Thursday, December 8, 2011

ဘာမှ အရေးမကြီးဘူး ရယ်ချင်ရယ်လို့ရတယ် မရယ်ချင်ရင်တော့ .....






စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးတစ်ခုရှိတယ်။ အဲဒီ မြက်ခင်းပြင်ကြီးကနေ မြောက်ဘက် စူးစူးအတိုင်း လွင့်သွားလိုက်။ တောင်တွေ ချောက်
တွေ တောတွေ မြစ်တွေ ကျော်ဖြတ်ပြီးရင် ကန္တရပြင်ကြီး တစ်ခုကို တွေ့မယ်။ အဲဒီ ကန္တရပြင်ကြီးရဲ့ အလယ်တည်တည့်မှာ အိုအေစစ်
ကလေး တစ်ခုရှိတယ်။ စိမ်းစိုနေတဲ့ အုန်းပင်တွေ အခြားသစ်ပင်တွေနဲ့ အလယ်မှာ ရေကန်လေးတစ်ကန်။ အဲဒီ ရေကန်လေးရဲ့ အစပ်
ကျောက်သားပြင်ပေါ်မှာ မိုးအိမ်လူ တစ်ယောက် နှစ်ချို့ဝိုင် သောက်နေတယ်။ ( ရှည်ကို ရှည်တယ်။ အစကတည်းက အိုအေစစ်တစ်ခုရဲ့
ရေကန်စပ်မှာ မိုးအိမ်လူ ၀ိုင်သောက်နေတယ် ပြောရင် ပြီးတဲ့ဟာကို။ တော်တော်လျှာရှည်တဲ့ အကောင် ။ အဲ့လို သတ်မှတ်ရင် သင့်ရဲ့
စိတ်မှာ ဒေါသတွေ မောဟတွေ ဖုံးလွှမ်းသွားလိမ့်မယ်။ ပြီးရင် ဒေါသမီး မောဟမီးတွေ တောက်လောင်ပြီး သင့်ခန္ဓာကိုယ်ဟာ ပူလောင်
လာမယ်။ သင့်ရဲ့ သွေးသားလည်ပတ်မှုတွေ မြန်ဆန်လာမယ်။ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာမယ်။ သင်ဟာ အသားဖြူသူ တစ်
ယောက်သာ ဖြစ်ခဲ့မယ်ဆို သင့် အသားတွေဟာ နီမြန်းလာလိမ့်မယ်။ အဲဒီအခါ သင်ဟာ အင်မတန်ရုပ်ဆိုးတဲ့ ဘီလူးသရဲတစ်ကောင်နဲ့
တူသွားလိမ့်မယ်။ အဲဒီတော့ ဒေါသမထွက်လည်း မထွက်နဲ့ မောဟလည်း မဖုံးနဲ့။ ဒီကောင်လေး ရူးနေတာပါဆိုပြီး ခွင့်လွှတ်စိတ်လေးနဲ့
မေတ္တာပွားလိုက်ပါ။ သင် အေးချမ်းသွားပါလိမ့်မယ်။ တော်တော် လျှာရှည်တဲ့ မိုးအိမ်လူပဲ )

မိုးအိမ်လူ တစ်ယောက် ၀ိုင်သောက်နေတုန်း အတွေးတွေ လက်ဆန့် ခြေဆန့် လုပ်မိတယ်။ ကမ္ဘာလောကကြီးမှာ ဘယ်အရာဟာ
အကောင်းဆုံးလဲ။ ဘယ်အရာဟာ မကောင်းဆုံးလဲ။ ဘာညာဘာညာတွေပေါ့။ အဲဒီလို ပေါက်တတ်ကရတွေ တွေးနေတုန်း ကောင်မလေး
တစ်ယောက် ရောက်လာလေရဲ့။ မိုးအိမ်လူတို့ သိပ်ပျော်သွားတာပေါ့။ ကောင်မလေးက လည်း သိပ်လှတာကို။ သွားရည်တွေ မကျ
အောင် မနည်းထိန်းနေရတယ်။ ကောင်မလေးက စကားစ တယ် ။
" ရှင် မိုးအိမ်လူ လား "
" သိပ်ဟုတ်တာပေါ့ မိန်းမလှလေးရယ် "
" အိုကေ အဲဒါဆို သိပ်အဆင်ပြေသွားပြီ "
" ဟင် ဘာလို့လဲ။ ကိုယ်နဲ့ တွေ့ရင် မင်းက ဘာလို့ သိပ်အဆင်ပြေရတာလဲကွယ် "
( မိုးအိမ်လူဟာ ယောကျာင်္းပီပီ တဏှာအတွေးတွေ တွေးပြီး စိတ်ကူးတွေ ယဉ်နေတဲ့ မျက်နှာမျိုး နဲ့ မေးတာ ။ တော်တော် ချဉ်စရာ
ကောင်းပါတယ်။ )
" ရှင့်ကို သတ်ဖို့ "
" ဘယ်လို "
သေသွားပါပြီ။ ကောင်မလေးရဲ့ အဖြေတောင် ပြန်မကြားသွားလိုက်ဘူး။ ကောင်မလေးက မိုးအိမ်လူကို သတ်ပြီးသွားပြီ။
"ကျွန်မက ဗီးနပ်စ်ပဲ။ အချစ်နဲ့ မထိုက်တန်တဲ့ ရှင့်ကို သတ်ဖို့ ရောက်လာတာ။ ဓားနဲ့ ထိုးဖို့ လက်မရှိလို့
အက်ဖရိုဒိုက်ဆီကလက်ငှားပြီးတော့ကို ရှင့်ကို
လာသတ်တာ ဟင်း ဟင်း "

*

စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့ တစ်မြို့လုံးကို ပတ်လည် ၀ိုင်းထားတယ်။ အခုချက်ချင်းကို မြို့ကို အတင်း ၀င်တိုက်တော့မယ့် ဟန်
နဲ့။ သူတို့ဘုရင် ရဲ့ ခွင့်ပြုချက်ကို စောင့်နေတာ။ အဲဒီ အချိန်မှာပဲ ရဲမက်တစ်ယောက် အပြေးအလွှား ရောက်လာပြီး ဘုရင်ကြီးရဲ့
့ေ၇ှ့မှာ အခစားဝင်တယ်။ ပြီးတော့ စာချွန်လွှာတစ်ခုကို ဆက်သတယ်။ ဘုရင်ကြီးဟာ စာချွန်လွှာ ကို အလျင်အမြန်ယူ ပြီး ဖတ်တယ်။
ပြီးတော့ တောက် တစ်ချက် ခေါက်လိုက်တယ်။
" ဒီကောင် ဗိုင်းရပ်စ်က ဘာကောင်တုန်းကွာ ။ ငါလို ခုနှစ်ပြည်ထောင် မင်းတရားကြီးကို ပမာမခန့် ပြုတာပေါ့လေ "
ဘေးက ရဲမက်တွေလည်း ဘုရင်ကြီး ဒေါသထွက်နေတော့ ကြောက်လန့်နေကြတာပေါ့။ တုပ်တုပ်တောင် မလှုပ်ရဲကြဘူး။
ပညာရှိ အမတ်ကြီး က အရဲစွံ့ပြီးမေးရတယ်။
" အရှင် မိုးအိမ်လူ ဘုရား။ တစ်ဖက်က စစ်ဘုရင် ဗိုင်းရပ်စ်က ဘယ်လိုများ အကြောင်းပြန်လိုက်လို့ပါလဲ "
" ဒီမှာ ဖတ်ကြည့် "
ဆိုပြီး ဘုရင်ကြီး မိုးအိမ်လူဟာ စာချွန်လွှာကို အမတ်ကြီးဆီပစ်ပေးလိုက်တယ်။ အမတ်ကြီးဟာ ခပ်မြန်မြန်ပဲ စာချွန်လွှာကို ဖတ်လိုက်
တယ်။
" ဟိတ်ကောင် ငကြောက် မိုးအိမ်
မင်း ငယ်ငယ်က ဒီသာပေါမက္ခကြီး လက်ချာရိုက်နေတုန်း အီးအီးပါချတာ မှတ်မိရဲ့လားကွ
မင်းလို ငယ်ငယ်ကတည်းက အရှက်မရှိတဲ့ကောင်ကများ ငါ့တိုင်းပြည်ကို သိမ်းချင်သေးတယ်ဟင်
ပြီးတော့ ငယ်ငယ်က မိုးရွာတဲ့တစ်နေ့ မင်းနေတဲ့ အခန်းထဲကို တီကောင်တွေဝင်လာလို့ မင်း ထအော်လိုက်တာလေ
အဟား ငယ်သံကို ပါလို့
မင်းလို ငကြောက်ကများ ကွာ
ဟိတ်ကောင် သတ္တိရှိရင် အချိန်မရွေးပဲကွ လာခဲ့လေ
ငကြောက်ကြီး

မင်းရဲ့ ဆရာ
ဗိုင်းရပ်စ်
ကျုံပျော် ဘုရင်မင်းတရားကြီး "

အမတ်ကြီးခင်ဗျာ မရယ်မိအောင် မနည်းထိန်းလိုက်ရတယ်။
" ဒီဘုရင်ဟာ တော်တော် မောက်မာလွန်းနေပါပြီ။ အရှင်မတရားကြီး။ အခုချက်ချင်းပဲ တပ်တော်ချီဖို့ အမိန်ပေးသင့်ပါတယ် "
" ဟုတ်တယ်။ အဲဒီကောင် တော်တော် မောက်မာတယ်။
ငါကတော့ ငယ်ငယ်တုန်းက ဒိုးထုဖက်တွေပါဆိုပြီး ညှာတာနေတာ။ တွေ့ကြသေးတာပေါ့ကွာ။
ဒင်းကို မိကာမှ ငယ်ငယ်က ဒိုးထုလို့ ရှုံးတဲ့ အကြွေးတွေပါ ပြန်တောင်းရမယ်။
ကဲ တပ်တော် ချီစေ "

အဲဒီမှာ ပဲ စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့တံခါးကို အတင်းဖျက်ကြတယ်။ မြို့တံခါးလည်း ပေါက်ရော ဒရကြမ်း ၀င်စီးကြတော့
တယ်။ တပ်တွေ အကုန်လုံး မြို့ထဲရောက်သွားကုန်ပြီ။ ခဏလည်းကြာရော စောစောက ဒရကြမ်း ၀င်သွားတဲ့ ရဲမက်တွေဟာ ဒရကြမ်း
မြို့ထဲက ပြန်ပြေးထွက်လာကြလေရဲ့။ ဘုရင်ကြီးမှာ အံ့သြတကြီးပေါ့။
" ဟ ဘာဖြစ်ကြတာတုန်းဟ "
ဘုရင်ကြီးဟာ အထိတ်တလန့်နဲ့ အော်ဟစ်မေးတယ်။ ရဲမက်တွေဟာ ပြေးရင်း လွှားရင်းနဲ့
" အရှင်မင်းကြီး တီကောင်တွေ ဘုရား တီကောင်တွေ "
ရဲမက်တွေဟာ အော်ရင်း ဟစ်ရင်းနဲ့ သူတို့ ကိုယ်ပေါ်က တီကောင်တွေကို ဆွဲခွာ လွှင့်ပစ်ကြတာပေါ့။ လွှင့်ပစ်လိုက်တဲ့ တီကောင်တွေ
ဟာ ဘုရင်ကြီး မိုးအိမ်လူ ကိုယ်ပေါ်ရောက်ကုန်ကြတယ်။ ဘုရင်ကြီးဟာ တီကောင်တွေလည်း မြင်ရော မျက်လုံးတွေပြူး ပါးစပ်ကြီးဟပြီး
တီ တီ..တီ..နဲ့ သေပါလေရော။ တစ်ဖက်က ဘုရင် ဗိုင်းရပ်စ်နဲ့ တိုင်းသူပြည်သားတွေဟာ စီစီတီဗွီကနေ သူတို့ အဖြစ်ကို ကြည့်ပြီါ်
ခွက်ထိုးခွက်လန်ရယ်ကြလေရဲ့။ ရယ်ရင်း ရယ်ရင်း မထိန်းနိုင်ဘဲ အကုန်လုံး အူတက်ပြီး ဂန့်ပါလေရော။ အနိစ္စဟူသည် အမြဲမရှိ။

*

နေရောင်ခြည်ဟာ ကျမလာသေးဘူး။ လောကကြီးဟာ ညှို့မှိုင်းလို့။ သူတော်စင်လေး ရင်နင့်အောင်ဟာ တရား ဓမ္မ အားထုတ်ဖို့
ဒီနေရာကို ရောက်လာတာ ကြာပြီ။အခုထိ တစ်ခါမှ ကောင်းကောင်း အားမထုတ်နိုင်သေးဘူး။ အားမထုတ်နိုင်ဆို အဖျက်က ရှိနေတာ
ကို။ သူ ဒီအရပ်ကို စ ရောက်လာတုန်းက လူတွေက သူ့ကို နတ်သားလေးလို့ ထင်နေကြတာ။ သူ့ကို ပူဇော်ကြ။ ပသကြနဲ့ပေါ့။
သူ့ဆီက တစ်ခုခုများရမလားဆိုပြီး တော့ပေါ့။ ခက်တာက သူတော်စင်လေးရင်နင့်အောင်မှာက ၀တ်ရုံဖြူ နှစ်ထည်ရယ် မုတ်ဆိတ်ရိတ်
တဲ့ ဂျုတ်နဲ့ ဓားရယ် ရေဗူးရယ် ပဲကြီးလှော် တစ်ပြည်ရယ် ဒါပဲ ရှိတာ။ သူတို့ လိုချင်တာ ဘာပေးနိုင်မှာတုန်း။ အဲဒီမှာ လူလည်လိုလို
ပတ်ကားလိုလို ကောင်တစ်ကောင်က သူတော်စင်လေး အနားမှာ လာကပ်နေပြီး သူတော်စင်လေးကို တော်ကီတွေနဲ့ ချုပ် လူတွေကို
ထင်ယောင်ထင်မှားတွေဖြစ်အောင် လျှောက်ပြော လူတွေ ပေးသမျှဟာတွေနဲ့ ဟန်ကျနေတယ်။ သူတော်စင်လေးလည်း အစက
ဘာမှမသိပေမယ့် နောက်ပိုင်းကတော့ အဲဒီ ငရှုပ် လှည့်ကွက်တွေကိုသိလာတယ်။ ဒါဟာ မကောင်းဘူးဆိုတာလည်း သူတော်စင်လေး
က သိနေပြန်တယ်။ လူတွေ အတွက်လည်းမကောင်းဘူး။ အဲဒီ ငရှုပ်လေးအတွက်လည်း သံသရာမှာ မကောင်းမှုအကုသိုလ်ကံတွေ
ရဲ့ ဒဏ်ကို ခံရနိုင်တယ်။ ဒီတော့ သူတော်စင်လေးဟာ အရင်ဆုံ ငရှုပ်လေးကို ဆုံးမဖို့ ကြိုစားတယ်။
" လုလင် မိုးအိမ်"
"ဗျ"
"အသင် အခုလုပ်နေတဲ့ လုပ်ရပ်တွေဟာ မကောင်းဘူးကွဲ့"
"သိပါ့ဗျာ"
"သိရင် ဘာလို့ လုပ်နေသလဲ မလုပ်နဲ့တော့လေ"
"ကျုပ်က မလုပ်ချင်တော့ပါဘူး။ လူတွေက ကို ဇွတ်အတင်း လာ ပူဇော်ပသနဲ့ လောဘတွေ တက်နေကြတာပါ။
"ကျုပ် အမြင်မှန်ရတာဖြင့် ကြာပေါ့။ မနေ့ညကတည်းက"
"အိမ်း ။ အဲဒါဆိုလည်း လူတွေကို ကျွန်ုပ် ပြောမယ်။ လုလင်လည်း အဲဒီ လိမ်ညာတာတွေ မလုပ်နဲ့တော့။
ကျွန်ုပ်နဲ့အတူ တရားဓမ္မကျင့်ကြံပါလား"
"အာ ဘာလို့ ပြောမှာတုန်း သူတော်စင်လေးရ။ သူ့အရှိန်နဲ့သူ လိမ့်ပါစေ။
ဒီမယ် သူတော်စင်လေးကို ကျုပ်ပြောမယ်။ အခု လူတွေ ဒီလိုလုပ်နေကြတာ သူတော်စင်လေးကို ကြည်ညိုလွန်းလို့
လုပ်နေတယ် ထင်သလား။ သူတို့အတွက် သူတို့ လုပ်နေကြတာ။ သူတို့ လောဘနဲ့ သူတို့ ခံနေကြရတာ။ အမှန်ကို မြင်တဲ့တစ်နေ့
သူတို့ဘာသာရပ်သွားလိမ့်မယ်။ သူတော်စင်လေး ပြောစရာတောင်လိုမှာမဟုတ်ဘူး။ အမှန်ကို မမြင်နိုင်သေးသရွေ့တော့ ခံဦးပေါ့ "'
"အို အဲ့လိုတော့ မကောင်းပါဘူး လုလင်ရယ်။ မကောင်းတာကို မကောင်းဘူးဆိုတာ သိအောင် ပြောပြသင့်တာပေါ့"
"သူတော်စင်လေးကလည်း ဗျာ ပိန်းပါ့"
အဲဒီလိုနဲ့ သူတို့ နှစ်ယောက် ငြင်းကြခုန်ကြနဲ့  လိုရင်းကို မရောက်နိုင်ကြတော့ဘူး။ နောက်ဆုံး သူတော်စင်လေးလည်း မနိုင်တော့
တာနဲ့ ဒီအတိုင်း လွှတ်ပေးထားလိုက်တယ်။ နောက်နေ့ မနက် အစောကြီး ဘယ်သူမှ မနိုးခင် သူတော်စင်လေး ရင်နင့်အောင်ဟာ
ဒီအရပ်ကနေ စွန့်ခွာသွားလေရဲ့။ အဲဒီမှာပဲ မိုးအိမ်တစ်ယောက် တိုင်ပတ်တာပဲ။ သူတော်စင်လေး မ၇ှိရင် သူက နားကားပြီလေ။
ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ နဲ့ စဉ်းစားနေလိုက်တာ နေ့လည် မွန်းတည့်ချိန်ရောက်တော့ လူလည် မိုးအိမ်ဟာ အကြံတစ်ခု ရသွား
တယ။် သူ့အကြံက ရွာအစွန်မှာ နေတဲ့ ဆင်းရဲသား လေး မင်းယုမာန်ကို သူတော်စင်လေးနေရာမှာ အယောင်ဆောင် ခိုင်းဖို့ပဲ။
မင်းယုမာန်နဲ့ သူတော်စင်လေးကလည်းရုပ်က ခပ်ဆင်ဆင်ကို။ အဲ့ဒါနဲ့ လူလည် မိုးအိမ်ဟာ မင်းယုမာန်နဲ့ သွားညှိလေရဲ့။ အဆင်ပြေ
တာပေါ့။ မင်းယုမာန်က အလကားနေရင်း ပလ္လင်ပေါ်ေ၇ာက်မယ့် ကိစ္စ ဘယ်ငြင်းမလဲ။ အဲဒီလိုနဲ့ မင်းယုမာန်ဟာ သူတော်စင်လေး
အယောင်ဆောင်ပြီး နေလိုက်တာ လူလည် မိုးအိမ်လည်းအခြေမပျက် အဆင်ပြေလို့ မင်းယုမာန်လည်း ကြီးပွားလို့။ ဒါပေမယ့်
မကြာပါဘူး။ မင်းယုမာန်ဟာ ဒါဟာ သူ့ကြောင့်ရနေတာ။ ဟိုကောင်က အလကားနေရင်း ဘေးက အချောင်သုတ်နေတာ။ သူ့ဝေစုကို
အလကားယူနေတယ်လို့ တွေးမိလာတယ်။ အဲ့ဒါနဲ့ပဲ ဖြုတ်ထုတ်သတ် ဇာတ်လမ်း ခင်းလိုက်တဲ့အခါ လူလည်မိုးအိမ်ခမျာ
လည်လွန်းတဲ့ ဘီး ဟိုဟာသင့် သွားသလို ရွာသားတွေရဲ့ လက်အောက်မှာပဲ ဂန့်သွားလေရဲ့။

*

အချိန်တွေ နေရာတွေ လူတွေ ဇာတ်ကောင်တွေ အများကြီး ဘ၀တွေ အများကြီးနဲ့ ကျွန်တော်တို့ သံသရာမှာ လည်လို့ပတ်လို့
ကောင်းတုန်း။ ဘယ်အချိန်မှာ ရပ်မှာလဲ။ ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ စစ်မှန်သော တရားဟာ စစ်မှန်တဲ့
နေရာတစ်ခုမှာ စစ်မှန်စွာ ရှိနေတယ်။ ကျွန်တော်တို့ မမြင်နိုင်သေးသရွေ့ မြင်အောင် မကြည့်နိုင်သေးသရွေ့ ဒီလို ဇာတ်လမ်းပေါင်း
များစွားနဲ့ အခါခါ သေ အခါခါ ရှင် အခါခါ..... ပေါ့ဗျာ။ ကျွန်တော်ဇာတ်လမ်း ဒီမှာ ပြီးသင့်သလား။ မပြီးသင့်ဘူး ထင်ရင် သင် ဘာသာ
သင်ကိုယ်တိုင် စိတ်ကြိုက်ဆက်ရေးနိုင်တယ်။ ပြီးပြီလို့ ထင်ရင်လည်း ပြီးလိုက်နိုင်တယ်။ ကျွန်တော်ကတော့ လက်ညောင်းလို့ တော်
သေးပြီ။

*

မိုးအိမ်လူ
၈ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ရှစ်

Wednesday, December 7, 2011

အများသူငါ ပိုင်ဆိုင်တဲ့ ပုံပြင်





နယ်နိမိတ် အစွန်း ။ ဘယ်ဒေသ ဘယ်အရပ်ရယ်လို့  သတ်မှတ်မနေတော့ဘဲ လောက ကမ္ဘာကြီးရဲ့ နယ်နိမိတ်အစွန်းမှာ ကျွန်တော်
ရပ်တည်။ ဟိုး ပြည်မ လို့ ခေါ်တဲ့ မြို့ကြီးကို လှမ်းငေးကြည့်တော့ အနက်ရောင် မီးခိုးတွေ တလူလူလွင့်လို့။ ကျွန်တော့်ကို ကန်ထုတ်
လိုက်သော စေတသိတ်များ။ ထိုစေတသိတ်များကို ငုံထားကြသော ခန္ဓာများ။ ထိုခန္ဓာများပေါ်မှာ တပ်ဆင်ထားသော မျက်နှာများ။
ကျွန်တော် မေ့ပစ်လိုက်ပါပြီ။ ကိုယ်နဲ့ မထိုက်တန်လို့ လွင့်မျောရတာပဲ ။ ကျွန်တော့်ဘေးမှာ ကဗျာဆရာရဲ့ ၀ိဥာဉ်ဟာ တည်ငြိမ်စွာ
ဖြူစင် ရပ်တည်လို့။

*

တကယ်တမ်းကျတော့ နတ်ဆိုးတွေဟာ မဆိုးသွမ်းကြပါဘူး။ နတ်ယုတ်တွေကသာ ကောက်ကျစ်တတ်ကြတာ။ နတ်ကောင်းယောင်
ဆောင်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ရက်ရက်စက်စက် စုတ်ဖြဲပစ်ကြတာ။ ကျွန်တော်မမုန်းပါဘူး။ အရာအားလုံးဟာ ထိုးဇာတ်တွေ
ချည်းပဲလေ။ ဘာအတွက်မှာ အမုန်းတရားတွေနဲ့ ပူလောင်နေစရာ မလိုဘူး မဟုတ်လား။ အဲဒီ ထိုးဇာတ်တွေကို နောက်ကျမှ သိခဲ့ရခြင်း
ကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပေါ့။ မီးကျွမ်းရာတွေ အပြည့်နဲ့ ကျွန်တော့်ရဲ့ အတိတ်စာမျက်နှာဟာ ကျွန်တော့် နှလုံးသားထဲမှာ
နွမ်းကြေ လို့။ ဘာအတွက်နဲ့ ပန်းရိုင်းတို့ ပွင့်နေကြရတာလဲ။ ကမ္ဘာကြီးဟာ ဘယ်လို လဲ။ လောကကြီးကကော ဘယ်လိုလဲ။
ကမ္ဘာနဲ့ လောက ကကော မတူဘူးလား။ လူတွေကတော့ အတူတူပဲ ထင်ပါရဲ့။ ဆိုးယုတ်တတ်တဲ့ နေရာမှာလေ။

*

အဆိုးတရားတွေ ချည်းကိုပဲ ဖွဲ့နွဲ့လို့တော့ စိတ်ညစ်ရုံပဲ ရှိမယ် ထင်ပါရဲ့။ မပြောတော့ပါဘူး။ အဲဒီ မြေခွေးတို့ မင်းမူတဲ့ ပုံပြင်တွေကို။
နတ်သမီးပုံပြင်လေးတွေပဲ နားထောင်ကြရအောင်လား။ ကြယ်စင်တို့ရေ ချွေချပေးလှည့်ပါဦး ။ နတ်သမီးပုံပြင်လေး တစ်ပုဒ်လောက်။
ကျွန်တော်က ညည်းရုံရှိသေးတယ်။ ကဗျာဆရာက ကဗျာတစ်ပုဒ် ရွတ်လိုက်တယ်။ နတ်သမီးပုံပြင်ပြောပြပါတဲ့။ ကြားဖူးကြတယ် ဟုတ်။
ဒီလိုပဲပေါ့။ ကျွန်တော်တို့ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် နတ်သမီးပုံပြင်လှလှလေးတွေ ရေးကြ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပန်း လှလှလေး
တွေပွင့်တဲ့ ဥယျာဉ်လေးတွေ စိုက်ကြ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အလှပဆုံး သီချင်းလေးတွေ ဆိုကြ။ အလှပဆုံး ယဉ်ကျေးမှုတွေကို
ကိုယ်ချင်းစာတရားတွေနဲ့ တည်ဆောက်ကြ။ ဘယ်လောက်များ လှပနေမလဲ။ ကမ္ဘာမြေကြီးဟာ နေခြည် ပျိုတို့နဲ့ လန်းဆန်းလို့
နေမှာပဲနော်။ ဒါတွေက စိတ်ကူး တွေပါလေ။

*

အလျားလိုက်ကော ဒေါင်လိုက်ကော ထိုးသွင်းထားတဲ့ လောကဓံဓားသွားပေါ်က အဆိပ်တွေဟာ ကျွန်တော့် ခန္ဓာထဲ ပျော်ဝင်ဖို့ တွန့်
ဆုတ်နေကြလေရဲ့။ သူတို့အရင် သူတို့ထက် ပြင်းတဲ့ အဆိပ်တွေက ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ရောက်နှင့်နေပြီးသားလေ။
သေလူထက် ပိုတဲ့ သေလူ။ ခက်တာက နှလုံးသားတွေဟာ တဆတ်ဆတ် ခုန်နေတုန်း။ ကျဉ်းထဲ ကျပ်ထဲမှာ ရှုရတဲ့ အောက်စီဂျင်က
မသန့်စင်ပေမယ့် အဆုတ်ကိုတော့ ကောင်းကောင်း အလုပ်ပေးနိုင်ခဲ့ပုံပဲ။ ထိခိုက်ရှနာတွေ အသွားစိပ်နေတာတောင်မှ ကျွန်တော်က
ပြုံးပြုံးကြီး နေနေခဲ့တာလေ။ မျက်ရည်တို့လည်း မျိုးသုဉ်းပျောက်ကွယ်ခဲ့တာကြာပြီ မို့လား။ နာကျင်တိုင်း ပြုမှုမိတဲ့ အပြုအမူက
ပြုံးရယ်ခြင်းပဲ တတ်နိုင်တော့တယ်။ ဘာထူးဆန်းလဲ။ နှုတ်ခမ်းတွေက ရယ်နေပြီး မျက်လုံးတွေက ငိုနေတဲ့သူတွေ လောက တစ်နံတစ်လျား
အပုံကြီးပဲ မဟုတ်လား။ နာကျင်တေးတွေ မကြားချင်တော့တာ တော့ အမှန်ပဲ။ အမှန်တွေလည်း မမှန်နိုင်တော့တာလည်း အမှန်ပဲ။

*

ပြောနေကြတိုင်းပြောရရင် ဒုက္ခတွေအတွက် ညည်းညူလိုက်ရုံသက်သက်ပါ။ စိတ် အနှောက်အယှက် ဖြစ်သွားရင် စိတ်မကောင်းပါဘူး။
တစ်ယောက်ရဲ့ ဝေဒနာကို တစ်ယောက်က ဖေးကူ ခံစားအားပေးရင်း ကျွန်တော်တို့ ယဉ်ကျေးမှုကို ကျွန်တော်တို့ မြှင့်တင်သွားရမှာပဲ
မဟုတ်လား။ အရာရာကို ဥပေက္ခာပြုနေရင်တော့ လူသားတွေ ပျောက်ကွယ် မျိုးသုဉ်းဖို့ အလားအလာကောင်းတွေ ဖြစ်လာတော့မှာပဲ။
မဆုံးတဲ့ ခရီးကို လျှောက်နေကြတဲ့သူချင်းအ တူတူ အတ္တတွေကို အိပ်မက်ထဲမှာ ထားခဲ့ပါလား။ လောဘ ဒေါသတွေကို အိပ်မက်ထဲမှာ
ထားခဲ့ပါလား။ မမြင်ချင်တဲ့ မျက်နှာတွေအတွက် သည်းခံစိတ်လေးနဲ့ ချစ်ခြင်းကို ကြိုးစားမွေးမြူလိုက်ရင် လောကကြီးဟာ ဘယ်လောက်
နေပျော်စရာကောင်းလိုက်မလဲနော်။ ဒါက စိတ်ကူးပါ။ နောက်ဆုံးတော့လည်း ကျွန်တော်အပါအ၀င် အားလုံးဟာ ကိုယ့်အတ္တအတွက်ပဲ
ကိုယ့်ကိုယ်ကို ရင်းနှီးပေးဆပ် တိုက်ပွဲတွေဝင် အသေအကြေ ခံခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ရိုးအီလွန်းနေတဲ့ ပုံပြင်တွေကို
အထပ်ထပ် အခါခါ မရိုးမအီ နားထောင်ရင်း အရှိတရားကို မျက်ကွယ်ပြုချင်နေတဲ့ ကလေးတစ်ယောက်ဟာ ကျွန်တော်ပေါ့။

* *  *

မိုးအိမ်လူ
၇ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ခွဲ

တောသီချင်း ( ၂ )




အားလူးတွေ စားရတာ
ဟမ္ဘာဂါ စားရတာ
နင်နေပြီလား

ဆိုလို့ အဆင်မပြေတဲ့ သီချင်းတွေ
ဘာလို့ကြိုးစားပမ်းစား ဆိုနေမှာလဲ
အဆင်ပြေတဲ့သီချင်းပဲ ဆိုကြမယ်လေ
ယီး လေး လေး
ယီး လေး ရို။


မိုးအိမ်လူ

Tuesday, December 6, 2011

ကျွန်တော် ဇာတ်လမ်းကို စ လိုက်ရအောင်။





ကျွန်တော် ဇာတ်လမ်းကို စ လိုက်ရအောင်။
ဇာတ်လမ်းကို စ ဖို့ က ဘယ်နေရာက စ ရမလဲ။ စဉ်းစားရတာ ကျပ်တယ်။ စာကို စာလို မရေးချင်တာက ဘာအကျင့်မှန်းမသိ။
ဘယ်လို အစပျိုးပြီး ဘယ်လို ဇာတ်လမ်းဆင်ပြီး ဘယ်လို ဇာတ်ကွက်ချပြီး ဘယ်လို ဇာတ်ရှိန်တက်ပြီး ဘယ်လို ဇာတ်သိမ်းရမလဲ။
ရင်နင့်အောင်လို ရေးရင် ကောင်းမလား။ နေလင်းထွန်းလို ရေးရင် ကောင်းမလား။ မင်းယုမာန်လို ရေးရင် ကောင်းမလား။ လောလော
ဆယ် စိတ်ထဲမှာ အကြိုက်တွေ့နေတာက သူတို့ ရေးဟန်တွေပဲ အကြိုက်တွေ့နေတာဆိုတော့ သူတို့လိုပဲ ရေးချင်နေတယ်။
ခက်တာက ဇာတ်လမ်းကို စ ရေးမယ်ကြံကာမှ ကျွန်တော်ဇာတ်လမ်းက ပျောက်နေတာပဲ။ ဗိုင်းရပ်စ် စတိုင်လ် ခိုးရရင် ဇာတ်လမ်းဆိုပြီး
ခေါင်းစဉ်တပ်လိုက်တာပဲ အေးမယ် ထင်တယ်။ အဟဲ။ အဲ့လို လည်း မဖြစ်သေးဘူး။ တော်ကြာ ဗိုင်းရပ်စ်က သူ့မပြောဘဲ သူ့စတိုင်လ်
ယူသုံးတယ်ဆိုပြီး ကိုယ့်လာကိုက်နေမှာ ၀င်းဒိုးကျသွားရင် ခက်ဦးမယ်။ ကဲ စဉ်းစားစမ်း ဘယ်လို စ ရေးရမလဲ။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
သူမရဲ့ လက်ကလေး နွေးနေတယ် တကယ်။ ကျွန်တော့်လက်တွေပါ နွေးသွားတယ် တကယ်။ သူမ က ကျွန်တော့်ကို ပြုံးပြတယ် တကယ်။
ကျွန်တော် သူမကို ပြန်ပြီးပြုံးပြမိသလား ပြုံးမပြမိဘူးလား မသိဘူး တကယ်။ ခက်နေတာက သူမ ရဲ့ အချစ်ကို ကျွန်တော် ရပြီလား
မရသေးဘူးလား ဆိုတာ သေသေချာချာ မသိသေးဘူး တကယ်။ သူမကလည်း ဘာမှမပြောဘူး တကယ်။ ဒီနေ့ ကျမှာ ရာသီဥတုက
လည်း အသားကုန် သာတယ် တကယ်။ သူမရဲ့ ခေါင်းမှာ နှင်းဆီဖြူပွင့်လေးပန်ဆင်ထားတာ အရမ်းလှတယ် တကယ်။ အဲဒါကို
ကျွန်တော် သူမကို ပြောမပြမိခဲ့ဘူး တကယ်။ ကျွန်တော်တို့ လျှောက်နေတဲ့ လမ်းကလေးမှာ ကျွန်တော်ရယ် သူမရယ် နှင်းဆီဖြူလေး
ရယ်ကလွဲပြီး ကျန်တာ ဘာမှ မရှိဘူး တကယ်။ ကျွန်တော် စိတ်တွေ လှုပ်ရှားလိုက်တာ တကယ်။ ကျွန်တော် ရင်တွေ ခုန်နေတာ တကယ်။
အဲဒီအကြောင်းက ဇာတ်လမ်း အစ တော့ မဟုတ်သေးဘူးဗျ။ ဇာတ်လမ်းရဲ့ အလယ်လောက်ကနဲ့ တူတယ်။ ကျွန်တော်က
ဇာတ်လမ်းအစကို ရေးချင်တာ ။ ကဲ ဇာတ်လမ်း အစကို ပြန်သွားရအောင်။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
မြန်မာနိုင်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတော့မှာ သေချာတယ် လို့ ထင်တယ်။ ကိုယ့် အိမ်ကိုပဲ ကိုယ် ဂရုစိုက်ပါ။
အခြား အီယောင်ဝါးတွေ လျှောက်ပြောမနေပါနဲ့။ မြန်မာ ဘောလုံးအသင်းကလည်း ဘယ်တော့မှ အာဆီယံ ဖလား ရမှာလဲ မသိပါဘူး။
ပြောရဦးမယ်။ မကွေးမှာ မိုးတွေ အုံ့ပြီး အရမ်းအေးနေတယ်ဗျို့။ တကယ်တော့ ဒါဟာ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။
ပိုစ့်မော်ဒန်ဟာ ဗဟိုချက်မဲ့တယ်။ ဦးတည်ချက်လားရာတွေဟာ တစ်နေရာတည်းကို သွားနေတာမဟုတ်ဘဲ နေရာအနှံ့ကို ပြန့်ထွက်
နေတယ်။ ပိုစ့်မော်ဒန်ဟာ မော်ဒန်ကို ဝေဖန်ဆန်းစစ်တာပဲ တဲ့။ ပိုစ့်မော်ဒန်ကို မသိနားမလည် တဲ့ လူတွေက မော်ဒန်လွန်လို့ ဘာသာ
ပြန်ကြသတဲ့။ ဒါက ဒီနေ့ ဖတ်မိတဲ့ ဆောင်းပါးထဲက ဟာတွေ။ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
တကယ်တော့ သူမ ကျွန်တော့်ဆီ ပြန်မလာတာ နှစ် အတော်ကြာပြီ။ သူမ အကြောင်း ရေးထားတဲ့ အချစ်ဦးဆိုတဲ့ ၀တ္ထုတို တစ်ပုဒ် ရှိ
တယ်။ ၀တ္ထုထဲမှာတော့ ကျွန်တော် ရူးသွားတယ်။ ၀တ္ထု မဟုတ်တဲ့ ဒီ ၀တ္ထုထဲမှာတော့ ကျွန်တော် မရူးသေးဘူး။ သူမက အတွေး တွေ
အရမ်းတွေးတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် တွေးတယ်။ ကျွန်တော်က ဘာမှ မတွေးဘူး။ အဲဒီ အတွက် သူမက ကျွန်တော့်ကို
သဘောမကျဘူး။ အရေးမကြီးပါဘူး။ ကိုယ်မဟုတ်တဲ့ အခြားလူတွေ သဘောကျအောင် နေထိုင်ဖို့ အမေက မွေးပေးထားတာမှ
မဟုတ်တာပဲ နော့။ သူမ က ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် စပ်ပေးတယ်။ ခပ်ပိန်းပိန်း လူငယ်တစ်ယောက် လောကကြီးမှာ
ရည်ရွယ်ချက် မရှိ ရှင်သန်နေပုံ အကြောင်းပေါ့။ သူမ ကဗျာစာရွက် ပေးတဲ့နေ့က ကျွန်တော်တို့ ကန်ဘောင်ပေါ်က ထိုင်ခုံလေးမှာ
အတူထိုင်ခဲ့ကြတယ်။ ကန်ရေပြင်သေးသေးလေးဟာ လေ အလွင့်မှာ လူးလို့ပေါ့။ သူမ က စကားလည်း နည်းသေးတာ။ ကျွန်တော်က
လည်း စကားအရမ်းများတဲ့သူ မဟုတ်လေတော့ ဆယ်မိနစ်လောက်နေတော့ ပြောစရာစကားက မရှိတော့ဘူး။ ဒီလိုနဲ့ အဲဒီညနေက
အဲဒီအတိုင်း ကြီး ဘာမှမပြောကြဘဲ အချိန်ကုန်သွားကြတယ်။ ဒါလည်း ဇာတ်လမ်းရဲ့ အစ မဟုတ်သေးဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
ကဗျာအရေးအသားတွေဟာ စကားပြေ ဆန်လွန်းလာပေမယ့် လူတွေ နားမလည်နိုင်ကြဘူး။  သာမန် အရပ်သုံး ဘာသာစကား
အခြား အလကာင်္ နိမိတ်ပုံ တွေ ဘာမှ မပါဘဲ ရိုး၇ိုးသားသားရေးနေတာကို လူတွေ နားမလည်နိုင်ကြဘူး။ ဘာလို့လဲ။ ရေးသူတွေက
စကားလုံးတွေ စာသားတွေကို အစိတ်စိတ်အမွှာမွှာ ပိုင်းပစ်တယ်။ ပညာရှင်ဆန်တဲ့ စကားလုံးတွေသုံးတယ်။ ပညာရှင်ဆန်တယ် ဆိုတာ
က သိပ္ပံစကားလုံးတို့ င်္ဇီဝဗေဒ အခေါ်အဝေါ် စကားလုံးတို့ နောက်ဆုံးပေါ် အိုင်ဒီယိုလော်ဂျီ စကားလုံး တွေ အမည်နာမတွေကို
သွတ်သွင်းရေးသားလာကြတယ်။ အဲဒီတော့ အဲဒီလို ကဗျာတွေကို ဖတ်ဖို့က တော်ရုံ စာပေ၀မ်းစာနဲ့က ဘယ်လိုမှ နားမလည်နိုင်ဘူး။
အချို့ သည်းမခံနိုင်တဲ့သူတွေက ပြောကြတယ်။ အရူးရေးသလို ပဲ။ ပေါက်တတ်ကရတွေ လျှောက်ရေးတာတဲ့။ ဟိုနေ့က မဂ္ဂဇင်း
အဟောင်း တစ်အုပ်ထဲမှာ အယ်ဒီတာက အရူးရေးတာက အရူးအသိပဲ ရှိမယ် ပညာရှင် ရေးတာက ပညာရှင် အသိ ရှိတယ်။ အကွာကြီး
ပါတဲ့။ ကျွန်တော်လည်း အဲဒီကိစ္စတွေ သိပ်တော့နားမလည်ဘူး။ ဇာတ်လမ်းကို ဇာတ်လမ်းလို မရေးချင် စာကို စာလို မရေးချင်တော့
နည်းနည်းတော့သဘောကျမိတယ်။ ကျွန်တော်ရောဒီစကားပြေ အရေးအသားတွေကို အပိုင်းပိုင်းအပြတ်ပြတ် ဖြတ်ပစ် လိုက်ရင်
ကောင်းမလား။ ဒီလိုလုပ်ရင် အသစ် ဖြစ်နိုင်သလား။ မဖြစ်နိုင်သေးဘူးဗျ။ ကျွန်တော်တို့ေ၇ှ့မှာကို ကျွန်တော်တို့လို ရူးတဲ့ ပညာရှင်
ကြီးတွေက ရှိနှင့်နေပြီ။ အဲဒီတော့ မလုပ်တော့ပါဘူး။ သစ်မှ မလာဘဲလေနော့။ ဒီအတိုင်းလေးပဲ ရေးတာ ကောင်းပါတယ်။
ဒါကကော ဇာတ်လမ်းနဲ့ ဆိုင်လို့လား။ ဇာတ်လမ်းရဲ့ အစ လား ။ ဆိုတော့လည်း မဟုတ်သေးဘူးဗျ။ စိတ်ရှည်ပါနော်။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
ဒီနေ့ ကျွန်တော် ချစ်တဲ့ မိုးတွေ ရွာတယ်။ မသည်းဘူး။ဖွဲဖွဲလေးရယ်။ သူမ နဲ့ ကျွန်တော် ကော်ဖီဆိုင်တစ်ဆိုင်မှာ။ သူမကတော့
ထုံးစံ အတိုင်း တစ်ခုခုကို စိတ်ဝင်စားနေတယ်။ ဘာကို စိတ်ဝင်စားနေသလဲ ဆိုတော့။ စာအုပ်တစ်အုပ်ထဲမှာ နှင်းဆီ ပွင့်ဖတ်တွေရယ်
စံပယ်ပွင့်ဖတ် တွေရယ် စကားဝါ ပွင့်ဖတ်တွေရယ် အစရှိသဖြင့်ပေါ့ဗျာ ကျွန်တော် မသိတဲ့ ပန်းပွင့်ဖတ်တွေကို ကပ်ပြီး ပန်းပွင့်ပုံ
ဖော်နေတာ။ ဘယ်လို ရူးတာလဲ မသိပါဘူး။ ပါးစပ်ကတော့ မပြောရဲဘူး။ ကျွန်တော်လည်းဒီအတိုင်းလေးပဲ သူမရဲ့ အလှကို ခိုးနမ်း နေရ
တယ်။ သူမရဲ့ ဆံနွယ်တွေက ဘေးတစ်ဖက်တည်းမှာ စုကျလို့။ သနပ်ခါး ပါးကွက်လေးကလည်း ပါးပါးလေးနဲ့ မျက်နှာမှာထင်းနေတယ်။
ဘယ်လောက် လှလိုက်မလဲ။ ကျွန်တော့်ကို ရူးစေတဲ့ အရာတွေပေါ့ဗျာ။ မိုးတွေကတော့ ရွာလို့ကောင်းနေတုန်း။ ကော်ဖီဆိုင်မှာ
သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းရယ်။ ခက်တော့ခက်တယ်။ သူမနဲ့ကျွန်တော် တွေ့လိုက်တိုင်း ပတ်ဝန်းကျင်မှာ ဘယ်သူမှ
ရှိမနေတတ်ဘူး။ အမြဲတမ်း ကျွန်တော်တို့ နှစ်ယောက်တည်းရယ်။ အဲ ကော်ဖီဆိုင်ဆိုတော့ ဆိုင်ပိုင်ရှင်တို့ ဆိုင်ဝန်ထမ်းတို့တော့ ရှိ
တာပေါ့နော်။ သူတို့ကလည်း ခပ်ဝေးဝေးမှာ သူတို့ အာရုံနဲ့သူတို့ပါ။ ကြာတော့ ဒီဖြစ်ရပ်ကြီးဟာ ဟုတ်ကောဟုတ်ရဲ့လားလို့ ကျွန်တော်
ထင်လာမိတယ်။ တော်ကြာ ရင်နင့်အောင် ကြီးရေးတဲ့ ၀တ္ထုထဲက ပန်းချီဆရာလို ဖြစ်နေရင် ခက်ဦးမယ်။ ကျွန်တော့်ဆီမှာတော့
အာရုဏ်ဦးငှက်တွေ မရှိပါဘူးလေ။ ညနေချိန် သီချင်းတွေပဲ တသာသာနဲ့။ အဲဒီ ပန်းချီဆရာထက်သာတာက သူမက ကျွန်တော်ရဲ့
မိဘတွေနဲ့ တွေ့ဖူး တာပဲ။ ရင်းနှီးတယ်ဆိုတဲ့ အဆင့်တောင် ရှိပါတယ်။ သေချာပါတယ်။ ကျွန်တော် မရူးနိုင်သေးပါဘူး။
ဒါလည်းကျွန်တော့် ဇာတ်လမ်း အစ မဟုတ်သေးဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
အနုပညာကို ကျွန်တော် ယုံကြည်တယ်။ ချစ်တယ်။ ရူးမက်တယ်။ ဒါပေမယ့် အဲဒီလို ရူးမက်လာတာကြာတော့ ကျွန်တော် အနုပညာကို
မယုံကြည်ချင်တော့ဘူး။ မချစ်ချင်တော့ဘူး။ အနုပညာဟာ တကယ်ကော ရှိရဲ့လားလို့ပေါ့လေ။သံသယတွေနဲ့။ ခေတ်တိုင်း ခေတ်တိုင်း
မှာ လူတွေဟာ အနုပညာတွေကို ဖန်တီးကြတယ်။ လမ်းဟောင်းအတိုင်း ဆက်သွားတဲ့သူတွေ ရှိသလို လမ်းသစ် ဖောက်တဲ့သူတွေလည်း
ရှိတယ်။ အဲဒီတော့ အနုပညာဟာ အမျိုးအစားပေါင်းစုံ အသစ်ပေါင်းစုံနဲ့ အကွဲကွဲ အပြားပြားဖြစ်လာတယ်။ ဘယ်ဟာက အမှန်တရားလဲ။
ဘ၀အတွက် အနုပညာဟာ ဘယ်လောက်အထိ အရေးပါသလဲ။ မသိတော့ဘူး။ ဘယ်လို ရွေးချယ်မှုတွေနဲ့ အနုပညာကို ကျွန်တော့်
နှလုံးသားမှာ ချိတ်ဆွဲရမှန်းမသိတော့ဘူး။ ခက်တယ်ဗျာ။ မှော် တဲ့။ ဖန်တီးမှု တဲ့။ အိုင်ဒီယာ တဲ့။ ပြုလုပ်မှု တဲ့။ ခံစားမှု တဲ့။
တကယ်တော့လည်း တကယ်ပါပဲ။ အနုပညာမရှိလည်း လောကကြီးက သေဆုံးသွားမှာမှ မဟုတ်ဘဲ။ အနုပညာမ၇ှိလို့လည်း
ကမ္ဘာကြီးဟာ လည်နေတာက ရပ်တန့်သွားမှမှမဟုတ်ဘဲ။ ကျွန်တော်တို့ ဘာတွေ ပူပန်နေစရာလိုသလဲ။ ကျွန်တော် အနုပညာကို
မချစ်လို့လည်း လောကကြီး ဘာမှ ဖြစ်သွားမှာမှမဟုတ်ဘဲ။ ကျွန်တော် အနုပညာကို မဖန်တီးလို့လည်း ကမ္ဘာကြီး ပျက်စီးသွားမှာမှ
မဟုတ်ဘဲ။ ဒီတော့ ဒီအတိုင်းလေးပဲ ။ တကယ်တော့လည်း တကယ်ပါပဲ ။ ဒါတွေဟာ ဒီဇာတ်လမ်းနဲ့ ဘာမှ မဆိုင်ပါဘူး။

*

ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။
သူမ ဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက် ဆိုတာထက် မပိုပါဘူး။ ကျွန်တော်ဟာ ကျွန်တော် ဆိုတာထက် မပိုပါဘူး။
သူမဟာ ကဗျာတစ်ပုဒ် မဟုတ်သလို ကျွန်တော်ဟာလည်း ကဗျာ ရေးသူ တစ်ယောက်မဟုတ်ပါဘူး။ ဆိုလိုတာက ကျွန်တော် ရေးစပ်
ထားတဲ့ ကဗျာတစ်ပုဒ်ဟာ သူမ မဟုတ်ဘူး။ သူမဟာ သူမ ဘာသာ သူမ သီးသန့် ဖြစ်တည်မှုနဲ့ သူမ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို
လူ့ဘ၀ ရခိုက်မှာ အပြည့်အ၀ အသုံးချနိုင်ခဲ့တဲ့သူ။ ကျွန်တော်ကတော့ ကျိုးပြတ်နေတဲ့ စာသားတွေနဲ့ အစိတ်စိတ်အမွှာမွှာ ခွဲစိပ်
ရောစပ်ခံထားရတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။ ကျွန်တာ့်ကို လူတိုင်း နားမလည်နိုင်လို့ စိတ်မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို ရေးခဲ့တဲ့
သူမကတော့ နားလည်သင့်တယ် မဟုတ်လား။ အခုတော့ ရင်နင့်အောင်ရဲ့ အာရုဏ်ဦးငှက်တွေဟာ ညနေချိန် ငှက်တွေနဲ့ အတူ
ကျွန်တော့်အခန်း ပြတင်းပေါက်ကနေ ထွက်ခွာ ပျံသန်းသွားခဲ့ကြပြီ။
ဒါဟာ ဇာတ်လမ်းရဲ့ အဆုံးလို့ သင် ထင်နေသလား။ မဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ အစလို့သင် ပြောင်းလဲ ထင်မြင်လိုက်ပြီလား။
မဟုတ်ပါဘူး။ ဘယ်ဇာတ်လမ်းမှ မ စ ရသေးသလို ဘယ်ဇာတ်လမ်းမှလည်း အဆုံးသတ်ဖို့ စိတ်ကူးမရှိကြဘူး။ သင့်ဇာတ်လမ်းကော။
ကျွန်တော့် ဇာတ်လမ်းကော။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဇာတ်လမ်းကိုတော့ စ သင့်တယ် မဟုတ်လား။
ကျွန်တော့် ဇာတ်လမ်းကို စ လိုက်ရအောင်။

* * *

မိုးအိမ်လူ
၆ ဒီဇင်ဘာ ၂၀၁၁
ည ဆယ်နာရီ

တောသီချင်း ( ၁ )



မနေ့က ဆိုလက်စ သီချင်းကို
ဒီနေ့မှာ ဆက် ဆိုတယ်

ကမ္ဘာကြီးက မျက်နှာမသစ်နိုင်အောင်
အလုပ်လုပ်နေတဲ့အချိန်
ငါကတော့
မျက်နှာမသစ်ဘဲ သီချင်းတွေပဲ ဆက် ဆက် ဆိုလို့
အချစ်များ သူ့ဆီမှာ။

မိုးအိမ်လူ

Monday, December 5, 2011

အချစ်သည် ရှိနေပါလိမ့်မည်





စိတ်လိုလက်ရ နေ့တစ်နေ့မှာ ထမ်းမထားရဘဲ ဖိစီးနေတဲ့ လောကဓံတွေကို ဖြည်ကြည့်မိတယ်။ အားလုံးဟာ စင်ပေါ်က အနိုင်ရသူ
မျက်နှာထားတွေနဲ့။ ဆိုးပါတယ်။ လေနံ့ မရှိတဲ့ လေတွေကို ရှုရှိုက်ပြီး ကျွန်တော် ဘယ်လောက်ကြာကြာ အသက်ရှင်ရဦးမှာလဲ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လည်း အခါခါ ကြိုးစားဖူးတယ်။ ကြိုးတစ်ချောင်း။ အဲဒီ ကြိုးတစ်ချောင်းရဲ့ ငြိတွယ် ဆွဲငင်မှုနဲ့ပဲ
အိပ်မက်ဆိုးတွေကို ကျွန်တော်အားယူ မောင်းထုတ်နေခဲ့ရတယ်။ တရားသလား မတ၇ားသလား။ ကျွန်တော် မတွေးချင်တော့ဘူး။
ဖြစ်ပျက်သမျှ အရာအားလုံးဟာ စိတ်ရှိလို့ မှားခဲ့တဲ့ အမှားတွေ မဟုတ်မှန်း ကျွန်တော်ကလွဲပြီး ဘယ်သူသိသေးသလဲ။ သိရင် လာအားပေး
လှည့်ပါဦး။

*

နေမသာတဲ့နေ့ လေမသာတဲ့နေ့။ အမှား ကောက်ကြောင်း လှလှ တစ်ပုဒ်ကို ကျွန်တော် ရေးခြစ်မိတယ်။ လောကကြီး ကောင်းချီး
သြဘာပေးပုံက ရက်စက်တယ်။ အချိန်တွေကို ရပ်တန့်ထားတယ်။ ( နာကျင်ခံစားချိန်ကြာအောင်လို့ )။ ဆိုးယုတ်မှု တေးထပ်တွေ တီး
မှုတ်ကြတယ်။ မကောင်းမြတ်ခြင်း သတင်းတွေ အဆက်မပြတ် ထုတ်လွှတ်ကြတယ်။ အရာအားလုံးဟာ အမှောင်သား အပြည့်နဲ့
ကမ္ဘာမြေမှာ ကျွန်တော့်အတွက် နေရာ ရှိမှရှိသေးရဲ့လားလို့ ထင်မိတဲ့အထိ။ ထားလိုက်ပါ။ လောကဓံဆိုးတယ်ဆိုတာ အားလုံးသိပြီး
သားပဲ။ ဒါပေမယ့် ကျွန်တော့်နတ်သမီးလေးကတော့ နာကျင်မျက်ရည်တွေ ရွှဲရွှဲစိုလို့။

*

@ချိန်းထားပြီး မလာခဲ့သော ချစ်သူကို ကျွန်မ စိတ်ဆိုးချင်ပါသည်။ ဒါပေမယ့် စိတ်ဆိုး မရပါ။ ကျွန်မကို အလေးမထားဘူးဟု စွပ်စွဲချင်ပါ
သည်။ စွပ်စွဲဖို့ မရဲပါ။ သူ့ကို ကျွန်မ စိတ်ပူနေခဲ့မိပါသည်။ ဟန်ဆောင်၍ မရခဲ့ပါ။ ကျွန်မ ဦးနှောက် က သူ့ကို ခွင့်မလွှတ်ချင်ပါ။
နှလုံးသားကတော့ ခွင့်လွှတ်ချင်သည်။ ဆန္ဒ မဟုတ်ပါ။ အတ္တ တစ်ခုသာ ဖြစ်ပါသည်။ ချစ်သူကို ပိုင်ဆိုင်ချင်မိသည်။ အတ္တ မဟုတ်ပါ။
အချစ်တစ်ခုသာ ဖြစ်ပါသည်။ သူ့ဘ၀မှာ ကျွန်မက အဓိကဖြစ်ချင်ပါသည်။ ဆန္ဒတစ်ခု မဟုတ်ပါ။ ...။ သူ့ပါးလေးကို ကျွန်မ နမ်းခဲ့
သည်။ သက်သေတစ်ခုဟု မဆိုချင်ပါ။ အချစ်က သက်သေ မပြချင်လောက်အောင် ပြီးပြည့်စုံခဲ့ပါသည်။ ချစ်သူရဲ့ ရင်ခွင်မှာ နားခို ချင်
မိပါသည်။ တပ်မက်မှု တစ်ခု မဟုတ်ပါ။ တောင့်တမှု တစ်ခုသာ ဖြစ်သည်။ ကျွန်မ သူ့ကို အရမ်းချစ်သည်။ ဦးနှောက်က ပြောသော
စကားမဟုတ်ပါ။ နှလုံးသားမှ ထွက်ကျလာသော စကားတစ်ခွန်းပါ။ သူ့ကို ကျွန်မ လွမ်းနေသည်ကို မညာချင်ပါ။ အမှန်တကယ်
လွမ်းမိပါသည်။ သူလည်း ကျွန်မကို လွမ်းနေမည်ဟု ထင်နေမိသည်။ မဟုတ်ပါ။ ယုံကြည်မိပါသည်။ ညနေကျရင် တွေ့ရမှာပါဟု
စိတ်ကို ဖြေနေခဲ့မိသည်။ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် တစ်ခုပါ။ သေချာပါသည်။ @

*

အချိန်သည် လွန်ခဲ့ပြီလား။ မသေချာပါ။ ကျွန်တော့်အတွက် မသေချာခြင်းသည်သာ သေချာနေပါသည်။ အတ္တတို့ အောင်ပွဲခံနေပြီ
လား။ သေချာချင် သေချာမည်။ မသေချင်လည်း မသေချာပဲ နေလိမ့်မည်။ အရေးမကြီးပါ။ လုပ်ရပ်က သက်သေပြပေလိမ့်မည်။
လရိပ်ဝေးသော ညများတွင် အလွမ်းတို့ အနွေးဓာတ်ပျောက်ရှလျက်။ အိပ်မက်တွေ တကယ်မကောင်းခဲ့ဘူး ချစ်သူရယ်။
သူမ၏ စာလွှာလေးတွေကို အခါခါ ပြန်ဖတ်ရင်း ကျွန်တော်ရဲ့ ညတွေ အိပ်ပျော်ဖို့ မေ့နေခဲ့မိတယ်။ ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးနဲ့
ဖွင့်ခဲ့တဲ့ ကျွန်တော့်ရဲ့ မနက်ဖြန်တွေ။ အို .. ဆိုးကြပါစေ ..ယုတ်ကြမ်းကြပါစေ.. ဘ၀အတွက် ဘာမှ မကျန်တော့ဘူးဆိုရင်တောင်
သူ့ရဲ့ အချစ်နဲ့ ဆက်သွယ်ထားတဲ့ ကျွန်တော့်အချစ်တွေ နှလုံးသားထဲမှာ ရှင်ဘုရင် ထိုင် ထိုင်နေဦးမှာပဲ မဟုတ်လား။
ကမ္ဘာဟာ လည်လို့ မညောင်းနိုင်သေးဘူး။ ကျွန်တော့်ရဲ့ လောကဓံနတ်ဆိုးတို့လည်း ကျီစယ်လို့ မ၀နိုင်သေးဘူး။ နာကျင်ရင်း
ရှင်သန်နေရတဲ့ စိတ်တစ်ခုအတွက် အကြင်နာအလင်းတစ်စဟာ ဟိုး အဝေးက ကောင်းကင် အနားသတ်မျဉ်းမှာ လင်းလက်လို့။
သေချာပါသည်။ ကျွန်တော်အတွက် အချစ်သည် သစ္စာတရားတစ်ခု အမှန်ကန်ဆုံးသော........။

* * *

@Venus Virgo@


မိုးအိမ်လူ
၅ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီခွဲ

ခင်ဗျားကို ကျွန်တော် ချစ်နေတယ်



သတိရခြင်း အကြောင်းမပါဘဲ ကျန်တာပြောရမယ်ဆို
ခင်ဗျားနဲ့ ပတ်သက်သမျှ အကုန် မေ့မရဘူး
ရမ္မက် လောဘတွေ မပါဘဲ စွဲလမ်းခြင်းက ပဲ
ကျွန်တော့်ဦးနှောက်ထဲကို ခင်ဗျားပုံရိပ်တွေ
အခါခါ တံဆိပ်ရိုက်
ခင်ဗျားက သိမယ်မထင်ဘူး သိဖို့လည်း သိပ်မလိုအပ်လှပါဘူး
ဘက်တစ်ခုတည်းမှာပဲ မီးပွင့်နေတဲ့ ကျွန်တော့်ရဲ့ မြတ်နိုးခြင်းတွေအတွက်
ခင်ဗျားရဲ့ ရောင်ပြန်ကိုလည်း အရေးတကြီး မွတ်မွတ်သိပ်သိပ် မလိုအပ်လှဘူး
ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုက
ခင်ဗျားကို ကျွန်တော် ချစ်နေတာပဲ။

မိုးအိမ်လူ

Sunday, December 4, 2011

သစ်ရွက်ကလေးတွေ ပြောတဲ့ ပုံပြင်




အိပ်မက် မဟုတ်တဲ့ အကြောင်း ကောင်းကင် က လာပြောတယ်။ ကိုယ် မယုံပါဘူး။ အရာအားလုံးဟာ အိပ်မက်ပဲ လေ။
ဒီလို ရူးသွပ်မှုတွေ သွေးမဆုံးခင်ကတည်းက အဲဒါတွေ အိပ်မက် ဖြစ်သွားတာ ကြာပြီ။ တကယ် ကိုယ် လိုအပ်နေတာကလည်း အိပ်မက်ပဲ
မဟုတ်လား။ ဘာတွေ လိုဦးမှာမို့လို့လဲ။ စကားတွေ ပြောခဲ့ပါတယ် တစ်ထောင့်တစ်ည။ ကတိတွေတော့ မပေးဖြစ်ဘူး။ ကိုယ်က ကတိ
တွေကို မယုံကြည်ဘူး။ ကိုယ့်ရဲ့ ရိုးသားမှုကိုတော့ အတတ်နိုင်ဆုံး ကိုယ် ဖွင့်ဆိုပြခဲ့ပါတယ်။ သူ မယုံရင်တော့ မတတ်နိုင်ဘူး။
နောက်ဆုံးတော့ ကြယ်စင်တွေလည်း ပျင်းလာပြီ ထင်ပါရဲ့။ ယိုင်တိယိုင်ထိုးနဲ့ အိမ်အပြန်လမ်းဘက် ထွက်သွားကြလေရဲ့။

*

နေ့မဟုတ်လျှင် ည ပဲ ဖြစ်သင့်သည်။ အခုတော့ ညနေခင်းတဲ့။ အပိုတွေ။ လူတွေက စကားတတ်တိုင်း ပေါက်တတ်ကရတွေ အကုန်
လျှောက် နာမည်တပ်နေတာ။ ထားပါ။ အချိန်ကိစ္စက ကိုယ့် အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက သူ ဘာပြောသလဲ။ သူ ဘာ
လုပ်နေသလဲ။ သူ ဘာတွေ တွေးနေသလဲ။ ပြတင်းပေါက်ဘောင်ကို ကျော်ပြီး သူ့ ဆံနွယ်တွေ ယိမ်းက နေတယ်။ ကိုယ် လွမ်းသွား တယ်။
တကယ်ဆို ကိုယ်တို့ အတည်တကျ တစ်ခုခုကို လုပ်သင့်တယ်မဟုတ်လား။ အခုလို မရေမရာ မှုန်ဝါးမှုကြီးနဲ့တော့ ကိုယ်တို့ နေ့စွဲတွေ
ကို အဟောင်းစာရင်း မသွင်းချင်ဘူး။ အခုဆို ကိုယ် ဆိုတဲ့သီချင်း သူလည်း ဆိုနေလောက်ရောပေါ့။

*

အဆစ်အပိုင်းတွေ တစ်ခုချင်းစီမှာ သစ္စာတရား လို့ ထွင်းထားတယ်။ သစ္စာတရားဆိုတော့ အမှန်တရားပေါ့။ အမှန်တရားဆိုတာ
တကယ်မှ မရှိဘဲ။ သူကတော့ အလှပဆုံး အပြုံးတစ်ခုကို ပေါ့ပေါ့ပါးပါး ပြုံးရယ်လို့။ ကိုယ် ရင်တွေ ခုန်လိုက်တာ။ ပွင့်ဖတ်လေးတွေ
မှာ သူ့ နာမည်လေးတွေ ရေးပြီး ကိုယ့် ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာ ထောင့်စွန်းတွေမှာ ကပ်ပေးနေတယ်။ ဒါဟာ အိပ်မက်မဟုတ်ဘူး။
ကိုယ်သိတယ်။ သူ့ ကိုယ်သင်းရနံ့လေးက လတ်ဆတ်နေတယ်လေ။ တစ်ခါတစ်ခါ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တယ် အရာတွေ
တကယ်ဖြစ်လာတော့ ချက်ချင်း အလွယ်တကူ မယုံချင်ပြန်ဘူး။ စိတ်က လည်း ခက်ပါတယ်။ လောလောဆယ်တော့ ကိုယ်မှာ
မြတ်နိုးခြင်းတွေသာ တတွင်တွင် စိမ့်ထွက်ရင်း သူ့ရဲ့ ဆံနွယ်လေးတွေ တစ်လျှောက် ရူးသွပ်လို့။

*

" ဒါဟာ အချစ်လို့ ရှင် ထင်နေတာလား "
" မဟုတ်ဘူးလား "
" မဖြစ်နိုင်ပါဘူး ။ မတော်တဆ ဖြစ်ပေါ်လာတဲ့ စိတ်ဆုံချက်လေးတစ်ခုပဲ လို့ ထင်တယ်။ "
" ဘယ်လို "
" ရှင် ဒီလို တစ်ခါမှ မခံစားဖူးဘူး မဟုတ်လား။ တစ်ခါမှလည်း ဒီလို မမြင်ဖူးဘူးလေ။
တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အရာတစ်ခုကို တွေ့ကြုံရတဲ့အခါ စိတ်တွေဟာ အလိုလို နိုးကြွလာတတ်ကြတယ်။ ပြီးရင်တော့
တစ်နေရာရာမှာ အချို့တွေ တိုက်မိကုန်တာပေါ့။ အဲ့လို တိုက်မိကုန်တဲ့အခါ ရှောခ့်ဖြစ်သလိုဖြစ်သွားကြပြီး နောက်ထပ် မတူတဲ့
စိတ်ခံစားမှုလေးတွေလည်း ပေါ်လာတတ်တယ် "
" အဲ့ဒါ အချစ်မဟုတ်ဘူးလား "
" မဟုတ်ပါဘူး "  ( ညင်ညင်သာသာလေး ပြောတာပါ )
" ဒါဆို ဘာလဲ "
" ပြောပြီးပြီလေ စိတ်ဆုံချက်လို့ "
" ရူးတာပဲ "
" ဟုတ်မှာပါ "
" ဒါဆို အချစ်ကကော ဘာလဲ "
" အချစ်က လောကမှာ တကယ်မ၇ှိဘူး "
" မဖြစ်နိုင်ဘူး "
" ယုံချင်ယုံ မယုံချင်နေလေ "
" ယုံချင်ပေမယ့် မယုံတော့ဘူး "
သံလွင်ခက်တို့ လေပြေ လျှောက်လမ်းမှာ ရုန်းကြွ ကခုန်ကြတဲ့ အခါ ထွက်ပေါ်လာတဲ့ သံစဉ်လေးလိုမျိုး သူက ရယ်မောလိုက်တယ်။
ကိုယ် လွမ်းသွားတယ်။

* * *

မိုးအိမ်လူ
၎ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်သုံးမိနစ်

Saturday, December 3, 2011

အတိတ်ရဲ့ ဖြစ်စဉ်ထဲမှာ နှင်း ကျမနေဘူး





ဂျီတော့ ပွင့်တော့ မိုးအိမ်ကို တွေ့လိုက်တယ်။ ဒီကောင်နဲ့ မတွေ့ဖြစ်တာလည်းကြာပြီ။ အဲဒါနဲ့ လှမ်းခေါ်လိုက်တော့ ဆရာသမားက
တော်တော်နဲ့ ပြန်စာ မလာဘူး။ အတင်းခေါ်မှ ဟဲဟဲ အရင်လာတယ်။ ဘာလုပ်နေလဲ မေးတော့ ဒီလိုပါပဲတဲ့။ သိတယ် ဒီကောင့် ဒီလိုပါပဲက
ဘယ်လိုလဲဆိုတာ။ နေကောင်းလားဘာညာမေးပြီး မြို့ သူငယ်ချင်းတွေအကြောင်း မေးရတယ်။ ကျွန်တော့်ဆီမှာက မြို့က သူငယ်ချင်း
အကောင့်ဆိုလို့ အဲဒီတစ်ကောင်ပဲရှိတာ။ ကျန်တဲ့ ကောင်တွေနဲ့က သိပ်အကြောမတည့်ဘူးလေ။ မိုးအိမ်က သူငယ်ချင်းတွေ အကြောင်း
ရောက်ရာပေါက်ရာ အကုန်ပြောပြတယ်။ ဆတ်ကြီးကောလို့ ကျွန်တော်က မေးတော့ မင်းကောင် သိပ် မဟုတ်ဘူး တဲ့။ ကျွန်တော်
လန့်သွားတယ်။ ဆက် ဘာဖြစ်လို့လဲပေါ့။ အရမ်းကို ပေပေတေတေ နေနေတာတဲ့။ ဟုတ်လို့လားလို့ ကျွန်တော် ပြန်မေးမိတယ်။
ဆက်က အဲ့လို ဘ၀ကို ရည်ရွယ်ချက်မရှိနေမယ့်သူမှ မဟုတ်တာ။ အေး ကျန်တဲ့သူတွေက အဲ့လို မြင်တာကို ပြောတာတဲ့။ ဒါဆို မင်းက
ကော ဘယ်လိုမြင်လဲလို့ ကျွန်တော်မေးတော့ မိုးအိမ်က တန်းပြန်မဖြေဘဲ နည်းနည်းကြာမှ  ဒီကောင် အခု ဂီတ ဘက်လိုက်နေတာကွ တဲ့။
ဂစ်တာတွေ တီးတယ်ကွာ။ ခွေကြမ်းတွေ လုပ်တယ်။ အကုန်ပဲဆိုပါတော့။ ငါ့အထင်တော့ ဒီကောင် ဂီတဘက်မှာ အောင်မြင်အောင်လုပ်ဖို့
ကြိုးစားနေတယ်ထင်တာပဲ တဲ့။ ဒါပေမယ့် ပတ်ဝန်းကျင် အမြင်မှာတော့ ဘာမှမလုပ်ဘဲ တစ်နေကုန် ဂစ်တာတကိုင်ကိုင်နဲ့ဆိုတော့
မကောင်းပြောကြတာပေါ့ကွာ တဲ့။ အင်း အဲ့ဒါတော့ ဟုတ်မှာ။ ဆက်က ဘယ်အလုပ်မဆို ပြီးမြောက်အောင် အောင်မြင်အောင် လုပ်တတ်
တယ်။ သူ စိတ်မ၀င်စားရင် အနံ့တောင် ခံတာ မဟုတ်ဘူး။ အေး ငါလည်း အဲ့လိုပဲ ထင်ပါတယ်လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
အရမ်းကြီးလည်း ပေမနေနဲ့ဦးလို့ ပြောခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ဆက်သွယ်ဖို့လည်း ပြောလိုက်တယ်။ မိုးအိမ်ကတော့
အေးပါ ဆိုပြီး ပြန်တော့မယ် တာ့တာ လုပ်သွားတယ်။ ကျွန်တော်လည်း ဘယ်သူနဲ့မှ ပြောချင်စိတ်မရှိတာနဲ့ အောက်ပြီး အပြင်ထွက်ခဲ့
တယ်။ အပြင်မှာ နှင်းတွေက ကျလို့။ ဆက်တို့ ဆီမှာတော့ နှင်းတွေ ကျမှာမဟုတ်ဘူး။ အေးတော့ အေးနေလိမ့်မယ် ထင်တယ်။
                         ဒီလိုနဲ့ ဘားမှာ ၀ီစကီ ထိုင်သောက်ရင်း ဆက် အကြောင်း ပြန်တွေးနေမိတယ်။ ဟိုး အရင် ဘယ်လောက်ကြာပြီလဲ
ဆိုတာ ကျွန်တော်တောင် မမှတ်မိတော့ဘူး။ လေးငါးနှစ် မကလောက်တော့ဘူး။ ကျွန်တော် မြို့မှာ ရှိတုန်းက ဒီလို ဒီဇင်ဘာလကြီးပဲ
ဆက်နဲ့ ကျွန်တော် အရက် အတူသောက်တာကို မှတ်မိသေးတယ်။ အဲဒီတုန်းက  ဘာလို့ သောက်ကြမှန်းတော့ မမှတ်မိတော့ဘူး။
ဆက်တို့ အိမ်မှာ။ ဆက်ရဲ့ မိဘတွေ ဘုရားဖူးထွက်သွားကြတော့ အိမ်မှာ ဆက် တစ်ယောက်တည်း ရှိတာနဲ့ အဲဒီမှာပဲ နှစ်ယောက်သား
ဝိုင်း ဖွဲ့ ဖြစ်သွားတာ။ အရက်သောက်ရင်း ပေါက်တတ်ကရ ပြောကြပေါ့။
                          ငါ့ကို နှင်းက မာယာများတယ် တဲ့ကွ လို့ ကျွန်တော်က ဆက်ကို ပြောပြတော့ ဆက်က ခေါင်းထောင်လာတယ်။
ဟုတ်တယ် အဲဒီတုန်းက ကျွန်တော်တို့ အဖွဲ့ကြားမှာ အက်ကြောင်း ထဖို့ အစ ဦးကာလ။ မင်းက ဘာကို မာယာများရတာလဲ လို့
ဆက်က နားမလည်သလိုမေးတယ်။ မသိဘူးကွ ..သူပြောတာကတော့ ငါက ဘာမှ နားမလည်ချင်ယောင် စိတ်မ၀င်စားချင်ယောင်
ဆောင်နေတာတဲ့။ အဲ့လို ဟန်ဆောင်ပြီးတော့ လူတွေဆီက ငါ လိုချင်တာတွေ ယူလို့ ယူမှန်းမသိအောင် ယူနေတာတဲ့။ ဟေ ဆိုပြီး
ဆက်တစ်ယောက်အံ့သြသွားတယ်။ မင်းကို တိုက်ရိုက်ပြောတာလားလို့လည်း မေးတယ်။ အင်း ဟုတ်တယ် လို့ ကျွန်တော်လည်း
အမှန်တိုင်း ဖြေလိုက်တယ်။ အေးကွာ ။ သူ လောကကြီးကို မြင်ပုံကလည်း တစ်မျိုးပဲကွ။ ငါတို့နဲ့ မတူဘူး လို့ဆက်က မှတ်ချက် ချ
တယ်။ အေး ဟုတ်တယ် ဆိုပြီး ကျွန်တော်လည်း ထောက်ခံမိတယ်။
                          မင်းကော ငါ့ကို ဘယ်လိုမြင်လဲလို့ ကျွန်တော် ဆက်ကို မေးမိတယ်။ ဆက်က ထ ရယ်တယ်။ မင်းကို ငါက
ဘယ်လို မြင်ရမှာလဲကွ။ မင်းက လူပဲလေ ဟဲဟဲ လူနဲ့ တူတာပေါ့တဲ့။ ကျွန်တော် လည်း ဆဲမိတယ်။ အဲဒါတော့ မင်းပြောမှပဲ ။
နှင်း ပြောသလို ဟုတ်သလား လို့ မေးတာ လို့ ရှင်းပြရတယ်။ အင်း ဒါကတော့ ငါလည်း မပြောတတ်ဘူး။ သူ့ အမြင်မှာ မင်းက
အဲ့လို ဖြစ်နေပေမယ့် မင်းအမြင်မှာတော့ မင်းက အဲ့လိုလူ မဟုတ်ဘူးလို့ မြင်မှာပဲ။ ဘယ်အရာမဆို ကိုယ်မြင်တဲ့ အမြင်အရတော့
မှန်နေတာပဲ မဟုတ်လား။ သူက မင်းကို ဘယ်လို ကြည့်လဲမှမသိတာ။ ရိုးရိုးကြည့်တာပါကွာလို့ ကျွန်တော်က ရိလိုက်တယ်။
ဆက်က ရယ်တယ်။ အမှန်တော့ ငါတို့ အဖွဲ့က ငကြောင် အဖွဲ့ပဲကွ လို့ ဆက်ပြောပြန်တယ်။ ကျွန်တော်လည်း ကြောင်သွားတယ် ။
သူပြောမှပဲ။ ဘာလို့ ကြောင်တာလဲကွ လို့ မေးတော့ ဟုတ်တယ်လေ ။ ငါတို့ အဖွဲ့ သူငယ်ချင်းတွေအားလုံးက အခြား ငါတို့နဲ့
အရွယ်တူ နဲ့ ယှဉ်ကြည့်လိုက်ရင် နေပုံ ထိုင်ပုံ တွေးပုံ တွေက တူမှမတူပဲ။ လူငယ်တွေ ဆိုပြီး လူငယ်တွေလိုလည်း မနေဘူး။
ကိုယ်နဲ့ မဆိုင်တာတွေ အကြီးကြီးတွေ တွေး အကြီးကြီးတွေ လုပ် အကြီးကြီးတွေ ပြောနဲ့။ အဲဒီတော့ ကျန်တဲ့ ကောင်တွေ အမြင်မှာ
ငကြောင်တွေ ဖြစ်နေတာပေါ့ လို့ ပြောတယ်။ ဟာ မဟုတ်သေးပါဘူးလို့ ကျွန်တော်လည်း ငြင်းမိတယ်။ ကျွန်တော်တို့က ကျွန်တော်
တို့ ခံယူချက် နဲ့ ကျွန်တော်တို့ ကိုယ် လိုချင်တဲ့ ဘ၀ကို တည်ဆောက်နေကြတဲ့သူတွေချည်းပဲ။ လူငယ် လို နေတယ် မနေဘူး ဆို
တာကိုတော့ ကျွန်တော်လည်း သိပ် မသိဘူး။ အဲဒါနဲ့ ဆက်ကို မေးမိရော။ လူငယ်လိုနေတယ် ဆိုတာ ဘယ်လိုတုန်း လို့ မေးတော့
မင်းကလည်းကွာ ပိန်းပါ့ ။ အခု ငါတို့နဲ့ ရွယ်တူတွေ ဘယ်လိုနေလဲ။ ကျောင်းတက်ချိန်မှာ ကျောင်းတက် ။ ကျောင်းနားချိန်မှာ ကိုယ်
စိတ်ဝင်စားတာ ဖျော်ဖြေရေးတစ်ခုခုလုပ်။ ကျောင်းလစ်ချင် လစ်။ ရည်းစားထားချင်ထား။ အာ အစုံပဲပေါ့ကွာ တဲ့။ ကျွန်တော်လည်း
သက်ပြင်းချမိတယ်။ လွဲတော့ လွဲနေပြီ လို့ပြောမိတယ်။ အဲဒီအခါ ဆက်က အလန့်တကြား ဟေ့ကောင် အရက်တွေ ဘယ်ရောက်
ကုန်လဲတဲ့။ ကျွန်တော်လည်း အဲဒီအခါမှ အရက်ပုလင်းကြည့်မိတယ်။ ပြောင်သလင်းခါလို့။ ဟိတ်ကောင် မင်း တော်တော် သောက်
တဲ့ကောင်လို့ ကျွန်တော်က ဆက်ကို ပြောတော့ မှတ်တောင်ထားရဦးမယ် မင်းလည်း သောက်နေတာပဲ အတူတူ ထည့်ပြီး အတူတူ
သောက်တာကို ငါ့လာပြောနေသေးတယ် အဲဒါကြောင့် မင်းကို ငကြောင်လို့ ပြောကြတာ ဆိုပြီး ကျွန်တော့်ကို ဖဲ့ပါလေရော။
ကျွန်တော်လည်း ရယ်မိတယ်။ အရက်က တစ်တောင့်နော် ဟေ့ကောင် တဲ့ ဆက်က မယုံသလို ပြောတယ်။ ဟုတ်တယ် ငါတို့
သောက်နေကြ လစ်မစ်ထက် တော်တော်ကျော်သွားပြီကွ ၊ မင်း မူးနေပြီလားလို့ ကျွန်တော် မေးတော့ မမူးဘူးကွ တဲ့။ ငါလည်း မမူးဘူး
လို့ ကျွန်တော်က ပြောပြီး ဆက်သောက်ချင်သေးတယ်ကွာ လို့ ပြောမိတယ်။ လာကွာ အပြင်သွားချမယ်တဲ့။ အချိန် က သန်းခေါင်
ကျော်နေပြီ။ ဘယ်သွားရှာမှာလဲလို့ ကျွန်တော်က မေးတော့ ငါ သိတယ် လိုက်ခဲ့စမ်းပါကွာ ဆိုပြီး ရှေ့က ထွက်သွားလေရဲ့။
                                အပြင်မှာ တော်တော်အေးနေပြီ။  ကျွန်တော်တို့ နှစ်ယောက် ကုပ်ကုပ်နဲ့ လမ်းလျှောက်ထွက်လာတုန်း
တံတားနားရောက်တော့ တံတားအောက်က ခုံမှာ မိုးအိမ်ကို တွေ့တယ်။ ဆရာသမားက တစ်ယောက်တည်းအရက်တစ်တောင့် ဖြိုနေ
တာ။ တစ်ဝက်ကျိုးနေပြီ။ ဆက်က ပြေးသွားပြီ နရင်း အုပ်တယ်။ ဟိုကောင်လည်း ရုတ်တရက် လန့်ပြီး နောက်မှ ဆက်မှန်းသိတော့
ဆဲပါလေရော။ မင်းတို့ နှစ်ကောင်က ညကြီးအချိန်မတော် ဘာကိစ္စ အပြင်ထွက်နေတာလဲတဲ့ သူက မေးသေးတာ။ ကျွန်တော်တို့လည်း
အဆဲလေးတွေ ကိုယ်စီ စကားဦးသန်းပြီးမှ မင်းက မေးရသေးတယ်။ မင်းက တစ်ယောက်တည်း ဘာလို့ ထိုင်သောက်နေတုန်း။
အပြင်မှာ အေးက အေးနဲ့။ သေချင်နေပြီလား။ လို့ မေးတော့ အဟီးဆိုပြီး သွားဖြဲပြတယ်။ ချဦးလေလို့လည်း ဖိတ်ခေါ်သေး တာ။
ကျွန်တော်တို့လည်း အကိုက်ကျသွားပြီး သုံးယောက်ဝိုင်း ဖွဲ့ဖြစ်သွားရော။ မင်းက ဘာလို့ တစ်ယောက်တည်း ဒီမှာ ထိုင်သောက်နေ
တာလဲလို့ ဆက်က ပြန်မေးပြန်တယ်။ ပျင်းလို့ကွ တဲ့။ အေးတာပဲ။ ဒီကောင်က အဲဒီကတည်းက ကဗျာလေးဘာလေး လျှောက်ရေးနေ
ပြီ။ ကျွန်တော်တို့ စကားတွေ ပေါက်ရာရောက်ရာ ပြောပြီး သောက်စားနေလိုက်ကြတယ်။
                                  ခဏနေမှ ဆက်က မိုးအိမ်ကို မင်းက ကဗျာရေးတဲ့ကောင်ဆိုတော့ မေးရဦးမယ်။ ဟိုကောင်က ခေါင်းးညိတ်
ပြတယ်။ မင်း အချစ်ဆိုတာကို ဘယ်လို ထင်လဲတဲ့။ ကျွန်တော်သိလိုက်တယ်။ ဒီကောင် နှင်း ဆုံးဖြတ်တာကို သိပ်သဘောကျပုံ မရဘူး။
မိုးအိမ်က အံ့သြသလို ဆက်ကို ပြန်ကြည့်တယ်။ ပြီးမှ မင်းနဲ့ ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့နှစ်ယောက်လည်း ကြောင်သွားတယ်။
ဟုတ်တယ်လေ။ မင်းနဲ့ ဟိုကောင်ရော မင်းတို့ငါးယောက်လုံး နဲ့ အချစ်နဲ့ က ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကိုပါ
မေးတာ။ ဟ ဆိုင်တာပေါ့ကွ။ ငါတို့လည်း လူပဲ၊ ချစ်တတ်တာပေါ့လို့ ဆက်က ပြောတော့ သွားစမ်းပါတဲ့ ဆရာသမားက။ မင်းတို့
တကယ်လည်း မချစ်တတ်ကြဘဲနဲ့ အချစ်အကြောင်းမမေးစမ်းပါနဲ့တဲ့။ ကျွန်တော်တို့လည်း ထပ်ကြောင်သွားတယ်။ မင်းဟာက
မဟုတ်သေးပါဘူးလို့ ကျွန်တော်က ပြောတော့။ ငါသိပါတယ်တဲ့။ မိုးအိမ်က ပြောရင်း အရက်ခွက်ကို ကောက် မော့တယ်။ မင်းတို့
လောကကြီးကို ကြည့်တဲ့ ထောင့်ကနေ အချစ်ကို မမြင်ရဘူး။ ဆိုလိုတာက မင်းတို့ လောကကြီးကို မြင်တဲ့ အမြင်မှာ အချစ်ဆိုတာ
အရေးမပါဘူး။ တကယ်မရှိဘူး။ မယုံစားဘူး။ ဟုတ်တယ်မလား ။ အမှန်တိုင်းပြောတဲ့။ ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှ မပြောနိုင်
ဘူး။ ခက်တာက ကျွန်တော်ကိုယ်တိုင်လည်း မဟုတ်ဘူးလို့ မငြင်းနိုင်သလို ဟုတ်တယ်လို့ ၀န်ခံဖို့ကျတော့လည်း တစ်ခုခုက တစ်နေ
တယ်။ ဆက်က ဟုတ်ပါပြီလေ ထားပါ။ မင်းကို ငါက မေးတာ ။ အချစ်ကို ဘယ်လို ထင်လဲ ဘယ်လိုမြင်လဲပေါ့။ လို့ မေးတော့
ငါလည်း မင်းတို့ နဲ့ သိပ်မထူးပါဘူးတဲ့ ။ အေးတာပဲ။ ဟင် မင်းက အချစ်ကဗျာတွေ ရေးနေတဲ့ကောင်လေ ။ အချစ်ကို မယုံဘူးလား။
အချစ်မရှိဘူးလားလို့မေးတော့။ အဟဲ အဲ့ဒါ လျှောက်ရေးတာတွေ ။ငါလည်း ဘာမှသိတာမဟုတ်ဘူးတဲ့။
ကျွန်တော်တို့နှစ်ယောက်လည်း ရယ်မိတယ်။ ဟိုကောင်လည်း ရယ်လို့။ အဲဒီနောက် ကျွန်တော်တို့ ဆက်ပြီး ကိုယ် မယုံကြည်ရာတွေ
ပြောဖြစ်ခဲ့ကြတယ်။
                     အပြင်မှာ နှင်းတွေ ကျတုန်း။ ဟိုကောင်နှစ်ကောင်လည်း အခုချိန် ၀ီစကီ သောက်နေမလားပဲ။ ကျွန်တော်လည်း
တော်တော်သောက်မိသွားတယ်။ ဆိုင်ပိတ်ချိန်ရောက်တော့ မှ အခန်းပြန်ဖြစ်တယ်။ နှင်းတွေကတော့ ကျတုန်း။

မိုးအိမ်လူ
၃ ဒီဇင်ဘာ ၂၀၁၁
ည ဆယ်နာရီ

Friday, December 2, 2011

ကဗျာ





ကဗျာဖတ်ဖို့ သင် ရောက်လာပြီပေါ့
ကြိုဆိုပါတယ်ဗျာ

ဒါဟာ ကဗျာတစ်ပုဒ်ပေါ့
ကဗျာဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေးတစ်ပုဒ်ပေါ့


ဒါကို ကဗျာမဟုတ်ဘူးလို့  သင် တွေးထင်နေသလား
တကယ့်တော့ ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေး တစ်ပုဒ်ရယ်ပါ
အခြား ဘာမှ မပါဝင်တဲ့ ကဗျာ သီးသန့် ကဗျာလေး တစ်ပုဒ်ရယ်ပါ
သင် က အချစ်ကဗျာလို့ မျှော်လင့်ထားတာလား
သင် က ဘ၀ကဗျာလို့ မျှော်လင့်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ အခြား လောကရဲ့ ဖြစ်တည်မှုတွေ တစ်ခုမှ
ရောစပ်ထားခြင်းမရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

သင် က မော်ဒန် ကဗျာလို့ ထင်ထားတာလား
သင် က ပိုစ့် မော်ဒန် ကဗျာလို့ ထင်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ သတ်မှတ်ချက် ဘောင်တွေ ဗေဒတွေ တစ်ခုမှ
စွန်းထင်းခြင်း မရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

ကဗျာဆိုတဲ့ ကဗျာလေးကလွဲပြီး
အခြား
ဘာမှ မရှိတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့

သင့်ရဲ့ မျှော်လင့်ခြင်းတွေကို
ကောင်းစွာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက်
ဝမ်းနည်းပါတယ်
ဘာပဲဖြစ်ဖြစ်
သင် ကဗျာ ဖတ်လိုက်ရပြီပဲ မဟုတ်လား

ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကလွဲပြီး
အခြား ဘာမှ မဖြစ်နိုင်တော့တဲ့
ကဗျာလေးတစ်ပုဒ်ရယ်ပါ.။

မိုးအိမ်လူ

Thursday, December 1, 2011

ငါ့လက်ထဲက အာဒံ လုယူသွားတဲ့ သစ်သီး




ကောင်မလေး၏ စာမျက်နှာ

ကျွန်မ သူ့ ကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ဒါ သူ့ ဘက်က တမင်တကာကို လုပ်နေတာ။ ကျွန်မ သူ့ အပေါ် ချစ်တဲ့ အချစ်တွေကို သူ မလေးမစား လုပ်တာ။ ကျွန်မကို စော်ကားတာပဲ။ ကျွန်မ အရင်က ရည်းစား တွေများခဲ့ပါတယ်။ ဒါဟာ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ။ ကျွန်မမှာ အဲဒီ အားနည်းချက်ရှိလို့  ( သူ ကျွန်မကို  တကယ်ချစ်တာလို့ ယုံကြည်မိလို့  ) ကျွန်မ သူ့ အပေါ် အများကြီး ကောင်းခဲ့တယ်။ သူ့ရဲ့ပျက်ကွက်မှုတွေ ၊ သူ ကျွန်မအပေါ် အနိုင်ကျင့်တာတွေကို သည်းခံခဲ့တယ်။ ( ကျွန်မ ကိုယ်တိုင်ကလည်း သူ့ ကို အရမ်း ချစ်မိသွားတယ်လေ )။
ကျွန်မ အရင်က ရည်းစားများခဲ့တယ်ဆိုတာကလည်း တပြိုင်တည်း နှစ်ယောက် သုံးယောက် ထားခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကတော့ ရည်းစားထားတိုင်း တစ်ဘ၀လုံးစာ သေချာစဉ်းစားပြီးမှ ထားခဲ့တယ်။ ဒါပေမယ့် သူတို့ကတော့ အကြောင်း အမျိုးမျိုးနဲ့ ကျွန်မ ဘ၀ထဲက ထွက်သွားခဲ့တယ်။ တစ်ယောက်ပြီး တစ် ယောက်။ အဲဒီလို ရည်စားတွေ အများကြီး ထားခဲ့လို့ ကျွန်မကို ယောကျာ်းတွေ ကောင်းကောင်းသိတယ်လို့  ထင်သလား။ လုံးဝပဲ။ ကျွန်မက အချစ်ကိုပဲ သက်ဝင်ခံစားနေခဲ့မိတာ။ အချစ်ကိုပဲ ယုံကြည်ကိုးကွယ်နေမိခဲ့ တာလေ။ အခုတော့ အဲဒီ အချစ်ကြောင့်ပဲ ကျွန်မ နာကျင်နေရပြီ။ ကျွန်မ မျက်ရည်ကျနေရပြီ။ အကြိမ်ကြိမ်ပဲပေါ့။
သူ…။ သူ့ ကို ဘာကြောင့် ကျွန်မ အရမ်းချစ်မိသွားသလဲ ဆိုတာ ကျွန်မကိုယ်တိုင် နားမလည်ခဲ့ဘူး။ မသိခဲ့ဘူး။ သူလား။ သူ က အရမ်းတော်တဲ့ လူတစ်ယောက်လို့တော့ မထင်လိုက်လေနဲ့။ သူက သာမန် ခပ်ချာ ချာ ယောကျာ်းတစ်ယောက်ပါပဲ။ တော်တဲ့ နေရာ အနည်းငယ်တော့ ရှိပါတယ်။ သူက ကျွန်မအတွက် ကျွန်မ ကြိုက်တဲ့ ကဗျာလေးတွေ ရေးတတ်တယ်။ ရံဖန်ရံခါ ကျွန်မကို ပျော်ရွှင်အောင် လုပ်နိုင်တယ်။
( အခါများစွာမှာတော့ ကျွန်မကို နာကျင်မှုတွေနဲ့  မျက်ရည်ကျစေခဲ့တဲ့သူ )။
ကျွန်မဘ၀က ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်မချမ်းမြေ့မှုတွေ နဲ့  အချိန်တိုင်းလိုလို နာကျင်ခံစားမှုတွေ ပဲ ပြည့်နှက်နေခဲ့တယ်လေ။ မိသားစုအရေး ၊ အိမ်တွင်းရေး ၊ လူမှုရေး တွေနဲ့ စိတ်တွေ ပင်ပန်းနွမ်းလျနေခဲ့တဲ့ အချိန်တွေမှာ သူက ကျွန်မကို စကားလုံးလှလှလေးတွေနဲ့ အားပေးခဲ့တယ်။ သူဟာ ရင့်ကျက် တည်ငြိမ်တဲ့ ယောကျာ်းတစ်ယောက်လို့  ကျွန်မ ယုံကြည်ခဲ့မိတယ်။ ( အဲဒီတုန်းကပေါ့ ) ။ ကျွန်မ စိတ်တွေ ညစ်တိုင်း သူ့ကို  တမ်းတတတ်လာတယ်။ သူ့ကို အားကိုးမိလာတယ်။ သူသာ ကျွန်မဘေးနားမှာရှိရင် ကျွန်မ ဘ၀ လုံခြုံ  အေးချမ်းပြီး  ပျော်ရွှင်သာယာလာလိမ့်မယ်လို့ ထင်မိတဲ့ အထိပဲ။ အခုတော့..။
အချိန်တွေ ကြာလာတာနဲ့အမျှ သူဟာ သူများကို နာကျင်သွားအောင် စကားပြောတတ်တဲ့သူ။ သူများ စိတ်ညစ်မှ ပျော်ရွှင်တတ်တဲ့သူ။ ကိုယ့်ချစ်သူ ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ မစဉ်းစားတတ်တဲ့သူ။ ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးတဲ့သူ ။ ကိုယ့်ချစ်သူအတွက် ဘာမှ ဖြည့်ဆည်းနိုင်စွမ်း မရှိတဲ့သူ။ … အစ ရှိသဖြင့် မကောင်းတဲ့ အကျင့်စရိုက်များစွာနဲ့  ခပ်ညံ့ညံ့ ယောကျာ်းတစ်ယောက်ဆိုတာ  ကျွန်မ တဖြည်းဖြည်းနဲ့   သိလာတယ်။ အဲဒီလိုသိလာလို့  သူ့ ကို မမုန်းမိဘဲ ပိုပိုပြီး ချစ်လာတဲ့ ကျွန်မကို ကျွန်မ အံ့သြလို့ မဆုံးနိုင်ဘူး။ ကျွန်မ အရင် ရည်းစားတွေဆို ကျွန်မ မကြိုက်တာ တစ်ခုရှိတာနဲ့ ကျွန်မက တန်းပြောတာပဲ။ သူတို့ကလည်း  ကျွန်မအတွက်ဆို အရာအားလုံး ပြင်ဆင်ဖို့ အဆင်သင့်။ ကျွန်မ သဘောအတိုင်းပဲ။ ကျွန်မက သူ့ကို အဲဒီလို နှိုင်းယှဉ်ပြီး ပြောရင် သူက လုံးဝမကြိုက်ဘူး။ စိတ်ဆိုးတတ်တယ်။ သူ စိတ်ဆိုးရင် ကျွန်မ ဘယ်လိုမှ မနေတတ် ဘူး။ ကျွန်မ ဘက်ကပဲ အရင် အလျှော့ပေးရတယ်။ ကျွန်မတော့ ၀ဋ်လည်ပြီ ထင်ပါရဲ့။
အဆိုးရွားဆုံး ကိစ္စကတော့ သူ့မိဘတွေက ကျွန်မကို မတူသလို မတန်သလို ပြောကြတာပဲ။ ကျွန်မကို ပြောတုန်းက ကျွန်မ သည်းခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ မိဘတွေ ဆွေမျိုးတွေအထိ စော်ကားမော်ကား ပြောလာတော့ ကျွန်မ လုံးဝ သည်းမခံနိုင်တော့ဘူး။ ပြီးတော့  အဲဒါတွေက လည်း ကျွန်မကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ ကျွန်မ ပြန်ကြားနိုင်မယ့် ပတ်ဝန်းကျင်ကို ပြောကြတာဆိုတော့ ကျွန်မမှာ သိက္ခာလည်း ကျ ..အဲဒီ အတွက် ပြန်ပြောရအောင်ကလည်း ကိုယ့်ကို တိုက်ရိုက်လာပြောတာမဟုတ်ဆိုတော့ ကျွန်မမှာ ဒေါသ ထွက်ရုံ က လွဲပြီး ဘာတတ်နိုင်မှာလဲ။ သူ့ ကို အဲဒီအကြောင်းတွေ ကျွန်မ ပြောပြတော့ အံ့သြစရာကောင်းလောက် အောင် သူ က တေမိဇာတ် က နေလေရဲ့။ သူများမိသားစု ကျွန်မကြောင့် စိတ်ဝမ်းမကွဲစေချင်လို့ ( သူ့ ကို ချစ်  တာလည်း ပါတယ်ထင်ပါရဲ့) ကျွန်မ အဲဒီ အကြောင်းကို ဘာမှ ဆက်မပြောတော့ဘူး။ ကျွန်မ ညီမလေးကတော့ ဒေါသတွေ ထွက်လို့ပေါ့။ ကျွန်မမှာ ကိုယ့် ထက် အငယ် တစ်ယောက်ရဲ့ ရှေ့မှာ ကျလိုက်တဲ့ သိက္ခာတွေ။  ကျွန်မ အရှုံးကြီး ရှုံးနေပါပြီ။
ဒီလို ကိစ္စတွေ ဖြစ်ခဲ့ပြီးတာတောင် သူက ကျွန်မကို ပိုပြီး ဂရုတစိုက် မလုပ်တဲ့ အပြင် ကျွမ် မငိုငိုအောင် ရက်ဆက်လုပ်နေတယ်လေ။ ကျွန်မ သူ့အတွက် မျက်ရည်တွေ  အများကြီး ကျခဲ့ရပါတယ်။ နှလုံးသားတွေ ကွဲ ကြေမတတ် နာကျင်ခံစားခဲ့ရပါတယ်။ အခုတော့…. သူက ကျွန်မရဲ့အချစ်တွေကို အလေးအနက်မထားတဲ့  အပြုအမူတွေ လုပ်လာတယ်။ ကျွန်မ ဘယ်လိုစိတ်မျိုးနဲ့ သူ့ ကို သည်းခံ ခွင့်လွှတ်ပေးရမလဲ။ ဘယ်လိုချစ်ခြင်း မျိုးနဲ့  သူ့ ကို နားလည်ပေးရမလဲ။ နာကျင်မှုတွေ ရက်ဆက်နေတဲ့  ကျွန်မ နှလုံးသားဟာ ဆက်လက်နာကျင်ရ  မှာကို ကြောက်နေပါပြီ။ ကျွန်မ သူ့ကို ဆက်ပြီး ချစ်နေဖို့ ကတော့….။
ကျွန်မဟာ ဧ၀ ကိုက်ဝါးခဲ့တဲ့ သစ်သီးကို ဆက်လက် ကိုက်ဝါးမိခဲ့တဲ့ အဆိပ်သင့် ငှက်တစ်ကောင်ပါ…။

                                               *
ကောင်လေး၏ စာမျက်နှာ

ကျွန်တော် သူ့ ကို အရမ်းချစ်ပါတယ်။ အရမ်းလည်း အလေးထားတယ်။ ဒါပေမယ့် ကျွန်တော် ကျွန်တော့်ရဲ့ အလေးထားမှုတွေကို ဖော်ပြနိုင်ဖို့ မစွမ်းသာခဲ့ဘူး။ကျွန်တော်ဟာ ညံ့ဖျင်းတဲ့ ယောကျာ်း တစ် ယောက်ပါ။ ကျွန်တော်ဟာ ယောကျာ်း မပီသတဲ့ ယောကျာ်း တစ်ယောက်ပါ။ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် မထားနိုင်တဲ့ သူ။ ကိုယ့်ချစ်သူကို ကာကွယ်မပေးနိုင်တဲ့သူ။ ချစ်သူရဲ့လိုအင်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့သူ။
သူ…။ သူဟာ ကျွန်တော့်ဘ၀အတွက် ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါ။ ကျွန်တော့်ဘ၀ရဲ့  အကောင်းဆုံးမိန်းမတစ်ယောက်။ ကျွန်တော်ရဲ့ လစ်ဟာမှုတွေ ၊ ကျွန်တော့်ရဲ့ ပျက်ကွက်မှုတွေ ၊ ကျွန်တော့်ရဲ့  ညံ့ဖျင်းမှုတွေကို သည်းခံ ခွင့်လွှတ်နားလည်ပေးခဲ့သူပါ။ ကျွန်တော့်ကြောင့် သူ  မျက်ရည် အကြိမ်ကြိမ် ကျခဲ့ရတယ်။ ကျွန်တော့်ကြောင့် သူ အကြိမ်ကြိမ် နာကျင် ခံစားခဲ့ရတယ်။ အဲ့ဒီလို ခံစားခဲ့ရလို့ လည်း ကျွန်တော့် ကို မမုန်းဘဲ အမြဲ ချစ်နေတဲ့သူ။ အဲ့ဒီလို ကျွန်တော့်အပေါ် ကောင်းတဲ့ မိန်းမတစ်ယောက်ကိုမှ ကျွန်တော်က မညှာမတာ နာကျင်မှုတွေ ဆက်လက် ခံစားစေခဲ့မိတယ်။
သူ့ဘ၀မှာ ပျော်ရွှင် စိတ်ချမ်းမြေ့မှုတွေ အလွန်ရှားပါးခဲ့တယ်ဆိုတာ ( သူ မျက်ရည်ကျတိုင်း သုတ်ပေး နေကျ ) ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ ခံစားမှုတွေ ရှိတယ်။ အိမ်တွင်းရေး ၊ လူမှုရေး တွေနဲ့ ပတ်သက်ပြီး ပုံမှန်လူတစ်ယောက်ထက် ပိုတဲ့ နာကျင်ခံစားမှုတွေ ရှိတယ်။ ကျွန်တော် သူ့ကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်။ သူ ပျော်ရွှင်အောင် ကျွန်တော်လုပ်တဲ့ နည်းက သူ့အတွက် ပိုပြီး နာကျင်စေခဲ့ရတယ်ဆိုတာ…..။ ကျွန်တော်က လူတစ်ယောက်ကို နာကျင်အောင် လုပ်ပြီးမှ  အဲဒီလူ လိုချင်  တာ ပေးလိုက်တဲ့အခါ  ပျော်ရွှင်သွားတဲ့ အပျော်မျိုးကို သဘောကျတယ်။ နာကျင်ပြီးမှ ပျော်ရတဲ့ အပျော်ဟာ သာမန်ပျော်ရွှင်မှုတွေထက် ပိုပြီး စိတ်ကို ကြည်နူးစေတယ်လို့ ကျွန်တော် ထင်တယ်လေ။
ကျွန်တော့် တွက်ကိန်း မှားခဲ့တယ်။ သူ မျက်ရည်ကျပြီး နာကျင်ရတာပဲ ရှိခဲ့တယ်။ ဒဏ်ရာတွေပဲ ထပ် ကာထပ်ကာ သူ ရခဲ့တယ်။ ဒါတွေဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုတွေ ၊ ကျွန်တော်ရဲ့ အလိုက်မသိမှုတွေပဲ ဆိုတာ ကျွန်တော် သိပါတယ် သိလို့  ပြင်ခဲ့သလား ဆိုတော့လည်း …. ဟင့်အင်း  မပြင်ခဲ့ပါဘူး ။ ဆက်လက် ဆိုးသွမ်း  ဖို့ပဲ  ကျွန်တော် စဉ်းစားခဲ့တယ်။ ဒါဟာ …. ကျွန်တော်ရဲ့ စရိုက်ဆိုးတွေပဲ ။ အကျင့်ဆိုးတွေပဲ ။ သူက ဒါတွေ သိနေပေမယ့် ကျွန်တော့်အပေါ် အချစ် မလျော့ဘဲ ပိုလို့သာ ချစ်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ဘ၀ဟာ အထီးကျန်မှုတွေနဲ့  ခြောက်သွေ့နေတဲ့  ကမ္ဘာတစ်ခုလိုမျိုးပါ။ ကျွန်တော့် မိဘ တွေဟာ အိမ်ထောင်တစ်ခု ကောင်းမွန်ပြည့်စုံဖို့အတွက် လောကဓံကို အလူးအလဲ တွန်းလှန် / ခံ နေရတယ်။ ကျွန်တော်တို့ သားသမီးတွေ အပေါ် နွေးထွေး ကြင်နာဖို့ အချိန်မရခဲ့ကြဘူး။ ဒါတွေကို ကျွန်တော် နားလည် ပါတယ်။ ဒါပေမယ့် …. လူပဲဗျာ။ အခြားလူတွေ ပျော်ရွှင်တာမြင်ရင် ၊ အခြားလူတွေ အကြင်နာ အယုအယ အပြု စု ခံနေရတာ မြင်ရင် ကျွန်တော်လည်း ခံစားချင်တာပေါ့။သူက ကျွန်တော့်ဘ၀မှာ တစ်ခါမှ မရရှိ မခံစားဖူးခဲ့တဲ့ ကြင်နာနွေးထွေးမှုတွေ ၊ ပြုစု အလိုလိုက်မှုတွေ ကို ပေးစွမ်းခဲ့တယ်။ ကျွန်တော် ဘယ်လောက် ဘ၀င်မြင့်မိလိုက် မလဲ။ ကျွန်တော် သူ့အပေါ် အများကြီး ဆိုးခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ၀န်လည်း ၀န်ခံပါတယ်။
ကျွန်တော်က ကဗျာလေး စာလေး တွေ ဟိုစပ်စပ် ဒီစပ်စပ် ရေးတယ်။ သူက ကျွန်တော့်ရဲ့ ကဗျာလေး တွေကို ချစ်တယ်။ ကျွန်တော် သူ့အတွက် ကဗျာလေးတွေ ရေးပေးရင် သူ အရမ်းပျော်နေတတ်တယ်။ သူ ကျွန်တော့်ကို စိတ်ကောက်တိုင်း ကျွန်တော်က ကဗျာလေးတွေ ရေးပေးလိုက်ရင် သူ စိတ်ကောက် ပြေသွားရော။ ကျွန်တော်တို့မှာ ပျော်ရွှင်စရာ ရွှေရောင် နေ့ရက်လေးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်..။
ထုံးတမ်း အစဉ်အလာနဲ့  ပြောင်းပြန်အချိုးကျစွာ ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော်တို့အကြောင်း သိသွားပြီး  သူ့အကြောင်းတွေကို စုံစမ်းခဲ့တယ်လေ။ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ခပ်ညံ့ညံ့ စုံထောက် တွေရဲ့ သတင်းပေးချက်နဲ့ ကျွန်တော့်မိဘတွေဟာ သူရဲ့ မကောင်းသတင်းတွေကို လွဲမှားစွာ အတည်ပြုလိုက် တယ်။ ကျွန်တော်နဲ့ သူမဟုတ်တဲ့ အခြားသော ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သူတို့ ( ကျွန်တော့်မိဘတွေ )  ရဲ့ စိုးရိမ်သောကတွေကို ဖြန့်ပြလေရဲ့။ သူတို့ အစိုးရိမ်လွန်နေခဲ့ကြတာပါ။ ကျွန်တော်တို့နှစ်ယောက်လုံး အသိ ဥာဏ်မဲ့တဲ့သူတွေမှ မဟုတ်ဘဲ။ ဆင်ခြင်ဥာဏ်မရှိတဲ့သူတွေမှ မဟုတ်ဘဲ။ မိုက်မဲတဲ့သူတွေ မဟုတ်ဘူး။ သူတို့  ကျွန်တော်တို့ကို ယုံကြည်မှုမပေးနိုင်ခဲ့ကြဘူး။  အကျိုးရလဒ်ကတော့ သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းခြင်းပဲ။
မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကို စုတ်ပြတ်သတ်အောင် ဆွဲဖြဲခံနေရချိန်မှာ သူ့ရဲ့ ချစ်သူက ဘာမှ ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ဘူးဆိုတော့ အင်မတန် နာကျင်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူ ကျွန်တော့်ကို မမုန်းခဲ့ဘူး။ ကျွန်တော်ဟာ ချစ်သူနဲ့ မိဘ ကြားမှာ တာဝန်မကျေတဲ့ ချစ်သူတစ်ယောက်၊ မလိမ္မာတဲ့ သားတစ် ယောက် ဖြစ်ကျန်ရစ်ခဲ့တယ်။ဒါဟာ ကျွန်တော် ဘယ်လိုမှ ဖြေရှင်းလို့ မတတ်တဲ့ လောကဓံ ပုစ္ဆာတစ်ပုဒ်ပါ။ သေချာတာကတော့ ကျွန်တော် ညံ့ဖျင်းခဲ့တယ်ဆိုတာပဲ။ အဲဒီ ကိစ္စအတွက် နာကျင်နေတဲ့ သူ့ကို ကျွန်တော် ပျော်ရွှင်အောင် ထားဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်ရဲ့ လူတစ်ယောက် ကို အကောင်းဆုံး ပျော်ရွှင်နည်းနဲ့ပဲ  လေ။ မှားခဲ့ပြန်ပါတယ်။ သူ နာကျင်ခဲ့ရတယ်။ ကျွန်တော် ညံ့ဖျင်းခဲ့တယ်။
ကျွန်တော်ဟာ ရေလိုက်လွဲနေတဲ့ မြစ်တစ်စင်းပါ။

                                 *
နာကျင်ရက်စက်မှု ရက်စွဲများ ……နှင့်…… အလွန်

မိုးရွာပြီးစ ကောင်းကင်ဟာ ထင်ရက်စရာ မရှိအောင် တိမ်စတိမ်န တွေနဲ့ ကြည်စင်တောက်ပ နေလေ  ရဲ့။ နာရီတွေနဲ့ ရန်ဖြစ်ထားတဲ့ ကောင်လေးဟာ အချိန်နဲ့လည်း မသင့်မြတ်ခဲ့ဘူး။ အခါလွန်အိပ်မက်တွေ ကပို ကရို နဲ့ ကောင်လေးရဲ့ တာဝန်မဲ့မှုမှာ ကောင်မလေးဟာ မျက်ရည်တွေကို မျက်နှာထက်မှာ သည်းထန်စွာ ရွာသွန်းပေးခဲ့ရတယ်။
ချစ်ခြင်းတရားရဲ့ သမိုင်းအကြောင်းကို ပြောကြတိုင်း ချစ်သူတွေရဲ့ ပြင်ပ ပတ်ဝန်းကျင် ရိုက်ခတ်မှု  ကြောင့်  ဖြစ်ပေါ်လာတဲ့  ပဋိပက္ခ က ပိုပြီး အဓိက ကျနေခဲ့တယ်။ အဲဒီအရာတွေဟာ ချစ်ခြင်းတရား ဖွံ့ ဖြိုး ကြီး ထွားစေဖို့ အဓိက အကြောင်းအရင်းတွေလည်း ဖြစ်လာခဲ့ပြန်တယ်။ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းနဲ့ ၀မ်းနည်း ကြေ ကွဲဖွယ်  ဇာတ်သိမ်း ကွဲပြားကြပေမယ့် နောက်ဆုံးမှာ ချစ်သူတွေဟာ ချစ်ခြင်းတရားကို  ရနံ့ ခိုင်ခိုင်မာမာ နဲ့ တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာ အချစ်ရဲ့ မှော်ပေါက်မှုပဲ။
မုန်တိုင်းထန်တဲ့  နေ့စွဲတွေ လွန်ခဲ့ပြီ။ အိပ်မက်တွေ ကောင်းမလာကြသေးဘူး။ အပျက်အစီး အယို အယွင်း တွေနဲ့ နောက်ဆက်တွဲ ရှင်သန်မှု ဒုက္ခိတတွေက ပိုလို့ နာကျင်စရာကောင်းနေသေးတယ်။  နေခြည် တွေ မလာသေးဘူး။ ပန်းတွေ မပွင့်သေးဘူး။ ကမ္ဘာကြီး မနိုးထသေးဘူး။
ဘာတွေဖြစ်လာမလဲ။ ကောင်းခြင်း နဲ့ ဆိုးခြင်း ကြားမှာ ချစ်ခြင်းတရားဟာ တုံဏိဘာဝေ။ ကုလားဖန် ထိုးထားပြီးပြီ ဆိုပေမယ့် ရွေးချယ်ထားတဲ့ ဖဲချပ်လေးကို မကြည့်ရဲသေးဘူး။ ကံကြမ္မာဟာ.. အရူးလား။ ဘုရား သခင်လား။ သေမင်းလား။ နတ်ဘုရားလား။ တုန်ရီနေတဲ့ ကံကြမ္မာ ဖဲချပ်လေးပေါ်ကို အိပ်မက်တစ်ပုဒ် လွတ် ကျသွားတယ်။

                                 *

သစ္စာတရားသည် ကမ္ဘာ့နံရံထက်၌ ရေးထွင်းထားခြင်း မဟုတ် ။
သူ ၊ သူမတို့၏ နှလုံးသားနံရံထက်၌ ရေးထွင်းထားခြင်းသာ ဖြစ်သည်။

                                 *

                                                                                              မိုးအိမ်လူ


Teen ဖူးငုံ မဂ္ဂဇင်း ၊ ဒီဇင်ဘာ.၊ ၂၀၁၁