြ။ ဇာတ်လမ်းလေးကို ဒီလို ဖြစ်အောင် လုပ်နိုင်တာ ဒင်းတို့ပဲ ရှိသည်ကိုး။
ဒါရိုက်တာ နှင့် ဇာတ်ညွှန်းဆရာမှာလည်း မျက်နှာငယ်လေးတွေနှင့် ဇာတ်လမ်းရှိရာကို လှမ်းကြည့်ရင်း
အခြားလူတွေလိုပဲ အော်ဟစ်ဖျောင်းဖျကြလေသည်။ ထုံးစံအတိုင်းပင်။ ဇာတ်လမ်းကလည်း ဂရုမစိုက်။
သူ့ဟာသူ တက်စရာရှိတာ တက်သည်။ အောက်က လူတွေလည်း အော်မြဲအော်ကြသည်။ ဇာတ်လမ်းသည် တဖြည်းဖြည်းနှင့်
ပရိတ်သတ်၏ မြင်ကွင်းထဲတွင် သေးငယ် သည်ထက် သေးငယ်လာသည်။ သူတို့ အော်နေသည်ကိုပင် ကြားနိုင်မည့်
ပုံ မပေါ်တော့။ ပရိတ်သတ်မှာလည်း အော်ဟစ် စိတ်မောရလွန်း၍ ခြေကုန်လက်ပန်းကျလာကြသည်။ ပရိတ်သတ်ကသာ မောပန်းလာတာ ဇာတ်လမ်းကတော့ မောပန်းသည့်
ပုံ မပေါ်။ အားကြိုးမာန်တက်ပင် တရွေ့ရွေ့နှင့်။ ထိုအချိန်တွင် ဇာတ်ညွှန်းဆရာက ထ ဖောက်သည်။
ဇာတ်လမ်းကို ဒီလို ဖြစ်အောင် လုပ်နိုင်တဲ့သူတစ်ယောက်ကို ကျွန်တော် သတိရပြီ။ပရိသတ်မှာ
ငြိမ်ကျသွားပြန်သည်။ အားလုံးက ဇာတ်ညွှန်းဆရာ ပြောမယ့်စကားအပေါ် အာရုံစိုကလိုက်ကြသည်။
ဘယ်သူလဲ ဟုလည်း မေးကြသည်။ ၀တ္ထုရေးဆရာ ။ စာရေးဆရာ။ ပရိတ်သတ်မှာ ထိုအခါမှ အဖြေတွေ့သွားသည်ပုံနှင့်
။ ဟုတ်တယ်။ ဟုတ်တယ် ။ ငါတို့ စာရေးဆရာကို မေ့နေကြတာ။ ဖြစ်နိုင် တယ်။ ဇာတ်လမ်းကို ဒီလိုဖြစ်အောင်
လုပ်နိုင်တာ သူပဲ ရှိတာ။ ဇာတ်လမ်းဆိုတာ သူ့ဆီက ဖြစ်လာတာချည်းဆိုတော့။ ဟုတ်တယ်ဟေ့။ စာရေးဆရာကို
ရှာကြဟေ့။ ဘာလို့ ဇာတ်လမ်းကို ဒီလိုလုပ်ရတာလဲ မေးရမယ်။ ကို့ရို့ကားယားဖြေလို့က တော့
သတ်ပစ်မယ်။ ဘာညာနှင့်။ လူအုပ်ကြီးမှာ ဒေါသမောင်းတင်သံများဖြင့် တအုံးအုံး ညံနေတော့သည်။
စောစောက အတိုင်း ပင်။ နောက်ဘက်နားဆီက လူတစ်ချို့ ထွက်သွားကြပြန်သည်။ ကျုပ်တို့ မေ့နေတာဗျ။
ဇာတ်ညွှန်းဆရာဆိုတာ စာရေးဆရာ ရေးပေးမှ ဇာတ်လမ်းရတာ။ အဓိက တရားခံက စာရေးဆရာပဲ ဖြစ်မယ်။
ထိုအခါမှ ဇာတ်ညွှန်းဆရာရော ဒါရိုက်တာရော အသက်ရှူချောင်သွားသည့်ပုံနှင့် သက်ပြင်းလေးတွေ
ကိုယ်စီ ခိုးချကြရ၏။ ဒါပေမယ့် တစ်ခါတစ်လေ စာရေးဆရာမပါဘဲ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာချည်းပဲ
ပေါင်းပြီး ဇာတ်လမ်းလုပ်ကြတာ ရှိတာပဲ ဟု လူကြမ်းတစ်ယောက်က ပြောတော့ ဒါရိုက်တာကော ဇာတ်ညွှန်းဆရာကော
ထိုလူကြမ်းကို မျက်လုံးကြီးတွေပြူးကြည့်ကြသည်။ ပြီးတော့ မင်းက ဘာနားလည်လို့ ၀င်ပြောနေတာလဲ။
စာရေးဆရာဆိုတာ အမြဲတမ်း ဇာတ်လမ်းတွေ ထွက်နေတဲ့ စက်ရုံမဟုတ်ဘူးကွ။ တစ်ခါတစ်လေ သူ့ဆီက
ဇာတ်လမ်း ပြတ်သွားတဲ့အခါ ငါတို့ဟာ ငါတို့ အတွေ့အကြုံလေးတွေ သမ္ဘာလေးတွေ သုံးပြီး ပရိတ်သတ်ကို
အသုံးတော်ခံရတာ။ အခုကိစ္စကလည်း ငါတို့ လုပ်တာ မဟုတ်ဘူးဆိုတာ လုံးဝ အာမခံတယ်။ ဆိုပြီး
လူကြမ်းကို ပြူြး့ပဲ ၀ူးဝါး လုပ်ကြသည်။မသိဘူးဗျာ။ စာရေးဆရာ လုပ်တာပဲ ဖြစ်ဖြစ်။ ခင်ဗျားတို့
လုပ်တာပဲ ဖြစ်ဖြစ် ဇာတ်လမ်းက ပြန်ဆင်းမလာရင် ကျုပ်တို့ နားကားပြီ။ ဇာတ်လမ်းကိုသာ ရအောင်
ပြန်ခေါ်ဖို့ စဉ်းစားကြတော့။ ဆိုပြီး ဇာတ်လမ်းဆီ လှမ်းအော်ပြန်သည်။ ပြီးတော့ ရောကောသောကော
လျှောက်ပြောကြ သည်။ သိပ်မကြာလိုက်ချေ။ စာရေးဆရာရှာသော လူစု ပြန်ရောက်လာကြသည်။ စာရေးဆရာကော
ဘယ်မှာလဲ။ မတွေ့ဘူး လား။ ဟု ၀ိုင်းမေးကြသောအခါ အားလုံးရဲ့ ခေါင်းတွေက တညီတညာတည်း ခါယမ်းကြသည်။
လူအုပ်ကြီးမှာ ဟာခနဲ ဖြစ်ပြီး ဒေါသထွက်သံတွေကော ဆဲဆိုသံတွေကော အားမလိုအားမရသံတွေကော
စုံစေ့အောင်ညံထွက်လာတော့သည်။ ဘယ်လိုလုပ်ကြမလဲ။ ဇာတ်လမ်းက မြင်တောင် မမြင်ရ တော့ဘူး။
ငါတို့ ဇာတ်လမ်းပြန်ဆင်းလာအောင် စောင့်ကြမလား။ ဇာတ်လမ်းက ပြန်ဆင်းလာပါ့မလား။ ပြန်ဆင်းမလာရင်
ဘယ်လိုလုပ်မလဲ။ ငါတို့ အကုန်လုံး တက်သွားရမှာလား။ ဟာ ဒီလောက် အမြင့်ကြီး မတတ်နိုင်ဘူး။
အဖြေရှာကြပါဟ။ လုပ်ကြ ပါဟ။ ငါတို့အကုန်လုံးမဟုတ်တောင် တစ်ယောက်စ နှစ်ယောက်စလောက်ကတော့
လိုက်သွားသင့်တယ်။ ပြီးတော့ ဇာတ်လမ်း ကို အကျိုးအကြောင်းမေးပြီး ပြန်ဆင်းခဲ့ပေါ့။ အကျိုးအကြောင်းသိရရင်ကို
အဖြေရှာလို့ရပြီ။ အခုဟာက ဘာမှန်းမသိ ညာမှန်း မသိကြီးနဲ့။ ဟုတ်တယ် ။ ဟုတ်တယ်။ လူတစ်ယောက်မှာ
ပါးစပ်ပေါက်တစ်ပေါက်တည်း ရှိ၍ တော်သေး၏။ သူ့အတွေး ကိုယ့် အတွေး။ သူ့အကြံ ကိုယ့်အကြံ
စုံစေ့နေအောင် ပြောကြ အော်ကြ ဟစ်ကြ နှင့် အသံလှိုင်းကြောင့် ပင် ကျောက်နံရံကြီး ပြိုကျ
သွားနိုင်သည်။ ထိုအချိန်တွင် ။ ဟာ ဟိုမှာ ကျ လာတယ်။ ကျ လာတယ်။ ဘာလဲဟ ။ ဘာလဲဟ။ အကုန်လုံး
အပေါ်မော့ကြည့် လိုက်တော့။ ကြိုးတစ်ချောင်း။ ကြိုးနှင့် တွဲလျက် စာတစ်စောင်။ ဟာ စာပါတယ်ဟေ့။
ဇာတ်လမ်းရေးတာနဲ့တူတယ်။ ဖတ်ကြည့် ပါဟ။ ဒါရိုက်တာက ကြိုးကို လှမ်းဖမ်းပြီး စာကို ဖြုတ်လိုက်သည်။
ဖတ်ဟေ့။ ဖတ်။ အော်ဖတ်။ အားလုံးကြားနိုင်အောင် အော် ဖတ်ပါဟ။ ဒါရိုက်တာက လက်တစ်ဖက်မြှောက်ပြီး
အသံတွေ ငြိမ်ဖို့ အချက်ပြလိုက်သည်။ ပရိတ်သတ်ကြီး ငြိမ်ကျသွားသည်။ ဒါရိုက်တာသည် စာကို
ဖွင့်လိုက်သည်။ နောက်။ ကျုပ်ဘာလို့ ဒီလို ကျောက်နံရံပေါ်ကို သက်စွံ့ဆံဖျား တက်ရသလဲ ဆိုတာ
ခင်ဗျားတို့ သိချင်နေကြမှာပေါ့။ ကျုပ်ကို အရူးထ တယ်လို့ပဲ ခင်ဗျားတို့ ထင်နေကြမယ်။
ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက စာရေးဆရာဆီက ဖြစ်လာတာပဲ။ အသံတွေ စီညံသွားပြန်သည်။ ဇာတ်ညွှန်းဆရာက
လက်ဝှေ့ပြလိုက်မှ ပြန်ငြိမ်သွားသည်။ မနေ့ညက ကျုပ်နဲ့ စာရေးဆရာ စကားတွေ အများကြီးပြောကြတယ်။
အဓိက ကတော့ ကျုပ်ပါပဲ။ ကျုပ် ဒီလို သမရိုးကျ ရှင်သန်နေရတာကြီးကို ပျင်းရိလာပြီ။ တစ်ခါလာလည်း
ဒီပုံစံ ။ တစ်နေ့လာလည်း ဒီပုံစံ။ ဆယ်နှစ်နေလည်း ဒီပုံစံ။ ကျုပ် အရမ်း ပျင်းနေပြီ။ ဘယ်လောက်အထိ
ပျင်းရိလာသလဲဆို ကျုပ်ကို ကျုပ်တောင် သတ်သေချင်လာတဲ့အထိပဲ။ အဲဒီလို စိတ်တွေနဲ့ ကျုပ်
ရဲ့ နေ့တွေဟာ ဘယ်လောက် အထိ မွန်းကျပ် ခံပြင်းဖို့ကောင်းမလဲဆိုတာ ခင်ဗျားတို့ နားလည်နိုင်မယ်မထင်ဘူး။
ဒါနဲ့ပဲ မနေ့ ညက ကျုပ် စာရေးဆရာဆီသွားတွေ့တယ်။ စာရေးဆရာပြောတဲ့စကားတွေက ကျုပ်ကို ပိုလို့တောင်
စိတ်ညစ်သွားစေတယ်။ သူလည်း ဇာတ်လမ်းတွေ မရေးချင်တော့ဘူးတဲ့။ ဘာမှ မထူးခြားတဲ့ ဇာတ်လမ်းတွေ
ရေးနေရတာ သေမလောက် ပျင်းရိလာပြီ တဲ့။ ပြီးတော့ တကယ်မဟုတ်ဘဲ လျှောက်ရေးနေရာတာတွေဟာ မရိုးသားရာကျတယ်တဲ့။
နောက် ဇာတ်လမ်းတွေ မရေးဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ဗျာ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ ကျုပ်ကို
ဖန်တီးတဲ့ သူ ကိုယ်တိုင်က ဒီလို ဖြစ်နေပြီဆိုတော့ ကျုပ်က ဘယ်လို သွားနေရမလဲ။ ခင်ဗျားကမှ
မရေးတော့ဘူးဆိုရင် ကျုပ်က ဘာလုပ်ရမှာလဲလို့ မေးတော့ စာရေးဆရာက ပြောတယ်။ မင်းလည်း မင်းလမ်းမင်း
ဆက်လျှောက်ပေါ့ကွာတဲ့။ မင်း ဇာတ်လမ်းကို မင်း ကိုယ်တိုင်ရေးပေါ့။ ငါ ရေးလို့ ဖြစ်တာထက်
မင်း ကိုယ်တိုင် မင်း စိတ်နဲ့ မင်း လွတ်လွတ်လပ်လပ် လုပ်ချင်တာတွေ လုပ်ပစ်လိုက်။ ငါကတော့
ဘာမှမထူးခြားဘဲ မှိုတက်ရိုးအီနေတဲ့ ဇာတ် လမ်းတွေ မရေးချင်တော့ဘူး။ နောက်ပြီး ဆန်းသစ်တယ်ဆိုတာကိုလည်း
အယုံအကြည်မရှိတော့ဘူး။ ဒီနေ့အတွက် ဆန်းသစ် ပေမယ့် မနက်ဖြန်မှာ ဟောင်းသွားမယ့် ထူးမခြားနားတဲ့
အလုပ်တွေ မလုပ်ချင်တော့ဘူး။ မင်းလည်း မင်းယုံကြည်ရာ မင်း ဆက်သာလုပ်။ ဘယ်သူ့မှ ဂရုမစိုက်နဲ့
ဆိုပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒီမှာ ကျုပ်လည်း စဉ်းစားတယ်။ ကျုပ် ဘာဆက်လုပ်ရမလဲပေါ့။
ကျုပ်ကို ကျုပ်ပဲ သတ်သေရမလား။ ဒါမှမဟုတ် ။ ကျုပ်စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်ချင်တာတွေ
အကုန် လုပ်ပစ်လိုက်ရမလား။ စဉ်းစားတယ်။ နောက်တော့ ကျုပ် ဒီလိုလုပ်ဖို့ အကြံရသွားတာပဲ။
ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက် ကလည်း ကျုပ်နေ့စဉ် ရင်ဆိုင်နေရတဲ့ ပျင်းရိမှုတွေကနေ လွတ်ထွက်ချင်တဲ့
စိတ်။ ထူးခြားဆန်းသစ် ရင်ခုန်ချင်တဲ့ စိတ်နဲ့ ခင်ဗျားတို့ရဲ့ အမြင့်ဆုံးကို ရောက်အောင်
သွားမယ် ဆိုပြီး လုပ်လိုက်တာပဲ။ အခု ကျုပ်တကယ် ရင်ခုန်ရပြီ။ ကျောက်နံရံကို တွယ်တက်နေစဉ်
ကာလအတွင်းမှာ ကျုပ်မှာ ပျင်းရိချိန်ကို မရှိဘူး။ စိတ်လှုပ်ရှားမှုအပြည့်။ နိုးကြားမှုအပြည့်နဲ့ပဲ။
အခု ကျုပ် ဒီအမြင့်နေရာမှာ ရောက်နေတယ်။ နောက်နေ့ ဒီထက်မြင့်တဲ့ နေရာကို အရောက်သွားမယ်။
ခင်ဗျားကို ကျုပ်နဲ့ တွေ့ချင်ရင် တော့ ကျုပ်ကို မီအောင် လိုက်ခဲ့ကြပေါ့ဗျာ။ ဒါဟာ ဇာတ်လမ်း
ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းပဲ။ စာဆုံးသွားတော့ ဒါရိုက်တာကြီး ငိုင်ကျသွားသည်။ အခြားလူတွေလည်း
ငိုင်ကျသွားသည်။ ဘယ်လိုလုပ်ကြမလဲ။ဇာတ်လမ်းကတော့ အမြင့်ဆုံးဆိုတဲ့ နေရာတွေ ဆီ တက်လှမ်းရောက်ရှိနေပြီ။
ကျန်တဲ့ အဓိကဇာတ်ဆောင်တွေ ၊ ဇာတ်ပို့တွေ ၊ ဒါရိုက်တာတွေ ၊ ဇာတ်ညွှန်းတွေ၊ ပရိတ်သတ်တွေ
ကော ဘာလုပ်ကြမလဲ။ အောက်မှာပဲ နေခဲ့မလား။ ဇာတ်လမ်းနဲ့ အတူ လိုက်ပါနိုင်အောင် လုပ်ကြမလား။
အားလုံးရင်ထဲမှာ အတွေးကိုယ်စီနှင့်။ ကျောက်နံရံကြီးမှာ တိမ်ခိုးတွေနှင့် မှိုင်းဝေနေပြီး
ကျောက်တောင်ထိပ်ကို မည်သူမျှ မမြင် ရချေ။ သို့သော် ထိုနေရာ တွင် ဇာတ်လမ်းရှိ၏။
*
မိုးအိမ်လူ
နံနက်
ဝး၁၁
၂၆
စက်တင်ဘာ ၂၀၁၃
မြို့အရိပ် မြို့အယောင်
မနက်ဖြန်တွေကို ကြောက်တယ်
လို့ သူကပြောတော့ ကျွန်တော် သူ့ကို တစ်ချက်
လှည့်ကြည့်မိသည်။ ဘာကို ကြောက်တာလဲ လို့ ထပ်မေးမိသည်။ မနက်ဖြန်တွေကို ကြောက်တာလေ လို့
သူက ထပ်ပြောသည်။ မှားသွားလို့။ ဘာလို့ ကြောက်တာလဲ လို့ ကျွန်တော် မေးခွန်းကို ပြင်
မေးလိုက်သည်။ ဘာမှ မသိရလို့ ကြောက်တာ။ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ သေချာ မသိရလို့ ကြောက်တာ။
လို့ သူက ကလေး ဆန်စွာ ဖြေ၏။ ကျွန်တော် ရယ်မိသည်။ ကလေးကလားဟာ ဟုလည်း ပြောမိသည်။ မဟုတ်လို့လား
ဆိုပြီး သူက အထွန့် တက်ပြန်သည်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ နင် သေချာသိလို့လားလို့ သူ
က မေးသည်။ ကျွန်တော်က ရယ်ရင်းနှင့်မှ သိတာပေါ့ ဟု ရွဲ့ဖြေလိုက်သည်။ သူက အစမှ အဟုတ်ထင်သွားသေးသည်။
ပြီးမှ ကျွန်တော် ရွဲ့ပြောမှန်း သဘောပေါက်သွားပြီး မျက်နှာကို ဆူ ပုပ်ပစ်လိုက်သည်။
နင်ကလည်းဟာ.။ မနက်ဖြန်မှ ကြိုမသိရတာမဟုတ်ဘူး။ ဒီနေ့လည်း ဘယ်မှာ ကြိုသိရလို့လဲ။ အခု
နင်နဲ့ ငါ တွေ့ တယ်။ နင် ဒီနေ့ မနက် ငါနဲ့ အခုလို တွေ့မယ်လို့ ကြိုသိခဲ့သလား။ ဒီနေ့လည်း
ကြိုမသိရဘူးလေ။ နင်ပြောသလို ကြိုပြီး သိမှ ရမယ်ဆို ဒီနေ့လည်း ကြောက်စရာပေါ့။ အချိန်တိုင်းဟာ
ကြောက်စရာဖြစ်နေမှာပေါ့ လို့ ကျွန်တော်က ပြောတော့ သူ တွေတွေ လေး ဖြစ်သွားသည်။ အဲ့ဒါကတော့ဟယ်
ဆိုပြီး ရပ်နေပြန်သည်။နောက်ပြီး နင် ပြောသလို ဖြစ်လာမယ့်ဟာတွေကိုသာ သေချာအတိအကျ သိရရင်
မနက်ဖြန်ဆိုတာ ဘယ်ရင်ခုန်စရာကောင်းတော့မလဲဟ။ ဘာဖြစ်မယ် ဘာဖြစ်မယ် ကြိုသိ။ ကြိုတင်ပြင်ဆင်။
ပြီးတော့ ပြင်ဆင်ထားတဲ့ အတိုင်း လုပ်။ ဒီလိုနဲ့ ပြီးနေမှာ။ ပျင်းစရာကြီးလို့ ကျွန်တော်က
ထပ်ပြောလိုက်တော့။ မသိဘူးဟာ။ ငါကတော့ မနက်ဖြန်တွေကို ကြောက်တာပဲ သိတယ်။ မနက်ဖြန်တွေဟာ
ငါ့အတွက် မကောင်းဆိုးဝါးတွေ နဲ့ ပြည့်နှက်နေတဲ့ တော တစ်ခု လိုပဲ။ လို့ သူက တကယ် ကြောက်ကြောက်ရွံ့ရွံ့
ကြီး ပြန်ပြောသည်။ နင့်ဟာကလည်း မကောင်းတာတွေကိုပဲ မျှော်ပြီး နင်က တွေးနေတာကို။ ကောင်းတာတွေလည်း
လာနိုင်တာပဲလေ။ အဲ့လို ကောင်းတာတွေပဲ မျှော်ပြီးတော့ မနက်ဖြန်ဆိုတာ နတ်သားတွေနဲ့ ပြည့်နေတဲ့
နတ်ဗိမာန်ကြီးပဲလို့ တွေးကြည့်လိုက်။ ဘယ်လောက် ပျော်စရာကောင်းလဲ လို့ ကျွန်တော်က ပြောတော့
အေးဟ ။ နင် ပြောသလို ငါ တစ်ခါမှ အဲ့လို မတွေးကြည့်ဖူးဘူး။ အဟဲ။ အဲ့လို ပြောင်းပြီး
တွေးကြည့်ဦးမယ် လို့ သူက ပြောင်စပ်စပ် မျက်နှာနဲ့ ပြောတော့ ကျွန်တော်လည်း အားမနာနိုင်ပဲ
ကြောင်ပါ့ ဟု ပြန်ပြောလိုက်သည်။ သူကတော့ ခပ်တည်တည်ပဲ။
မြို့ထဲမှာ မကောင်းဆိုးဝါးတွေ ရှိတယ်
လို့ ပြောတဲ့သူကို ကျွန်တော် ကြည့်လိုက်တော့
သူ ဖြစ်နေသည်။ ဘာ ပြောတယ်လို့ ကျွန်တော် ထပ်မေးမိသည်။ အဲဒီအခါ ကျမှ သူက ကျွန်တော်ကို
မြင်သွားပြီး ။ အော် မြို့ထဲမှာ မကောင်းဆိုးဝါးတွေ ရှိတယ် လို့ ပြောတာ ဆိုပြီး သူက
ထပ်ပြောသည်။ ကျွန်တော် နား ရှုပ်သွားသည်။ ဘယ်လိုက ဘယ်လို မြို့ထဲမှာ မကောင်းဆိုးဝါးတွေရှိနေရတာလဲဆိုပြီး
တွေးနေမိသည်။ ဘယ်လို မကောင်းဆိုးဝါးလဲဗျ လို့ ကျွန်တော် ထပ်မေးလိုက်သည်။ သူက ။ ခင်ဗျား
ဟယ်ရီပေါ်တာ ရုပ်ရှင်ကြည့်ဖူးသလား လို့ မေးတော့။ ကျွန်တော်ကလည်း ကြည့်ဖူးတယ်။ အဲ့ဒါ
နဲ့ ဘာဆိုင်လို့လဲ ဆိုတော့။ အဲဒီ ရုပ်ရှင်ထဲမှာ ပါတယ်လေ ဒတ်သ်အီတာတွေလေ။ လူတွေ ရဲ့
ပျော်ရွှင်ခြင်းတွေကို စားသုံးပစ်ကြတဲ့ မကောင်းဆိုးဝါးတွေလေ။ သူတို့လာရင် ပတ်ဝန်းကျင်တစ်ခုလုံး
အေးစက်တောင့်ခဲ့ သွားပြီး တော့ သူတို့နဲ့ မျက်နှာချင်းဆိုင်မိလိုက်တဲ့ သူဟာ စိတ်ညစ်စရာ
ဝမ်းနည်းစရာတွေကိုပဲ တွေးမိပြီး ပျော်စရာဆိုတာ မတွေးတတ်တော့ဘူးလေ။ လို့ သူက ပြောတော့။
ဟုတ်တယ်လေ။ အဲ့ဒါ ကျွန်တော်သိတယ်။ အဲဒီအကောင်တွေက ဘာဖြစ်လို့လဲ။ မြို့ထဲမှာ အဲဒီအကောင်တွေ
ရောက်နေလို့လား လို့ ကျွန်တော်က မေးတော့။ ဟုတ်တာပေါ့ဗျာလို့ သူက ဖြေ၏။ မဖြစ်နိုင်တာဗျာ
လို့ ကျွန်တော်က လက်မခံနိုင်ဘဲ ပြန်ပြောလိုက်သည်။ အာ ခင်ဗျားကလည်း ရုပ်ရှင်ထဲကလို အဲဒီအကောင်တွေ
ပုံစံအတိုင်းတော့ ဘယ် ဟုတ်မလဲဗျ။ အခု မြို့ထဲကို ရောက်နေတဲ့အကောင်တွေက လူယောင်ဆောင်ထားတာဗျ။
သာမန်ခင်ဗျားတို့ ကျွန်တော်တို့လို လူတွေပဲ။ အဲ ခင်ဗျားသူတို့နဲ့ အကြည့်ချင်းဆုံမိတဲ့အချိန်
မျက်နှာချင်းဆုံမိတဲ့အချိန်ဆို၇င်တော့ ခင်ဗျားရဲ့ ပျော်ရွှင်ခြင်းတွေ အစားခံလိုက် ရပြီလို့သာ
မှတ်လိုက်ပေတော့လို့ သူက အတိအကျပုံစံကြီးနှင့် ပြောလေသည်။ ကျွန်တော်ကတော့ ဘယ်လိုမှ
မယုံချေ။ လက်ခံလို့ လည်းမရ။ ဟိုဟာက စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်း။ ဒါက တကယ့် ပြင်ပလောကကြီး
ဘယ်လိုမှ မဖြစ်နိုင်ပေ။ ခင်ဗျားကိုယ်တိုင် ကြုံ ဖူးလို့လားလို့ ကျွန်တော်က မေးတော့။
သူ့မျက်နှာက ဖြူရော်ဖြူဖတ်ဖြစ်သွားသည်။ တကယ် ကြုံဖူးသည့် စတိုင်လ်နှင့်။ ဟာ မပြော ပါနဲ့တော့ဗျာ။
အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော် ကိုယ်တိုင် ခံလိုက်ရတာတော့ မဟုတ်ဘူးဗျ။
အခြားလူ တစ်ယောက် ခံလိုက်ရတာ။ အဲ့ဒါကို ကျွန်တော်မြင်လိုက်ရတာ။ လို့ သူက ပြောသည်။
ဘယ်လိုမျိုးလဲလို့ ကျွန်တော်က မေးတော့။ အဲဒီနေ့က မြို့ထဲက အဆောက်အဦးတစ်ခုမှာ။ အလုပ်လျှောက်ထားလို့
အင်တာဗျူးဖြေဖို့ ကျွန်တော် ရောက်သွားတယ်။ ကျွန်တော်နဲ့ အတူ အင်တာဗျူးဖြေ ဖို့ လာတဲ့သူတွေလည်း
အများကြီးပေါ့ဗျာ။ အဲ အဲဒီအချိန်မှာ ကျွန်တော်နဲ့ ကပ်လျက် ထိုင်နေတဲ့ လူတစ်ယောက်ပဲ။
သူ့ပုံစံက တကယ့် လူကြီးလူကောင်းပုံစံ။ ၀တ်တာစားတာ လှုပ်ရှားတာတွေက တကယ် စမတ်ကျတယ်။ ဒါပေမယ့်
သူ့မျက်နှာဗျ။ သူ့မျက်နှာ က ဖြူဖတ်ဖြူရော်နဲ့ သွေးမရှိတဲ့ လူတစ်ယောက်လိုပဲ။ အဲဒီလူက
သူနဲ့ မျက်နှာချင်းဆိုင်တည့်တည့်က လူတစ်ယောက်ကို အသေ အချာကြီး ကြည့်ပြီး ပျော်ရွှင်ခြင်းတွေကို
စားသုံးနေတာ။ အစက ကျွန်တော်လည်း မသိဘူး။ ပုံမှန်ဘဲ။ အင်တာဗျူးဖြေဖို့ အချိန်ကလည်း လိုသေးတယ်လေ။
အဲဒီတော့ ကိုယ်ကျက်မှတ်ထားတာလေး တွေ စိတ်ထဲမှာ ပြန်နွှေးနေတာ။ ကျွန်တော့်ဘေးတွေ ရှေ့တွေက
လူတွေလည်း သိပ် အာရုံမထားမိဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော့် စိတ်ထဲမှာ အေးလာသလိုလို
ခံစားရတယ်။ အစက အဲကွန်းကြောင့်လို့ ထင်နေတာ။ ကြာလာတော့ ဘယ်လိုမှ မနေနိုင်လောက် အောင်ကို
အေးစက်လာတာဗျာ။ ကျွန်တော်လည်း စိတ်ထဲမှ ကျက်မှတ်သမျှတွေ ပြန်နွှေးရင်း ဟိုကြည့်ဒီကြည့်
လုပ်လိုက်တာပေါ့။ တကယ်လို့ အဲဒီက ၀န်ထမ်းတစ်ယောက်ယောက်များတွေ့ရင် အဲကွန်းကို လျှော့ခိုင်းဖို့ပေါ့။
အဲ့လို ကြည့်ရင်း ကျွန်တော်နဲ့ မျက်နှာ ချင်းဆိုင်ခုံတန်းက တစ်ယောက်ကို သတိထားမိသွားတာ။
သူက ကျွန်တော်တို့ဘက်ကို ကြောင်ကြောင်ကြီး ကြည့်နေတာ။ ကြည့်နေ ရင်း ကြည့်နေရင်းနဲ့လည်း
သူ့မျက်လုံးတွေဟာ အားငယ်လာသလိုလို ကြောက်ရွံ့လာသလိုလို ဖြစ်လာတယ်။ ကျွန်တော်လည်း သူ
ဘယ်ကို ကြည့်တာလဲ သေချာအောင် လိုက်ကြည့်တော့ ကျွန်တော့်ဘေးက လူကို ကြည့်နေတာတွေ့တာပေါ့။
ကျွန်တော့်ဘေးကလူ ကတော့ ဟိုဘက်ကလူကို မမှိတ်မသုန်ကြည့်နေတာကလွဲပြီး သူ့မျက်လုံးဟာ အားငယ်တဲ့ပုံ
မပေါ်ဘူး။ သေချာကြည့်ရင်း သူမျက်လုံး တွေဟာ ခွန်အားတွေ ပြည့်လာသလိုလိုတောင် ခံစား၇တယ်။
ဟိုဘက်ကလူကတော့ တဖြည်းဖြည်းနဲ့ အခြေအနေက ဆိုးသထက် ဆိုးလာတယ်။ မျက်နှာလည်း ဖြူရော်ရော်
ဖြစ်လာတယ်။ ကျွန်တော်တောင် ဘေးကနေ စိတ်ညစ်လာတယ်။ ဟို ဗျာ ။ အဆင်မပြေတဲ့ အတွေးတွေ ၀င်လာတာပေါ့။
စိတ်ညစ်လာတာ။ ခဏနေတော့ ဟိုဘက်ကလူ ငိုပါလေရော။ ပါးစပ်ကလည်း ပွစိ ပွစိတွေ ပြောနေ တယ်။
အမေ အမေ လို့လည်း ညည်းတယ်။ ဘေးကလူတွေလည်း ရုတ်ရုတ်ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။
ဘာညာနဲ့ပေါ့။ ဟိုလူက ဘယ်လိုမှ မေးလို့ မရတော့ဘူး။ ငိုကြီးချက်မတွေ ဖြစ်ပြီး ဘေးကလူတစ်ချို့
ဝိုင်းပြီး တက်စီငှားပြီး အိမ်ပြန် ပို့လိုက်ရတယ်။ ကျွန်တော်လည်း လန့်သွားတယ်။ ဒါ ကျွန်တော့်ဘေးကလူ
လက်ချက်ဆိုတာ ကျွန်တော် သိတယ်လေ။ ကျွန်တော့် ဘေးကလူကတော့ သူနဲ့ ဘာမှ မဆိုင်သလိုပဲ။
သူ့မျက်နှာကလည်း စောစောကလို ဖြူဖတ်ဖြူလျော်မဟုတ်တော့ဘဲ နည်းနည်း သွေးရောင်လေးတွေ သမ်းလာတယ်။
ဟိုလူ ထွက်သွားတော့ အခန်းက အေးမနေတော့ဘဲ ကျွန်တော် ရောက်ကာစက အတိုင်း ပုံမှန် ဖြစ်သွားတယ်။
ကျွန်တော်လည်း အဲဒီနေ့က ကျွန်တော့်ဘေးကလူကို သေချာမကြည့်ရဲဘူး။ အင်တာဗျူးလည်း ကောင်းကောင်းမဖြေ
နိုင်ခဲ့ဘူး။ အဲဒီနောက် အပြန်လမ်းမှာလည်း ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားပြီး ပြန်လာခဲ့တယ်။
အဲဒီမှာမှ သေချာတွေ့တော့ တာဗျို့။ ဘတ်စ်ကားပေါ်မှာ။ စားသောက်ဆိုင်တွေမှာ။ ပလက်ဖောင်းတွေမှာ။
အများကြီးပဲ။ ကျွန်တော် သူတို့ကို မနည်းရှောင်ပြီး ပြန် လာခဲ့ရတယ်။ အဲဒီနေ့နောက်ပိုင်း
ကျွန်တော်မြို့ထဲကို မသွားရဲတော့ဘူး။ လို့ သူက ပြောပြီး မောသွားသလိုနဲ့ လက်ဖက်ရည်ခွက်
ကို ကောက်ခနဲ မော့သောက်လိုက်သည်။ ကျွန်တော်ကတော့ မယုံနိုင်ဖြစ်နေသည်။ ဒီလို မြို့ကြီးထဲမှာ
ဘယ်လိုလုပ် စိတ်ကူးယဉ် ဇာတ်လမ်းထဲက အကောင်တွေ ရှိနိုင်မှာလဲပေါ့။ သူ့ကြည့်ရတာလည်း တကယ်ကြုံခဲ့သည့်ပုံ။
ပြောနေရင်းနဲ့တောင် မျက်နှာက ဖြူရော်ရော် ဖြစ်သွားချင်သည်။ တစ်ခုတော့ရှိသည်။ သူ စိတ်မနှံ့ဖြစ်သွားတာလား။
ဒါပဲ ဖြစ်နိုင်သည်။ ဇာတ်လမ်းထဲကလိုတော့ အပြင်မှာ ဘယ်လိုမှမဖြစ်နိုင်။ သူ့ဟာသူ စိတ်ရူးသွပ်ပြီး
ထင်ချင်ရာတွေ လျှောက်ထင်နေတာပဲ ဖြစ်လိမ့်မည်။ ကျွန်တော် သူ့ကို ဘာမှ အထွန့်တက်မနေတော့ဘဲ
နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့သည်။ အပြန်လမ်းမှာတော့ သူပြောသလို မကောင်းဆိုးဝါးများတွေ့မလား
ဟု ရှာကြည့်သေးသည်။ မကောင်းဆိုးဝါးတော့မတွေ့ပါ။ မျက်နှာ ဖြူဖတ်ဖြူလျော်နှင့်လူများကိုတော့
တွေ့သည်။ နည်းနည်းအေး သလိုလည်း ခံစားရသည်။ ခံစားရမည်ပေါ့ ။ ဆောင်းရာသီေ၇ာက်နေပြီကို။
ညနေပိုင်းဆို အအေးလေးက ၀င်ချင်ပြီလေ။ အိမ်ရောက် ရင် ဟယ်ရီပေါ်တာရုပ်ရှင် ပြန်ကြည့်ဦးမည်ဟု
စိတ်ထဲက တွေးရင်း ပြုံးမိသည်။
ဒီနေ့ည မုန်တိုင်း ရှိတယ်
လို့ သူက ပြောသည်။ ဘယ်လိုရှိတာလဲ လို့ ကျွန်တော်က
မေးတော့ သူက ရေဒီယိုကို မေးငေါ့ပြ၏။ ရေဒီယိုက မုန်တိုင်း သတိပေးချက် လာနေသည်။ မုန်တိုင်းက
ဘယ်ကို ဗဟိုပြုပြီး ဘယ်မြို့တွေ ဖြတ်သန်းသွားပြီး ဘယ်ရောက်ရင် အားပျော့ပျက်ပြယ် သွားမယ်ဆိုတာတွေ
ကြော်ငြာနေသည်။ မုန်တိုင်း ဖြတ်သန်းသွားမည့် မြို့များထဲတွင် ကျွန်တော်တို့ မြို့လည်း
ပါသည်။ အပြင်ဘက် ကို ကြည့်လိုက်တော့ ကောင်းကင်တစ်ခုလုံး တိမ်ညိုတွေနဲ့ အုံ့မှိုင်းနေသည်။
ရေဒီယိုက ကြော်ငြာထားသည့် မုန်တိုင်း ဖြတ်မည့် အချိန်က သိပ်မလိုတော့။ အခုနှစ်ထဲမှာ
မုန်တိုင်းတွေ ခဏခဏ ဖြစ်တယ်နော် လို့ သူက ပြောသည်။ ဖြစ်ရမယ့် အကြောင်းတွေ ရှိ တော့လည်း
ဖြစ်ရမှာပဲလေ လို့ ကျွန်တော်က ပြောလိုက်သည်။ သူက ရေနွေးအိုးထဲမှ ဆူပွက်နေသည် ရေနွေးများကို
ခွက်နှစ်ခွက်ထဲ သို့ ထည့်နေသည်။ ပြီးတော့ ရယ်ဒီမိတ် ကော်ဖီမစ်နှစ်ထုပ်ကို ဖောက်ထည့်လိုက်သည်။
ဇွန်းနှင့် မွှေပြီး တစ်ခွက်ကို ကျွန်တော့်ကို ပေးသည်။ ကျွန်တော် ကော်ဖီခွက်ကို လှမ်းယူပြီး
။ ငါ ဒီည ဒီမှာပဲ အိပ်တော့မယ် လို့ ပြောလိုက်သည်။ သူက အိပ်လေ ။ ကောင်းတယ် ။ ငါလည်း စကားပြောဖော်ရတာပေါ့ လို့
ပြောသည်။ အပြင်ဘက်တွေ လေတိုက်သံတွေ ကြားနေရပြီ။ မုန်တိုင်းလာနေ ပြီနဲ့ တူတယ်လို့ သူက
ပြောသည်။ ရေဒီယို ပြန်ဖွင့်ကြည့်တော့ ဘာလိုင်းမှ မဖမ်းမိတော့။ တီဗွီဖွင့်တော့လည်း ဘာချန်နယ်မှ
မလာ တော့။ မီးကတော့ မပြတ်သေး။ သူနဲ့ ကျွန်တော် စာအုပ်ကိုယ်စီ ကောက်ကိုင်ရင်း ကော်ဖီမြုံ့လိုက်
စာဖတ်လိုက် နှင့် ဇိမ်ကျနေ လိုက်သည်။ အပြင်ဘက်က လေတိုက်သံတွေသာ အခန်းထဲသို့ တ၀ုန်းဝုန်း
ဝင်လာသည်။ စာအုပ်ထဲမှာ အာရုံနစ်သွားတော့ လေ တိုက်သံတွေ မကြားမိတော့။ စာမျက်နှာ ဆယ်မျက်နှာလောက်
ဖတ်ပြီးချိန်မှာ သူက ရေဒီယိုကို ပြန်ဖမ်းသည်။ အခုဆိုရင် မုန်တိုင်း ဟာ ကုန်တွင်းကို
ဝင်ရောက်နေပြီး ….မြို့တွေကို ဖြတ်သန်းနေပါပြီ။ ဆက်လက်၍ ….၊…….၊…….၊…….မြို့များကို
ဖြတ်သန်းဖို့ ဦးတည်နေပါသဖြင့် ၎င်းမြို့များတွင် နေထိုင်သော ပြည်သူများအနေဖြင့် မုန်တိုင်းဒဏ်နှင့်
ကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေကြရန် ကြိုတင်သတိပေးကြေငြာအပ်ပါသည်။ပြီးပြီးချင်းပဲ
ရေဒီယိုက လိုင်း ပြတ်သွားပြန်သည်။ အခုမှ အပြင်က အသံတွေကို သူ ဂရုစိုက်မိတော့သည်။ မုန်တိုင်းသည်
သူတို့မြို့ ကို ဖြတ်သန်းနေပြီ ထင်သည်။ လေတိုက်သံတွေက ကမ္ဘာပျက်နေသလိုပင် ။ ထိုအချိန်တွင်
မီးက ပြတ်သွားသည်။ သူက မီးအိမ်လေး ထွန်းလိုက်သည်။ ကျွန်တော်တို့ နှစ်ယောက် ထိုင်နေသော
စားပွဲရှေ့တွင် မီးအိမ်လေးကို ချထားသည်။ ထုံးစံကတော့ မပျက်ဘူး လို့ သူက ပြောသေး၏။ မုန်တိုင်းသံကို
နားထောင်ရတာလည်း တစ်မျိုး စိတ်ဝင်းစားဖို့ ကောင်းတယ်နော် လို့ သူက ဆက်ပြောသည်။ ဘာလို့လဲ
ဟု ကျွန်တော်က မေးတော့ ။ မသိဘူး။ သေသေချာချာ မပြောတတ်ဘူး။ နင်ကော ဘာမှမခံစားရဘူးလားလို့
ကျွန်တော့် ကို မေးခွန်းပြန်ထုတ်၏။ ကျွန်တော်လည်း ဘယ်လို ဖြေရမှန်းမသိ။ မုန်တိုင်းသံ
နားထောင်ရတာ အခြားအသံတွေ နားထောင်ရသလို မဟုတ်တာတော့ သေချာသည်။ အဲ့ဒါကတော့ ကျွန်တော်မှ
မဟုတ် ။ အခြားလူတွေလည်း ဒီလိုပဲ ခံစားမိကြလိမ့်မည်။ သေချာတာ ကတော့ ကောင်းတဲ့ ခံစားချက်မဟုတ်တာပဲ
ဖြစ်သည်။ မုန်တိုင်းဆိုတာ လူတွေရဲ့ ဘ၀ကို ဖျက်စီးတတ်တဲ့ သဘာဝအန္တရာယ်တစ်ခုပဲ ဟ။ အဲ့လို
ဖျက်စီးတတ်တဲ့သူတွေရဲ့ အသံကို ကြားရတာ အခြားအသံတွေကို ကြားရသလိုတော့ သာမန်ခံစားလို့
ရမှာမဟုတ်တာ သေချာတယ်။ ရင်ခုန်စိတ်လှုပ်ရှားသလိုလို။ ကြောက်ရွံ့ထိတ်လန့်သလိုလို။ တစ်မျိုးတော့
တစ်မျိုးပဲ ဟု ကျွန်တော်က ပြောတော့ သူ က ခေါင်းညိမ့်ပြသည်။ ဟုတ်တယ်။ အဲ့ဒီလိုပဲ။ အဲ့ဒါကကို
တစ်မျိုးခံစားလို့ကောင်းနေတာ မဟုတ်ဘူးလားလို့ သူက ပြောသည်။ မကောင်းပါဘူးဟာ။ မကောင်းတဲ့အကောင်တွေရဲ့
အသံတွေက ဘယ်လိုလုပ် ခံစားလို့ ကောင်းမှာလဲ။ သူတို့လာရင် မကောင်းတာ တွေ ဖြစ်တော့မယ်ဆိုတာ
ကြိုသိနေတာပဲ။ မနက်ဖြန်ကျ သတင်းတွေ နားထောင်ကြည့်။ အပျက်အစီးသတင်းတွေ။ အသေအပျောက် သတင်းတွေ
တန်းစီလာလိမ့်မယ်။ ဒီလို မကောင်းတာတွေ သယ်လာတဲ့ကောင်ရဲ့ အသံက ဘယ်လိုလုပ် ကောင်းနိုင်တော့မလဲ
လို့ ကျွန်တော်က ပြောတော့ သူ ခဏငြိမ်သွားသည်။ အဲ့ဒါလည်း ဟုတ်တာပဲဟ။ မုန်တိုင်းတွေ မလာတာဘဲ
ကောင်းတယ်နော် လို့ သူက ပြောသည်။ အဲ့လို မကောင်းတာတွေ တပြုံတမကြီး သယ်လာတဲ့ အရာမှန်သမျှဟာ
မုန်တိုင်းလိုပဲ ကောင်းတဲ့အကောင် မဟုတ်ဘူး ပေါ့နော် လို့ သူက ထပ်ပြောသည်။ အင်း ဒါပေါ့လို့
ကျွန်တော်လည်း ထောက်ခံလိုက်သည်။ ဒီလိုဆို လူ့အဖွဲ့အစည်းမှာ မုန်တိုင်းလို လူတွေ အများကြီးရှိတာပေါ့နော်
လို့ သူက ဆက်ပြောပြန်သည်။ ဟမ် ဘာ ပြောတယ်လို့ ကျွန်တော် နားမရှင်းလို့ ပြန်မေးမိသည်။
အော် ငါတို့ လူ့အဖွဲ့အစည်းမှာလည်း ဒီလို မကောင်းတဲ့ ပြဿနာတွေ ကိစ္စတွေ အဖြစ်အပျက်တွေ
အကျိုးအဆက်တွေ ဖြစ်ပေါ်စေ တဲ့ လူတွေ ရှိတယ်လေ။ အဲ့လိုလူတွေဟာလည်း မုန်တိုင်းလိုပဲမဟုတ်လား။
လူမုန်တိုင်းတွေပေါ့။ ကျွန်တော် ပြုံးမိသည်။ အဲ့လို လူတွေကျတော့ မုန်တိုင်းမဟုတ်တော့ဘူးဟ။
မကောင်းဆိုးဝါး နတ်ဆိုးတွေ။ သူတို့က မုန်တိုင်းလို ခဏလေး ဖြတ်ဝင်ပြီး ဖျက်စီးသွား တာမဟုတ်ဘူး။
မသေမချင်းကို လူ့အဖွဲ့အစည်းကို ဒုက္ခတွေ ထုတ်လွှတ်ပေးနေတာ။ မုန်တိုင်းထက်ဆိုးတယ်လို့
ကျွန်တော်က ပြော တော့ သူက သဘောကျသလို ရယ်၏။ အေး အေး ဟုတ်မယ် ဟုလည်း ပါးစပ်က ထောက်ခံသေး၏။
လေသံတွေတော့ နည်းနည်းပါး သွားပြီ။ မုန်တိုင်း ကျော်သွားပြီနဲ့တူတယ် လို့ အပြင်ဘက်ကို
နားစွင့်ရင်းကျွန်တော် ပြောလိုက်သည်။ သူက ။ အေး ဒါဆိုလည်း အိပ်ကြရအောင်။ မီးကလည်း ပြန်လာမယ့်ပုံမပေါ်တော့ဘူး။
လို့ ပြောရင်း အိပ်ဖို့ အိပ်ခန်းဘက် ထွက်ခွာရင်း ပြော၏။ ငါ ဒီစာအုပ် ပြီးအောင် ဖတ်လိုက်ဦးမယ်
။ စောစောစီးစီး မအိပ်တတ်ဘူး။ အကျင့်ဖြစ်နေပြီ လို့ ပြောတော့ သူက အေး အေးဆိုပြီး အခန်းထဲ
ဝင်သွားသည်။ ကျွန်တော်တစ်ယောက်တည်း ဧည့်ခန်းမှာ ကျန်ခဲ့၏။ အေးစက်နေသော ကော်ဖီကို တစ်ငုံမြုံပြီး
စာဆက်ဖတ်နေလိုက် သည်။ စာအုပ်ဖတ်လို့ ပြီးတဲ့အချိန် အိပ်ချိန်ပဲဟု စိတ်ထဲမှာ တွေးထားသည်။
မုန်တိုင်းအပြီး မြို့ထဲမှာ ကြောက်စရာ မနက်ဖြန်တွေ ရှိနေမလား
ဘယ်သူမှ မပြောပါဘူး။ ကျွန်တော့်ဘာသာ ရေရွတ်လိုက်မိတာပါ။မုန်တိုင်းအပြီး
နောက်တစ်နေ့ ။ ကြည်ကြည် လင်လင် ရာသီဥတုတစ်ခု
လွှမ်းခြုံထားလို့ သာသာယာယာရှိတယ်ဆိုပြီး မြို့ထဲသွားဖို့ ပြင်ရင်း ရေရွှတ်မိလိုက်ခြင်း
ဖြစ်သည်။ မြို့ထဲမှာ ဘာတွေ ရှိနိုင်သလဲ။ မုန်တိုင်းဖြတ်ဝင်သွားလို့ အပျက်အစီးတွေ ရှိနေမလား။
အသေအပျောက်တွေ ရှိနေမလား။ မကောင်းဆိုးရွား တွေကော။ မုန်တိုင်းဒဏ်ခံထားရတဲ့ အချိန်မှာတောင်
မကောင်းဆိုးဝါးတွေက လူတွေကို ဒုက္ခပေးနေဦးမလား။ ဒါကတော့ မဖြစ်နိုင်။ ဟိုလူက အရူးထပြီး
လျှောက်ပြောသွားခြင်းသက်သက် စကားဖြစ်နေခြင်းသာ။ သူ ပြောသလို ပျော်ရွှင်စရာတွေ စားသောက်ချင်ဦး
တော့ အခုအချိန်မှာ ပျော်ရွှင်စရာတွေက နည်းနေမှာ အသေအချာပဲ။ အဲဒီမကောင်းဆိုးဝါးတွေ ငတ်ပြီပေါ့။
ပေါက်တတ်ကရတွေ တွေး မိတွေးရာ တွေးရင်း မြို့ထဲမှာ တွေ့ရမယ့်အရာတွေကို ကျွန်တော် ကြောက်နေမိသလားပဲ။
ကြောက်အောင်တွေးရင်တော့ အားလုံး ကြောက်စရာဖြစ်နေမှာပဲ။ ကြောက်စရာမဟုတ်ဘူးလို့ တွေးရင်တော့
မကောင်းဆိုးဝါးမက လို့ သူ့အဘိုးပဲ လာလာ ဘာမှ ကြောက် စရာမရှိမှာ သေချာသည်။ ဒီတော့ ကြောက်စရာတွေ
မတွေးဘဲ ပျော်စရာလေးတွေပဲ တွေးပြီး သွားတော့မည်။ ကားဂိတ်ရောက်တော့ ထုံးစံအတိုင်း လူစည်မြဲ။
လူအုပ်ရဲ့ အစွန်မှာ ရပ်လိုက်ပြီး ဘတ်စ်ကားအလာကို စောင့်ရင်း လူတွေကို ကြည့်ရင်း မကောင်းဆိုးဝါးများ
ရှိနေမလား ရှာရင်း စိတ်ကူးတွေ ယဉ်ရင်း ကြောက်စရာတွေ မျှော်လင့်ရင်း မုန်တိုင်း အပြီး
မနက်ဖြန်ဟာလည်း မုန်တိုင်းမတိုင်ခင်က နေ့တွေလိုပဲ သိပ်မထူးပါဘူးလို့ မှတ်ချက်ချရင်း
ဘတ်စ်ကားဟာ တော်တော်နဲ့ ရောက်မလာနိုင်တော့ဘူး။
မိုးအိမ်လူ
နိုဝင်ဘာ ၁၃ ရက်၂၀၁၃ခုနှစ်
Thursday, December 5, 2013
တစ္ဆေ ၀တ္ထု
လိုချင်တပ်မက်မှု
အပြင်းစားတွေ တစိမ့်စိမ့် စားသုံးထားတဲ့ နှလုံးသား ဒါမှမဟုတ် စိတ် တစ်ခုခု နှစ်သာရာယူသုံးနိုင်တယ်
အဲဒီအရာကနေ စေခိုင်းသမျှ ကိုယ့်အခန်းဟာ ဘယ်တော့မှ ဂျက်မကျတော့ဘူး နေ့မှာ အလင်းတွေနဲ့အတူ
ဖုန်မှုန်တွေ ၀င်တယ် ညမှာ အမှောင်နဲ့အတူ အေးစက်မှုတွေ ၀င်လာတယ် တရွေ့ရွေ့နဲ့ ကိုယ်ဟာ
ဘယ်ကိုမှ ရွေ့မနေခဲ့ဘူး သေဆုံးခြင်းလို့ အမည်တပ်လို့ မရတဲ့ ရှင်သန်မှု ရှင်သန်မှုလို့
အမည်တပ်လို့ မရတဲ့ သေဆုံးခြင်း ရှုပ်ထွေးမှုမှာ အားလုံးဟာ ရှင်းရှင်းလင်းလင်း ရှုပ်ထွေးနေတယ်
နောင်လာမယ့် စက္ကန့် မိနစ် နာရီ နေ့ရက် တွေမှာ ဘာတွေ ဖြစ်လာမလဲလို့ မျှော်လင့်လို့ မရတာဟာ
ကသိကအောက် နိုင်လှပေမယ့် တစ်မျိုးတော့ ရှင်သန်လို့ ကောင်းတယ်လို့ တွေးနေမိတဲ့ အတွေး
အိပ်မက်တွေ ဘယ်တော့ အဆုံးသတ်မှာလဲ ကြောက်ရွံစိတ်ဟာ လောဘ ဆီကနေ တမြေ့မြေ့ တက်လာတယ် ပြီးတော့
ကိုယ့်ကို အချိန်ပြည့် ကိုက်ဝါးနေတော့တယ် ကိုယ်ဟာ တစ္ဆေ တစ်ကောင်င မဖြစ်ခဲ့ခြင်းအတွက်
ယူကျူံးမရဖြစ်မိတဲ့ ရက်စွဲတွေပဲ ဆိုကြပါစို့ မြေဆီလွှာဟာ ခမ်းခြောက်သထက် ခမ်းခြောက်လာပြီး
မြေအောက်ရေကြောတွေ ပြတ်တောက် ရွေ့လျား မကြာတော့ပါဘူး လ ကို မမြင်မှာပဲ လူသားတွေ လစ်ကြရတော့မယ်
ဒါဟာ နှစ်ထောင့် ဆယ့်နှစ် မဟုတ်ဘူး နှစ်ထောင့်ဆယ့်သုံး ဒီဇင်ဘာ ပုံပြင်အသစ်ပေါ့။
မိုးအိမ်လူ
၅ ဒီဇင်ဘာ
၂၀၁၃
Thursday, November 21, 2013
မျှော်လင့်ပျက်
ဖွင့်ဆိုချက်လေးတစ်ခုနဲ့
ဘ၀လေးတွ ဖန်တီးပစ်ကြတယ်
ဟောဒီ မြေပြင်က ကြယ်လေးဟာ ဘယ်အထိ ပျံတက်နိုင်မလဲ
အိမ်အပြန်လမ်းမှာ တိတ်ဆိတ်သံပဲ ပါခဲ့တယ်။
မိုးအိမ်လူ
၁၆.၁၁.၂၀၁၃
ဝေး
ဓားအိမ် ဖြစ်မှတော့
ရင်ကွဲရတဲ့အကြောင်း
သေကောင်ပေါင်းလဲ မပြောချင်တော့ဘူး
ကိုယ့်ရင်ခွင်မှာ သူ လုံခြုံခဲ့တယ်ဆိုတဲ့ စိတ်နဲ့
ရဲရင့်လိုက်တော့တယ်။
မိုးအိမ်လူ
၁၆ နိုဝင်ဘာ ၂၀၁၃
ရင်ကွဲရတဲ့အကြောင်း
သေကောင်ပေါင်းလဲ မပြောချင်တော့ဘူး
ကိုယ့်ရင်ခွင်မှာ သူ လုံခြုံခဲ့တယ်ဆိုတဲ့ စိတ်နဲ့
ရဲရင့်လိုက်တော့တယ်။
မိုးအိမ်လူ
၁၆ နိုဝင်ဘာ ၂၀၁၃
Monday, October 7, 2013
သေတယ်ဆိုတဲ့ ကိစ္စဟာ….
အဲဒီနေ့က သူ သေသွားတယ်။ သူသေတဲ့အကြောင်းကို သူကိုယ်တိုင် ဂရုမမူမိလိုက်ဘူး။
ဘယ်လိုလဲဆိုတော့။ သူ့ အာရုံက စာအုပ်တစ်အုပ်ထဲ ၊ ရုပ်မြင်သံကြားကလာနေတဲ့ အစီအစဉ်တစ်ခုခုထဲ
၊ လမ်းပေါ်က စီးဝင်လာတဲ့ အသံတစ်သံ ထဲ ။ တစ်ခုခုထဲမှာ နစ်မြုပ်နေလို့ပဲ။ သူ သေတာကို သတင်းစာဖတ်ရင်းနဲ့မှ
သိလိုက်ရတယ်။ သူ သေတဲ့အကြောင်းကို ပြောပြဖို့ သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်။ အိုဘားမားက
လက်ခံတယ်။ ကျန်စီပင်းကလည်း လက်ခံတယ်။ ယင်လပ်က သိပ်လက်မခံချင်ဘူး။ သူက အမျိုးသမီးကို။
ဦးသိန်းစိန်ကို ပြောတယ်။ သူလည်း လက်မခံပြန်ဘူး။ ဘာလို့လဲ ဆို သူနဲ့က မနက်ကမှ လက်ဘက်ရည်ဆိုင်မှာ
တွေ့ခဲ့သေးတာကို။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတယ်။ သူလည်း လက်မခံပြန်ဘူး။ သူနဲ့က စောစောလေးကမှ
လူချင်းခွဲလာတာ။ ဟောပြောပွဲတစ်ခုမှာ။ သူ ပြောတာ လက်မခံတဲ့ အပြင် သူ ဟောပြောသွားတဲ့အကြောင်းကို
ချီးကျူးနေသေးတယ်။ နောက် အခြားသူငယ်ချင်းတွေကတော့ ထူးထူးခြားခြား ဘာမှ မပြောကြဘူး။
ဟုတ်လား ။ ဘယ်အချိန် အသုဘ ချမလဲ။ ဖိတ်ဦး ဘာဦး ပြောပြီး ဖုန်းချသွားကြတယ်။ သူ သေပြီဆိုတော့
ကိစ္စတစ်ခုတော့ ပြီးသွားတာပေါ့။ ခက်တာက ။ သေခြင်း ကိစ္စက ပြတ်ပေမယ့် အသုဘ ချတဲ့ ကိစ္စက
ကျန်သေးတယ်။ ဒီအတိုင်း ကျီးထိုးထိုး ခွေးစားစားထားလို့ မဖြစ်ပြန်ဘူး။ အဲဒီတော့ ဦးကျော်သူဆီ
ဖုန်းထပ်ဆက်ရပြန်တယ်။ သူနဲ့ စောစောက ပြောတုန်းက အသုဘကိစ္စမပြောလိုက်ရဘူး။ သူကလည်း မေ့သွားတာလား
ဘာလား မသိဘူး မမေးဘူး။ အခု ထပ်ပြောမှ အိုကေ သူလုပ်ပေးမယ်ဆိုပြီး ပြီးသွားတယ်။ သူ သေပြီဆိုတော့
ဘာလုပ်မလဲ။ သေပြီးတဲ့နောက် လူတွေ ဘာလုပ်တတ်ကြသလဲ။ သူ ဘာမှမသိဘူး။ သူ့အရင် သေပြီးတဲ့လူတွေကော
ဘာလုပ်တတ်ကြသလဲ။ ဟုတ်တယ်။ သူ့အရင် သေတဲ့လူတွေနဲ့ ဆက်သွယ်ရမယ်။ အရင်ကတော့ အဲ့လို ဆက်သွယ်လို့
မရဘူး။ သူက အသက်ရှင်နေတဲ့ လူရှင်ကို။ လူရှင်တွေဟာ လူသေတွေနဲ့ ဆက်သွယ်လို့ မရဘူးလို့
ကြားဖူးတော့ သူလည်း မဆက်သွယ်ဖြစ်ဘူး။ ကြိုးစား ပြီး စမ်းသပ်တာလည်း မလုပ်ဖြစ်ခဲ့ဘူး။
အခု သူက သေပြီဆိုတော့ လူသေတွေနဲ့ ဆက်သွယ်လို့ ရနိုင်တယ်။ သူ့အရင် သေပြီးတဲ့ လူတွေထဲက
သူနဲ့ သိတဲ့လူ ဘယ်သူရှိမလဲ သူ စဉ်းစားတယ်။ မရှိဘူး။ သူ့ အသိုင်းအ၀ိုင်းမှာ သူဟာ ပထမဆုံး
သေလူ ဖြစ်နေတယ်။ ခေါင်းစားသွားရပြန်တယ်။ လူတစ်ယောက်ဟာ သေပြီးတဲ့နောက် ဘာလုပ်ရမလဲ ။
ဘာလုပ်သင့် သလဲ ။သေပြီးနောက် ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုပြီး စာအုပ်တွေဘာတွေ ရှိတယ်လို့လည်း
သူမကြားဖူးဘူး။ သူ စိတ်တော်တော် ရှုပ်သွားတယ်။ ဒီအတိုင်း အိမ်မှာနေနေလို့တော့မဖြစ်ဘူး။
အပြင်ထွက်ပြီး မေးစမ်းဦးမှဆိုပြီး သူ အိမ်အ ပြင် ထွက်လာတယ်။ သူတို့ ရပ်ကွက်လမ်းဟာ
ထုံးစံအတိုင်း ခြောက်ကပ် တိတ်ဆိတ်နေတယ်။ အဲဒီမှာ အိမ်အမှတ်( ၆ ) က အဘိုးကြီးတစ်ယောက်
အမှိုက်သွန်ထွက်လာတာကို တွေ့လိုက်တော့ သူ လှမ်းနှုတ်ဆက်လိုက်တယ်။ အဲဒီအဘိုးကြီး က အသက်
ရာကျော်နေပြီ။ ဘယ်နှစ်ရာမှန်းကို မသိဘူး။ သူ့ကို တွေ့တော့ ပြုံးပြတယ်။ သူလည်း အဘိုးကြီးနားသွားပြီး
သူ ရင်ဆိုင်နေရတဲ့ ဒုက္ခကို ပြောပြလိုက်တယ်။ အဘိုးကြီးက အံ့သြတကြီးနဲ့ သူ့ကို ကြည့်တယ်။
အဘိုးကြီးက သူလည်း သေချင်နေတဲ့ အကြောင်း။ သူ အခုလို သေတာဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုကို
ရလိုက်တာ ဖြစ်တဲ့ အကြောင်း။ အလွန်ကံကောင်းတဲ့အကြောင်း။ နားညည်းအောင် ပြောပြီးမှ သေပြီးတဲ့လူဟာ
ဘယ်လုပ်ရမယ်ဆိုတာ သူ ကိုယ်တိုက်လည်း မသေဖူးလို့ သေသေချာချာ ရေရေရာရာ မသိတဲ့ အကြောင်း
ပြောတယ်။ သူ စိတ်တော်တော် လေသွား တယ်။ မသိရင် မသိဘူး အစကတည်းက မပြောဘဲ ချီးမွမ်းခန်းတွေ
ဖွင့်နေသေးတယ်။ မင်း မိတ်ဆွေတွေ မေးကြည့်ပါ လားလို့ အကြံပေးတော့ သူ့မိတ်ဆွေတွေလည်း
သေဖူးတဲ့လူတွေ မဟုတ်တော့ သိမှာ မဟုတ်လောက်တဲ့ အကြောင်း ပြန် ပြောလိုက်တယ်။ ဟုတ်တော့လည်း
ဟုတ်တယ်။ သေဖူးတဲ့လူမှ သေပြီးရင် ဘာလုပ်ရမယ်ဆိုတာ သိမှာ။ အခုဟာက မသေသေးတဲ့လူတွေ လိုက်မေးနေရင်
ဘယ်သူမှ သေချာ ဖြေနိုင်မှာ မဟုတ်ဘူး။ သူ မြို့ထဲဘက် ထွက်ခဲ့လိုက်တယ်။ စူပါမားကတ် တစ်ခုကို
ဝင်ပြီး လျှောက်ပတ်ကြည့်နေလိုက်တယ်။ အဲဒီအချိန်မှာ ဦးကျော်သူဆီက ဖုန်းဝင်လာတယ်။ ဘယ်ရောက်နေလဲ
မေးတော့ သူက စူပါမားကတ် ရောက်နေတယ်လို့ ဖြေလိုက်တယ်။ ဦးကျော်သူက ဆဲပါလေရော။ လူသေက
လူသေလို မနေဘဲနဲ့ လျှောက်လည်နေရသလားပေါ့။ လူသေမရှိဘဲနဲ့ သူတို့က ဘယ်လို အသုဘ သွားချရမလဲ။
ဘာလဲ ဆိုပြီး အခုချက်ချင်း ပြန်ခဲ့ဖို့ ပြောတယ်။ သူလည်း အခု လာခဲ့မယ်ဆိုပြီး ဖုန်းချလိုက်တယ်။
အသုဘ ချဖို့ပဲ လူသေက ဘာလုပ်ပေးရဦးမှာတုန်း လို့ ရေရွတ်မိသေးတယ်။ သူ အိမ်ပြန်ရောက်တော့
အိမ်ရှေ့မှာ နာရေးကားကြီး စိုက်လို့။ ကားဘေးမှာ ဦးကျော်သူကို တွေ့တယ်။ ကဲ ဘာလုပ်ကြမလဲ
လို့ သူက မေးတော့။ မင်းဘာသာ ကုတင်ပေါ် ပက်လက်လှန်နေ။ ညနေသုံးနာရီ သဂြိ င်္ုဟ် မယ်လို့
ပြောတယ်။ သူလည်း အဲဒီအခါမှ ဦးကျော်သူကို မေးဖို့ ပြန်သတိရ တယ်။ သေပြီးတဲ့လူက ဘာလုပ်ရမှာလဲလို့
မေးတော့။ ဦးကျော်သူက ဟ သေတဲ့လူက ဂူထဲ ၀င်ရမှာပေါ့ကွ။ မင်းကို မီးရှို့ ပြီး ဂူသွင်းမယ်။
မင်း ဘာမှ လုပ်စရာမလိုဘူး။ ငါတို့ အကုန်လုပ်ပေးမယ်လို့ ပြောတော့။ သူ ဇဝေဇ၀ါ ဖြစ်သွားတယ်။
မီးရှို့ ခံပြီး ဂူထဲ သွင်းပြီးရင် အဲဒီအထဲမှာပဲ အမြဲတမ်းနေရတော့မှာပေါ့ ဟုတ်လားလို့
မေးတော့။ ဦးကျော်သူက မင်း ရူးနေလား လို့ မေးတာ ခံရကော။ သေပါပြီဆိုမှတော့ အဲ့လိုပဲ
နေရတော့မှာပေါ့။ အေး မင်း ဂူထဲမနေချင်ရင် မင်းအရိုးပြာကို ပင်လယ် ထဲ မျှောပေးမယ်။ မင်းဘာသာမင်း
သွားချင်ရာသွား တဲ့။ အဲဒီအစီအစဉ်ကိုတော့ သူ သဘောကျသွားတယ်။ အဲ့လိုပဲ လုပ်ပေး လို့ ဦးကျော်သူကို
ပြောလိုက်တယ်။ အဲ့ဒါနဲ့ ကုတင်ပေါ်သွားပြီး ပက်လက်လှန်နေလိုက်တယ်။ နာရီကြည့်လိုက် တော့
ဆယ့်နှစ်နာရီပဲ ရှိသေးတယ်။ ပျင်းတာနဲ့ ကွန်ပျူတာဖွင့်ပြီး အွန်လိုင်းပေါ်တက်နေလိုက်တယ်။
ဦးကျော်သူကတော့ စီစဉ်စရာရှိတာ စီစဉ်လို့ပေါ့။ သူ့ကို မသာက မသာလို မနေဘူးဆိုပြီး တဗျစ်တောက်တောက်
ပြောနေသေးတယ်။ သူက တော့ ဂရုမစိုက်ဘူး။ ပြာမဖြစ်ခင်တော့ နေချင်သလို နေဦးမယ်လို့ သူတွေးတယ်။
ကုတင်ပေါ် ပက်လက်လှန်နေရတာ ပျင်း စရာကောင်းတယ်လေ။ ဖေ့ဘွတ်မှာ သူ သေတဲ့ အကြောင်း စတေးတပ်
တင်လိုက်တယ်။ ခဏလေးနဲ့ လိုက်ခ် ပေါင်း ထောင်ချီ ရတယ်။ ကွန်မန့်တွေလည်း အများကြီးပဲ။
ကောင်းရာသုဂတိလားပါစေ တို့။ သွားနှင့် ဘော်ဒါကြီးရေ တို့။ တစ်ချိန်ချိန်မှာ ပြန်ဆုံကြတာပေါ့
တို့။ ၀မ်းသာပါတယ် တို့။ ဂုဏ်ယူပါတယ်တို့ ။ စုံလို့ပဲ။ သူလည်း ဟို သတင်းဖတ်။ ဟိုပုံ
ကြည့်။ ဒီပုံကြည့်။ ကွန်မန့်တွေ လျှောက်ရေးနဲ့ ။ သုံးနာရီ ထိုးသွားတယ်။ ဦးကျော်သူက
သွားရအောင်လို့ လာခေါ်မှ သူ လည်း ထ တယ်။ အိမ်အပြင် ထွက်လိုက်တယ်ဆိုရင်ပဲ တစ်ခါမှ မမြင်ဖူးတဲ့
လူတွေက သူ့ကို ဂုဏ်ပြုဖို့ စောင့်နေကြတယ်။ နည်းတဲ့ လူတွေ မဟုတ်ဘူး။ ဆိုင်းဘုတ်တွေလည်း
အများကြီး ။ ဖေ့ဘွတ်မှာ ၇တဲ့ ကွန်မန့်တွေလိုပဲ။ သူ့အတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့
ဆုတောင်းပေးတဲ့ ဆိုင်းဘုတ်တွေပေါ့။ သချို င်္င်းသွားရာ လမ်းတစ်လျှောက်လည်း အဲ့လိုပဲ ။
ဘယ်က ဘယ်လို သတင်းရတယ် မသိဘူး။ သူ့ ကို နှုတ်ဆက်နေတဲ့ လူတွေ အများကြီးပဲ။ နောက်မှ အိုဘားမားနဲ့
ဦးသိန်းစိန် လက်ချက်ဖြစ်မှန်းသိရတယ်။ ဒါပေမယ့် မနက်က သတင်းစာထဲမှာ ပါကတည်းက လူတွေက
အကုန်သိနေကြတာတဲ့။ သူ နည်းနည်း မြောက်ချင်သလိုလိုတောင် ဖြစ်သွားတယ်။ သဂြို င်္ဟ် စက်ထဲ
ရောက်ပြီး မီးအရှို့ခံရတဲ့ အချိန်တစ်ခုပဲ နည်းနည်း ပူပူလောင်လောင် နိုင်လိုက်တယ်။ သူ့
ပြာတွေ ပင်လယ်ထဲ မျှောလိုက်တဲ့အချိန်ကတော့ သူ့အတွက် အပျော်ဆုံး အချိန်ပဲ။ ပြာတွေ တစစီ
လွင့်ထွက်သွားတော့ သူ့ မှာ ဘာမှ မရှိတော့ဘူး။ ဆိုလိုတာက။ အတွေးလည်း မရှိတော့ဘူး။ ခံစားမှု
လည်း မရှိတော့ဘူး။ သူ အဲ့လို မဖြစ်တာ ကြာခဲ့ပြီမလား။ အခုတော့ သူ ဆိုတာ လောကကြီးမှာ
လုံးဝ မရှိတော့ပါဘူး။ လူတွေကတော့ သူ့ရဲ့ အရိုးပြာတွေ ပင်လယ်ထဲ လွင့်ဝဲ မျောပါ နစ်မြုပ်
ပျောက်ကွယ်သွားတာကို ကြည့်ပြီး အားကျလို့ နေတယ်။ သူတို့လည်း သေချင်နေကြပြီလေ။
မိုးအိမ်လူ
၇ အောက်တိုဘာ ၂၀၁၃
တူရိယာ တစ်ခုခုမှ မပါရင် ဒီတောလမ်း ဘယ် ခရီးပေါက်မလဲ လမ်းညွှန်
အဲဒီမှာ ကိုယ်ဟာ တောက်တဲ့။ အခြားဘာသာစကား မရှိခဲ့ဘူးလို့
ထင်လို့ ကိုယ် သတ်မှတ်မိလိုက်တဲ့ တောက်တဲ့။
ဇီဝဖြစ်စဉ် ပြောင်းလဲမှု အရမဟုတ်ဘူး။ ယနေ့ အမှန်တရားများ
မနက်ဖြန်အထိ ရပ်တည်နိုင်စွမ်းဖို့ တောက်တဲ့။
သင် နားလည် မှတ်ယူထားတဲ့ တောက်တဲ့ က ဘယ်လိုမျိုးလဲ။
ကိုယ် သိသလိုလိုနဲ့ မရေရာဘူး။ ကိုယ် နားလည် သိမှတ်
ထားတဲ့ တောက်တဲ့ ကတော့..အင်း.. ကိုယ်လည်း ဝေေ၀ ၀ါးဝါးပဲ။
မြို့ပြကဗျာတွေထဲကနေ မြို့ရဲ့ ရနံ့ကို ပြန်လည် မီးမွှေး
တစ်ခါသေဖူးတော့ ပျဉ်ဖိုး နားလည်းသွားကြပြီ တောက်တဲ့
တွေလေ။ ကိုယ်ကတော့ ဘာလာလာ ဒေါင်း နိုင်ပါတယ်။
Connection ကောင်းဖို့တော့ လိုတာပေါ့ ဆိုသလို။ အပြင်မှာ
ထိခတ်လိုက်တဲ့ အရာက နည်းနည်းလေးနဲ့ အတွင်းကနေ
လှိုက်တက်လာတဲ့ မီးတောက်ကြီးကနေ ခန္ဓာရဲ့ နေရာအနှံ့
လောင်ကျွမ်း။ မီးခိုးတွေ မွှန်တော့ အတိအကျ မရှိတော့ဘူးပေါ့
နေ့တစ်နေ့ပဲ။ မဆိုစလောက် နေ့တစ်နေ့ပဲ။ ဘယ်သူမှ ဖန်ဆင်းထားခြင်း
အလျဉ်းမရှိတဲ့ ရိုးရိုးစင်းစင်း နေ့တစ်နေ့ပဲ။
သင် ကြုံတွေ့ဖူးနေကျ ရင်ကျပ် ချောင်းဆိုး မူးဝေ အော့အန်
။ အထိုင်များရင် ကျောက်ကပ် တည်နိုင်တယ်လို့ ကြားဖူး
ပျစ်ခနဲ ကွမ်းတံတွေး ပါးစပ်တစ်ပေါက်စာ ထွေးထုတ်ပစ်ပြီး
ကိုယ် ဆက်ထိုင်နေမိတယ်။ ဆုံးမသူများ ခွင့်လွှတ်စေချင်။
ကိုယ်ဆီကနေတော့ တစ်ခုခု ရဖို့တော့ မမျှော်လင့်လေနဲ့။
ကိုယ်ဆီမှာ ကိုယ် က လွဲပြီး စကားလုံး တောင် မရှိဘူး။
အဟုတ် ။ ကိုယ်က တရုတ် မဟုတ်ဘူး။ စီးပွားရေး ဈေးကွက်ဆန်မှုဟာ
ဒီနေရာမှာ အသုံးမတည့်ကြောင်း မိတ်ဆွေ လည်း
အသိ။ တောင်တောင်အီအီ ရောရောယောင်ယောင် လုပ်နေမိသမျှ
ကာလာပတ်လုံး အညှိအကြေးက လွဲလို့ အခြား မရှိ။
ဆက် လျှောက်။ ကိုယ်နားထောင်နေကျ သီချင်းတွေလည်း လွမ်းလွမ်း
အိုအို ငေါင်စင်းလို့။ တကယ်တော့ ကိုယ်လည်း
အဟောင်းထည် ဆိုတာထက် မပို။ စီးဆင်းလည်ပတ်နေတဲ့ အဲဒီ
ယဉ်ကျေးမှု ပတ်လမ်းမှာ ရှော့တွေ အဖြစ်များလာခြင်း
အကြောင်းရင်း တဲ့ ကိစ္စကတော့ ညှော်မရှောင်လို့ ပဲ နေမယ်။
နောက်ဆုံးတော့ ဖာဂူဆန်ဟာ ဖာဂူဆန်ဖြစ်အောင် အနိုင်နဲ့
အခုချိန်ဆို MAHASAN ဘယ်ရောက်နေပြီလဲ။ ကိုယ်တို့ရဲ့
THE DAY AFTER TOMORROW လား။ ကြိုတင် အတိတ်။
အခုလောက်ဆို တောက်တဲ့ အကြောင်း ခြုံငုံမိပြီပေါ့။
တကယ်တော့ ဘာမှမှ မဟုတ်တာကြီး။ တောက်တဲ့က တောက်တဲ့။
လူက လူ။ သူက သူ။ ကိုယ်က ကိုယ်။ ရောထွေး မှု တစ်ခုအရလည်း
မဖြစ်နိုင်ဘူးဆို။ တောက်တဲ့ ဟာ သူ ပဲ ဖြစ်နေတယ်။
သန်းခေါင်ယံ အချိန်မှာ ။ နေညို လ ညို ချိန်မှာ။ အသိတရား
မှောက်မှားချိန်မှာ။ ချိတ်ထားသမျှ ချိတ်တွေ အကုန်ပျက်ကျ။
တစ်ခါတုန်းက ဘာညာသရကာတွေ ဆီ ပြန်ရောက်။ HAPPY
MOTHER DAY../ I LOVE ..MOM!။ အဲဒီမှာ ရွှေကိုယ်နတ်
လည်း ဒိန်း ဒိန်း ဒိန်း …ဒိန်း ဒိန်း ဒိန်း ဂျား…။
ကိုယ့်ရဲ့ LOVELY တွေလည်း ကိုယ့်ကို စိတ်ကောက်နေကြရောပေါ့။
ရာသီဥတုကမှ မကောင်းဘဲကိုး။ တစ်နေ့ တစ်နေ့။ အဲဒီ အသက်က
ကြီးလာတာ ဆိုးတာပဲ။ ကျောက်စရစ်တွေကြားမှာ
ကိုယ် ရှိတယ်။ လှမ်းခေါ်ကြည့်လိုက်။ ကိုယ့် ကို။ ဦးရေပြားက
စ ပြီး နွှာချလိုက်တော့ စိတ်မကောင်းစရာပဲ။ စိတ်ညစ် တွေ
အဖတ်လိုက် ထွက်ကျ။ သင် တို့ အော့အန်နေကြမလား။ နောက်တော့လည်း
ဆေးဖက်ဝင်တယ်ဆိုပြီး ဖွယ်ဖွယ်ရာရာ စီမံ
လည်ပင်းနင်အောင် မျိုကြဦးပေါ့။ အဲ့ဒါကို ဘယ်လို ခေါ်မလဲ။
အထက်အောက် ဖိစီးတယ်ခေါ်မလား။ ဗဟိုချက်ကို ထိမိ
တယ် ခေါ်မလား။ ထားပါ။ အဆင်ပြေရာ ဘာသာစကားတစ်ခုခုနဲ့ပဲ။
GOOD NIGHT.. BYE BYE ပါ။
မိုးအိမ်လူ
၁၂ မေ ၂၀၁၃
နံနက် ၀း၃၂
Friday, October 4, 2013
သေနေတဲ့ ဇာတ်လမ်း
တကယ်တော့
သစ်သီးက ပုပ်နေပြီ ဖြစ်သည်။ သို့သော်လည်း စားစရာ ရှိတာကို စားရမည်ဟု ခံယူထားသူများကတော့
ပုပ်ပုပ် သိုးသိုး စားကြသည်ပင်။ လက်နှိပ်ဓာတ်မီးများကို ပိတ်ထား၍ အမှောင်မှာ လမ်းလျှောက်တတ်သော
လူများသည် နံနက်ခင်းနေရောင် ကို အော်ကြီးဟစ်ကျယ် တောင်းဆိုတတ်ကြသည်။ အချိန်ဆိုသည်ကို
နားမလည် အလေးမထားလျှင် အစကတည်းက လက်မခံခဲ့ဖို့ ကောင်း သည်။ အခုတော့ နာရီဆိုင်တွေ စီးပွားတတ်တာပဲ
အဖတ်တင်သည်။ လမ်းက အခုထိ မတွေ့။
အချစ်
ဟု ဆိုလိုက်လျှင် မြီးကောင်ပေါက်ကလေးများနှင့် မရင့်ကျက်နိုင်သူ အရွယ်လွန်များက စိတ်ဝင်တစား
ခေါင်းထောင် တတ်လေ့ ရှိသည်။ စီးပွားရေးသမားများသည် ထိုအကွက်ကို နင်း၍ ကျားထိုး၏။ မလွတ်လပ်သူ
အနုပညာသမားများသည် ထိုအကွက်ကို နင်း၍ တစ်ကောင်ကျွေးနှစ်ကောင်စား၏။ အခုမှ အမည်တပ်မရတော့ခြင်းဖြစ်သည်။
တစ်ကိုယ်ကောင်းဆန်ခြင်း အနုပညာ ဟူ၍ ရှိပါသ လား။ ကျွန်တော် တတ်မြောက်ချင်သည်။ သို့မဟုတ်။
ကျွန်တော်ကပင် စ၍ တီထွင်လိုက်ပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် သည် တစ်ကိုယ်ကောင်းဆန်သူ
တစ်ယောက်ဖြစ်သောကြောင့်ပင်တည်း။
မိုးလေးများဖွဲလာပြီဆိုလျှင်
ပျော်တတ်ကြသည်။ ဘယ်သူတွေလဲ ဟုဆိုလျှင် ပျော်တဲ့သူတွေ သိလိမ့်မည်။ ငယ်ငယ်တုန်းက မိုးရွာလျှင်
ကျောင်းကို ထီးဆောင်းပြီး သွားရမည်ကို ရှက်သည်။ မိုးကာလေးနှင့် စမတ်ကျကျ ကျောင်းကို
သွားချင်သည်။ အခုကျတော့ မိုးကာကို မ၀တ်ချင်တော့။ ဒီအတိုင်းပင် မိုးရွာလည်း သွားစရာရှိတာ
သွားပစ်သည်။ အခုအချိန်တွင် မိုးသည် ရှားပါးလာလေပြီ ဟု ထင်မိ သည်။ မလိုအပ်ဘဲ အကြောင်းအရာတွေ
အများကြီး မပြောဆိုမိဖို့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းရသည်မှာ မလွယ်လှပါ။ အရက်မမူးသော်
လည်း ကျွဲခိုးက ပေါ်ချင်လျှင် ပေါ်တာပဲဖြစ်သည်။
သွားပုပ်တွေ
လေလွင့်လျှင် ပတ်ဝန်းကျင်ကို များစွာ ထိခိုက်သည်။ တစ်နည်းအားဖြင့် အတင်းပြောခြင်းသည်
မကောင်းပါ။ သို့သော် အတင်းပြောခြင်းသည် လူထု၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ
အထောက်အကူဖြစ်စေကြောင်း စစ်တမ်းများအရ သိရသည်။ ( ကိုယ့်ဘာသာကိုယ် စစ်တမ်းကောက်ခြင်းသာဖြစ်သည်။
အတည်မယူစေလို )။ လူမှုရေးနှင့် ပတ်သက်၍ ကျင့်ဝတ်များ နီတိ များကို ရှေးလူကြီး ဆိုသူတွေက
ဘာလို့များ များများစားစား ထားခဲ့ကြပါလိမ့် ဟု မကြာခဏ တွေးမိသည်။ ထိုကျင့်ဝတ်နီတိများသည်
စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ၊ ရံဖန်ရံခါ အပျင်းပြေ ဖတ်ကောင်းသော စကားလုံးများထက်
မပိုချေ။ ထို့အပြင် စကားပြောခြင်း ကိစ္စတွင် ၎င်းတို့ကို သုံး၍ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရာတွင်လည်း
များစွာအသုံးဝင်သည်။ ထိုလောက်ပင် ဖြစ်သည်။ ထိုထက် မပို။
အချစ်ဆိုသည့်
ကိစ္စကို ကျွန်တော် ပြန်၍ တူးဖော်နေမိသည်။ မတူးဖော်၍ မဖြစ်။ ကြံဖန်၍ ချစ်တတ်အောင် ကြိုးစားရမည်။
ဘာကြောင့် လဲ ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် ရေရေရာရာမသိ။ ကျွန်တော့်ကိုယ် ကျွန်တော်
ရှောင် နေခြင်းလည်း ဖြစ်နိုင်သည်။ အရင်တုန်းကတော့ အချစ်သည် အင်မတန်မှ ခံစား၍ ကောင်းသော
အရာဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စာတွေ အများကြီး ရေးနိုင် ခဲ့သည်။ အဲဒီကမှ တဆင့်
အခြားအကြောင်းအရာတွေကိုပါ ချဲ့ထွင် လေ့လာဖြစ်ခဲ့သည်။ အရှုံးတော့မရှိခဲ့။ သို့သော် ယခု
အချစ်ကို ပြန်၍ ခံစားတတ်ဖို့ ကျွန်တော် ကြိုးစားရဦးမည်။ ခက်သည်မှာ မလွယ်ကူခြင်း ဖြစ်သည်။
ပန်းတစ်ပွင့်၏
မွေးဖွားခြင်း တေးတွင် ကျွန်တော် မကျွတ်လွတ်နိုင်သေး။ ရနံ့တို့ ရှိခဲ့လိမ့်မည်။ သေဆုံးသွားသော
စကားလုံးတို့ ၏ နေရာတွင် အခြားတစ်ပါးသော စိတ်ခံစားမှု ပုံရိပ်များ အစားထိုးဝင်ရောက်နေလေပြီ။
မငေးမောဖူးသော လမင်း၏ သေဆုံးခြင်း ဇာတ် လမ်းကို ငေးမောမိခဲ့ပြန်သည်။ ပျောက်ကွယ်ကာနီး
မောဟလေးကိုမှ ကျွန်တော်က တပ်တပ်မက်မက် ချစ်နေမိခဲ့သည်။ အခုတော့ သေ သော်မှတည် သြော်ကောင်း၏
ဖြစ်နေသည်။ ထိုစကားစု၏ ဆိုလိုရင်းကို အမှန်တကယ် ကျွန်တော် နားမလည်ပါ။ ကျွန်တော်၏အဖြစ်သည်
နာမည်ကြီးခဲ့သော ၀တ္ထု ဇာတ်လမ်းများထဲမှ မင်းသားတစ်ယောက်ယောက်၏ အဖြစ်နှင့် ယောင်မှားလို့တောင်
မတူညီဖြစ်။ ကျွန်တော်၏ အဖြစ်သည် ကျွန်တော်၏ အဖြစ် အဖြစ်သာ တည်ရှိနေပြီး အခြား ဖြစ်ခဲ့ပြီးသည်များနှင့်
လုံးဝ ကွဲလွဲဆန့်ကျင် နေခဲ့ခြင်းသည် ကျွန်တော်၏ ကံဆိုးမှု ဖြစ်ခဲ့ပြီး ကျွန်တော်၏ ၀ဋ်နာကံနာသက်သက်သာ
ဖြစ်ခဲ့သည်။ ကျွန်တော် သီချင်းများကို အော်ဟစ် ညည်းညူ သီဆိုတတ်လာခဲ့ပြီ ဖြစ်သည်။
မိုးအိမ်လူ
၂ ဇူလိုင် ၂၀၁၃ ( နံနက် တစ်နာရီ
ကျော်ကျော် )
Thursday, October 3, 2013
မပီမသ တေး
သွေးသားတော်စပ်မှု
ရှိခြင်း မရှိခြင်း ဖြစ်ရပ်မှန် ဇာတ်လမ်းများထဲ
နေရောင်ခြည်ဟာ
တောက်လောင်ဆ ခပ်များများနဲ့ပဲ အရေပြားတွေအပေါ်ရွာကျလို့ ကျ
ဘ၀ရဲ့ အစိတ်အပိုင်း
တော်တော်များများမှာ မြက်ခင်းစိမ်းတွေ မလန်းခဲ့ဘူး
လွတ်လွတ်ကျွတ်ကျွတ်ကြီး
ရုန်းရကန်ရ နေ့စဉ်ရက်ဆက်တွေကို တသသ ထမ်းပိုးပြီးမှ
ဘယ်သူ သတ်မှတ်လိုက်သလဲ
လှေကား
တစ်ထစ်ချင်း
ပြုတ်ကျ သွားခဲ့ရတယ်
ဘ၀အခွံကြီးထဲမှာ
မွန်းကျပ်သံတွေ တလှိုင်လှိုင် ထ နေတုန်း ကြယ်မြင် လ မြင် လောကဓံ ဆိုတာ ကြုံဖူးပြီ
အိ ပ် မ က်ေ တွ
မှတ်တိုင်တစ်ခုခုမှာတော့
ရပ်စောင့်နေရတုန်းပဲ ဆယ်စုနှစ်တွေသာ အသားလွတ်ပုပ်သိုးသွားတယ်
တစ်ခါတစ်ခါ
မြို့အိုအိုလေးမှာ ကော်ဖီအိုအိုလေး သောက်ပြီး ဘ၀ကို ခပ်အိုအိုလေး အိုသွားချင်တယ်
အို
အဲဒီသင်္ကေတမှာ
အခါခါ ညှိစွန်း ဖောက်ပြားမိသမျှ အနာဂတ်တေးတွေ အသံကြောင်ခဲ့ပြီ
တိတိပပ အကြောင်းအရာတစ်ခုခုနဲ့
လမ်းတွေ မလျှောက်တတ်တော့ဘူး လွင့်မျောမိတတ်ခဲ့ပြီ
မိုးအိမ်လူ
31.5.13
Subscribe to:
Posts (Atom)
