Tuesday, May 20, 2014

ဇာတ်လမ်း ကိုယ်တိုင်ရေး တဲ့ ဇာတ်လမ်း



                                 

ကျောက်နံရံထက်သို့ ကုပ်ကပ်တွယ်တက်နေသော သူသည် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ဇာတ်လမ်းသည် ဘာကြောင့် ထိုကျောက်နံရံထက်သို့ သက်စွံဆံဖျားကုပ်ကပ်တက်နေသည်ကို မည်သူ့ကိုမှ မပြောချေ။ ကျောက်နံရံအခြေရှိ ကွင်းပြင်တွင် ပရိသတ်များစွာနှင့် အုံ့အောသောင်းနင်း ဖြစ်နေပြီ။ ပရိတ်သက်အုပ်ကြီးမှာ များပြားလွန်းလှသည်ဖြစ်ရာ ကွင်းပြင် တစ်ဝက်ခန့်အထိပင် ဖွေးဖွေးလှုပ်ပြည့်နှက်နေသည်။ ဇာတ်လမ်းကတော့ အောက်ကို မကြည့်။ အော်သံဟစ်သံများကို ဂရုမထား။ အထက်သို့သာ အာရုံစူးစိုက်၍ တက်နေလေ၏။ ဟိုးအဝေးကွင်းပြင်စပ်တွင် လူတစ်ချို့ ပြေးလာသည်ကို တွေ့ရ သည်။ လူအုပ်ကြီးမှ အသံတစ်ခု ညံခနဲ ထွက်လာသည်။ ဇာတ်ဆောင်တွေ လာပြီ ဟေ့ ။ ဇာတ်ဆောင်တွေ လာပြီ။ ဟေ့ ဇာတ်လမ်း ။ ဒီမှာ မင်းရဲ့ ဇာတ်ဆောင်တွေလာပြီ ဟ။ ဘာလုပ်ကြမလဲ မသိဘူး။ ဇာတ်လမ်း ဒီလိုလုပ်တာ ဇာတ်ဆောင်တွေ သိ ကောသိရဲ့လား မသိဘူး။ အို သိမှာပါ။ သိကြမှာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ဆောင်ပဲဟာ ။ တစ်ယောက်အကြောင်း တစ်ယောက် မသိဘဲ နေပါ့မလား။ သိချင်မှ သိမှာပေါ့။ မဟုတ်ရင် အစောကြီးကတည်း ဇာတ်လမ်းကို သူတို့ လာတားကြမှာပေါ့။ အခုတော့။ စသဖြင့် အသံပေါင်းစုံ အူထွက်လာလေသည်။ ဇာတ်ဆောင်များမှာ လူအုပ်ကြီးကို အတင်းတိုးတိုက်၍ ကျောက်နံရံအခြေသို့ ရောက်အောင် သွားကြလေသည်။အခြေသို့ ရောက်သောအခါ ။ အဓိကဇာတ်ဆောင်က စ၍ အော်လေသည်။ ဟေ့ ဇာတ်လမ်း။ မင်း ဒါ ဘာလုပ်တာလဲ။ ငါတို့လည်း ဘာမှမသိရပါလား။ ပေါကြောင်ကြောင်တွေ မလုပ်စမ်းပါနဲ့ကွာ။ အခု ပြန်ဆင်းခဲ့။ အဓိက ဇာတ်ဆောင်ဘေးမှ ဇာတ်ပို့များကလည်း ထိုနည်းတူ အော်ဟစ်ကြပြန်သည်။ ဟေ့ ဇာတ်လမ်း။ မင်းတစ်ယောက်တည်း လုပ်ချင်ရာလုပ်လို့ မရဘူးနော်။ ငါတို့ မပါဘဲ မင်းဘာမှ လုပ်လို့ မရဘူး။ မင်းအခုလို လုပ်နေတာတွေက တကယ့် အရူးလိုပဲ။ အခုပြန်ဆင်းခဲ့ပါကွာ။ သူတို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ဇာတ်လမ်းကတော့ ကြားပုံမရသည့်ပင်။ အထက်သို့သာ ဆက် တက်သွားလေသည်။ လူအုပ်ကြီးမှာ အသံများ တစ်စထက်တစ်စ ပို၍ ဆူညံလာလေသည်။ အဓိက ဇာတ်ဆောင်က ။ ဟိုလူ တွေကော။ ဟိုလူတွေ။ ဘယ်သူတွေလဲလို့ ကျန်တဲ့လူတွေက မေးတော့။ ဒါရိုက်တာတို့ ဇာတ်ညွှန်းရေးဆရာတို့လေ။ လူအုပ် ကြီးမှာ စောစောကထက် အသံများပို၍ စီညံသွားလေသည်။ ဟုတ်တယ်။ဟုတ်တယ်။ ဒါ သူတို့ ခိုင်းထားတာ ဖြစ်မယ်။ ဇာတ်လမ်းက သူ့ဘာသာသူတော့ ဒီလို အရူးဆန်မှာမဟုတ်ဘူး။ လိုက်ရှာကြဟေ့။ ဒါရိုက်တာတို့ ဇာတ်ညွှန်းဆရာတို့ကို။ တစ်ယောက်တစ်ပေါက် အော်ဟစ်ကြရာ ကျောက်နံရံကြီးပင် တုန်ခါသွားသလား အောက်မေ့ရသည်။ နောက်ဘက်နားက လူတစ်ချို့ ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာရှာမယ်ဟု အော်ဟစ်ပြီး ကွင်းပြင်ထဲမှ ထွက်ခွာသွားကြသည်။ ဇာတ်လမ်းကတော့ အထက်သို့ တက်မြဲ တက်နေမြဲ။ မင်းတို့က အဓိက ဇာတ်ဆောင်တွေပဲ။ ဇာတ်လမ်းနောက်ကို လိုက်ကြလေကွာ။ သူ့ကို မီရင် ဖျောင်းဖြပြီး အောက်ပြန်ခေါ်ခဲ့လေ ဟု ဇာတ်ပို့များက အဓိကဇာတ်ဆောင်များကို ပြော၏။ အဓိကဇာတ်ဆောင်များမှာ ခါးခါးသီး သီးပင်။ ဟာ ခင်ဗျား ရူးနေလား။ ဒီလောက် အမြင့်ကြီးကို ကျုပ်တို့က ဘယ်လို တက်နိုင်မှာလဲဗျ။ သူ့ဟာသူ အရူးထ တက်တဲ့ ဟာ ။ မတော်လို့ ပြုတ်ကျရင် ကိုယ်က အချောင်သေဦးမယ်။ ဟင် မင်းတို့က အဓိကဇာတ်ဆောင်တွေလေ။ ဟာ ခင်ဗျားတို့က လည်း ဇာတ်ပို့တွေပဲလေ။ ခင်ဗျားတို့လည်း တက်လို့ရတာပဲ။ ဟို လူကြမ်းဆိုတဲ့ ဇာတ်ပို့တွေ တက်ကြလေ။ အဓိကဇာတ် ဆောင်များက သူတို့ဘက် တည့်တည့်ထိုးနေသော မြားဦးကို ဇာတ်ပို့များဘက် ပြန်လှည့်သည်။ ဟ ငါတို့ချည်း ဇာတ်လမ်း ကို လုပ်လို့ရတာမှ မဟုတ်တာကွ။ ငါတို့မပါဘဲ မင်းတို့နဲ့ပဲ ဇာတ်လမ်းလုပ်နေတဲ့ ဟာတွေ မနည်းတော့ဘူး။ မင်းတို့က အဓိကပဲ လေ။ အခုမှ ဘာလို့ ငါတို့ဘက် လှည့်လာရတာတုန်း။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ပုတ်ခတ်ရင်း ရန်ပွဲဆီသို့ ဦးတည်နေကြလေရာ ဘေးမှ လူများက ၀ိုင်းဝန်းဖျောင်းဖြမှ ငြိမ်သွားကြသည်။ ပြီးတော့ အထက်သို့ ကုန်းရုန်းတက်နေသော ဇာတ်လမ်းဆီသို့ အာရုံပြန်ရောက်သွားကြပြီး စောစောက အတိုင်း အသံတွေ ဆူညံလာပြန်သည်။ ပရိတ်သတ်ကြီးမှ ဇာတ်လမ်း ကိုကြည့်ရင်း ရင်တမမ ဖြစ်နေကြ၏။ တက်နေရင်းမှ တစ်ခါတစ်လေ ခြေချော်လက်ချော်များဖြစ်သွားလျှင် ပရိတ်သတ်ကြီးဆီမှ အာမေဋိတ်သံများ ဟိန်းခနဲ ထွက်ထွက်လာသည်။ ဇာတ်လမ်းကတော့ အောက်ကိုလည်းပြန်မကြည့်။ ထွက်ပေါ်လာသည့် အသံ တွေကိုလည်း ကြားသိဟန်မပြ။ အထက်သို့သာ ဇွဲကြီးစွာဖြင့် တက်နေလေ၏။ ဇာတ်လမ်း ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ။ ဇာတ်လမ်းကို ဒီလို လုပ်ဖြစ်အောင် ဘယ်သူတွေ မြှောက်ထိုးပင့်ကော် လုပ်လိုက်ကြသလဲ။ ဇာတ်လမ်းဟာ အရင်က ဒီလို မဟုတ်။ ဒီလိုမဟုတ်ဆိုတာက ဒီလိုမျိုး မိုက်ရူးရဲဆန်ဆန် မလုပ်တတ်။ တစ်ခါတစ်လေ။ အဲဒီတစ်ခါတစ်လေဆိုတာကလည်း ဆယ်စုနှစ် တစ်ခုမှာမှ တစ်ကြိမ်လောက်သာ မိုက်ရူးရဲဆန်ဆန် လုပ်တတ်သည်။ ထိုအခါတုန်းကလည်း ဒီလိုမျိုး ပရိတ်သတ်ကို ရင်တမမနှင့် စိတ်လှုပ်ရှားအောင် မလုပ်ခဲ့။ ပုံမှန်နေရင်းနဲ့မှ ရုတ်တရတ် ထ ဖောက်တတ်တာမျိုးလောက်ပင်။ အခုတော့ ဘယ်လိုဖြစ်ကြသည်မသိ။ အဓိက ဇာတ်ဆောင်တွေ ဇာတ်ပို့တွေလည်း ဘာမှ မတတ်နိုင်။ ဘယ်သူမှလည်း ဇာတ်လမ်းနောက် ကို အရဲစွန့်ပြီး မလိုက်ရဲကြ။ ကျောက်နံရံက မတ်စောက်သည်။ အမြင့်ဆုံးဆိုသည့် ကျောက်နံရံထိပ်ကိုပင် အောက်မှ ကောင်း ကောင်းမမြင်ရ။ အောက်မှာသာ လေက မတိုက်တာ အထက်အမြင့်မှာတော့ လေက ပြင်းပြင်းထန်ထန် တိုက်သည့်ပုံ ပေါ်သည်။ တိမ်ခိုးတွေ တစ်သုတ်ပြီး တစ်သုတ် ပတ်ပြေးနေသည်။ ထိုအချိန်တွင် လူအုပ်ကြီးဆီမှ အသံများ ပြန်ဆူလာပြန်သည်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ တွေ့ပြီတဲ့ဟေ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ လာပြီတဲ့။ အသံများ လှိုက်ဆူလာသည်။ လူအား လုံး အနောက်ဘက်သို့ လည်ပြန်မျှော်ကြည့်ကြသည်။ လူတစ်အုပ် ကွင်းပြင်ထဲသို့ အသောနှင်၍ ၀င်လာသည်။ ဒါရိုက်တာတို့ လာပြီဟေ့ ဘေးဖယ်ပေးကြ။ လမ်းဖယ်ပေးကြ။ လူအုပ်ကြီး၏ တွန်းပို့မှုဖြင့် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ ကျောက်နံရံအခြေ သို့ ရောက်လာ၏။ အသံတွေလည်း ဆူလာပြန်သည်။ မေးခွန်းသံတွေ ဖြစ်သည်။ ဒါရိုက်တာကြီး ဒါ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဒါရိုက်တာကြီး ခိုင်းတာလား။ ဇာတ်ညွှန်းဆရာ ခင်ဗျား ရေးလိုက်တာလား။ ဇာတ်လမ်းကို ခင်ဗျား မြှောက်ပေးလိုက်တာလား။ ခင်ဗျားတို့ ဗျာ ဒီလို တော့ မလုပ်သင့်ပါဘူး။ ဇာတ်လမ်းလေးက ရိုးရိုးလေး ရယ်ပါ။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဆန်းချင် သစ်ချင်ရင် ကိုယ့်ဘာသာ စိတ်ထဲမှာပဲ ဆန်းကြ သစ်ကြဗျာ။ ဇာတ်လမ်းကို တော့ ဒီလို မလုပ်သင့်ဘူး။ အသံမျိုးစုံ ။ မေးခွန်းမျိုးစုံ တို့၏ ကြားတွင် ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာတို့မှာ ကြောင်တက်တက် လေး ဖြစ်နေကြသည်။ ပြော ပြော ဒါ ခင်ဗျားတို့ခိုင်းတာလား ဟု ၀ိုင်းမေးကြသောအခါ နှစ်ယောက်လုံး ခေါင်းယမ်းကြလေ သည်။ လူအုပ်ကြီးမှာ ဟင်ခနဲ ဖြစ်ပြီး ငြိမ်ကျသွားသည်။ ဟုတ်တယ် ဒါ ကျွန်တော်တို့ ခိုင်းတာ လုံးဝမဟုတ်ဘူး။ သူ ဒီလို လုပ်နေတာတောင် ခင်ဗျားတို့ ခေါ်ပြလို့ ကျွန်တော်တို့ သိကြရတာ။ ကျွန်တော်တို့ ဒီကိစ္စကို လုံးဝ မသိလိုက်ဘူး။ ဒီလို ကိစ္စ မျိုးကို လုပ်ခိုင်းဖို့လည်း ကျွန်တော်တို့မှာ လုံးဝ စိတ်ကူးမရှိပါဘူးဗျာ။ အတွေးထဲ အိပ်မက်ထဲတောင် မရှိဘူး။ အခုဟာက။ ကျွန်တော်တို့လည်း မသိပါဘူးဗျာ။ ဒါရိုက်တာကရှင်းပြတော့ ပရိတ်သတ်ကြီးမှား အားမလိုအားမရသံတွေ မကျေမချမ်းသံတွေ ပြန်ထွက်လာသည်။ စောစောက အတိုင်းပင် ဆူညံစီဝေနေတော့၏။ ဒါဆို ဘယ်သူလဲ။ ဇာတ်လမ်းလေးကို ဒီလို အရူးထချင် အောင် ဘယ်သူလုပ်တာလဲ။ ပရိတ်သတ်အားလုံးက ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာကိုပဲ မျက်စောင်းတခဲခဲ လုပ်နေကြသည်။ ဒါရိုက်တာရှင်းပြတာကို သိပ် လက်မခံချင်ကြ။ ဇာတ်လမ်းလေးကို ဒီလို ဖြစ်အောင် လုပ်နိုင်တာ ဒင်းတို့ပဲ ရှိသည်ကိုး။ ဒါရိုက်တာ နှင့် ဇာတ်ညွှန်းဆရာမှာလည်း မျက်နှာငယ်လေးတွေနှင့် ဇာတ်လမ်းရှိရာကို လှမ်းကြည့်ရင်း အခြားလူတွေလိုပဲ အော်ဟစ်ဖျောင်းဖျကြလေသည်။ ထုံးစံအတိုင်းပင်။ ဇာတ်လမ်းကလည်း ဂရုမစိုက်။ သူ့ဟာသူ တက်စရာရှိတာ တက်သည်။ အောက်က လူတွေလည်း အော်မြဲအော်ကြသည်။ ဇာတ်လမ်းသည် တဖြည်းဖြည်းနှင့် ပရိတ်သတ်၏ မြင်ကွင်းထဲတွင် သေးငယ် သည်ထက် သေးငယ်လာသည်။ သူတို့ အော်နေသည်ကိုပင် ကြားနိုင်မည့် ပုံ မပေါ်တော့။ ပရိတ်သတ်မှာလည်း အော်ဟစ် စိတ်မောရလွန်း၍ ခြေကုန်လက်ပန်းကျလာကြသည်။  ပရိတ်သတ်ကသာ မောပန်းလာတာ ဇာတ်လမ်းကတော့ မောပန်းသည့် ပုံ မပေါ်။ အားကြိုးမာန်တက်ပင် တရွေ့ရွေ့နှင့်။ ထိုအချိန်တွင် ဇာတ်ညွှန်းဆရာက ထ ဖောက်သည်။ ဇာတ်လမ်းကို ဒီလို ဖြစ်အောင် လုပ်နိုင်တဲ့သူတစ်ယောက်ကို ကျွန်တော် သတိရပြီ။ပရိသတ်မှာ ငြိမ်ကျသွားပြန်သည်။ အားလုံးက ဇာတ်ညွှန်းဆရာ ပြောမယ့်စကားအပေါ် အာရုံစိုကလိုက်ကြသည်။ ဘယ်သူလဲ ဟုလည်း မေးကြသည်။ ၀တ္ထုရေးဆရာ ။ စာရေးဆရာ။ ပရိတ်သတ်မှာ ထိုအခါမှ အဖြေတွေ့သွားသည်ပုံနှင့် ။ ဟုတ်တယ်။ ဟုတ်တယ် ။ ငါတို့ စာရေးဆရာကို မေ့နေကြတာ။ ဖြစ်နိုင် တယ်။ ဇာတ်လမ်းကို ဒီလိုဖြစ်အောင် လုပ်နိုင်တာ သူပဲ ရှိတာ။ ဇာတ်လမ်းဆိုတာ သူ့ဆီက ဖြစ်လာတာချည်းဆိုတော့။ ဟုတ်တယ်ဟေ့။ စာရေးဆရာကို ရှာကြဟေ့။ ဘာလို့ ဇာတ်လမ်းကို ဒီလိုလုပ်ရတာလဲ မေးရမယ်။ ကို့ရို့ကားယားဖြေလို့က တော့ သတ်ပစ်မယ်။ ဘာညာနှင့်။ လူအုပ်ကြီးမှာ ဒေါသမောင်းတင်သံများဖြင့် တအုံးအုံး ညံနေတော့သည်။ စောစောက အတိုင်း ပင်။ နောက်ဘက်နားဆီက လူတစ်ချို့ ထွက်သွားကြပြန်သည်။ ကျုပ်တို့ မေ့နေတာဗျ။ ဇာတ်ညွှန်းဆရာဆိုတာ စာရေးဆရာ ရေးပေးမှ ဇာတ်လမ်းရတာ။ အဓိက တရားခံက စာရေးဆရာပဲ ဖြစ်မယ်။ ထိုအခါမှ ဇာတ်ညွှန်းဆရာရော ဒါရိုက်တာရော အသက်ရှူချောင်သွားသည့်ပုံနှင့် သက်ပြင်းလေးတွေ ကိုယ်စီ ခိုးချကြရ၏။ ဒါပေမယ့် တစ်ခါတစ်လေ စာရေးဆရာမပါဘဲ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာချည်းပဲ ပေါင်းပြီး ဇာတ်လမ်းလုပ်ကြတာ ရှိတာပဲ ဟု လူကြမ်းတစ်ယောက်က ပြောတော့ ဒါရိုက်တာကော ဇာတ်ညွှန်းဆရာကော ထိုလူကြမ်းကို မျက်လုံးကြီးတွေပြူးကြည့်ကြသည်။ ပြီးတော့ မင်းက ဘာနားလည်လို့ ၀င်ပြောနေတာလဲ။ စာရေးဆရာဆိုတာ အမြဲတမ်း ဇာတ်လမ်းတွေ ထွက်နေတဲ့ စက်ရုံမဟုတ်ဘူးကွ။ တစ်ခါတစ်လေ သူ့ဆီက ဇာတ်လမ်း ပြတ်သွားတဲ့အခါ ငါတို့ဟာ ငါတို့ အတွေ့အကြုံလေးတွေ သမ္ဘာလေးတွေ သုံးပြီး ပရိတ်သတ်ကို အသုံးတော်ခံရတာ။ အခုကိစ္စကလည်း ငါတို့ လုပ်တာ မဟုတ်ဘူးဆိုတာ လုံးဝ အာမခံတယ်။ ဆိုပြီး လူကြမ်းကို ပြူြး့ပဲ ၀ူးဝါး လုပ်ကြသည်။မသိဘူးဗျာ။ စာရေးဆရာ လုပ်တာပဲ ဖြစ်ဖြစ်။ ခင်ဗျားတို့ လုပ်တာပဲ ဖြစ်ဖြစ် ဇာတ်လမ်းက ပြန်ဆင်းမလာရင် ကျုပ်တို့ နားကားပြီ။ ဇာတ်လမ်းကိုသာ ရအောင် ပြန်ခေါ်ဖို့ စဉ်းစားကြတော့။ ဆိုပြီး ဇာတ်လမ်းဆီ လှမ်းအော်ပြန်သည်။ ပြီးတော့ ရောကောသောကော လျှောက်ပြောကြ သည်။ သိပ်မကြာလိုက်ချေ။ စာရေးဆရာရှာသော လူစု ပြန်ရောက်လာကြသည်။ စာရေးဆရာကော ဘယ်မှာလဲ။ မတွေ့ဘူး လား။ ဟု ၀ိုင်းမေးကြသောအခါ အားလုံးရဲ့ ခေါင်းတွေက တညီတညာတည်း ခါယမ်းကြသည်။ လူအုပ်ကြီးမှာ ဟာခနဲ ဖြစ်ပြီး ဒေါသထွက်သံတွေကော ဆဲဆိုသံတွေကော အားမလိုအားမရသံတွေကော စုံစေ့အောင်ညံထွက်လာတော့သည်။ ဘယ်လိုလုပ်ကြမလဲ။ ဇာတ်လမ်းက မြင်တောင် မမြင်ရ တော့ဘူး။ ငါတို့ ဇာတ်လမ်းပြန်ဆင်းလာအောင် စောင့်ကြမလား။ ဇာတ်လမ်းက ပြန်ဆင်းလာပါ့မလား။ ပြန်ဆင်းမလာရင် ဘယ်လိုလုပ်မလဲ။ ငါတို့ အကုန်လုံး တက်သွားရမှာလား။ ဟာ ဒီလောက် အမြင့်ကြီး မတတ်နိုင်ဘူး။ အဖြေရှာကြပါဟ။ လုပ်ကြ ပါဟ။ ငါတို့အကုန်လုံးမဟုတ်တောင် တစ်ယောက်စ နှစ်ယောက်စလောက်ကတော့ လိုက်သွားသင့်တယ်။ ပြီးတော့ ဇာတ်လမ်း ကို အကျိုးအကြောင်းမေးပြီး ပြန်ဆင်းခဲ့ပေါ့။ အကျိုးအကြောင်းသိရရင်ကို အဖြေရှာလို့ရပြီ။ အခုဟာက ဘာမှန်းမသိ ညာမှန်း မသိကြီးနဲ့။ ဟုတ်တယ် ။ ဟုတ်တယ်။ လူတစ်ယောက်မှာ ပါးစပ်ပေါက်တစ်ပေါက်တည်း ရှိ၍ တော်သေး၏။ သူ့အတွေး ကိုယ့် အတွေး။ သူ့အကြံ ကိုယ့်အကြံ စုံစေ့နေအောင် ပြောကြ အော်ကြ ဟစ်ကြ နှင့် အသံလှိုင်းကြောင့် ပင် ကျောက်နံရံကြီး ပြိုကျ သွားနိုင်သည်။ ထိုအချိန်တွင် ။ ဟာ ဟိုမှာ ကျ လာတယ်။ ကျ လာတယ်။ ဘာလဲဟ ။ ဘာလဲဟ။ အကုန်လုံး အပေါ်မော့ကြည့် လိုက်တော့။ ကြိုးတစ်ချောင်း။ ကြိုးနှင့် တွဲလျက် စာတစ်စောင်။ ဟာ စာပါတယ်ဟေ့။ ဇာတ်လမ်းရေးတာနဲ့တူတယ်။ ဖတ်ကြည့် ပါဟ။ ဒါရိုက်တာက ကြိုးကို လှမ်းဖမ်းပြီး စာကို ဖြုတ်လိုက်သည်။ ဖတ်ဟေ့။ ဖတ်။ အော်ဖတ်။ အားလုံးကြားနိုင်အောင် အော် ဖတ်ပါဟ။ ဒါရိုက်တာက လက်တစ်ဖက်မြှောက်ပြီး အသံတွေ ငြိမ်ဖို့ အချက်ပြလိုက်သည်။ ပရိတ်သတ်ကြီး ငြိမ်ကျသွားသည်။ ဒါရိုက်တာသည် စာကို ဖွင့်လိုက်သည်။ နောက်။ ကျုပ်ဘာလို့ ဒီလို ကျောက်နံရံပေါ်ကို သက်စွံ့ဆံဖျား တက်ရသလဲ ဆိုတာ ခင်ဗျားတို့ သိချင်နေကြမှာပေါ့။ ကျုပ်ကို အရူးထ တယ်လို့ပဲ ခင်ဗျားတို့ ထင်နေကြမယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက စာရေးဆရာဆီက ဖြစ်လာတာပဲ။ အသံတွေ စီညံသွားပြန်သည်။ ဇာတ်ညွှန်းဆရာက လက်ဝှေ့ပြလိုက်မှ ပြန်ငြိမ်သွားသည်။ မနေ့ညက ကျုပ်နဲ့ စာရေးဆရာ စကားတွေ အများကြီးပြောကြတယ်။ အဓိက ကတော့ ကျုပ်ပါပဲ။ ကျုပ် ဒီလို သမရိုးကျ ရှင်သန်နေရတာကြီးကို ပျင်းရိလာပြီ။ တစ်ခါလာလည်း ဒီပုံစံ ။ တစ်နေ့လာလည်း ဒီပုံစံ။ ဆယ်နှစ်နေလည်း ဒီပုံစံ။ ကျုပ် အရမ်း ပျင်းနေပြီ။ ဘယ်လောက်အထိ ပျင်းရိလာသလဲဆို ကျုပ်ကို ကျုပ်တောင် သတ်သေချင်လာတဲ့အထိပဲ။ အဲဒီလို စိတ်တွေနဲ့ ကျုပ် ရဲ့ နေ့တွေဟာ ဘယ်လောက် အထိ မွန်းကျပ် ခံပြင်းဖို့ကောင်းမလဲဆိုတာ ခင်ဗျားတို့ နားလည်နိုင်မယ်မထင်ဘူး။ ဒါနဲ့ပဲ မနေ့ ညက ကျုပ် စာရေးဆရာဆီသွားတွေ့တယ်။ စာရေးဆရာပြောတဲ့စကားတွေက ကျုပ်ကို ပိုလို့တောင် စိတ်ညစ်သွားစေတယ်။ သူလည်း ဇာတ်လမ်းတွေ မရေးချင်တော့ဘူးတဲ့။ ဘာမှ မထူးခြားတဲ့ ဇာတ်လမ်းတွေ ရေးနေရတာ သေမလောက် ပျင်းရိလာပြီ တဲ့။ ပြီးတော့ တကယ်မဟုတ်ဘဲ လျှောက်ရေးနေရာတာတွေဟာ မရိုးသားရာကျတယ်တဲ့။ နောက် ဇာတ်လမ်းတွေ မရေးဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ဗျာ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ ကျုပ်ကို ဖန်တီးတဲ့ သူ ကိုယ်တိုင်က ဒီလို ဖြစ်နေပြီဆိုတော့ ကျုပ်က ဘယ်လို သွားနေရမလဲ။ ခင်ဗျားကမှ မရေးတော့ဘူးဆိုရင် ကျုပ်က ဘာလုပ်ရမှာလဲလို့ မေးတော့ စာရေးဆရာက ပြောတယ်။ မင်းလည်း မင်းလမ်းမင်း ဆက်လျှောက်ပေါ့ကွာတဲ့။ မင်း ဇာတ်လမ်းကို မင်း ကိုယ်တိုင်ရေးပေါ့။ ငါ ရေးလို့ ဖြစ်တာထက် မင်း ကိုယ်တိုင် မင်း စိတ်နဲ့ မင်း လွတ်လွတ်လပ်လပ် လုပ်ချင်တာတွေ လုပ်ပစ်လိုက်။ ငါကတော့ ဘာမှမထူးခြားဘဲ မှိုတက်ရိုးအီနေတဲ့ ဇာတ် လမ်းတွေ မရေးချင်တော့ဘူး။ နောက်ပြီး ဆန်းသစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိတော့ဘူး။ ဒီနေ့အတွက် ဆန်းသစ် ပေမယ့် မနက်ဖြန်မှာ ဟောင်းသွားမယ့် ထူးမခြားနားတဲ့ အလုပ်တွေ မလုပ်ချင်တော့ဘူး။ မင်းလည်း မင်းယုံကြည်ရာ မင်း ဆက်သာလုပ်။ ဘယ်သူ့မှ ဂရုမစိုက်နဲ့ ဆိုပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒီမှာ ကျုပ်လည်း စဉ်းစားတယ်။ ကျုပ် ဘာဆက်လုပ်ရမလဲပေါ့။ ကျုပ်ကို ကျုပ်ပဲ သတ်သေရမလား။ ဒါမှမဟုတ် ။ ကျုပ်စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်ချင်တာတွေ အကုန် လုပ်ပစ်လိုက်ရမလား။ စဉ်းစားတယ်။ နောက်တော့ ကျုပ် ဒီလိုလုပ်ဖို့ အကြံရသွားတာပဲ။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက် ကလည်း ကျုပ်နေ့စဉ် ရင်ဆိုင်နေရတဲ့ ပျင်းရိမှုတွေကနေ လွတ်ထွက်ချင်တဲ့ စိတ်။ ထူးခြားဆန်းသစ် ရင်ခုန်ချင်တဲ့ စိတ်နဲ့ ခင်ဗျားတို့ရဲ့ အမြင့်ဆုံးကို ရောက်အောင် သွားမယ် ဆိုပြီး လုပ်လိုက်တာပဲ။ အခု ကျုပ်တကယ် ရင်ခုန်ရပြီ။ ကျောက်နံရံကို တွယ်တက်နေစဉ် ကာလအတွင်းမှာ ကျုပ်မှာ ပျင်းရိချိန်ကို မရှိဘူး။ စိတ်လှုပ်ရှားမှုအပြည့်။ နိုးကြားမှုအပြည့်နဲ့ပဲ။ အခု ကျုပ် ဒီအမြင့်နေရာမှာ ရောက်နေတယ်။ နောက်နေ့ ဒီထက်မြင့်တဲ့ နေရာကို အရောက်သွားမယ်။ ခင်ဗျားကို ကျုပ်နဲ့ တွေ့ချင်ရင် တော့ ကျုပ်ကို မီအောင် လိုက်ခဲ့ကြပေါ့ဗျာ။ ဒါဟာ ဇာတ်လမ်း ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းပဲ။ စာဆုံးသွားတော့ ဒါရိုက်တာကြီး ငိုင်ကျသွားသည်။ အခြားလူတွေလည်း ငိုင်ကျသွားသည်။ ဘယ်လိုလုပ်ကြမလဲ။ဇာတ်လမ်းကတော့ အမြင့်ဆုံးဆိုတဲ့ နေရာတွေ ဆီ တက်လှမ်းရောက်ရှိနေပြီ။ ကျန်တဲ့ အဓိကဇာတ်ဆောင်တွေ ၊ ဇာတ်ပို့တွေ ၊ ဒါရိုက်တာတွေ ၊ ဇာတ်ညွှန်းတွေ၊ ပရိတ်သတ်တွေ ကော ဘာလုပ်ကြမလဲ။ အောက်မှာပဲ နေခဲ့မလား။ ဇာတ်လမ်းနဲ့ အတူ လိုက်ပါနိုင်အောင် လုပ်ကြမလား။ အားလုံးရင်ထဲမှာ အတွေးကိုယ်စီနှင့်။ ကျောက်နံရံကြီးမှာ တိမ်ခိုးတွေနှင့် မှိုင်းဝေနေပြီး ကျောက်တောင်ထိပ်ကို မည်သူမျှ မမြင် ရချေ။ သို့သော် ထိုနေရာ တွင် ဇာတ်လမ်းရှိ၏။
                                                        *
                                                                                                                                     မိုးအိမ်လူ
နံနက် ၀း၁၁
၂၆ စက်တင်ဘာ ၂၀၁၃

No comments:

Post a Comment