Sunday, December 4, 2011

သစ်ရွက်ကလေးတွေ ပြောတဲ့ ပုံပြင်




အိပ်မက် မဟုတ်တဲ့ အကြောင်း ကောင်းကင် က လာပြောတယ်။ ကိုယ် မယုံပါဘူး။ အရာအားလုံးဟာ အိပ်မက်ပဲ လေ။
ဒီလို ရူးသွပ်မှုတွေ သွေးမဆုံးခင်ကတည်းက အဲဒါတွေ အိပ်မက် ဖြစ်သွားတာ ကြာပြီ။ တကယ် ကိုယ် လိုအပ်နေတာကလည်း အိပ်မက်ပဲ
မဟုတ်လား။ ဘာတွေ လိုဦးမှာမို့လို့လဲ။ စကားတွေ ပြောခဲ့ပါတယ် တစ်ထောင့်တစ်ည။ ကတိတွေတော့ မပေးဖြစ်ဘူး။ ကိုယ်က ကတိ
တွေကို မယုံကြည်ဘူး။ ကိုယ့်ရဲ့ ရိုးသားမှုကိုတော့ အတတ်နိုင်ဆုံး ကိုယ် ဖွင့်ဆိုပြခဲ့ပါတယ်။ သူ မယုံရင်တော့ မတတ်နိုင်ဘူး။
နောက်ဆုံးတော့ ကြယ်စင်တွေလည်း ပျင်းလာပြီ ထင်ပါရဲ့။ ယိုင်တိယိုင်ထိုးနဲ့ အိမ်အပြန်လမ်းဘက် ထွက်သွားကြလေရဲ့။

*

နေ့မဟုတ်လျှင် ည ပဲ ဖြစ်သင့်သည်။ အခုတော့ ညနေခင်းတဲ့။ အပိုတွေ။ လူတွေက စကားတတ်တိုင်း ပေါက်တတ်ကရတွေ အကုန်
လျှောက် နာမည်တပ်နေတာ။ ထားပါ။ အချိန်ကိစ္စက ကိုယ့် အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက သူ ဘာပြောသလဲ။ သူ ဘာ
လုပ်နေသလဲ။ သူ ဘာတွေ တွေးနေသလဲ။ ပြတင်းပေါက်ဘောင်ကို ကျော်ပြီး သူ့ ဆံနွယ်တွေ ယိမ်းက နေတယ်။ ကိုယ် လွမ်းသွား တယ်။
တကယ်ဆို ကိုယ်တို့ အတည်တကျ တစ်ခုခုကို လုပ်သင့်တယ်မဟုတ်လား။ အခုလို မရေမရာ မှုန်ဝါးမှုကြီးနဲ့တော့ ကိုယ်တို့ နေ့စွဲတွေ
ကို အဟောင်းစာရင်း မသွင်းချင်ဘူး။ အခုဆို ကိုယ် ဆိုတဲ့သီချင်း သူလည်း ဆိုနေလောက်ရောပေါ့။

*

အဆစ်အပိုင်းတွေ တစ်ခုချင်းစီမှာ သစ္စာတရား လို့ ထွင်းထားတယ်။ သစ္စာတရားဆိုတော့ အမှန်တရားပေါ့။ အမှန်တရားဆိုတာ
တကယ်မှ မရှိဘဲ။ သူကတော့ အလှပဆုံး အပြုံးတစ်ခုကို ပေါ့ပေါ့ပါးပါး ပြုံးရယ်လို့။ ကိုယ် ရင်တွေ ခုန်လိုက်တာ။ ပွင့်ဖတ်လေးတွေ
မှာ သူ့ နာမည်လေးတွေ ရေးပြီး ကိုယ့် ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာ ထောင့်စွန်းတွေမှာ ကပ်ပေးနေတယ်။ ဒါဟာ အိပ်မက်မဟုတ်ဘူး။
ကိုယ်သိတယ်။ သူ့ ကိုယ်သင်းရနံ့လေးက လတ်ဆတ်နေတယ်လေ။ တစ်ခါတစ်ခါ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တယ် အရာတွေ
တကယ်ဖြစ်လာတော့ ချက်ချင်း အလွယ်တကူ မယုံချင်ပြန်ဘူး။ စိတ်က လည်း ခက်ပါတယ်။ လောလောဆယ်တော့ ကိုယ်မှာ
မြတ်နိုးခြင်းတွေသာ တတွင်တွင် စိမ့်ထွက်ရင်း သူ့ရဲ့ ဆံနွယ်လေးတွေ တစ်လျှောက် ရူးသွပ်လို့။

*

" ဒါဟာ အချစ်လို့ ရှင် ထင်နေတာလား "
" မဟုတ်ဘူးလား "
" မဖြစ်နိုင်ပါဘူး ။ မတော်တဆ ဖြစ်ပေါ်လာတဲ့ စိတ်ဆုံချက်လေးတစ်ခုပဲ လို့ ထင်တယ်။ "
" ဘယ်လို "
" ရှင် ဒီလို တစ်ခါမှ မခံစားဖူးဘူး မဟုတ်လား။ တစ်ခါမှလည်း ဒီလို မမြင်ဖူးဘူးလေ။
တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အရာတစ်ခုကို တွေ့ကြုံရတဲ့အခါ စိတ်တွေဟာ အလိုလို နိုးကြွလာတတ်ကြတယ်။ ပြီးရင်တော့
တစ်နေရာရာမှာ အချို့တွေ တိုက်မိကုန်တာပေါ့။ အဲ့လို တိုက်မိကုန်တဲ့အခါ ရှောခ့်ဖြစ်သလိုဖြစ်သွားကြပြီး နောက်ထပ် မတူတဲ့
စိတ်ခံစားမှုလေးတွေလည်း ပေါ်လာတတ်တယ် "
" အဲ့ဒါ အချစ်မဟုတ်ဘူးလား "
" မဟုတ်ပါဘူး "  ( ညင်ညင်သာသာလေး ပြောတာပါ )
" ဒါဆို ဘာလဲ "
" ပြောပြီးပြီလေ စိတ်ဆုံချက်လို့ "
" ရူးတာပဲ "
" ဟုတ်မှာပါ "
" ဒါဆို အချစ်ကကော ဘာလဲ "
" အချစ်က လောကမှာ တကယ်မ၇ှိဘူး "
" မဖြစ်နိုင်ဘူး "
" ယုံချင်ယုံ မယုံချင်နေလေ "
" ယုံချင်ပေမယ့် မယုံတော့ဘူး "
သံလွင်ခက်တို့ လေပြေ လျှောက်လမ်းမှာ ရုန်းကြွ ကခုန်ကြတဲ့ အခါ ထွက်ပေါ်လာတဲ့ သံစဉ်လေးလိုမျိုး သူက ရယ်မောလိုက်တယ်။
ကိုယ် လွမ်းသွားတယ်။

* * *

မိုးအိမ်လူ
၎ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်သုံးမိနစ်

Saturday, December 3, 2011

အတိတ်ရဲ့ ဖြစ်စဉ်ထဲမှာ နှင်း ကျမနေဘူး





ဂျီတော့ ပွင့်တော့ မိုးအိမ်ကို တွေ့လိုက်တယ်။ ဒီကောင်နဲ့ မတွေ့ဖြစ်တာလည်းကြာပြီ။ အဲဒါနဲ့ လှမ်းခေါ်လိုက်တော့ ဆရာသမားက
တော်တော်နဲ့ ပြန်စာ မလာဘူး။ အတင်းခေါ်မှ ဟဲဟဲ အရင်လာတယ်။ ဘာလုပ်နေလဲ မေးတော့ ဒီလိုပါပဲတဲ့။ သိတယ် ဒီကောင့် ဒီလိုပါပဲက
ဘယ်လိုလဲဆိုတာ။ နေကောင်းလားဘာညာမေးပြီး မြို့ သူငယ်ချင်းတွေအကြောင်း မေးရတယ်။ ကျွန်တော့်ဆီမှာက မြို့က သူငယ်ချင်း
အကောင့်ဆိုလို့ အဲဒီတစ်ကောင်ပဲရှိတာ။ ကျန်တဲ့ ကောင်တွေနဲ့က သိပ်အကြောမတည့်ဘူးလေ။ မိုးအိမ်က သူငယ်ချင်းတွေ အကြောင်း
ရောက်ရာပေါက်ရာ အကုန်ပြောပြတယ်။ ဆတ်ကြီးကောလို့ ကျွန်တော်က မေးတော့ မင်းကောင် သိပ် မဟုတ်ဘူး တဲ့။ ကျွန်တော်
လန့်သွားတယ်။ ဆက် ဘာဖြစ်လို့လဲပေါ့။ အရမ်းကို ပေပေတေတေ နေနေတာတဲ့။ ဟုတ်လို့လားလို့ ကျွန်တော် ပြန်မေးမိတယ်။
ဆက်က အဲ့လို ဘ၀ကို ရည်ရွယ်ချက်မရှိနေမယ့်သူမှ မဟုတ်တာ။ အေး ကျန်တဲ့သူတွေက အဲ့လို မြင်တာကို ပြောတာတဲ့။ ဒါဆို မင်းက
ကော ဘယ်လိုမြင်လဲလို့ ကျွန်တော်မေးတော့ မိုးအိမ်က တန်းပြန်မဖြေဘဲ နည်းနည်းကြာမှ  ဒီကောင် အခု ဂီတ ဘက်လိုက်နေတာကွ တဲ့။
ဂစ်တာတွေ တီးတယ်ကွာ။ ခွေကြမ်းတွေ လုပ်တယ်။ အကုန်ပဲဆိုပါတော့။ ငါ့အထင်တော့ ဒီကောင် ဂီတဘက်မှာ အောင်မြင်အောင်လုပ်ဖို့
ကြိုးစားနေတယ်ထင်တာပဲ တဲ့။ ဒါပေမယ့် ပတ်ဝန်းကျင် အမြင်မှာတော့ ဘာမှမလုပ်ဘဲ တစ်နေကုန် ဂစ်တာတကိုင်ကိုင်နဲ့ဆိုတော့
မကောင်းပြောကြတာပေါ့ကွာ တဲ့။ အင်း အဲ့ဒါတော့ ဟုတ်မှာ။ ဆက်က ဘယ်အလုပ်မဆို ပြီးမြောက်အောင် အောင်မြင်အောင် လုပ်တတ်
တယ်။ သူ စိတ်မ၀င်စားရင် အနံ့တောင် ခံတာ မဟုတ်ဘူး။ အေး ငါလည်း အဲ့လိုပဲ ထင်ပါတယ်လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
အရမ်းကြီးလည်း ပေမနေနဲ့ဦးလို့ ပြောခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ဆက်သွယ်ဖို့လည်း ပြောလိုက်တယ်။ မိုးအိမ်ကတော့
အေးပါ ဆိုပြီး ပြန်တော့မယ် တာ့တာ လုပ်သွားတယ်။ ကျွန်တော်လည်း ဘယ်သူနဲ့မှ ပြောချင်စိတ်မရှိတာနဲ့ အောက်ပြီး အပြင်ထွက်ခဲ့
တယ်။ အပြင်မှာ နှင်းတွေက ကျလို့။ ဆက်တို့ ဆီမှာတော့ နှင်းတွေ ကျမှာမဟုတ်ဘူး။ အေးတော့ အေးနေလိမ့်မယ် ထင်တယ်။
                         ဒီလိုနဲ့ ဘားမှာ ၀ီစကီ ထိုင်သောက်ရင်း ဆက် အကြောင်း ပြန်တွေးနေမိတယ်။ ဟိုး အရင် ဘယ်လောက်ကြာပြီလဲ
ဆိုတာ ကျွန်တော်တောင် မမှတ်မိတော့ဘူး။ လေးငါးနှစ် မကလောက်တော့ဘူး။ ကျွန်တော် မြို့မှာ ရှိတုန်းက ဒီလို ဒီဇင်ဘာလကြီးပဲ
ဆက်နဲ့ ကျွန်တော် အရက် အတူသောက်တာကို မှတ်မိသေးတယ်။ အဲဒီတုန်းက  ဘာလို့ သောက်ကြမှန်းတော့ မမှတ်မိတော့ဘူး။
ဆက်တို့ အိမ်မှာ။ ဆက်ရဲ့ မိဘတွေ ဘုရားဖူးထွက်သွားကြတော့ အိမ်မှာ ဆက် တစ်ယောက်တည်း ရှိတာနဲ့ အဲဒီမှာပဲ နှစ်ယောက်သား
ဝိုင်း ဖွဲ့ ဖြစ်သွားတာ။ အရက်သောက်ရင်း ပေါက်တတ်ကရ ပြောကြပေါ့။
                          ငါ့ကို နှင်းက မာယာများတယ် တဲ့ကွ လို့ ကျွန်တော်က ဆက်ကို ပြောပြတော့ ဆက်က ခေါင်းထောင်လာတယ်။
ဟုတ်တယ် အဲဒီတုန်းက ကျွန်တော်တို့ အဖွဲ့ကြားမှာ အက်ကြောင်း ထဖို့ အစ ဦးကာလ။ မင်းက ဘာကို မာယာများရတာလဲ လို့
ဆက်က နားမလည်သလိုမေးတယ်။ မသိဘူးကွ ..သူပြောတာကတော့ ငါက ဘာမှ နားမလည်ချင်ယောင် စိတ်မ၀င်စားချင်ယောင်
ဆောင်နေတာတဲ့။ အဲ့လို ဟန်ဆောင်ပြီးတော့ လူတွေဆီက ငါ လိုချင်တာတွေ ယူလို့ ယူမှန်းမသိအောင် ယူနေတာတဲ့။ ဟေ ဆိုပြီး
ဆက်တစ်ယောက်အံ့သြသွားတယ်။ မင်းကို တိုက်ရိုက်ပြောတာလားလို့လည်း မေးတယ်။ အင်း ဟုတ်တယ် လို့ ကျွန်တော်လည်း
အမှန်တိုင်း ဖြေလိုက်တယ်။ အေးကွာ ။ သူ လောကကြီးကို မြင်ပုံကလည်း တစ်မျိုးပဲကွ။ ငါတို့နဲ့ မတူဘူး လို့ဆက်က မှတ်ချက် ချ
တယ်။ အေး ဟုတ်တယ် ဆိုပြီး ကျွန်တော်လည်း ထောက်ခံမိတယ်။
                          မင်းကော ငါ့ကို ဘယ်လိုမြင်လဲလို့ ကျွန်တော် ဆက်ကို မေးမိတယ်။ ဆက်က ထ ရယ်တယ်။ မင်းကို ငါက
ဘယ်လို မြင်ရမှာလဲကွ။ မင်းက လူပဲလေ ဟဲဟဲ လူနဲ့ တူတာပေါ့တဲ့။ ကျွန်တော် လည်း ဆဲမိတယ်။ အဲဒါတော့ မင်းပြောမှပဲ ။
နှင်း ပြောသလို ဟုတ်သလား လို့ မေးတာ လို့ ရှင်းပြရတယ်။ အင်း ဒါကတော့ ငါလည်း မပြောတတ်ဘူး။ သူ့ အမြင်မှာ မင်းက
အဲ့လို ဖြစ်နေပေမယ့် မင်းအမြင်မှာတော့ မင်းက အဲ့လိုလူ မဟုတ်ဘူးလို့ မြင်မှာပဲ။ ဘယ်အရာမဆို ကိုယ်မြင်တဲ့ အမြင်အရတော့
မှန်နေတာပဲ မဟုတ်လား။ သူက မင်းကို ဘယ်လို ကြည့်လဲမှမသိတာ။ ရိုးရိုးကြည့်တာပါကွာလို့ ကျွန်တော်က ရိလိုက်တယ်။
ဆက်က ရယ်တယ်။ အမှန်တော့ ငါတို့ အဖွဲ့က ငကြောင် အဖွဲ့ပဲကွ လို့ ဆက်ပြောပြန်တယ်။ ကျွန်တော်လည်း ကြောင်သွားတယ် ။
သူပြောမှပဲ။ ဘာလို့ ကြောင်တာလဲကွ လို့ မေးတော့ ဟုတ်တယ်လေ ။ ငါတို့ အဖွဲ့ သူငယ်ချင်းတွေအားလုံးက အခြား ငါတို့နဲ့
အရွယ်တူ နဲ့ ယှဉ်ကြည့်လိုက်ရင် နေပုံ ထိုင်ပုံ တွေးပုံ တွေက တူမှမတူပဲ။ လူငယ်တွေ ဆိုပြီး လူငယ်တွေလိုလည်း မနေဘူး။
ကိုယ်နဲ့ မဆိုင်တာတွေ အကြီးကြီးတွေ တွေး အကြီးကြီးတွေ လုပ် အကြီးကြီးတွေ ပြောနဲ့။ အဲဒီတော့ ကျန်တဲ့ ကောင်တွေ အမြင်မှာ
ငကြောင်တွေ ဖြစ်နေတာပေါ့ လို့ ပြောတယ်။ ဟာ မဟုတ်သေးပါဘူးလို့ ကျွန်တော်လည်း ငြင်းမိတယ်။ ကျွန်တော်တို့က ကျွန်တော်
တို့ ခံယူချက် နဲ့ ကျွန်တော်တို့ ကိုယ် လိုချင်တဲ့ ဘ၀ကို တည်ဆောက်နေကြတဲ့သူတွေချည်းပဲ။ လူငယ် လို နေတယ် မနေဘူး ဆို
တာကိုတော့ ကျွန်တော်လည်း သိပ် မသိဘူး။ အဲဒါနဲ့ ဆက်ကို မေးမိရော။ လူငယ်လိုနေတယ် ဆိုတာ ဘယ်လိုတုန်း လို့ မေးတော့
မင်းကလည်းကွာ ပိန်းပါ့ ။ အခု ငါတို့နဲ့ ရွယ်တူတွေ ဘယ်လိုနေလဲ။ ကျောင်းတက်ချိန်မှာ ကျောင်းတက် ။ ကျောင်းနားချိန်မှာ ကိုယ်
စိတ်ဝင်စားတာ ဖျော်ဖြေရေးတစ်ခုခုလုပ်။ ကျောင်းလစ်ချင် လစ်။ ရည်းစားထားချင်ထား။ အာ အစုံပဲပေါ့ကွာ တဲ့။ ကျွန်တော်လည်း
သက်ပြင်းချမိတယ်။ လွဲတော့ လွဲနေပြီ လို့ပြောမိတယ်။ အဲဒီအခါ ဆက်က အလန့်တကြား ဟေ့ကောင် အရက်တွေ ဘယ်ရောက်
ကုန်လဲတဲ့။ ကျွန်တော်လည်း အဲဒီအခါမှ အရက်ပုလင်းကြည့်မိတယ်။ ပြောင်သလင်းခါလို့။ ဟိတ်ကောင် မင်း တော်တော် သောက်
တဲ့ကောင်လို့ ကျွန်တော်က ဆက်ကို ပြောတော့ မှတ်တောင်ထားရဦးမယ် မင်းလည်း သောက်နေတာပဲ အတူတူ ထည့်ပြီး အတူတူ
သောက်တာကို ငါ့လာပြောနေသေးတယ် အဲဒါကြောင့် မင်းကို ငကြောင်လို့ ပြောကြတာ ဆိုပြီး ကျွန်တော့်ကို ဖဲ့ပါလေရော။
ကျွန်တော်လည်း ရယ်မိတယ်။ အရက်က တစ်တောင့်နော် ဟေ့ကောင် တဲ့ ဆက်က မယုံသလို ပြောတယ်။ ဟုတ်တယ် ငါတို့
သောက်နေကြ လစ်မစ်ထက် တော်တော်ကျော်သွားပြီကွ ၊ မင်း မူးနေပြီလားလို့ ကျွန်တော် မေးတော့ မမူးဘူးကွ တဲ့။ ငါလည်း မမူးဘူး
လို့ ကျွန်တော်က ပြောပြီး ဆက်သောက်ချင်သေးတယ်ကွာ လို့ ပြောမိတယ်။ လာကွာ အပြင်သွားချမယ်တဲ့။ အချိန် က သန်းခေါင်
ကျော်နေပြီ။ ဘယ်သွားရှာမှာလဲလို့ ကျွန်တော်က မေးတော့ ငါ သိတယ် လိုက်ခဲ့စမ်းပါကွာ ဆိုပြီး ရှေ့က ထွက်သွားလေရဲ့။
                                အပြင်မှာ တော်တော်အေးနေပြီ။  ကျွန်တော်တို့ နှစ်ယောက် ကုပ်ကုပ်နဲ့ လမ်းလျှောက်ထွက်လာတုန်း
တံတားနားရောက်တော့ တံတားအောက်က ခုံမှာ မိုးအိမ်ကို တွေ့တယ်။ ဆရာသမားက တစ်ယောက်တည်းအရက်တစ်တောင့် ဖြိုနေ
တာ။ တစ်ဝက်ကျိုးနေပြီ။ ဆက်က ပြေးသွားပြီ နရင်း အုပ်တယ်။ ဟိုကောင်လည်း ရုတ်တရက် လန့်ပြီး နောက်မှ ဆက်မှန်းသိတော့
ဆဲပါလေရော။ မင်းတို့ နှစ်ကောင်က ညကြီးအချိန်မတော် ဘာကိစ္စ အပြင်ထွက်နေတာလဲတဲ့ သူက မေးသေးတာ။ ကျွန်တော်တို့လည်း
အဆဲလေးတွေ ကိုယ်စီ စကားဦးသန်းပြီးမှ မင်းက မေးရသေးတယ်။ မင်းက တစ်ယောက်တည်း ဘာလို့ ထိုင်သောက်နေတုန်း။
အပြင်မှာ အေးက အေးနဲ့။ သေချင်နေပြီလား။ လို့ မေးတော့ အဟီးဆိုပြီး သွားဖြဲပြတယ်။ ချဦးလေလို့လည်း ဖိတ်ခေါ်သေး တာ။
ကျွန်တော်တို့လည်း အကိုက်ကျသွားပြီး သုံးယောက်ဝိုင်း ဖွဲ့ဖြစ်သွားရော။ မင်းက ဘာလို့ တစ်ယောက်တည်း ဒီမှာ ထိုင်သောက်နေ
တာလဲလို့ ဆက်က ပြန်မေးပြန်တယ်။ ပျင်းလို့ကွ တဲ့။ အေးတာပဲ။ ဒီကောင်က အဲဒီကတည်းက ကဗျာလေးဘာလေး လျှောက်ရေးနေ
ပြီ။ ကျွန်တော်တို့ စကားတွေ ပေါက်ရာရောက်ရာ ပြောပြီး သောက်စားနေလိုက်ကြတယ်။
                                  ခဏနေမှ ဆက်က မိုးအိမ်ကို မင်းက ကဗျာရေးတဲ့ကောင်ဆိုတော့ မေးရဦးမယ်။ ဟိုကောင်က ခေါင်းးညိတ်
ပြတယ်။ မင်း အချစ်ဆိုတာကို ဘယ်လို ထင်လဲတဲ့။ ကျွန်တော်သိလိုက်တယ်။ ဒီကောင် နှင်း ဆုံးဖြတ်တာကို သိပ်သဘောကျပုံ မရဘူး။
မိုးအိမ်က အံ့သြသလို ဆက်ကို ပြန်ကြည့်တယ်။ ပြီးမှ မင်းနဲ့ ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့နှစ်ယောက်လည်း ကြောင်သွားတယ်။
ဟုတ်တယ်လေ။ မင်းနဲ့ ဟိုကောင်ရော မင်းတို့ငါးယောက်လုံး နဲ့ အချစ်နဲ့ က ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကိုပါ
မေးတာ။ ဟ ဆိုင်တာပေါ့ကွ။ ငါတို့လည်း လူပဲ၊ ချစ်တတ်တာပေါ့လို့ ဆက်က ပြောတော့ သွားစမ်းပါတဲ့ ဆရာသမားက။ မင်းတို့
တကယ်လည်း မချစ်တတ်ကြဘဲနဲ့ အချစ်အကြောင်းမမေးစမ်းပါနဲ့တဲ့။ ကျွန်တော်တို့လည်း ထပ်ကြောင်သွားတယ်။ မင်းဟာက
မဟုတ်သေးပါဘူးလို့ ကျွန်တော်က ပြောတော့။ ငါသိပါတယ်တဲ့။ မိုးအိမ်က ပြောရင်း အရက်ခွက်ကို ကောက် မော့တယ်။ မင်းတို့
လောကကြီးကို ကြည့်တဲ့ ထောင့်ကနေ အချစ်ကို မမြင်ရဘူး။ ဆိုလိုတာက မင်းတို့ လောကကြီးကို မြင်တဲ့ အမြင်မှာ အချစ်ဆိုတာ
အရေးမပါဘူး။ တကယ်မရှိဘူး။ မယုံစားဘူး။ ဟုတ်တယ်မလား ။ အမှန်တိုင်းပြောတဲ့။ ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှ မပြောနိုင်
ဘူး။ ခက်တာက ကျွန်တော်ကိုယ်တိုင်လည်း မဟုတ်ဘူးလို့ မငြင်းနိုင်သလို ဟုတ်တယ်လို့ ၀န်ခံဖို့ကျတော့လည်း တစ်ခုခုက တစ်နေ
တယ်။ ဆက်က ဟုတ်ပါပြီလေ ထားပါ။ မင်းကို ငါက မေးတာ ။ အချစ်ကို ဘယ်လို ထင်လဲ ဘယ်လိုမြင်လဲပေါ့။ လို့ မေးတော့
ငါလည်း မင်းတို့ နဲ့ သိပ်မထူးပါဘူးတဲ့ ။ အေးတာပဲ။ ဟင် မင်းက အချစ်ကဗျာတွေ ရေးနေတဲ့ကောင်လေ ။ အချစ်ကို မယုံဘူးလား။
အချစ်မရှိဘူးလားလို့မေးတော့။ အဟဲ အဲ့ဒါ လျှောက်ရေးတာတွေ ။ငါလည်း ဘာမှသိတာမဟုတ်ဘူးတဲ့။
ကျွန်တော်တို့နှစ်ယောက်လည်း ရယ်မိတယ်။ ဟိုကောင်လည်း ရယ်လို့။ အဲဒီနောက် ကျွန်တော်တို့ ဆက်ပြီး ကိုယ် မယုံကြည်ရာတွေ
ပြောဖြစ်ခဲ့ကြတယ်။
                     အပြင်မှာ နှင်းတွေ ကျတုန်း။ ဟိုကောင်နှစ်ကောင်လည်း အခုချိန် ၀ီစကီ သောက်နေမလားပဲ။ ကျွန်တော်လည်း
တော်တော်သောက်မိသွားတယ်။ ဆိုင်ပိတ်ချိန်ရောက်တော့ မှ အခန်းပြန်ဖြစ်တယ်။ နှင်းတွေကတော့ ကျတုန်း။

မိုးအိမ်လူ
၃ ဒီဇင်ဘာ ၂၀၁၁
ည ဆယ်နာရီ

Friday, December 2, 2011

ကဗျာ





ကဗျာဖတ်ဖို့ သင် ရောက်လာပြီပေါ့
ကြိုဆိုပါတယ်ဗျာ

ဒါဟာ ကဗျာတစ်ပုဒ်ပေါ့
ကဗျာဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေးတစ်ပုဒ်ပေါ့


ဒါကို ကဗျာမဟုတ်ဘူးလို့  သင် တွေးထင်နေသလား
တကယ့်တော့ ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေး တစ်ပုဒ်ရယ်ပါ
အခြား ဘာမှ မပါဝင်တဲ့ ကဗျာ သီးသန့် ကဗျာလေး တစ်ပုဒ်ရယ်ပါ
သင် က အချစ်ကဗျာလို့ မျှော်လင့်ထားတာလား
သင် က ဘ၀ကဗျာလို့ မျှော်လင့်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ အခြား လောကရဲ့ ဖြစ်တည်မှုတွေ တစ်ခုမှ
ရောစပ်ထားခြင်းမရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

သင် က မော်ဒန် ကဗျာလို့ ထင်ထားတာလား
သင် က ပိုစ့် မော်ဒန် ကဗျာလို့ ထင်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ သတ်မှတ်ချက် ဘောင်တွေ ဗေဒတွေ တစ်ခုမှ
စွန်းထင်းခြင်း မရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

ကဗျာဆိုတဲ့ ကဗျာလေးကလွဲပြီး
အခြား
ဘာမှ မရှိတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့

သင့်ရဲ့ မျှော်လင့်ခြင်းတွေကို
ကောင်းစွာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက်
ဝမ်းနည်းပါတယ်
ဘာပဲဖြစ်ဖြစ်
သင် ကဗျာ ဖတ်လိုက်ရပြီပဲ မဟုတ်လား

ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကလွဲပြီး
အခြား ဘာမှ မဖြစ်နိုင်တော့တဲ့
ကဗျာလေးတစ်ပုဒ်ရယ်ပါ.။

မိုးအိမ်လူ

Thursday, December 1, 2011

ငါ့လက်ထဲက အာဒံ လုယူသွားတဲ့ သစ်သီး




ကောင်မလေး၏ စာမျက်နှာ

ကျွန်မ သူ့ ကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ဒါ သူ့ ဘက်က တမင်တကာကို လုပ်နေတာ။ ကျွန်မ သူ့ အပေါ် ချစ်တဲ့ အချစ်တွေကို သူ မလေးမစား လုပ်တာ။ ကျွန်မကို စော်ကားတာပဲ။ ကျွန်မ အရင်က ရည်းစား တွေများခဲ့ပါတယ်။ ဒါဟာ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ။ ကျွန်မမှာ အဲဒီ အားနည်းချက်ရှိလို့  ( သူ ကျွန်မကို  တကယ်ချစ်တာလို့ ယုံကြည်မိလို့  ) ကျွန်မ သူ့ အပေါ် အများကြီး ကောင်းခဲ့တယ်။ သူ့ရဲ့ပျက်ကွက်မှုတွေ ၊ သူ ကျွန်မအပေါ် အနိုင်ကျင့်တာတွေကို သည်းခံခဲ့တယ်။ ( ကျွန်မ ကိုယ်တိုင်ကလည်း သူ့ ကို အရမ်း ချစ်မိသွားတယ်လေ )။
ကျွန်မ အရင်က ရည်းစားများခဲ့တယ်ဆိုတာကလည်း တပြိုင်တည်း နှစ်ယောက် သုံးယောက် ထားခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကတော့ ရည်းစားထားတိုင်း တစ်ဘ၀လုံးစာ သေချာစဉ်းစားပြီးမှ ထားခဲ့တယ်။ ဒါပေမယ့် သူတို့ကတော့ အကြောင်း အမျိုးမျိုးနဲ့ ကျွန်မ ဘ၀ထဲက ထွက်သွားခဲ့တယ်။ တစ်ယောက်ပြီး တစ် ယောက်။ အဲဒီလို ရည်စားတွေ အများကြီး ထားခဲ့လို့ ကျွန်မကို ယောကျာ်းတွေ ကောင်းကောင်းသိတယ်လို့  ထင်သလား။ လုံးဝပဲ။ ကျွန်မက အချစ်ကိုပဲ သက်ဝင်ခံစားနေခဲ့မိတာ။ အချစ်ကိုပဲ ယုံကြည်ကိုးကွယ်နေမိခဲ့ တာလေ။ အခုတော့ အဲဒီ အချစ်ကြောင့်ပဲ ကျွန်မ နာကျင်နေရပြီ။ ကျွန်မ မျက်ရည်ကျနေရပြီ။ အကြိမ်ကြိမ်ပဲပေါ့။
သူ…။ သူ့ ကို ဘာကြောင့် ကျွန်မ အရမ်းချစ်မိသွားသလဲ ဆိုတာ ကျွန်မကိုယ်တိုင် နားမလည်ခဲ့ဘူး။ မသိခဲ့ဘူး။ သူလား။ သူ က အရမ်းတော်တဲ့ လူတစ်ယောက်လို့တော့ မထင်လိုက်လေနဲ့။ သူက သာမန် ခပ်ချာ ချာ ယောကျာ်းတစ်ယောက်ပါပဲ။ တော်တဲ့ နေရာ အနည်းငယ်တော့ ရှိပါတယ်။ သူက ကျွန်မအတွက် ကျွန်မ ကြိုက်တဲ့ ကဗျာလေးတွေ ရေးတတ်တယ်။ ရံဖန်ရံခါ ကျွန်မကို ပျော်ရွှင်အောင် လုပ်နိုင်တယ်။
( အခါများစွာမှာတော့ ကျွန်မကို နာကျင်မှုတွေနဲ့  မျက်ရည်ကျစေခဲ့တဲ့သူ )။
ကျွန်မဘ၀က ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်မချမ်းမြေ့မှုတွေ နဲ့  အချိန်တိုင်းလိုလို နာကျင်ခံစားမှုတွေ ပဲ ပြည့်နှက်နေခဲ့တယ်လေ။ မိသားစုအရေး ၊ အိမ်တွင်းရေး ၊ လူမှုရေး တွေနဲ့ စိတ်တွေ ပင်ပန်းနွမ်းလျနေခဲ့တဲ့ အချိန်တွေမှာ သူက ကျွန်မကို စကားလုံးလှလှလေးတွေနဲ့ အားပေးခဲ့တယ်။ သူဟာ ရင့်ကျက် တည်ငြိမ်တဲ့ ယောကျာ်းတစ်ယောက်လို့  ကျွန်မ ယုံကြည်ခဲ့မိတယ်။ ( အဲဒီတုန်းကပေါ့ ) ။ ကျွန်မ စိတ်တွေ ညစ်တိုင်း သူ့ကို  တမ်းတတတ်လာတယ်။ သူ့ကို အားကိုးမိလာတယ်။ သူသာ ကျွန်မဘေးနားမှာရှိရင် ကျွန်မ ဘ၀ လုံခြုံ  အေးချမ်းပြီး  ပျော်ရွှင်သာယာလာလိမ့်မယ်လို့ ထင်မိတဲ့ အထိပဲ။ အခုတော့..။
အချိန်တွေ ကြာလာတာနဲ့အမျှ သူဟာ သူများကို နာကျင်သွားအောင် စကားပြောတတ်တဲ့သူ။ သူများ စိတ်ညစ်မှ ပျော်ရွှင်တတ်တဲ့သူ။ ကိုယ့်ချစ်သူ ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ မစဉ်းစားတတ်တဲ့သူ။ ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးတဲ့သူ ။ ကိုယ့်ချစ်သူအတွက် ဘာမှ ဖြည့်ဆည်းနိုင်စွမ်း မရှိတဲ့သူ။ … အစ ရှိသဖြင့် မကောင်းတဲ့ အကျင့်စရိုက်များစွာနဲ့  ခပ်ညံ့ညံ့ ယောကျာ်းတစ်ယောက်ဆိုတာ  ကျွန်မ တဖြည်းဖြည်းနဲ့   သိလာတယ်။ အဲဒီလိုသိလာလို့  သူ့ ကို မမုန်းမိဘဲ ပိုပိုပြီး ချစ်လာတဲ့ ကျွန်မကို ကျွန်မ အံ့သြလို့ မဆုံးနိုင်ဘူး။ ကျွန်မ အရင် ရည်းစားတွေဆို ကျွန်မ မကြိုက်တာ တစ်ခုရှိတာနဲ့ ကျွန်မက တန်းပြောတာပဲ။ သူတို့ကလည်း  ကျွန်မအတွက်ဆို အရာအားလုံး ပြင်ဆင်ဖို့ အဆင်သင့်။ ကျွန်မ သဘောအတိုင်းပဲ။ ကျွန်မက သူ့ကို အဲဒီလို နှိုင်းယှဉ်ပြီး ပြောရင် သူက လုံးဝမကြိုက်ဘူး။ စိတ်ဆိုးတတ်တယ်။ သူ စိတ်ဆိုးရင် ကျွန်မ ဘယ်လိုမှ မနေတတ် ဘူး။ ကျွန်မ ဘက်ကပဲ အရင် အလျှော့ပေးရတယ်။ ကျွန်မတော့ ၀ဋ်လည်ပြီ ထင်ပါရဲ့။
အဆိုးရွားဆုံး ကိစ္စကတော့ သူ့မိဘတွေက ကျွန်မကို မတူသလို မတန်သလို ပြောကြတာပဲ။ ကျွန်မကို ပြောတုန်းက ကျွန်မ သည်းခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ မိဘတွေ ဆွေမျိုးတွေအထိ စော်ကားမော်ကား ပြောလာတော့ ကျွန်မ လုံးဝ သည်းမခံနိုင်တော့ဘူး။ ပြီးတော့  အဲဒါတွေက လည်း ကျွန်မကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ ကျွန်မ ပြန်ကြားနိုင်မယ့် ပတ်ဝန်းကျင်ကို ပြောကြတာဆိုတော့ ကျွန်မမှာ သိက္ခာလည်း ကျ ..အဲဒီ အတွက် ပြန်ပြောရအောင်ကလည်း ကိုယ့်ကို တိုက်ရိုက်လာပြောတာမဟုတ်ဆိုတော့ ကျွန်မမှာ ဒေါသ ထွက်ရုံ က လွဲပြီး ဘာတတ်နိုင်မှာလဲ။ သူ့ ကို အဲဒီအကြောင်းတွေ ကျွန်မ ပြောပြတော့ အံ့သြစရာကောင်းလောက် အောင် သူ က တေမိဇာတ် က နေလေရဲ့။ သူများမိသားစု ကျွန်မကြောင့် စိတ်ဝမ်းမကွဲစေချင်လို့ ( သူ့ ကို ချစ်  တာလည်း ပါတယ်ထင်ပါရဲ့) ကျွန်မ အဲဒီ အကြောင်းကို ဘာမှ ဆက်မပြောတော့ဘူး။ ကျွန်မ ညီမလေးကတော့ ဒေါသတွေ ထွက်လို့ပေါ့။ ကျွန်မမှာ ကိုယ့် ထက် အငယ် တစ်ယောက်ရဲ့ ရှေ့မှာ ကျလိုက်တဲ့ သိက္ခာတွေ။  ကျွန်မ အရှုံးကြီး ရှုံးနေပါပြီ။
ဒီလို ကိစ္စတွေ ဖြစ်ခဲ့ပြီးတာတောင် သူက ကျွန်မကို ပိုပြီး ဂရုတစိုက် မလုပ်တဲ့ အပြင် ကျွမ် မငိုငိုအောင် ရက်ဆက်လုပ်နေတယ်လေ။ ကျွန်မ သူ့အတွက် မျက်ရည်တွေ  အများကြီး ကျခဲ့ရပါတယ်။ နှလုံးသားတွေ ကွဲ ကြေမတတ် နာကျင်ခံစားခဲ့ရပါတယ်။ အခုတော့…. သူက ကျွန်မရဲ့အချစ်တွေကို အလေးအနက်မထားတဲ့  အပြုအမူတွေ လုပ်လာတယ်။ ကျွန်မ ဘယ်လိုစိတ်မျိုးနဲ့ သူ့ ကို သည်းခံ ခွင့်လွှတ်ပေးရမလဲ။ ဘယ်လိုချစ်ခြင်း မျိုးနဲ့  သူ့ ကို နားလည်ပေးရမလဲ။ နာကျင်မှုတွေ ရက်ဆက်နေတဲ့  ကျွန်မ နှလုံးသားဟာ ဆက်လက်နာကျင်ရ  မှာကို ကြောက်နေပါပြီ။ ကျွန်မ သူ့ကို ဆက်ပြီး ချစ်နေဖို့ ကတော့….။
ကျွန်မဟာ ဧ၀ ကိုက်ဝါးခဲ့တဲ့ သစ်သီးကို ဆက်လက် ကိုက်ဝါးမိခဲ့တဲ့ အဆိပ်သင့် ငှက်တစ်ကောင်ပါ…။

                                               *
ကောင်လေး၏ စာမျက်နှာ

ကျွန်တော် သူ့ ကို အရမ်းချစ်ပါတယ်။ အရမ်းလည်း အလေးထားတယ်။ ဒါပေမယ့် ကျွန်တော် ကျွန်တော့်ရဲ့ အလေးထားမှုတွေကို ဖော်ပြနိုင်ဖို့ မစွမ်းသာခဲ့ဘူး။ကျွန်တော်ဟာ ညံ့ဖျင်းတဲ့ ယောကျာ်း တစ် ယောက်ပါ။ ကျွန်တော်ဟာ ယောကျာ်း မပီသတဲ့ ယောကျာ်း တစ်ယောက်ပါ။ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် မထားနိုင်တဲ့ သူ။ ကိုယ့်ချစ်သူကို ကာကွယ်မပေးနိုင်တဲ့သူ။ ချစ်သူရဲ့လိုအင်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့သူ။
သူ…။ သူဟာ ကျွန်တော့်ဘ၀အတွက် ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါ။ ကျွန်တော့်ဘ၀ရဲ့  အကောင်းဆုံးမိန်းမတစ်ယောက်။ ကျွန်တော်ရဲ့ လစ်ဟာမှုတွေ ၊ ကျွန်တော့်ရဲ့ ပျက်ကွက်မှုတွေ ၊ ကျွန်တော့်ရဲ့  ညံ့ဖျင်းမှုတွေကို သည်းခံ ခွင့်လွှတ်နားလည်ပေးခဲ့သူပါ။ ကျွန်တော့်ကြောင့် သူ  မျက်ရည် အကြိမ်ကြိမ် ကျခဲ့ရတယ်။ ကျွန်တော့်ကြောင့် သူ အကြိမ်ကြိမ် နာကျင် ခံစားခဲ့ရတယ်။ အဲ့ဒီလို ခံစားခဲ့ရလို့ လည်း ကျွန်တော့် ကို မမုန်းဘဲ အမြဲ ချစ်နေတဲ့သူ။ အဲ့ဒီလို ကျွန်တော့်အပေါ် ကောင်းတဲ့ မိန်းမတစ်ယောက်ကိုမှ ကျွန်တော်က မညှာမတာ နာကျင်မှုတွေ ဆက်လက် ခံစားစေခဲ့မိတယ်။
သူ့ဘ၀မှာ ပျော်ရွှင် စိတ်ချမ်းမြေ့မှုတွေ အလွန်ရှားပါးခဲ့တယ်ဆိုတာ ( သူ မျက်ရည်ကျတိုင်း သုတ်ပေး နေကျ ) ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ ခံစားမှုတွေ ရှိတယ်။ အိမ်တွင်းရေး ၊ လူမှုရေး တွေနဲ့ ပတ်သက်ပြီး ပုံမှန်လူတစ်ယောက်ထက် ပိုတဲ့ နာကျင်ခံစားမှုတွေ ရှိတယ်။ ကျွန်တော် သူ့ကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်။ သူ ပျော်ရွှင်အောင် ကျွန်တော်လုပ်တဲ့ နည်းက သူ့အတွက် ပိုပြီး နာကျင်စေခဲ့ရတယ်ဆိုတာ…..။ ကျွန်တော်က လူတစ်ယောက်ကို နာကျင်အောင် လုပ်ပြီးမှ  အဲဒီလူ လိုချင်  တာ ပေးလိုက်တဲ့အခါ  ပျော်ရွှင်သွားတဲ့ အပျော်မျိုးကို သဘောကျတယ်။ နာကျင်ပြီးမှ ပျော်ရတဲ့ အပျော်ဟာ သာမန်ပျော်ရွှင်မှုတွေထက် ပိုပြီး စိတ်ကို ကြည်နူးစေတယ်လို့ ကျွန်တော် ထင်တယ်လေ။
ကျွန်တော့် တွက်ကိန်း မှားခဲ့တယ်။ သူ မျက်ရည်ကျပြီး နာကျင်ရတာပဲ ရှိခဲ့တယ်။ ဒဏ်ရာတွေပဲ ထပ် ကာထပ်ကာ သူ ရခဲ့တယ်။ ဒါတွေဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုတွေ ၊ ကျွန်တော်ရဲ့ အလိုက်မသိမှုတွေပဲ ဆိုတာ ကျွန်တော် သိပါတယ် သိလို့  ပြင်ခဲ့သလား ဆိုတော့လည်း …. ဟင့်အင်း  မပြင်ခဲ့ပါဘူး ။ ဆက်လက် ဆိုးသွမ်း  ဖို့ပဲ  ကျွန်တော် စဉ်းစားခဲ့တယ်။ ဒါဟာ …. ကျွန်တော်ရဲ့ စရိုက်ဆိုးတွေပဲ ။ အကျင့်ဆိုးတွေပဲ ။ သူက ဒါတွေ သိနေပေမယ့် ကျွန်တော့်အပေါ် အချစ် မလျော့ဘဲ ပိုလို့သာ ချစ်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ဘ၀ဟာ အထီးကျန်မှုတွေနဲ့  ခြောက်သွေ့နေတဲ့  ကမ္ဘာတစ်ခုလိုမျိုးပါ။ ကျွန်တော့် မိဘ တွေဟာ အိမ်ထောင်တစ်ခု ကောင်းမွန်ပြည့်စုံဖို့အတွက် လောကဓံကို အလူးအလဲ တွန်းလှန် / ခံ နေရတယ်။ ကျွန်တော်တို့ သားသမီးတွေ အပေါ် နွေးထွေး ကြင်နာဖို့ အချိန်မရခဲ့ကြဘူး။ ဒါတွေကို ကျွန်တော် နားလည် ပါတယ်။ ဒါပေမယ့် …. လူပဲဗျာ။ အခြားလူတွေ ပျော်ရွှင်တာမြင်ရင် ၊ အခြားလူတွေ အကြင်နာ အယုအယ အပြု စု ခံနေရတာ မြင်ရင် ကျွန်တော်လည်း ခံစားချင်တာပေါ့။သူက ကျွန်တော့်ဘ၀မှာ တစ်ခါမှ မရရှိ မခံစားဖူးခဲ့တဲ့ ကြင်နာနွေးထွေးမှုတွေ ၊ ပြုစု အလိုလိုက်မှုတွေ ကို ပေးစွမ်းခဲ့တယ်။ ကျွန်တော် ဘယ်လောက် ဘ၀င်မြင့်မိလိုက် မလဲ။ ကျွန်တော် သူ့အပေါ် အများကြီး ဆိုးခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ၀န်လည်း ၀န်ခံပါတယ်။
ကျွန်တော်က ကဗျာလေး စာလေး တွေ ဟိုစပ်စပ် ဒီစပ်စပ် ရေးတယ်။ သူက ကျွန်တော့်ရဲ့ ကဗျာလေး တွေကို ချစ်တယ်။ ကျွန်တော် သူ့အတွက် ကဗျာလေးတွေ ရေးပေးရင် သူ အရမ်းပျော်နေတတ်တယ်။ သူ ကျွန်တော့်ကို စိတ်ကောက်တိုင်း ကျွန်တော်က ကဗျာလေးတွေ ရေးပေးလိုက်ရင် သူ စိတ်ကောက် ပြေသွားရော။ ကျွန်တော်တို့မှာ ပျော်ရွှင်စရာ ရွှေရောင် နေ့ရက်လေးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်..။
ထုံးတမ်း အစဉ်အလာနဲ့  ပြောင်းပြန်အချိုးကျစွာ ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော်တို့အကြောင်း သိသွားပြီး  သူ့အကြောင်းတွေကို စုံစမ်းခဲ့တယ်လေ။ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ခပ်ညံ့ညံ့ စုံထောက် တွေရဲ့ သတင်းပေးချက်နဲ့ ကျွန်တော့်မိဘတွေဟာ သူရဲ့ မကောင်းသတင်းတွေကို လွဲမှားစွာ အတည်ပြုလိုက် တယ်။ ကျွန်တော်နဲ့ သူမဟုတ်တဲ့ အခြားသော ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သူတို့ ( ကျွန်တော့်မိဘတွေ )  ရဲ့ စိုးရိမ်သောကတွေကို ဖြန့်ပြလေရဲ့။ သူတို့ အစိုးရိမ်လွန်နေခဲ့ကြတာပါ။ ကျွန်တော်တို့နှစ်ယောက်လုံး အသိ ဥာဏ်မဲ့တဲ့သူတွေမှ မဟုတ်ဘဲ။ ဆင်ခြင်ဥာဏ်မရှိတဲ့သူတွေမှ မဟုတ်ဘဲ။ မိုက်မဲတဲ့သူတွေ မဟုတ်ဘူး။ သူတို့  ကျွန်တော်တို့ကို ယုံကြည်မှုမပေးနိုင်ခဲ့ကြဘူး။  အကျိုးရလဒ်ကတော့ သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းခြင်းပဲ။
မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကို စုတ်ပြတ်သတ်အောင် ဆွဲဖြဲခံနေရချိန်မှာ သူ့ရဲ့ ချစ်သူက ဘာမှ ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ဘူးဆိုတော့ အင်မတန် နာကျင်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူ ကျွန်တော့်ကို မမုန်းခဲ့ဘူး။ ကျွန်တော်ဟာ ချစ်သူနဲ့ မိဘ ကြားမှာ တာဝန်မကျေတဲ့ ချစ်သူတစ်ယောက်၊ မလိမ္မာတဲ့ သားတစ် ယောက် ဖြစ်ကျန်ရစ်ခဲ့တယ်။ဒါဟာ ကျွန်တော် ဘယ်လိုမှ ဖြေရှင်းလို့ မတတ်တဲ့ လောကဓံ ပုစ္ဆာတစ်ပုဒ်ပါ။ သေချာတာကတော့ ကျွန်တော် ညံ့ဖျင်းခဲ့တယ်ဆိုတာပဲ။ အဲဒီ ကိစ္စအတွက် နာကျင်နေတဲ့ သူ့ကို ကျွန်တော် ပျော်ရွှင်အောင် ထားဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်ရဲ့ လူတစ်ယောက် ကို အကောင်းဆုံး ပျော်ရွှင်နည်းနဲ့ပဲ  လေ။ မှားခဲ့ပြန်ပါတယ်။ သူ နာကျင်ခဲ့ရတယ်။ ကျွန်တော် ညံ့ဖျင်းခဲ့တယ်။
ကျွန်တော်ဟာ ရေလိုက်လွဲနေတဲ့ မြစ်တစ်စင်းပါ။

                                 *
နာကျင်ရက်စက်မှု ရက်စွဲများ ……နှင့်…… အလွန်

မိုးရွာပြီးစ ကောင်းကင်ဟာ ထင်ရက်စရာ မရှိအောင် တိမ်စတိမ်န တွေနဲ့ ကြည်စင်တောက်ပ နေလေ  ရဲ့။ နာရီတွေနဲ့ ရန်ဖြစ်ထားတဲ့ ကောင်လေးဟာ အချိန်နဲ့လည်း မသင့်မြတ်ခဲ့ဘူး။ အခါလွန်အိပ်မက်တွေ ကပို ကရို နဲ့ ကောင်လေးရဲ့ တာဝန်မဲ့မှုမှာ ကောင်မလေးဟာ မျက်ရည်တွေကို မျက်နှာထက်မှာ သည်းထန်စွာ ရွာသွန်းပေးခဲ့ရတယ်။
ချစ်ခြင်းတရားရဲ့ သမိုင်းအကြောင်းကို ပြောကြတိုင်း ချစ်သူတွေရဲ့ ပြင်ပ ပတ်ဝန်းကျင် ရိုက်ခတ်မှု  ကြောင့်  ဖြစ်ပေါ်လာတဲ့  ပဋိပက္ခ က ပိုပြီး အဓိက ကျနေခဲ့တယ်။ အဲဒီအရာတွေဟာ ချစ်ခြင်းတရား ဖွံ့ ဖြိုး ကြီး ထွားစေဖို့ အဓိက အကြောင်းအရင်းတွေလည်း ဖြစ်လာခဲ့ပြန်တယ်။ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းနဲ့ ၀မ်းနည်း ကြေ ကွဲဖွယ်  ဇာတ်သိမ်း ကွဲပြားကြပေမယ့် နောက်ဆုံးမှာ ချစ်သူတွေဟာ ချစ်ခြင်းတရားကို  ရနံ့ ခိုင်ခိုင်မာမာ နဲ့ တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာ အချစ်ရဲ့ မှော်ပေါက်မှုပဲ။
မုန်တိုင်းထန်တဲ့  နေ့စွဲတွေ လွန်ခဲ့ပြီ။ အိပ်မက်တွေ ကောင်းမလာကြသေးဘူး။ အပျက်အစီး အယို အယွင်း တွေနဲ့ နောက်ဆက်တွဲ ရှင်သန်မှု ဒုက္ခိတတွေက ပိုလို့ နာကျင်စရာကောင်းနေသေးတယ်။  နေခြည် တွေ မလာသေးဘူး။ ပန်းတွေ မပွင့်သေးဘူး။ ကမ္ဘာကြီး မနိုးထသေးဘူး။
ဘာတွေဖြစ်လာမလဲ။ ကောင်းခြင်း နဲ့ ဆိုးခြင်း ကြားမှာ ချစ်ခြင်းတရားဟာ တုံဏိဘာဝေ။ ကုလားဖန် ထိုးထားပြီးပြီ ဆိုပေမယ့် ရွေးချယ်ထားတဲ့ ဖဲချပ်လေးကို မကြည့်ရဲသေးဘူး။ ကံကြမ္မာဟာ.. အရူးလား။ ဘုရား သခင်လား။ သေမင်းလား။ နတ်ဘုရားလား။ တုန်ရီနေတဲ့ ကံကြမ္မာ ဖဲချပ်လေးပေါ်ကို အိပ်မက်တစ်ပုဒ် လွတ် ကျသွားတယ်။

                                 *

သစ္စာတရားသည် ကမ္ဘာ့နံရံထက်၌ ရေးထွင်းထားခြင်း မဟုတ် ။
သူ ၊ သူမတို့၏ နှလုံးသားနံရံထက်၌ ရေးထွင်းထားခြင်းသာ ဖြစ်သည်။

                                 *

                                                                                              မိုးအိမ်လူ


Teen ဖူးငုံ မဂ္ဂဇင်း ၊ ဒီဇင်ဘာ.၊ ၂၀၁၁

Tuesday, November 29, 2011

မြတ်နိုးတော်မူ






သံစဉ်တစ်ပုဒ်နဲ့ အသေသတ်ခဲ့သော
လက်များ
မမြင်နိုင်မှု သံယောဇဉ်တို့
ရွှဲရွှဲစိုရင်း
မြတ်နိုးတဲ့ အကြောင်းစာစီဖို့
ဆွံ့အ လက်များဖြင့်
ထိုသူမ၏ ပုံရိပ်တို့ကိုသာ အခါခါ ရေးခြစ်
နှလုံးသားနံရံမှာ ဆေးရောင်စုံအထပ်ထပ်နဲ့
အိပ်မက်တို့ ပန်းချီကားထဲက
မထွက်နိုင်ခဲ့သော
လူတစ်ယောက်၏ ၀ိဥာဉ် ။

မိုးအိမ်လူ

မြို့တစ်မြို့ရဲ့ နေခြည်ဖြာဆင်းမှု ဖြစ်စဉ်



ထုချေ ခွဲစိတ်ထားတဲ့ သတင်းစကားတွေ အရ
ကျန်းမာရေး မကောင်းတဲ့
မြို့ဟာ ဒီလိုပဲ အရိုင်းတွေဆန် တစိမ်းတွေ ဆန် မိခင်စိတ်ပျောက်
ဘာတွေ လိုအပ်နေသလဲ ဘယ်သူရဲ့ လိုအပ်ချက်လဲ
ဘယ်သူမှ မတွေးမိဘဲ
အဆင်ပြေရာ တံဆိပ်တွေ ထုရိုက်
အုံမှိုင်းတဲ့ နေ့စွဲတွေနဲ့ မြို့။

အကြမ်းဖက်မှု တွေ သိပ်သည်းလာမှုနဲ့အတူ
မလုံခြုံမှုကို ပစ်ပစ်နှစ်နှစ် ခံစား
အမှားတစ်ရာနဲ့ အမှန် တစ်ပြက်
ဆိုလက်စ သီချင်းကို ဘာလို့ရပ်ပစ်ရတာလဲ
ဒါဟာ ချိုးခေါ်သံပဲ မဟုတ်လား။

ဘယ်အရပ်မှာလဲ ချိုးငှက်ငယ်
သံလွင်ပင်တို့ အပေါက်အရောက်နည်းနေပြီလား။

မိုးအိမ်လူ

အတု တုတဲ့ အတုတွေကို ဖျက်ပြီး စစ်စစ်မြည်တဲ့ အတုကို တုလိုက်တဲ့




မပြောခင်က ပြီးနှင့်တယ်ဆိုတော့ ဒီမှာ ပြောစရာက လျှာတန်းလန်းနဲ့
ဘယ်လိုက ဘယ်လို ဒီလမ်းကြောင်းပေါ် ကလိုရိုဖီးတွေ ယိုစိမ့်လာသလဲ
လိုတဲ့နေရာကို မသွား မလိုတဲ့နေရာမှာ ကျောက်ချချင်တဲ့ သဘာဝစတိုလ်နဲ့တော့
နံရိုးတစ်ချောင်းလွတ် ဘော်ဒီ နဲ့ မြို့ထဲ အနှံ့ နံရိုး အပြည့် ဘော်ဒီတွေကို အသေငမ်း
ဒါက စိတ်ကျန်းမာရေး ထက် ပိုတဲ့ စိတ်ကျန်းမာရေး နဲ့အတူ အာဟာရဖြည့်တင်းမှုလည်း ပါသေး
တဲ့ အကြောင်း ကျွန်တော်တို့ မြို့မှာ ဒီလိုကဗျာတွေ မရေးတော့ဘူး ပြောတဲ့ တောသား ကလေး

တကယ် တပ်လှန့်လိုက်တော့လည်း လက်ခုပ်သံတွေ တိတ်သွားတာပါပဲ
သံဓာတ်ပြည့်ဝဖို့ သံချောင်းတွေ စား စား သံချောင်းတို့ အမေ စိတ်ပူပန်မှုက ကမ္ဘာကျော်သွား
သလို ပေါက်တတ်ကရ တွေးခေါ်မျှော်မြင်မှုတွေနဲ့ လန်းပါတယ်ဆိုတဲ့ ဦးနှောက်က အနုပညာကိုတော့
ကောင်းကောင်း မသိပြန်ဘူး ပြောချင်တာက အနုပညာအယောင်ဆောင်တွေကိုပဲ လက်ခုပ်တီးတတ်တဲ့ လက်က
မောင်ချောနွယ်အတုတွေကိုပဲ လက်ဆွဲနှုတ်ဆက် တကယ့် မောင်ချောနွယ်အစစ်ကလည်း မောင်ချောနွယ်တစ်ယောက်ပဲ
ရှိတာဆိုတော့ နောက်ထပ် မောင်ချောနွယ်ဆိုတာမျိုးတာ နဲဗားပဲ မပေါ်ဘူး ပေါ်လာမှမဟုတ်ဘူး အဲဒီတော့
ခေတ်လူငယ်ပဲ ကျောပိုးအိတ် လွယ် စာရေးစာချီလုပ် လစ်ရင် ကဗျာရေး လစ်ရင် ပွဲစားလုပ် လစ်ရင် အကျိုးဆောင်
လုပ် လုပ်လို့ရတဲ့ သမာအာဇီဝ အကုန်လုပ် ကဗျာရေးခြင်းနဲ့ပဲ ဘ၀ကို အရောင်တောက်ဖို့ မောင်ချောနွယ်ဖြစ်ဖို့
စွမ်းရည်လိုသလား ရှိသလား မရှိဘူးလား သိသိကြီးနဲ့ မိုက်နေတော့လည်း တူးလိုက်စမ်း မိုက်တွင်း

လည်လည်ပတ်ပတ်တွေ အရမ်းများတဲ့ ဒီခေတ်ရောစပ်မှုကြီး ထဲမှာ
အလကားပဲတင်း ၀ါဒဖြန့်ချီရေးသမားတွေကို ယုံမှားမိတော့လည်း ရှုံးလိုက်ဦးပေါ့ တစ်ချီ
ပြီး တစ်ချီ အနိုင်က မပေါ်တော့ဘူး ကိုယ်ကလည်း အခြေမခိုင်ခဲ့တော့ တို့ထိသမျှ အဟုတ်ထင်မိတာကလည်း
တကယ့်ကို ကုလားကို ဘုရားထင်မိတဲ့ တောတွင်းလူသားကြီးလိုပါပဲ
ဘာပဲဖြစ်ဖြစ် ခေတ်မှာ ပေါ်ပင်အသက်ရှုမှု တွေ နဲ့ ပေါ်ပင် ၀မ်းစာရှာဖွေရေးတွေနဲ့
ခက်တာက ကိုယ်ကလည်း အနုပညာနဲ့ ပတ်သက်ရင် ခန္ဓာက ယူရေနီယံ မထွက်သလိုမျိုး
တန်ဖိုးရှိတာ တစ်ခုမှ မရှိလေတော့ တောပုံပြင် မြို့ပုံပြင်တွေပဲ အခါခါဖတ် အခါခါ ဇာတ်လိုက်လုပ်
အခါခါ ရင်ကွဲနာကျ နောက်ဆုံးတော့လည်း ရှေ့ကနေ အရင်ဆုံးနှင့်တဲ့ လမ်းတွေနဲ့
ဟောဒီ ပန်းပေါင်းစုံ ဆင်ယင်ထားတဲ့ နံရံကြီးကို မီးရှို့ဖျက်စီးပစ်လိုက်ပြီ။

မိုးအိမ်လူ
27.11.2011
ရယ်စရာ မဂ္ဂဇင်း

Saturday, November 26, 2011

မိုင်တိုင် ( ၂၁ )



အဝေးက ကြည့်ရင် အစက်အပျောက်
အနီးကပ်ကြည့်ရင် မီးတောက်ကြီး
လောင်ကျွမ်းလိုက်ရတာ အနှစ် ( ၂၀ )
မီးတောက်ကြီးလေ ငြှိမ်းရခက်လေ
မီးစာတွေလည်း ရှာရတယ်
မီးညွှန့်တွေလည်း လွှတ်တင်ရတယ်

မေ့မေ့လျော့လျော့ ထားလိုက်ရင်
အားလုံးဟာ ရေခဲပြင်
ပစ်ထားလို့ရလည်း ပစ်ထားလိုက်
ပစ်ထားလို့ မရလည်း ပစ်ထားလိုက်
နေ့ဖို့ ညစာလည်း မတွေးနဲ့
ရှေ့ဘ၀ နောက်ဘ၀လည်း မတွေးနဲ့

လွတ်ကျလာတဲ့ မိုးရာသီက
ကောင်းကင်က ဗီဇာပါမလာ
ပြန်ကန်ထုတ်လို့ မရတဲ့ သဘာဝ စည်းမျဉ်းအရ
နေလိုက်ပေါ့ စွေလိုက်ပေါ့
တံခါးမထား ဓား မထား ဒီစက်ဝိုင်းမှာ
ဆောင်းကို သတ်တဲ့ နွေက ခပ်ပြုံးပြုံးလေး။

မိုးအိမ်လူ

ခေတ်ပေါ် ကုန်သည် ၏ ရောင်းရေး ၀ယ်ရေး



ရာသီစာများ မပို့ပါနှင့်
ပေါ်ပင်များ မပို့ပါနှင့်
ကျီးအာသီးများ မပို့ပါနှင့်
အနံ့ဆိုး ခံတွင်းများ မပို့ပါနှင့်
ဆင်ခြင်မဲ့ ဦးနှောက်များ မပို့ပါနှင့်

ရှေးဟောင်း ကဗျာအချို့ လိုအပ်နေသည်
တကယ်မှန်သော အမှန်တရားအချို့ ပြတ်လပ်နေသည်
စစ်မှန်သော အနုပညာသမားများအတွက်
လက်ခုပ်သံများ ရှားပါးနေသည်
အလင်းဓာတ်များ ဖျော့တော့နေသည်
နှစ်ရှည် စေတနာများ များများပို့ပေးပါ

မနက်ဖြန်မရောက်လျှင်
ဘယ်တော့မှ မပို့ပါနှင့်

မိုးအိမ်လူ

Friday, November 25, 2011

သံစဉ် မဖြစ်ခဲ့တဲ့ သံစဉ်





တိမ်တိုက်တို့ ပြန်ပေးဆွဲခံလိုက်ရတဲ့ ရာသီ။ လေထုညစ်ညမ်းမှု နဲ့အတူ စိတ်ဓာတ်တွေ ယိုယွင်းလာတဲ့ ပစ္စုပ္ပန် အခင်းအကျင်း။
လက်ဖ၀ါးများအား ရှေ့သို့ ဆန့်တန်းထားရင်း တစ်စုံတစ်ခုကို ကိုယ် တောင့်တလိုက်တယ်။ ဘာတွေ ကျလာမလဲ။ ဘာတွေ ထိတွေ့
လာမလဲ။ စိတ်ဟာ ကိုယ့်ရင်ထဲကနေ ထိုးထွက် ဟိုး အမြင့်ဆုံးအထိ လွင့်တက်သွားတယ်။ တိမ်တိုက်တွေ မရှိတော့ ကွန်းခိုစရာလည်း
မရှိခဲ့ဘူး။ ကျေးဇူးပြု၍ ခဏလောက် နှုတ်ဆိတ်ပေးလို့ရမလား။ ကျေးဇူးပြု၍ ခဏလောက် စိတ်ငြိမ်ပေး၍ ရမလား။ မရလည်း နေပါစေ။
အတင်း မပြုလုပ်ပါနဲ့။ မရလို့လည်း ဘာမှတော့ ဖြစ်မသွားပါဘူး။ ကိုယ် သီချင်းတစ်ပုဒ် သီဆိုချင်လို့ပါ။ ကိုယ့် ဆန္ဒကို အရောင်တင်
ချင်ရုံ သက်သက်ပါ။ ဘာမှ အရေးမကြီးပါဘူး။ ကျေးဇူးပြု၍။

မိုးစက်များ အဝေးသို့ ထွက်ပြေးခြင်း။ ကြောင်။ လေတိုးသံများ တဟူးဟူး။ ရနံ့ချိုအီမွှေး။ သင်္ချိုင်းကို ကြောက်သူများ။ ကမ္ဘာမြေ၏
အမှောင်ဘက်ခြမ်း။ ပြေးနေတယ်။ ပြေးနေတယ်။ မောဟိုက်သံတွေ တညံညံ။ စကားလုံး အကျိုးအပဲ့များ။ တယောအို၏ တေးချင်း။
စစ်မြေပြင်သို့ ပါလာသော မေတ္တာတရား။ ရွှေနားကွပ် ကြက်ခြေခတ် နှစ်ရာ့သုံးဆယ်။ လွယ်လွယ်လေးပါ။ ဘယ်အချိန်လဲ။
နှုတ်ပိတ်ပေးကြပါ။ ပြည်တွင်းစစ်။ ပြည်ပစစ်။ ၀ါဒကွဲများ။ အမေ ထမင်း မကျက်သေးဘူးလားဗျာ။ အပေါစား ခံစားချက်များဖြင့်။
စာသင်ခန်းထက် ကောင်မလေးဘေးမှာ။ ပန်းများ။ အရောင်များ။ ပြယ်လွင့်ခြင်း နိဒါန်း။ စကားတွေရယ်လေ။ ပွလိုက်ကြတာ။
ဖောင်းလိုက်ကြတာ။ ကဗျာတဲ့။ မေမေ သားကို မေတ္တာရေတိုက်ပါဦး။ အနှစ်မဲ့ ခမ်းခြောက်ခြင်းများ။

ကိုယ်က သီချင်းလေး တစ်ပုဒ် ဆိုရုံရယ်ပါ။ သူတို့တွေလေ ရနံ့ရိုင်းတွေ လွှတ်လိုက်ကြတာ ဇက်ကြိုးပြတ်။ နှလုံးသွေးတို့
အသိုက်အအုံ ကွဲတဲ့အထိ။ ကိုယ် မမှုပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်တဲ့ အောက်စီဂျင်တော့ ၇ှိသေးတယ်မဟုတ်လား။
ကိုယ်မမှုပါဘူး။ ကိုယ့် သီချင်းအတွက် သူတို့ နှလုံးသားမှာ နေရာမရှိလည်း ကိုယ်မမှုပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာတော့
ကိုယ့်သီချင်းလေးကို နွေးထွေးပေးနိုင်မယ့် နှလုံးသားတွေ ဟာ ရှိနေမှာပါ။ ကိုယ် ယုံကြည်တယ်။ ကိုယ့် သီချင်းရဲ့သစ္စာကို
ကိုယ် ယုံကြည်တယ်။ ဗုဒ္ဓရဲ့ သစ္စာလမ်းကြောင်းအတိုင်း ကိုယ့်သီချင်းရဲ့သစ္စာဟာ စီးမျောသွားလိမ့်မယ်။ ကိုယ် ယုံကြည်ပါတယ်။

စမ်းသပ်ခန်းထဲက ကုတင်ထက်မှာ ကိုယ် မေ့မျောနေတာ ဘယ်လောက်ကြာပြီလဲ။ တစ်ဘ၀ လား။ နှစ်ဘ၀လား။ မရေမတွက်နိုင်သော
ဘ၀များစွာနဲ့လား။ ဘယ်အချိန်ထိ ကိုယ့်ကို စမ်းသပ်နေကြဦးမှာလဲ။ ဘယ်အချိန်ထိ ကိုယ်ဟာ အစမ်းသပ်ခံ ဖြစ်နေဦးမှာလဲ။
သံသရာဟာ စက်ဝိုင်းဆိုတာ သေချာရင် ။ ထားလိုက်ပါ။ ဒါဟာ သံစဉ်တစ်ပုဒ်မှမဟုတ်ဘဲ။ သံစဉ်တစ်ပုဒ်လို့ ဆိုခဲ့ရင်တောင်
ကိုယ်နှစ်သက်တဲ့ သံစဉ်တစ်ပုဒ် ဖြစ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်လည်း နာကျင်မှုတွေ အထပ်ထပ်။ ကမ်းပါးပြိုလို့ ပါသွားတဲ့
အိမ်ငယ်လေးတွေထဲမှာ ဘ၀အချို့ သံစဉ်မမှန်ခဲ့တဲ့ အကြောင်း။ အင်း ပြောရင် ရှည်ဦးမယ်။ အဲ့လို သံစဉ်မမှန်တဲ့ ဘ၀တွေကို
မြင်နေပါလျက်နဲ့ ကြိုးဖျက်ရက်သူတွေ ပွဲဖျက်ရက်သူတွေ။ အမုန်းတွေ ဖြေလျော့ပါတော့။ ကမ္ဘာမြေအတွက် သံစဉ်တွေ စိုက်ပျိုးပေး
ကြပါ။ ချိုသာသော။ နူးညံ့သော။ သံစဉ်တောအုပ်မှာ ကိုယ် တို့ ပျော်ချင်လှပြီ။

မိုးအိမ်လူ
၂၄ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်တစ်

Thursday, November 24, 2011

အက်ကြောင်းများ၏ အစ





စ တည်ခဲ့တဲ့ နေရာက  အမှောင်ကျလွန်းတော့
လွင့်ဝဲလာတဲ့ လှိုင်းတွေဟာ ရောင်စဉ်မမှန်ချင်ဘူးပေါ့
ခံယူတဲ့ လက်ထဲမှာ ဗလာအပြည့်နဲ့ မျက်ဝန်းတွေမှာ ငတ်မွတ်သံတွေ စီညံ
အရှေ့ဘက်ကုန်းမြေဆီ ၀ပ်တွားနေတဲ့ လခြမ်းနီရဲ့ သောက က ဘာပါလိမ့်

တကယ်တော့
ကလေးငယ်တွေဟာ ကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင်တွေပါ
ရင်ငွေ့ ခမ်းခြောက်မှုတွေနဲ့ ခေတ်ရဲ့ အော်ဟစ်တောင်းဆိုမှုတွေက
ခါးလှဖို့ မတွေးရဲ ၀မ်းဝအောင် မနည်းအသက်ရှူရမှုတွေ နဲ့
အသိုက်အမြုံ ယိုယွင်းမှုတွေဟာ တစ်စုံတစ်ခုကို ငတ်မွတ်မှုကနေ မြစ်ဖျားခံလာခဲ့
ခေါင်းတွေ ရမ်းမိတယ်  နှလုံးသားတွေ ရမ်းမိတယ်   ဦးနှောက်တွေ ရမ်းမိတယ်
မိဘ ဆိုတာ ကလေး မဟုတ်ဘူးလေ

လှုပ်ခါနေတဲ့ ဆက်ဆံရေးတွေနဲ့ မွမ်းမံထားတဲ့ မိသားစုတွေ
တစ်စုံတစ်ရာကို နားလည် မပေးနိုင်တာ အပြစ်မဟုတ်ဘူး
အကြောင်းပြချက်တွေ ရှည်လျားလွန်းနေတဲ့ သချာင်္ပုဒ်စာဟာ
တိကျမှန်ကန်တဲ့ အဖြေ တစ်ခု ထွက်ဖို့လား…… ဒါမှမဟုတ်…..
အိပ်ရာထက်က သက်ပြင်းရှိုက်သံ အတိမ်အနက်နဲ့
ညတာတွေ ရှည်လာသလို နေ့တစ်နေ့ကို ရင်ဆိုင်ဖို့လည်း စိုးရွံ့ မိ
အစ… စ ခဲ့ မိတဲ့ အစ တွေဟာ ဘယ်လို သင်းပျံ့တဲ့ ရနံ့တွေ ရှိကြသလဲ
ဘယ်လို ဆွဲဆောင်အားကောင်းခဲ့တဲ့ ပုံရိပ်တွေ ရှိကြသလဲ
သားငယ်ရဲ့ လက်တစ်ဖက် ပြုတ် စူပါမင်း အရုပ်ကလေးရဲ့ အစ
သမီးငယ်ရဲ့ ပုံဆွဲစာအုပ် အနွမ်းလေးရဲ့  အစ
ဒုက္ခသစ္စာရဲ့ မြစ်ခွဲ သောက ကလည်း မီးလို တကယ်ပူတာပါပဲလားကွယ်။

                                                                                      မိုးအိမ်လူ

ဲIdea Magazine,December 2011

Wednesday, November 23, 2011

မိုးတွေ ရွာတော့ နေလို့ မကောင်းဘူး အဲဒါနဲ့ မြို့ ထဲ ထွက်လိုက်တာ




ကိုယ်နဲ့ မထိုက်တန်မှု များစွာ အလုံးအရင်း နေ့ တွေထဲမှာ သဲသဲမဲမဲ ဖွဲဖွဲစဲစဲ ရွာကျ
ဒါဟာ မိုးလား ဒါဟာ လောကဓံလား ချုပ်ရိုးတွေ အစအန ဖွာလန်ကြဲ
မပြောသင့်တဲ့ စကားတွေ အထပ်ထပ် လှိုင်းလုံးတွေလို အလိပ်လိုက် အလိပ်လိုက်
ကျင့်ဝတ်သိက္ခာတွေ စောင့်ထိန်းမှု သီလ တွေ လောကရဲ့ အဖြူရောင်နယ်နိမိတ်ကို ချုံ့ပစ်မိ
ဒါဟာ မနေ့ က ဆိုတဲ့ သီချင်း နားထဲ ကြားမိလိုက်တယ်
မပြောချင်ရင် လည်း မပြောချင် သလို မပြောဘဲ မနေနိုင်တော့ မပြောချင်ပါဘူးကွာ နဲ့ စ ပြီး
ရေးလက်စ ကီးဘုတ်က စကားလုံးတွေ အ နေတယ် မဟုတ်ဘူး လက်က အ နေတယ် မဟုတ်သေးဘူး
တစ်ခုခု အ နေတယ် မွေးကတည်းက အကုန်လုံး အ နေတယ် အချိန်တိုင်းကို အ နေတယ်
ပြောခဲ့ပြီးပြီ ထားလိုက်တော့ ခြေလှမ်းပြင် နောက်ကျောလှည့် ဓားနဲ့ ထိုး မျက်ရည်တွေ ကျ ကဗျာတစ်ပုဒ် မွေး
အဆင်ကို ပြေလို့ အစဉ်လိုက် မဟုတ်ရင်တော့ ဖတ်ရတာ ကို့ ရို့ကားယား နည်းနည်းတော့ စဥ်ပေးဦး
အဲဒါမှ အဆင်ပြေမှာ ထင်တယ် စာရွက်ပေါ်မှာ မြန်မာ ဗျည်းတွေ သရတွေ အကုန်ထင်နေတယ်
စိတ်တည်ရာမဲ့ အကုန်လုံး ထင်နေတယ် လို့ ထင်နေခဲ့တာ အတော်ကြာပြီ ဆိုတော့
နာရီတွေ ပုပ်သိုးနေတာ လည်း အတော်ကြာပြီ အချိန်တွေ လည်း မှိုတက် အပုပ်နံ့ထွက်
ဒါဟာ ခေတ်သစ် ၀တ္တရား နိစ္စဓူဝ လုပ်ဆောင်မှု အခင်းအကျင်း ဘာလို သေးလဲ
အဲဒီလိုနဲ့  နဲ့  နဲ့ သွား နည်းနည်းသွား နည်းနည်းသွား နယ်နယ်သွား တဖြည်းဖြည်း နပ်နပ်သွားတာပေါ့
ဟောဒီမှာ ကမ္ဘာဦး နည်းပညာရုပ်ရှင် လို့ ပြောတဲ့  ရုပ်တွေ သေနေတဲ့ ရုပ်ရှင်
ဒီလိုပါပဲလေ တောင်စဉ်ရေမရ ပေါက်တက်ကရ တွေ့ ကရာ ခြောက်ဆယ် အကုန်လုံး ဒီအထဲ သွတ်သွင်း
ကျန်ခဲ့သမျှ ဘာမှ မကျန်တော့ဘူး အဲဒီမှာ နိတ္ထိတံဖို့  အကြောင်းကြောင့် အကျိုးဖြစ်သွားတယ်
ဤတွင် ပြီး၏။

မိုးအိမ်လူ ( 15 / 7 / 2011 – PM; 9:47 )