Sunday, September 29, 2013

ရော် ရီ ရူး ရ



......................

တစ်စက် နှစ်စက် ကိုယ့်ဘ၀ ကို လက်အုပ်ခံရင်း ရနံ့ဟောင်းတွေကို ရင်ဘတ်ထဲက ဆွဲရစ်လျက်
အတိတ်ဆိုတာ ပြန်လည် တမ်းတ မက်မောစရာ အစစ်အမှန် ဟုတ်ပါရဲ့လား
ဘောင်တစ်ခုခုနဲ့ ကျဉ်းကျပ်နေတဲ့ ကဗျာတွေအတွက် ဘယ်လို နှလုံးသားနဲ့ ဘယ်လို ဦးနှောက်နဲ့
ဘ၀ဆိုတာ ဈေးတွက် တွက် ရမယ့် အရာတစ်ခု လား
မျက်လုံးပေါက်ကျဉ်းကျဉ်းနဲ့ အသွေးအသားတွေကို စုပ်ယူဝါးမြိုတတ်သူတွေ ခြေခင်းလက်ခင်းသာတဲ့ နေ့
သွေးနီရောင်တွေ ရွှန်းစိုနေတဲ့ မြို့တော်ကြီးရဲ့ လမ်းမအနှံ့မှာ ဘယ်သူတွေရဲ့ အပြုံး က မြန်မာအဆန်ဆုံးလဲ
ဟိုးအဝေးက တိမ်ပြိုစ တွေဟာ တစ်ခါတုန်းဆီက တိမ်ပြိုစတွေပဲလား ကိုယ့်ခေါင်း ကိုယ် ခါယမ်း
သိစိတ်မှာ ပြာဝေမှိုင်းရီနေတဲ့ ရက်လွန်အိပ်မက်တွေနဲ့
နောက်လှည့်မကြည့်တော့ဘူး စိတ်တင်းပြီး အရှေ့ကို မျှော်လင့် အားတင်း
တစ်ခါတစ်ခါ ခလုတ်တွေ တိုက်ရတဲ့အကြောင်း တစ်ခါတစ်ခါ ရွှံ့ဗွက်တွေကို နင်းမိတဲ့အကြောင်း
တစ်လောကလုံးကို လက်ထဲမှာ ထည့်ထားတယ် ဆိုတဲ့ သူတွေ ။ ချောက်တွေ နက်တာ အကြောင်းမဲ့တော့ မဟုတ်
လေလေလွင့်လွင့် စကားတွေ ဆိုခဲ့ပြီး စိတ်ကို ပြန်ခါလိုက်တိုင်း ထွက်လာလိုက်တဲ့ အညစ်အကြေးဆိုတာ
အချိန်ဆိုတာ ကိုယ်တို့ကို ပိုမို ညစ်ထေးစေတဲ့ အရာ လား
ကိုယ့်ကို ပြောပါ ဘ၀ထက် မြတ်တယ်ဆိုတဲ့ ပညတ် တွေကို  
ပုစွန်ဆီရောင် တောက်တယ်ဆိုတဲ့ ကောင်းကင်ချိန်တွေမှာ စကားလုံးတွေ ဘယ်လောက်မှားခဲ့မိသလဲ သစ္စာကို ခါး ထိုး ရှာသူကြီးတွေ ၊ ကိုယ့်လက်ရေးနဲ့ ရေးတဲ့ စာကိုမှ မဖတ်နိုင်သူကြီးတွေ အဲဒီ ညနေတွေမှာ ကိုယ်ရယ် နေမင်းကြီးရယ် စိတ်အနွမ်း တစ်စ ရယ်..ဘာတဲ့.. အလွမ်းဆိုလား

မိုးအိမ်လူ

Monday, September 23, 2013

အရေခွံ လန် နေတဲ့ ကမ္ဘာ ကဗျာ






အကြောင်းတရားတစ်ခုခုအရ ဖြစ်လိမ့်မယ်
ဆိုလိုရင်း တစ်ခုခု အရ လည်း ဖြစ်လိမ့်မယ်
ကျွန်တော့်မှာ သုံးမရတဲ့ ကောင်းကင် အတု တစ်ခု ဟာ ရှိနေခဲ့တုန်း
သစ်ရွက်တွေ ကြွေ တဲ့ အသံ သံမဏိစိတ်ဓာတ်လေးဟာ တဖြုတ်ဖြုတ် အရည်ပျော်ကျ
သစ္စာလမ်းဟာ မေတ္တာလမ်းထက် ကောင်းတယ် မကွေးမြို့မှာ။

သူတို့သွားလို့ ဖြစ်သွားတဲ့ လမ်း ကို အခု မသုံးတော့ဘူး
ရုတ်ရုတ်သဲသဲ မုန်တိုင်းသတင်းလည်း အခုတော့ လွမ်းစရာလိုလို
နေ့မှာ အပူပြင်းပြီး ညမှာ ခြင် ကိုက်တဲ့ အရပ်ဒေသ
ဒီလိုပါ
ကျွန်တော့်မှာ တုံးရိနေတဲ့ စကားလုံးတွေနဲ့ ကျွန်တော်ကိုယ်တိုင်တောင် မကြိုက် မနှစ်သက်နိုင်တဲ့
              ကဗျာ၊ စကားပြေ တွေ ရှိခဲ့တယ်
ကျွန်တော်သည် လူငယ်တစ်ယောက် ဖြစ်နေနိုင်ပါသေးသည်။

ယုတ်မာခွင့် ရှိတယ် ကောက်ကျစ်ခွင့်မရှိဘူး
ထူးသလား မကွာဘူးလား
ရိုးသားခွင့်  ရှိတယ် ထက်မြက်ခွင့် မရှိဘူး
တော်တော်တော့ သိသာကွဲပြားမှု ရှိနိုင်ပါတယ်
နောက်ပိုင်းမှာပေါ့
အချို့ဟာလည်း ဟမ်ဘာဂါလို ပေါ်ကာစမှာတော့ ဘာလဲဟ ဘာလဲဟ ပေါ့
နောက်ပိုင်းမှာပေါ့
အချို့ဟာလည်း နှစ်သိန်းတန် ဆင်းမ်ကဒ်တွေလို ဟုတ်တယ်ဟ ကောင်းတယ်ဟ ပေါ့
နောက်ပိုင်းမှာပေါ့
ထင်းစီးတွေပြေတော့ ဂျာမနီဟာ ပထမကမ္ဘာစစ်မှာ နောက်ကျောကနေ ဓားနဲ့ အထိုးခံလိုက်ရတယ်

ကျွန်တော့်အခန်းတံခါးကို ဂျက်ထိုးထားပါလျက် အတင်းကာရော ဆွဲဖွင့်ကြတယ်
ကြာတော့ တံခါးလည်း ပျက်ရောပေါ့
ပွင့်လင်းမြင်သာမှု ရှိလာတဲ့ ဒီအခြေအနေမှာ အလကာင်္အချို့ကို တောင်စွယ် နေကွယ်မှာ
မထူးခြားနား သူတို့လိုပဲ ဘ၀မှာ ဖြတ်သန်းလာခဲ့ရခြင်းမှာ
ကိုယ့်ဇာတ်ကိုယ်ခင်း လူမျိုးရေးပဋိပက္ခတွေနဲ့ ကမ္ဘာမြေကနေပျောက်ဆုံးသွားမယ့် သူတို့မှာ
ကျောက်သားမြို့တော်မှာ ဒါလီရဲ့ နာရီ ဆိုလားပဲ ရောင်းအားကောင်း။

မျက်နှာမူရာအရပ်ဟာ အရှေ့အရပ်ပဲ ဖြစ်တာကောင်းတယ်
ဆန့်တန်းထားတဲ့ လက်တွေဟာ ချိတ်ဆက်ဖို့ ဖြစ်တာကောင်းတယ်
မှန်ထဲက လူကို ကြည့်တဲ့အခါ အတွင်းသားကိုပါ မြင်အောင်ကြည့်ဖို့ ဖြစ်တာ ကောင်းတယ်
လူ လူချင်း မျက်လုံးတပြေးတည်း မြင်တတ်ဖို့ ဖြစ်တာကောင်းတယ်
ဘေးမှာ ထိုင်တာ အားပေးကူညီဖို့ ဖြစ်တာကောင်းတယ်

ဖြစ်တာ ကောင်းတယ်
မဖြစ်တာ ကောင်းတယ်
မကောင်းတာတွေ ဖြစ်တယ်
ဖြစ်တာတွေ မကောင်းဘူး
မဖြစ်မကောင်းတာတွေ ဖြစ်တယ်
မကောင်းမဖြစ်တွေလည်းကောင်းနေရပြန်တယ်
ဖြစ်ဖြစ် ကောင်းကောင်း ဖြစ်နေဖို့ ဖြစ်နေရတာဟာလည်း ကောာင်း၏ မကောင်း၏။

မိုးအိမ်လူ
19.5.2013

ရယ်စရာ မဂ္ဂဇင်း ၊ အောက်တိုဘာ ၊ ၂၀၁၃

Saturday, June 29, 2013

ထို့အတွက် …. သစ်ရွက်




အနှစ်တစ်သန်းမှာ တစ်ခါပဲ ပွင့်မယ့် သစ်ပင်ကို ကျွန်တော် ပြန်လည် စိုက်ပျိုးထား၏။အချိန်ကာလ။ နေရာ ဒေသ။ အတိအကျ အမှတ်အသား ပြုမထားဘဲ ကျွန်တော်၏ စိတ်ခံစားမှုဖြင့် ၎င်းပန်းပွင့်ငယ်ကိုပြန်လည်ရှာဖွေမည် ဖြစ်သည်။ ထို့အတွက် အိပ်မက်ငယ် အထပ်ထပ်ကို နှလုံးသား ကျိုးကြေစွာမက်စက်ပြီး။ ကျွန်တော်၏ ပြက္ခဒိန်တွင် တနလာင်္။ အင်္ဂါ ။ ဗုဒ္ဓဟူး ။ စသဖြင့် နေ့နံတို့၏ အမည်များမရှိပါ။ ကျွန်တော်၏ ပြက္ခဒိန်တွင် တစ်ရက်။ နှစ်ရက်။ သုံး ဆယ့်တစ်ရက်။ စသဖြင့် ရက်စွဲတို့၏ဂဏန်းနံပါတ်များ မရှိ။ ရူးသွပ်ခြင်း အနည်းငယ်မျှ မရှိဘဲ ထိုသူမ၏ အမည်နှင့် ထိုသူမ၏မွေးနေ့တို့သည်သာ ကျွန်တော်၏ နေ့စွဲ။ ရက်စွဲများ အဖြစ်။ ၎င်းဖြစ်စဉ် သည် ကျွန်တော် တစ်ယောက်တည်း အတွက် တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းကို ပြည့်ဝစွာ ရယူဖော်ဆောင်ခံစားခြင်း ပုဂ္ဂလအခွင့်အရေးသာ ဖြစ် ၏။ အများအားဖြင့် တွေ့လေ့တွေ့ထ မြင်လေ့မြင်ထ ကြားလေ့ကြားထ ရှိသော ။ အတိတ်။ပစ္စုပ္ပန်။ အနာဂတ်။ ဟူ သော အချိန်ကာလတရားကို ဖော်ညွှန်းသော ။ သို့မဟုတ်။ ခံစားချက်များကိုဖုံးကွယ်သော ။ သို့မဟုတ်။ ဆင်ခြင် ခြင်းကင်းမဲ့သော စရိုက်လက္ခဏာကို ဖော်ပြသော။ ထိုစကားလုံးများကိုကျွန်တော် သုံးစွဲမည်ဆိုလျှင်။ မနေ့က ကျွန်တော် လွမ်းနေခဲ့၏။ ( သူမ အပါအ၀င် အခြား ကျွန်တော်၏မောဟများ )။ ယနေ့ ကျွန်တော် လွမ်းနေ၏။ ( သူမ အပါအ၀င် အခြား ကျွန်တော်၏ နောင်တများ)။မနက်ဖြန်။ ကျွန်တော့်အတွက် မသေချာပါ။ အခြားသူများ အတွက် လည်း မသေချာပါ။ ထို့အတွက် ကျွန်တော်ထံတွင်နောင် အနှစ် ဘယ်လောက်ကြာလျှင် ကျွန်တော် ပိုင်ဆိုင်သည်ဟု ထင်သော ( တကယ်တော့ ကျွန်တော်မပိုင်ပါ ) ကျွန်တော်၏ ဘ၀တွင် ကျွန်တော် ဘာဖြစ်ရမည်။ ညာဖြစ်ရမည်။ ဟု မရှိ။ ထို့အတွက်သူမသည် ကျွန်တော်ကို အနည်းငယ် စိတ်ခု၍ ဒေါသ ဖြစ်နေ၏။ ထို့အတွက် ကျွန်တော် စိတ်မ ကောင်းဖြစ်မိ၏။ကျွန်တော်၏ စိတ်တွင်  ဖြစ်ပေါ် ငြိတွယ်လာသောအတွေး။ ခံစားချက်။ သိမြင်မှုသည် ကျွန်တော်၏ ခံယူချက်။ သစ္စာ။ အတ္တ။ မောဟ.။ ဥပါဒါန်။ မာန်မာနသာဖြစ်ပါသည်။ ၎င်းတို့အတွက် ကျွန်တော့်ကို ဒေါသဖြစ်ခြင်း။ အားမလို အားမရ ဖြစ်ခြင်း။ မနာလိုဝန်တိုဖြစ်ခြင်း။. အထင်ကြီး / သေးခြင်း ။ အမြင်ကပ်မုန်းတီးခြင်း။ ဒုက္ခရောက်စေ လိုခြင်း။ စသဖြင့်တို့သည် ခံစားသူတို့၏ သောကသာ ဖြစ်၏။ အမှန်စင်စစ် ကျွန်တော်သည် ကျွန်တော်သာဖြစ်၍ အခြားသူတို့သည်အခြားသူတို့သာ ဖြစ်ပြီး သူမသည် လည်း သူမသာဖြစ်ပါသည်။ သူမသည် ကျွန်တော်၏ ဘ၀ အ တွက် ။ရံဖန်ရံခါ လမင်းငယ်။ ရံဖန်ရံခါ အိပ်မက်ငယ်။ ရံဖန်ရံခါ အားကိုးရာ သစ်ပင်။ ရံဖန်ရံခါရှုပ်ထွေးသော ကြိုးခွေ။ ရံဖန်ရံခါ မုန်းတီးဖွယ်ရာ မိန်းမပျို။ နှင့်။ အခါများစွာဝယ်ကျွန်တော်၏ ချစ်မြတ်နိုးရသူ ဖြစ်၏.။ သူမ၏ စကားများ။ စာ များ။ အပြုအမူများ။ ကိုထည့်မတွက်ဘဲကျွန်တော် ခံစားမိသော သူမ၏ စိတ်ခံစားမှုမှာ။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်တော်သည်သူမ၏ ချစ်မြတ်နိုးရဆုံးသောသူ ဖြစ်သည်။ ထို့အတွက် ကျွန်တော် ပျော်ရွှင်မာန်တက်ရသ လို။ကျွန်တော် ၀မ်းနည်းမိသည်။ ပန်းတစ်ပွင့်။ အိပ်မက်တစ်ပုဒ်။ အလှပဆုံးဝတ်စုံ။ လက်စွပ်။သူမ စိတ်ကြိုက် ဖြစ် မည် ထင်သော အရာများကို ကျွန်တော် ပေးအပ်ချင်လှ၏။ ပေးအပ်ချင်ခြင်းသည်စိတ်အဖြစ်သာ ရှိပြီး လက်တွေ့ ပုံ ဖော်လုပ်ဆာင်မှု မရှိခဲ့ချေ.။. သို့သော် ထိုသို့ စိတ်ရှိခြင်းကိုအခြေတည်၍ အချိန်တစ်ခု။(ကျွန်တော် အသက်ရှင် လျက် ရှိမည်ဆိုလျှင်.) ။ ၌ ပေးအပ်နိုင်လိမ့်မည်ဟုကျွန်တော် မျှော်လင့်၏။ အချိုသာဆုံးသော တေးသီချင်းများထက် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသောတေးသီချင်းများကို စိတ်အခံမရှိဘဲ ကြိုက်နှစ်သက်ကြခြင်းမှာ ဘာကြောင့်လဲ။ တစ် ခါတစ်ရံကျွန်တော်တို့ သေရည်မကျူးဘဲ မူးခဲ့ကြသည်။ အပူအအေးမျှတပါလျက် ကွဲအက်ခဲ့ကြသည်။ အချစ်နှင့်ချစ် ခြင်း ကိစ္စတွင် စကားလုံးများ များစွာ ကြားဝင်စေနိုင်သလို အဓိပ္ပာယ်များစွာ အလင်းယိုင်စေနိုင်၏။အချို့သူများ သိကြ ၏။ သိလျက်နှင့်ပင် ပိုးဖလံ အဖြစ်ခံ၏။ အချို့ မသိကြ။ ကရုဏာသက်ဖွယ်အလှတရားများ။ မနက်ဖြန်များသည် တိ ကျ သေချာစွာ မသေချာပါ။ ယခုအချိန်တွင် သူမနှင့် ကျွန်တော်တို့၏သစ်ရွက်များ အလွမ်းရောင်ဖြင့် ကြွေနေမည်။ သူမနှင့် ကျွန်တော်တို့၏ ပန်းပွင့်များ အလွမ်းနံ့သင်း၍နွမ်းနေမည်။ မလှပခြင်း။ အကျည်းတန်ခြင်း။ ၏။ အလှတရား များ။ စိတ်ခံစားချက်များ လေအသင့်အတိုင်းလွင့်ဝဲပြီးသည့်နောက်။ သူမနှင့် ကျွန်တော်တို့၏ ဘ၀ထဲမှ အစိတ်အပိုင်း အချို့ ကို ထုတ်နုတ်ပြပါမည်။

( က ) တနလာင်္၏ မိုးရေစက်များကောင်းကင်ပေါ် သို့ နှစ်ခါ ရွာကျ၏။
စောင့်ဆိုင်းခြင်း နတ်တစ်ပါး၏ ကျီစယ်မှုဖြင့် သူမ စိတ်ညစ်နေလိမ့်မည်။အဖော်အပေါင်းတို့၏ စိတ်မရှည်မှု ဖြင့် သူမ အားငယ် သိမ်ငယ်နေလိမ့်မည်။ ဖြေဆည်၍ ရသမျှအကြောင်းပြချက်များစွာကို အသုံးပြု၍ သူမ ကိုယ် သူမ ဖြေသိမ့်နေလိမ့်မည်။ မဖြစ်နိုင်ခြင်းမှန်သမျှကို ဖြစ်နိုင်စေခြင်းဖြင့် သူမ စိုးရိမ်သောက ပွားနေလိမ့်မည်။ ပထမဆုံးအ ကြိမ်မဟုတ်သော်လည်း ကျင့်သားမရသေးသော စိတ်၏ မရင့်ကျက်မှုဖြင့် ပေါ့ဆိမ့်တစ်ခွက်၏ အရသာကိုဘာမှန်း မသိ မခံစားနိုင်ဘဲ သောက်သုံးနေလိမ့်မည်။ စိတ်၏ ခံစားချက်များ မပေါ်လွင်စေရန်အခြား အရည်မရ အဖတ်မရ စကားလုံးများကို အရည်ရ အဖတ်ရလုပ်နေလိမ့်မည်။ တပြိုင်နက်တည်းမှာပင်ကျွန်တော်ရောက်လာလျှင် ဘယ်လို စိတ်ကောက်ရမည်ဆိုသည်ကို စဉ်းစားနေလိမ့်မည်။ အချိန်မတန်သော။သို့မဟုတ်။ အချိန်လွန်သော အချိန်တန်ချိန်၌ ကျွန်တော် သူမထံသို့ ရောက်ရှိသွားသည်။ ဘယ်အချိန်ရှိပြီလဲ။နင်က ငါ့ကို အလေးကို မထားဘူး.။ နင် ငါ့ကို မချစ်ပါ ဘူး။ နောက်တစ်ခါ ဘယ်တော့မှ မတွေ့တော့ဘူး။ကျွန်တော် စိတ်ညစ်ရသည်။ ထို့နောက် မုသားအတုများအား သနားစဖွယ် ပုံပြင်ဖန်တီး ။ မရယ်ရသောဟာသများဖြင့် အတင်းကာရော သူမကို ရယ်မောစေရ၏။ သူမ ရယ်ပါသည်။ နွေးထွေးလှ၏.။ ထို့နောက်။ငါက နင့်ရဲ့ အရုပ်ပါပဲဟာ။ နင်က ငါ့ကို အရုပ်လို သဘောထားတာပါ။ မဟုတ်ရပါ။ သူမ သည် ကျွန်တော့်အတွက်အရုပ်တစ်ရုပ် မဟုတ်ပါ။ လူတစ်ယောက်၏ လူဖြစ်မှု တန်ဖိုး ၊ အခွင့်အရေးတို့ကို ယုတ် လျော့ကျဆင်းစေသော ၎င်း ( အရုပ် ဆိုသော ) စကားလုံးကို ကျွန်တော် မုန်းတီးပါသည်။ ကျွန်တော်ရောသူမရော အရုပ်တွေ မဟုတ်ကြပါ။ လူ ဟူသမျှ မည်သူမှ အရုပ်မဟုတ်ကြ။ ကျွန်တော်နှင့် သူမသည်အချစ်၏ နှောင်ဖွဲ့ ချည်နှောင်မှုကို ခံရသော စိတ်ခံစားချက်တို့ ရှိနေခြင်းသာ ဖြစ်ပြီးနှစ်ယောက်စလုံး အရုပ်တွေ မဟုတ်ကြပါ။ ထို စကားလုံးအတွက် ကျွန်တော် ၀မ်းနည်းမိသည်။ ယနေ့ကျွန်တော် အိပ်ရာထ နောက်ကျ၏။ နေရောင်ခြည်၏ နွေးထွေးမှုကို နောက်ကျမှ ခံစားရခြင်းသည်ကျွန်တော်နှင့် ထိုက်တန်သော ပြစ်ဒဏ် ဖြစ်ပါသည်။

( ခ ) မိုင်တိုင်တွေမှာ အသည်းကွဲနံပါတ်တွေ မီးလို လောင်နေတယ်။
ဝေးကွာခြင်းနှင့် ကပ်လျက်တွင် သတိရလွမ်းဆွတ်ခြင်းများ ရှိကြောင်း လူတိုင်းသိကြ၏။ ချစ်ခြင်းသည် ယခု မှ သစ္စာတည်၏။ နာကျင်ခြင်း တေးများကို ကျွန်တော်တို့ မြိန်ရည်ယှက်ရည်အိပ် မက်ကြ၏။ အနေဝေးသော်လည်း သမီးရည်းစားတို့သဘာဝ စိတ်ဆိုး စိတ်ကောက်ကြတုန်း။ ချစ်တယ်လို့ ပြောဖို့ မလွတ်လပ်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ပျော်ရွှင်စွာ ရန်ဖြစ်ကြ၏။ ကျွန်တော်၏ဒုတိယဘ၀ကို သူမ အထောက်အပံ့ ပေး၏။ ကူညီ၏။ ဒုတိယ ဘ၀၏ ခြေလှမ်းတိုင်းသည် ပထမဘ၀အတွက် အားအင်များဖြစ်ခဲ့ပြီး အဆိပ်များလည်း ဖြစ်နေပြန်သည်။ မည်သို့ပင် ဖြစ်စေ ကျွန်တော် ပျော်လျှင်သူမ ပျော်၏။ ကျွန်တော်၏ လောကဓံအပေါ် အားငယ်စွာ ဆက်ဆံမှုနှင့် တဆက်တည်း။ ကျွန်တော်၏ ဘ၀ကိုကျွန်တော်ထံမှာ ဆွဲထုတ်ပစ်ချင်သည့် အခါတိုင်း။ သူမသည် ကြိုးတစ်ချောင်း ဖြစ်ခဲ့သည်။စွဲလမ်းမှုပင် ဖြစ်စေဦးတော့။ ကျွန်တော်၏ ရှိနေခြင်းသည် သူမ၏ရှိနေခြင်းကြောင့် ဖြစ်သည်။

( ဂ ) ဖမ်းဆုတ် / ဖက်တွယ် ထားမှုတွေဟာအမှန်တရားနဲ့ ဝေးနေတတ်ပြီး။
လူတွေဟာ ကိုယ့်ကိုယ်ထက် ပိုပြီး သူများကို ပစ်စလက်ခတ် ချစ်ပစ်ဖို့ ၀န်မလေးကြဘူး။တကယ်တော့ အဲဒီ အချစ်ဟာ အတုအယောင် ။ ဆင်ခြင်တုံတရား ကင်းမဲ့မှု ။ မြင်နေတွေ့နေကြတဲ့အတိုင်းပါပဲ။ကိုယ် ချစ်တဲ့သူ အတွက် ဆိုရင် အမှားအမှန် မစဉ်းစားဘဲ ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ကိုယ်ပိုင်လွတ်လပ်မှုတွေကိုမီးတင်ရှို့နေတဲ့သူတွေ။ အဲဒီအ ထဲမှာ ကျွန်တော် မပါဝင်ပါ။ သူမ ပါဝင်၏။ ကျွန်တော်က အတ္တကြီးသောလူ တစ်ယောက်။ ကျွန်တော့်ကို ကျွန်တော် ထင်မြင်သတ်မှတ်ချက်အရ။ ချွင်းချက် အနည်း အများတော့ ရှိ၏။ မွေးနေ့လက်ဆောင်များ။ နှစ်ပတ်လည် လက် ဆောင်များ။ ထိုအချိန်များတွင် သူမသည်မနက်ဖြန်အကြောင်း တွေးတတ်သည့်ပုံ မပေါ်။ ကျွန်တော်ကတော့ စိုးရိမ် တတ်။ မသေချာမှုတွေအတွက်ကျွန်တော်တို့တွင် ကြိုတင် ပြင်ဆင်ခွင့်သည် များများစားစားရှိလှသည် မဟုတ်ပေ။ ခက်သည်မှာသူမ၏ ချစ်ခြင်းတွင် အတ္တများ များစွာ ပါဝင်ပြီး ကျွန်တော်၏ ချစ်ခြင်းတွင် အတ္တနည်းပါးနေခြင်းပင်။ထို့အတွက် ကျွန်တော်တို့ စကားလုံးများ ဆူပွက်ခဲ့ရသည်မှာ မကြာခဏ။ အကြိမ်များစွာတွင်တော့သူမသည် သူမ ထက် ကျွန်တော့်ကို ပို၍ ချစ်ကြောင်း သစ္စာတည်၏။ ဤသို့ဖြင့် ပင် ကျွန်တော်၏သစ်ပင်သည် သူမ၏ သစ်ပင် ဖြစ် လာသလို။ ပန်းများ ဝေဆာစွာ ပွင့်ဝေခြင်း အလျဉ်းမရှိဘဲ ရနံ့များလှိုင်နေတတ်၏။ အမှန်စင်စစ် ။ ကျွန်တော်တို့ မောဟမှာ ပျော်နေတတ်ခဲ့ခြင်းသာဖြစ်ပြီး စစ်မှန်သောချစ်ခြင်းသည် အနှစ်တစ်သန်းတွင် တစ်ခါသာ ပွင့်ဝေမည် ဖြစ် ကြောင်း အသေအချာ သိနေသော စိတ်ဖြင့်။မောဟတွင် ပျော်ဝင်သော အချစ်ကိုသာ စစ်မှန်အောင် အလင်းပေး၍။
ထို့အတွက် ပင် ဖြစ်ပါသည်။

*

မိုးအိမ်လူ
၁၂ အောက်တိုဘာ ၂၀၁၂

New Style Magazine , July 2013 Issue

လွတ်ထွက်သွားသော အရှိတရားများ




မျှော်လင့်ချက်။

                  မျှော်လင့်ခြင်းများကို စီစစ်ရေတွက်ရင်း နေ့ ရက်များကို တစ်ရက်ပြီး တစ်ရက် သေမင်းဆီမှာ ပေးချေနေခဲ့သည်။ ရောက်ရှိမလာသေးသော အရာများကို ကြိုတင်တွေးတော စိတ်ကူးယဉ်ခြင်းသည် လူသားတို့ ၏ အာဟာရ ဖြစ်သည်။ နွေရာသီတွင် ရွာသော မိုးရေစက်များသည် မိုးရေစစ်စစ်များ ဟုတ်မဟုတ် သိပ်မသေချာလှပါ။ အစ ဆွဲထုတ်ထားသော ပြဿနာ အရှုပ်အထုပ်များသည် ယခုအချိန်တွင် မရိုးမရွနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။
                  နံနက်ခင်းသည် သာယာဖို့ ကောင်းသင့်သည်။ ကြည်နူးစရာကောင်းသော အပြုံးများကို မည်သူမဆို သုံးစွဲလိုကြသည်။ ရာသီဥတု ၊ အချိန်နာရီ ၊ နှစ်လနေ့ ရက် ၊ ဇရာအိုမင်းခြင်း….. အကောင်းအဆိုးသည် အစကတည်း က ကိုယ့်ရပ်တည်ချက်နှင့် ကိုယ် အမြစ်တွယ်ပြီးသား ဖြစ်သည်။

                                                              *

ရွေ့ လျားခြင်း။

                 နံနက်က ဆိုခဲ့သော တေးတစ်ပုဒ်၏ အမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ယခု ကျွန်တော် သီဆိုနေသော သီချင်းမှာ Hip Hop သီချင်းတစ်ပုဒ် ဖြစ်ပါသည်။ ကြောင်တစ်ကောင်၏ ပွတ်သီးပွတ်သပ် လုပ်တတ်သော အပြုအမူမျိုးကို ကျွန်တော်မုန်းတီးပါသည်။ ခေတ်အခြေအနေအရ စကားလုံးများ၏ ကိုယ်စားပြုနိုင်စွမ်း သည် ကျဆင်းနေပါသည်။
                 နေခြည်တစ်ပွင့်ကို မြှောက်ကစားရင်း ကျွန်တော် ရေချိုးနေပါသည်။ ထိုဝါကျကို သင် နားလည်ပါသလား။ ခက်တော့ခက်သည်။ နားလည်ရခက်ခဲသည်ထက် အသက်ရှူရ မကျပ်တည်းဖို့  ပို၍ အရေး ကြီးသည်။ နေ့ စဉ် ရှင်သန် နေထိုင်ခြင်းတွင် အဓိပ္ပာယ် များသည်ရောင်စုံ ပူဖောင်း များသဖွယ် ။ ကျွန်တော်သည် အိမ်ပြေး တစ်ယောက်ဖြစ်ပါသည်။
                 အနောက်ဘက် ကောင်းကင်တွင် လမ်းလျှောက်ထွက်နေသော တိမ်တိုက် များသည် ကျွန်တော့်အတွက် အဆိပ်အတောက်များ ဖြစ်ပါသည်။ မြစ်ရေပြင်တွင် အရိပ်ထင်နေသော တိမ်တိုက်များကို ငါးအချို့  ကိုက်ဝါး နေကြသည်။ လွန်ခဲ့သော တိမ်ပြို နေ့ များကို ကျွန်တော် မေ့ဖျောက်ထားပါသည်။

                                                                         *

မီးလင်းဖို ။

             နတ်ကောင်းသည် မီးလင်းဖို ထဲသို့  ထင်းများကို ပစ်ထည့်လိုက်သည်။ ခဏကြာသောအခါ မီးလင်းဖို သည် မီးညွှန့် များ လျှံလျှံတက်၍ တောက်လောင်နေသည်။ ယနေ့ တွင် ထူးထူးခြားခြား နတ်ဆိုး အသံတိတ်နေသည်။ အသံတိတ်နေသည် ဟုသာ ဆိုရတာ နတ်ဆိုး၏ နှုတ်ခမ်းများက တစ်စုံတစ်ရာကို ရေရွတ်နေသလို လှုပ်ခတ်နေသည်။ နတ်ဆိုး၏ နှုတ်ခမ်းကို ကလစ်ပေး၍ အသံချဲ့ ကြည့်လိုက်သောအခါ နတ်ဆိုး၏ ညည်းတွားသံကို အံ့သြကြီးစွာ ကြားလိုက်ရသည်။ အတ္တဆိုတာ ဘာလဲ ….။ စွဲလမ်းမှု ကိုယ်စီ နဲ့ ရှင်သန် ဖြတ်သန်းခဲ့ရတဲ့ နေ့ ရက်တွေဟာ တကယ်တမ်းကျတော့ လောင်စာတွေချည်းပဲ ဖြစ်နေခဲ့တယ်.။ လောင်စာ ။ ဘာအတွက် လောင်စာလဲ ။ ကိုယ့်ကိုကိုယ် ဘာအတွက် လောင်ကျွမ်းနေသလဲ….  ဘာအတွက်ပြာကျနေသလဲ ဆိုတာတောင် မသိခဲ့ဘူး။ ရယ်မောသံတွေရဲ့ စစ်မှန်မှု အနှစ်သာရ ဟာ ပျောက်ဆုံးသွားတာ အတော်ကြာခဲ့ပြီ။ စိတ္တဇအပြုံးတွေကို ရွှေချမနေကြပါနဲ့ တော့။ အသက်ရှူသံတွေကို ဘယ်နှခါ ပြန်ပြီး နားထောင်ဖူးကြသလဲ။ တစ်ခါတစ်ခါ ခလုတ်တိုက်မိတဲ့ မိုးကြိုးသံနဲ့  ကိုယ့်ကိုကိုယ် ပြန်ပြန်ပြီး နှိုးနေရ။ တကယ်ဆို မောပန်းသင့်နေပြီလေ။ ဒီလမ်းကို လျှောက်နေတဲ့ ခြေလှမ်းတွေဟာ ခြေကုန်လက်ပန်း ကျသင့်နေပြီ။ နတ်ဆိုး၏ စကားလုံးများကို နတ်ကောင်း ဆက်လက် မကြားချင်တော့ ။ လေထဲမှာ ပျံဝဲနေတာကိုပဲ မြင်တတ်ကြတာ…. ကြိုးတန်းလန်းနဲ့  ဘယ်အချိန် ရုတ်သိမ်းခံရမလဲ ဆိုတဲ့ သောက ကို မမြင်တတ်ကြဘူး။ နတ်ဆိုးသည် သံယောဇဉ်အချို့ ကို ဆွဲထုတ်လုံးချေ၍ မီးလင်းဖို ထဲသို့  ပစ်ထည့်လိုက်သည်။ ခရမ်းရင်ရင့် မီးတောက်များ ဟုန်းခနဲ ထ တောက်သွားသည်။

                                                                  *

အနုပညာ။

             တဖြည်းဖြည်း နီးကပ်လာသော အရာများကို သေချာကြည့်လိုက်သော အခါ မိုးမျှော်မြစ်ကမ်းမှာ ကြွေကျနေခဲ့သော ပန်းပွင့်များကို တွေ့ လိုက်ရသည်။ လိပ်ပြာတစ်ကောင်၏ တောင်ပံတွင် ငြိမ်းချမ်းရေး သင်္ကေတပုံကို တက်တူးထိုးထားသည်။ အနိမ့်အမြင့် ကွာဟလွန်းသော အသံလှိုင်းများသည် နားထဲသို့ ဗရုတ်သုတ်ခ၀င်ေ၇ာက်သွားသည်။
              အနက်ရောင် ခြယ်ထားသော ညတစ်ညထဲတွင် အဖြူရောင် အချို့ နစ်မြုပ်နေသည်။ လွင်ပြင်ကျယ် စိတ်ကူးများဖြင့်  သူတို့ တေးဆိုနေကြသည်။ ချောင်းရေစီးသံကို ကြားရသည်။ တောင်နံရံထက်တွင် ကာရန်များ လှိုင်လှိုင်ပွင့်နေပြီ။ အဘယ်အရပ်မှာ အနှစ်တစ်သန်း ရေခဲပန်းများပွင့် ဝေနေပြီလဲ။ ရနံ့ များကို ရှူရှိုက်ရမိသည်။
             လမ်းကြောင်းတစ်ခုပေါ်တွင် ခပ်မှန်မှန်လျှောက်လှမ်းနေသော ရထားတစ်စင်းဆီမှ တောင့်တမှုများ အူထွက်နေသည်ကို တွေ့ ရသည်။ အသစ်အဆန်းများကို ဈေးဆစ်ဝယ်ယူတတ်သော ကမ္ဘာကြီးသည် ဇီဇာကြောင် သော အပျိုကြီး နှင့် တူသည်။ ကျိုးပဲ့နေသော အသက်ရှူသံများဆီမှ အ၇ှိတရားအချို့  ယိုစိမ့်ထွက်နေပါသည်။ လဲလှယ်ထားသော စွဲလမ်းမှုများကို နေ့ စဉ်သုံးစွဲနေရသည်မှာ ပျင်းရိဖွယ်ကောင်းလှပါသည်။ အမှန်တကယ်တော့ ထို ကြယ်များအားလုံးသည် အတုအယောင်များ ဖြစ်သည်။ ဘယ်သူမှ လက်မှတ်မထိုးရဲသော စာချုပ်တစ်ခုပေါ်သို့  အရူး တစ်ယောက် လက်မှတ်ထိုးရန် ပြင်နေသည်။ အနန္တစကြ၀ဠာတွင် ရနံ့ မဲ့သောပန်းများ ပွင့်ဝေလျက် ရှိသည်။
              မြစ်ကို ဖြတ်ကူးသော လက်တစ်စုံအတွက် လူသားတို့ ပေးအပ်သော ဆုလာဘ်မှာ ဆဲဆို ကြိမ်းမောင်းမှုများ နှင့် ပြစ်တင်ဝေဖန်မှုများသာ ဖြစ်နေခဲ့သည်။

                                                                    *



လူနှင့် သူ၏လူများ။

                        အရေခွံလဲဖို့ သင့်နေပြီဖြစ်သော ကမ္ဘာကြီးအတွက် အားလပ်ရက်ပေးသင့်ပါသည်။ခြိမ်းခြောက်မှု များတွင် ကြောက်စရာမကောင်းဆုံးသော ခြိမ်းခြောက်မှုမှာ ကမ္ဘာပျက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ရင်ကို ဆွဲဖွင့်၍ အနံ့ ဆိုးဆိုးလောကဓံများ ထည့်သွင်းသွားသူများမှာ သင်နှင့် သင်၏မိတ်ဆွေ ဖြစ်သည်။ ထားရစ်ခဲ့ဖို့ သင့်သည် မှန်သော်လည်း ကမ္ဘာကြီးအပေါ် ကျွန်တော်သံယောဇဉ်တွယ်နေပြီဖြစ်သည်။ စံလွဲနေသော ကျော်ကြားမှုများ ၊ လက်တစ်ထောက်စာ အောင်မြင်မှုများ သည်ပြီခဲ့သော သီတင်းတစ်ပတ်၏ ဂျာနယ်တစ်စောင်တွင် သော့ခတ် သိမ်းဆည်း ထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
                         လွယ်ကူသော မေးခွန်းများနှင့် လှေကားသဖွယ် အင်တာဗျူးတစ်ခုကို ကျောင်းပြီး ၍ အားလပ်နေသော ခေတ်ကောင်မလေးတစ်ယောက်က ပျင်း၇ိသန်းဝေရင်း ဖတ်ရှုနေသည်။ ထို အင်တာဗျူး သည် သူမ ကြိုက်နှစ်သက်သော တက်သစ်စ မင်းသားလေး၏ အင်တာဗျူး ဖြစ်သည်။ ကျော်သင့်သည်ကို ကျော်၍ ကျွန်တော်၏ ဦးနှောက်ကို ပြန်လည်စီစစ်နေရသည်မှာ အလုပ်တစ်ခုလို ဖြစ်နေပြီ။

                                                                               *

နားလည်မှု။

              ရေထဲရှိ ငါးတစ်ကောင်၏ အိပ်မက်သည် ကောင်းကင်မှာ ပျံဝဲဖို့  မဟုတ်။ မျက်နှာချင်းဆိုင်နေတာတောင်မှ အမြင်တွေ က တထပ်တည်းမကျ။ မည်သူ၏ အမှားလဲဆိုတာ အခုအချိန်မှာ မည်သူမှမပြောနိုင်ကြ။ ဆေးသောက်မှား နေသော ခေတ်၏ လိုအပ်ချက်များသည် တဏှာ၏ အကောင်းဆုံးလောင်စာများ ဖြစ်သည်။ အလျှော့ပေးခဲ့သည် ဆိုသော်လည်း တစ်ရစ်တောင် မပြည့်တော့ ပေါက်ကွဲမှုများမှာ အကြိမ်အရေအတွက် စိပ်စိပ်လာသည်။ မှားသင့် မှားထိုက်သည်များကို မှားယွင်း၍ တောင့်တသင့်သည်များ တောင့်တရင်း ညီမျှခြင်းသည် ယခုအချိန်တွင် ဇာတ်လိုက်မဟုတ်တော့။တွင်း၏ အောက်ဆုံးတွင် အမှောင်မှလွဲ၍ အခြားမရှိကြောင်း လူတိုင်း သိကြပါသည်။
သို့ သော်….။

                                                                                *

                                                                                                                                  မိုးအိမ်လူ
 Instyle Magazine , June 2013 Issue

Monday, April 1, 2013

ကြိမ်နှုန်းများ….×




မည်သူမည်ဝါ ရယ်လို့ တရားသေ သတ်မှတ် ရည်ညွှန်းချက် တစ်စုံတစ်ရာမရှိဘဲ အုပ်စုလိုက် အဖွဲ့အစည်းလိုက်
လက်ညှိုးထိုး လမ်းညွှန်ဆိုင်းဘုတ်ထိုး မြားဦးလှည့် သေနတ်ပြောင်းဝလှည့် ပစ်ကွင်းတည့်တည့် အတည်အငြိမ်
ရုတ်တရက် ရွာချလိုက်တဲ့  မီးခိုးမိုးကြောင့်လည်း ဖြစ်မယ်။ ဒါမှမဟုတ် အခြားတစ်စုံတစ်ရာလည်း ဖြစ်မယ်။
အရာရာ မရေမရာသော်ငြား ရေရာသယောင် အစစ် ထုဆစ်မှု ဖော်ထုတ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်များအားဖြင့်လည်း
ရေအောက်ရောက်မယ့် မြို့တော်မှာ တစ်လတန်သည် တစ်နှစ်တန်သည် သွားရောက်လည်ပတ်ချင်သေးတယ်။
အချို့ကတော့ ဒီလို ဒီဇိုင်းကို မကြိုက်ကြသလို အချို့ကတော့ ဒီလို ဒီဇိုင်းကို ရူးရူးမူးမူး အချို့ကတော့ ဘာလာလာ
နိုင်ငံရပ်ခြား နာမည်ကျော်တို့ရဲ့ အမည်နာမနဲ့ အဖြစ်အပျက်နဲ့ စိတ်ထားနဲ့ ဆုံးဖြတ်ခံယူချက်နဲ့ ချုပ်စပ်ထားတဲ့
အချို့ဆို တစ်မျိုးတစ်မည် အရသာထူးပေမယ့်လည်း ကြိမ်ဖန်ဟာ များလာခဲ့ရင်တော့ဖြင့် အီအိုင်လာတတ်ပြန်ရော
လူ့သဘော လိုက်ရခက်သကိုး ကိုယ့်သဘောနဲ့ကိုယ် အဆင်ပြေရာ ပစ်လွှတ်မယ့် နျူဒုံးကျည်များဟာဖြင့်
အားလုံးဟာ အမြင်တွေလွဲနေပြီး အားလုံးဟာ ကျွမ်းကျင် ပန်းရံဆရာတွေလို နံရံတွေကို ကိုယ်တိုင်တည်ဆောက်
ကိုယ့်ကျင်းကိုယ်တူးနေမိရက်သား တန်းလန်း မြင်ကွင်းတွေဟာဖြင့် အခြားသော ပုဂ္ဂိုလ်များကို စိတ်အနှောက်အယှက်
ဖြစ်စေရုံမက ဆွဲဆောင် စည်းရုံးရာလည်း ရောက်သလို သံသရာဇာတ်လမ်း အကြောရှည်စေတဲ့ လားရာကောင်းများ
ဘယ်သူက စ ဘယ်သူက စ ဘယ်သူက စ ဘယ်သူက စ ဘယ်သူ စ ဘယ်သူက စ ဘယ်သူက စ ဘယ်သူက စ
တီးခတ်လိုက်မှန်းမသိတဲ့ ကြိုးပြတ်တူရိယာသံများကြောင့်လည်း ညတွေဟာ တသွေးတည်းတသားတည်း အနက်
သူတစ်လူငါတစ်မင်း ဖြစ်လာမယ့် ရှေးဟောင်းမြို့တော်မှာ ဘယ်သူမှ စိတ်မလိုလားဘူးဆိုလည်း ကျေးဇူးပြု၍
အသံလေး တိတ်ပေးပါ နှုတ်ခမ်းလေး ပိတ်ပေးပါ ပါးစပ်လေး ပိတ်ပေးပါ စကားလုံးလေး ပိတ်ပေးပါ မောဟလေး
ပိတ်လိုက်ပါ ပွင့်ပြီးသားတံခါးရှေ့မှာ ဘာလို့ ။ ဇီဝမျိုးစိတ်သစ်များ ထပ်မံ တွေ့ရှိလာရသည့် အကြောင်းအရင်းမှာ
ဟိုက ပေါက် ။ ဒီက ယို။ ဟိုက ပွင့်။ ဒီက ထွက် ။ ဟိုက ၀င်။ ဒီက ကူးစက်။ ဟိုက ဖြန့်။ ဒီက ပွား။ ဟိုက ဒီက။
မ က တတ်ဘဲ က နေတော့ စိတ်ပျက်စရာ အလကားဇာတ်ထုပ်တွေပေါ့။ သို့သော်လည်း ၎င်းများ များပြားလာလျှင်
တန်ဆေး လွန်ဘေး သာဓက ဥပမာ ပုံပြင် ဖြစ်ရပ်မှန်များ ရှိနှင့်နေပြီးသောလည်း မျောက်ဆိုသည်မှာ အငြိမ်မနေ
ထို ပညာရှင်ကြီးရဲ့ အလုပ်မရှိအလုပ်ရှာ သီအိုရီအရ ထိုလူတို့ ကြီးကြီးကျယ်ကျယ် ဂဏာမငြိမ်ဖြစ်နေကြသည်မှာ
အချိန်တွေ ပေးပြီး ကိလေသာတွေ ပွားများ ၀ယ်ယူနေလိုက်ကြသည်မှာ ယုံနိုင်စရာပင်မရှိ။ မည်သူ၏ မီးစပါလဲ။
ကျပ်နေကြ ဘတ်စ်ကားကြီး ကျပ်နေမြဲ ။ တင်နေကြ ကြွေးမြီးများ တင်နေဆဲ။ လည်ပင်း၏ ထောင့်တစ်နေရာသည်
သွေးစများထွက်မြဲ ထွက်လျက်နှင့်ပင်။ ကျပ်မပြည့်သူအချို့ကတော့ဖြင့် ရည်းစားနှင့်ပြတ်ပြီး အသဲကွဲနေကြတယ်။
ခေါင်းတစ်လုံး လက်နှစ်ဖက် ခြေနှစ်ချောင်း အောက်စီဂျင်ရှူပြီး ဟိုက်ဒရိုဂျင် ထုတ်တဲ့ လူချင်း အတူတူ
လူမျိုး ဘာသာ နိုင်ငံ နယ်ပယ် ခွဲခြားဆက်ဆံ ကွဲပြား ခွန်းတုန့်ပြန့်ရုံမကတော့ဘဲ ရန်စောင် တိုက်ခိုက်မှု
အကြမ်းဖက်သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်မှာ စံချိန်တင်ကြိမ်နှုန်းတွေနဲ့ ကမ္ဘာမှာလည်း ဟိုးလေးတကြော်
ဒီလို မနေ့က သစ်ပင်တွေဆီက တိုးထွက်လာတဲ့ အကိုင်းအခက်တွေကလည်း ရှုပ်ရှုပ်ယှက်ယှက် ယနေ့ထဲ
သမိုင်းသစ်ရဲ့ သူရဲကောင်းများဟာလည်း လက်သီးလက်မောင်းတန်း ရဲရင့်လိုက်ပုံ အံ့ချီးမကုန်
ငြိမ်းချမ်းခြင်းတစ်ခုတည်းကို အမှန်တကယ်လိုအပ်နေခဲ့ပြီးမှ ဆိုခဲ့ပြီးမှ တလျှောက်လုံးဆိုလာပြီးမှ
ဆင်ပြောင်ကြီးတွေ အမြီးကျမှ တစ်နေခြင်းဟာဖြင့်လည်း အတ္တဗဟိုပြုတွေးတောခံစားဖက်တွယ်ခြင်းမှ စ
တကယ်တော့
အဖြေဟာ ရှင်း..ရှင်း..လေး ။ အဖြေဟာ လွယ်..လွယ် … လေး။ အဖြေဟာ ဤခရီး နီး..နီး..လေး။
ပုစ္ဆာတွေရဲ့ အဖြေဟာ ရှင်းလင်းလွယ်ကူစွာ တည်ရှိနေပြီး ရှာဖွေသူရဲ့ မောဟအတ္တကနေ တွစ်လိုက်တဲ့အခါ
မှော်ရုံတော ဆိုလား။ ၀င်္ကပါ ဆိုလား။ ပဟေဠိ ဆိုလား။ သပွတ်အူ ဆိုလား။ မလွယ်ကူဘူး အဓိပ္ပာယ်တစ်ခုခု
အသံ တွေ စီညံလာတယ်။ ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်မှုတစ်ခုပဲ ဆိုတာကနေ ကျော်လွန်လာပြီးနောက်
မုသားတွေဟာ ရွတ်တွ ကွာကျလာတဲ့အခါ။
သင်+ခင်ဗျား+သူ+ငါ+ မင်း+သူမ+မိန်းမ+ယောကျာင်္း= သူတို့+လူတို့= လူ့အဖွဲ့အစည်း
ကနေ ရှုတ်ချ ဆဲဆို ပြစ်တင် ဝေဖန် ပြီး ကြိမ်နှုန်းများစွာ အခါခါ ငါ တို့ သမိုင်းအဆက်ဆက် မှားခဲ့ကြလေပြီပေါ့။


မိုးအိမ်လူ
၆ ဇန်န၀ါရီ ၂၀၁၃
နံနက် ၁း၅၀

Thursday, January 17, 2013

လန့်နိုးသံ



.


နံရံကို တစ်စုံတစ်ယောက် ကုတ်ခြစ်နေသလို အသံကြားရ၍ ကဗျာဆရာ အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။ ကုတင်ပေါ်မှ ဆင်း၍ အခန်းမီးကို ဖွင့်လိုက်သော အခါ အသံက ပျောက်သွားသည်။ ကုတင်ခြေရင်းတွင် စာတစ်စောင် ခပ်ဟဟလေး လဲလျောင်းနေသည်။ ကဗျာဆရာ နာရီကို ကြည့်လိုက် တော့ ည နှစ်နာရီ ဆယ်မိနစ် ရှိနေပြီ။ စာကို ကောက်ယူ၍ ကုတင်ပေါ် လဲလျောင်းရင်း ဖတ်ကြည့်လိုက် တော့ ကမ္ဘာဦး ပုံပြင် တစ်ပုဒ် အကြောင်း ရေးထားသော စာ ဖြစ်နေသည်။
ဖြူဝင်းကြီးမားသော နှင်းဖတ်ကြီးများသည် လူသား၏ ခန္ဓာကိုယ်ပေါ်သို့ တဘုတ်ဘုတ်နှင့် ထိရိုက်
ကျဆင်းနေလေ၏။ လူသားသည် အေးစက်လွန်း၍ တောင့်ခဲမတတ် ဖြစ်နေသည်။ လူသား၏ ရှေ့
တွင် ရေခဲမြစ်ကြီးတစ်စင်း တည်ရှိ၏။ ရေခဲမြစ်ကြီး၏ ရေမျက်နှာပြင်သည် ရေခဲပြင် အတိနှင့် ရေခဲ
ပြင်၏ အောက်ဝယ် ရေများ ဒရကြမ်း စီးဆင်းနေသည်ကို ရေခဲပြင်ကို ထိုးဖောက်၍ မြင်နေရသည်
ရေခဲပြင်၏ တစ်ဖက် ဝေးလံသော နေရာတွင်တောမီးတို့ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေ၏။
လူသားသည် တောမီးကို မမှိတ်မသုန်ကြည့်နေရင်း….

တဂျစ်ဂျစ်နှင့် နံရံကို ကုတ်ခြစ်သံ ပြန်၍ ထွက်ပေါ်လာပြန်သည်။ ကဗျာဆရာသည် လဲလျောင်းနေရာမှ ထ၍ မီးဖိုခန်းထဲ ၀င်ခဲ့သည်။မီးဖိုခန်းတစ်ခုလုံး ရှုပ်ပွနေသည်။ ဆောင်းရာသီ အကြွင်းအကျန်များ၊ မလျှော်ဖွတ်ရသေးသော ကုတ်အင်္ကျီညိုညစ်ညစ် တို့ လို့ တွဲလောင်း၊ ကြွက်ကိုက်ထားသော မွေးနေ့ ည၊ လမ်းပျောက်နေသော ဒိုင်ယာရီ စာအုပ်၊ နာရီတံ မိနစ်တံ စက္ကန့် တံ လောက်တက်များ စသဖြင့် မြင်မကောင်းအောင်ပင် ရှုပ်ပွနေသည်။ ကဗျာဆရာသည် ဗုံးရှောင်သော စစ်သားတစ်ယောက်လို ဟိုရှောင်ဒီကွင်း လမ်းလျှောက်၍ ရေခဲသေတ္တထဲမှ ၀ီစကီပုလင်းကို ယူလိုက်သည်။ ၀ီစကီ နှစ်ပက်လောက် သောက်ပြီးသောအခါမှ ကဗျာဆရာ နေသာထိုင်သာရှိသွား သလိုနှင့် အိပ်ခန်းထဲ ပြန်လာခဲ့သည်။ တိတ်ဆိတ်သံတို့ ဖြင့် ငြိမ်သက်နေသော အခန်းထဲတွင် ကဗျာဆရာ၏ ရွေ့ လျားသံသာ လှုပ်ခတ်လျက် ရှိသည်။ ကဗျာဆရာသည် စာရေးစားပွဲမှာ ထိုင်လိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ရေးလက်စ ကဗျာများ သိမ်းထားရာ ဖိုင်ကို ဖွင့်လိုက်သည်။ စာကြောင်းအတိုအစများ၊ စကားလုံး အပြတ်အတောက်များ ငိုက်မျဉ်းလျက်။ ကဗျာဆရာသည် သူ၏ ရေးလက်စကဗျာများကို အဓိပ္ပာယ်မဲ့ ဖတ်နေမိသည်။

          မျှော်လင့်ခြင်း အသားမပြည့်ဝသေးသော ငါ၏ ပစ္စက္ခ လူမဖြစ်မှု
          တောင့်တမိတယ်...တောင့်တမိတယ်...တောင့်တမိတယ်

                                  ----------------

          ငါ့အတွေးတွေကို တွန်းဖွင့်ဝင်လာတဲ့ တနင်္ဂနွေ အော်သံများ
          ငါ့ခြေလှမ်းတွေကို ယိုင်ထိုးစေတဲ့ တနင်္ဂနွေ တိမ်တိုက်များ
          တနင်္ဂနွေဟာ ငါ့အတွက် မဟုတ်ခဲ့ဘူး
          တနင်္ဂနွေဟာ ငါ့အတွက် မရှိခဲ့ဘူး
          တနင်္ဂနွေ တစ္ဆေဟာ

                                 -----------------

          အ၀ါရောင် နံနက်ခင်း  အ၀ါရောင် နံနက်စာ  အ၀ါရောင် အကြည့်
          အ၀ါရောင် နှင်းဆီ  အ၀ါရောင် ကုတ်အင်္ကျီ  အ၀ါရောင် အနမ်း
          အ၀ါရောင် စိတ္တဇ  အ၀ါရောင် မျှော်လင့်ချက်  အ၀ါရောင် အိပ်မက်

                                ------------------
အ၀ါရောင် ရနံ့ကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ နွေရာသီ၏ ဒိုင်ယာရီစာမျက်နှာတွင် အ၀ါရောင်များ လှိုင်းထ ပွင့်ဝေလျက်။ ကဗျာဆရာ၏ အီးမေးလ် ဘောက်စ် ထဲတွင် အီးမေးလ် အသစ်သုံး စောင် ရောက်နေသည်။ ကဗျာဆရာသည် ပထမမေးလ်ကို ကလစ်ပေး၍ ဖွင့်လိုက်သည်။

နေကောင်းရဲ့လား …သား။ အဖေတို့ကို သား မဆက်သွယ်တာ ကြာပြီနော်။ အဖေတို့ အားလုံး
ကျန်းမာကြပါတယ်။ သားရော အဆင်ပြေရဲ့လား။ အခု အဖေတို့ ခြံလေးထဲမှာ သား စိုက်ခဲ့တဲ့
နှင်းဆီပင်က အ၀ါရောင် နှင်းဆီပန်းတွေ ပွင့်နေပြီ…သား။ မင်းအမေကတော့ ပျော်ရွှင်ကြည်နူးလို့ပဲ
အချို့အ၀က်ကို ဘုရားမှာ ပူဇော်ထားတယ်။ မင်း ပြန်လာဖို့ အစီအစဉ်ရှိရင် အဖေတို့ကို ကြိုတင်
အကြောင်းကြားပါ။ ကိုယ့်ကိုယ်ကို လည်း ဂရုစိုက်နေထိုင်ပါ …သား။ အဖေတို့ကိုလည်း ဆက်
သွယ်ပါ။

ချစ်တဲ့
အဖေ

အိမ်ဝေးငှက်၏ ရင်ဘတ်ကို အလွမ်းတို့ ရိုက်ခတ်ကြ၏။ သံယောဇဉ်တို့ မီးတောက်ကြိုးတန်းများ သဖွယ် နှလုံးသားကို လောင်ကျွမ်းပူလောင်စေကြ၏။ နာရီစင်အိုပေါ်မှ နောင်တ လတ်လတ်ဆတ်ဆတ်များ ကြွေကျနေသည်။ အတွေးများ ရုန်းကြွ တွန်းထိုးရင်း ဒဏ်ရာများကို နှိုးဆွနေသလိုလို နာကျင်မှုတို့ အသားမသေနိုင်ကြတော့။ ဒုတိယမေးလ်ကို ကဗျာဆရာ ဖွင့်လိုက်သည်။

အမှောင်၏ ဆွဲဆောင်မှု စကားလုံးများ ပျော်ဝင်ပျောက်ရှနေ၏။
ပျော်ဝင်ပျောက်ရှနေသော စကားလုံးများသည် အမှောင်၏ ဆွဲဆောင်မှု
စကားလုံးများသည် အမှောင်၏ ဆွဲဆောင်မှု၌ ပျော်ဝင်ပျောက်ရှ……။
အရေးအသား မစစ်သော အရေးအသားများ။ ကဗျာမစစ်သော ကဗျာများ။
နှလုံးသားနှင့် ဦးနှောက်ကို တံတားထိုးထားသော ရနံ့ တစ်စ။
အ၀ါရည်တွေ ယိုဖိတ်ကျစင်နေသာ ကဗျာ။

ကဗျာက ကဗျာဆရာထံ ပေးပို့လိုက်သော မေးလ် ဖြစ်သည်။ နားလည်ရခက်ခဲသည်။ နားမလည်ပါ။ ကဗျာပြောသော စကားများကို ကဗျာဆရာနားမလည်ပါ။ ကဗျာနှင့် ကဗျာဆရာတို့ ဤကဲ့သို့နားလည်မှု မရခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နားလည်အောင် ကြိုးစားလေ ပို၍ နားမလည်လေ ဖြစ်ခဲ့ရသော ကာလများကို ကဗျာဆရာ သတိရမိသေးသည်။ အခုတော့ နားလည်အောင် မကြိုးစားတော့။ နားလည်ဖို့လည်း စိတ်မ၀င်စားတော့။ ကဗျာဆရာလည်း ကဗျာဆရာ ယုံကြည်ရာအလျောက်။ ကဗျာလည်း ကဗျာယုံကြည်ရာ အလျောက်။ တတိယမေးလ်ကို ကဗျာဆရာဖွင့်လိုက်သည်။

ရနံ့တွေ မသန့်စင်တော့ဘူး…… သူငယ်ချင်း။
ဝါသနာက အသက်မွေးဝမ်းကျောင်း ကို သတ်နေပြီ။ ဒါမှမဟုတ်
အသက်မွေးဝမ်းကျောင်းက ၀ါသနာကို သတ်နေပြီ။
သေချာတာကတော့
ယုံကြည်ချက်ကို ငါ သတ်လိုက်မိပြီ။
စိတ်နဲ့ ငါဟာ တကွဲတပြားစီ။ နာကျင်မိတယ်….. သူငယ်ချင်းရာ။
အခုတော့ ရနံ့ တွေ မသန့်စင်တော့ဘူး။
ဒီလိုတွေ ဖြစ်လိမ့်မယ်လို့ သူငယ်ချင်းကို ကဗျာဆရာ သတိပေးခဲ့ဖူးသည်။ အခုတော့ သူငယ်ချင်း ပြောသလိုပဲ ရနံ့တွေ မသန့်စင်တော့ဘူးပေါ့။ ဘာတတ်နိုင်မှာလဲ။

*
နံနက်ခင်း နေထွက်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန် လန့်နိုးခြင်း လား။ မန်နေဂျာ၏ အော်သံကြောင့် ကဗျာဆရာလန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ ကားဟွန်းတီး သံကြောင့် ကဗျာဆရာလန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ တိမ်တိုက်တစ်အုပ် ပြုတ်ကျသံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ ငှက်တစ်အုပ် အော်ရယ်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ကဗျာသံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။လန့်နိုးသံ ကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ အစစ်အမှန်လား။ အစစ်အမှန်သံကြောင့် ကဗျာဆရာ လန့်နိုးသွားသည်။ ဒါဟာ……. …… …..။

*

မိုးအိမ်လူ


ရနံ့သစ် ၊ ဧပြီ  ၂၀၁၃