Wednesday, November 14, 2012

ငါ့ကျန်းမာရေးကို ထိခိုက် ဆိုးရွားစေနေတဲ့


. 



ငါ အရမ်း ပင်ပန်းနေတဲ့အခါ ဒီလို စကားလုံးတွေ ရေးဖို့ မတတ်နိုင်ဘူး
ငါ အရမ်းမူးနေတဲ့အခါ ဒီလို စာသားတွေ ရေးသားဖို့ မတတ်နိုင်ဘူး
ငါ လူတွေကို ဒေါသဖြစ်နေတဲ့အခါ ဒီလို ၀ါကျတွေကို သဒ္ဒါ မှန်ဖို့ မတတ်နိုင်ဘူး
စာရေးဖို့ ကဗျာရေး ဖို့ ကုန်ကြမ်းဆိုလား စေ့ဆော်မှုဆိုလား ထိရှမှု ဆိုလား အဲဒီ
တစ်ခုခုမှ မရှိတဲ့အခါ ငါ ဘာ စာ ကဗျာမှ ရေးဖို့ မတတ်နိုင်ဘူး ထင်
ဘာမှ ရေးဖို့ မရှိတဲ့အခါ ငါ ဘာမှမရေးနိုင်ဘူး
အဲ့ဒါကိုပဲ မကျေနပ်နိုင်ဘဲ ငါ့ စိတ်က တစ်ခုခု ရေးချင်နေပြီး ငါ့လက်က မရေးနိုင်
စိတ်လို လက် မရ အခြေအနေကြီးနဲ့ ငါ ဟာ ဘာမှ မတတ်နိုင်ဘူး
အဲဒီလို အခြေအနေမျိုးမှာ
ငါ ပင်ပန်းနေတာထက် ပိုပြီး ပင်ပန်းလာပြီး
ငါ မူးနေတာထက် ပိုပြီး မူးဝေလာပြီး
ငါ့ ဒေါသတွေ အဆုံးအစွန် အထိ ရောက်ရှိပြီးနောက်
အဲဒီ ကိစ္စက
ငါ့ ကျန်းမာရေးကို ဆိုးရွာစေနေတယ်။


မိုးအိမ်လူ

၅ သြဂုတ် ၂၀၁၂

သို့…… အချစ်


. 


ရိုးသားမှုကို ရိုးရိုးသားသား ပြောပြချင်လို့ ရိုးသားသူကို လိုက်ရှာတယ်
နှင်းဆီပွင့်ဖတ်ဖြူ ပန်းရောင်ကနေ အ၀ါရောင်ကနေ ခရမ်းရင့်ရောင် ပြောင်းလဲခြင်း
ရှာဖွေ မရတဲ့အခါ ဒီအတိုင်းပဲ အစိုင်အခဲကြီး အဖြစ် ကျန်းမာရေး ချို့တဲ့ခံနေရ
မိုးလေ၀သ အခြေအနေ အတိမ်းအစောင်းများနှင့်အတူ လူသားများလည်း ရွဲ့စောင်း
ရိုးသားမှုဟာ ရိုးသားမှုအဖြစ် အထင်အရှား အထင်အရှား မဖြစ်သေးဘူး အချိန်အခါ
မိုးတဖွဲဖွဲ နေခြည်တဝေးဝေး ချမ်းတစိမ့်စိမ့် စိုထိုင်း ရှင်သန်မှု ရက်ဆက်
မပျော်ရွှင်ရတာတွေ များလာ၇တဲ့အကြောင်းက အိပ်ရေးမ၀ဘူး
ည ည မျက်စိတွေ ကြောင်ပြိး အတွေးတွေ ကြောင် စိတ်တွေ ကြောင်
ကြောင်တစ်ကောင်လို မပေါ့ပါးနိုင်တာ မရိုးသားလို့ပေါ့ အချစ်ရယ်
ဆိုသလို တယ်လီပသီ ဆိုလား ဘာလား စိတ်ချင်း ဆက်မဆက် တော့မသိဘူး
ဟောဒီ ရုပ်နာမ်မှာတော့ အတွင်းမီး တမြေ့မြေ့ ဆန္ဒလား လောဘလား အ၀ိဇ္ဇာလား
ခွဲခြမ်း စိတ်ဖြာ ယုတ္တိမဲ့ စိတ်ကူးယဉ် ဒိုင်ယာလောခ့်များ သွတ်သွင်းထားခြင်း
လေညှင်းတံတားကနေပဲ ၇ိုးရိုးသားသား ချစ်နေခဲ့တာပါ အချစ်ရယ်
ကိန္နရီ ချောင်းခြား သနားတယ်လို့တော့ ကြီးကြီးကျယ်ကျယ် စကားလုံး မဖန်တီးမိ
ရိုးသားမှုကိုတော့ ရိုးရိုးသားသားပဲ ရိုးသားချင်တယ် မရိုးမသား မပါဘဲ
ဝဋ်နာကံနာကိစ္စများ ယနေ့ညမှာပင် အဆုံးသတ်ဖို့ ရိုးရိုးသားသားပဲ
ဆုံးဖြတ်လိုက်ပါတယ်…အချစ်။


20.7.12

မိုးအိမ်လူ

.၀ဋ်ကောင်


. 


ပဲရစ်မျှော်စင် မဟုတ်ဘူး နှလုံးသား တစ်ရပ်စာ ဆိုလား
အဲဒီ အပြာရောင်နေ့စွဲမှာ အပြာရောင် ငှက်တစ်ကောင် အပြာရောင် တိမ်တောင်တွေ
ရိုက်ခတ်သွားမိတာက အစ ဘ၀ရဲ့ အက်ကြောင်းတွေ မရပ်တန့်နိုင်တော့ဘူး
ကမ္ဘာတစ်ပတ် အရှည်အိပ်မက် မက်စက်လိုက်ရတာ ၀ဋ်ကြွေးကြီး တစ်ခုလိုမျိုး
ဘယ်လို အကြောင်းတရားနဲ့ အဲဒီ မီးပွိုင့်မှာ ကျွန်တော် ကံမကောင်းခဲ့သလဲ
အလိုလောဘ တပ်မက်ခြင်းကြီးစွာ ကမ္ဘာကို လက်မလွှတ်နိုင်သလိုမျိုးနဲ့
ဥပါဒါန် အုတ်မြစ် ခိုင်ခိုင်မာမာ လွတ်လမ်းမှာ အလင်းမကြွေသေး
အခြား အခြားသော ဘ၀များကို မစာနာနိုင်ဘဲ အတ္တ + မီး + ရဲရဲနီ
ဖုန်းခေါ်သံတွေ ပြတ်တောက်နေရင်လည်း အကောင်းသား အခုတော့ အကုသိုလ်
မြစ်ဖျားခံရာမှာ မိုးရေတွေ အစုအဝေးများပြားသွားတော့
ကော်ဖီတွေလည်း အရသာမဲ့ကုန်ပြီ မူးယစ်ရီဝေ အနုတ်ဘဝ
စိုလက်စနဲ့ လုံးဝ ပျက်ပြယ်သွားတဲ့အထိ လုံးဝ စုတ်ပြတ်သွားတဲ့အထိ
ဘ၀သစ္စာ သံသရာ သစ္စာ အားလုံးမေ့ထားပြီး မောဟ သစ္စာ တစ်ခုတည်းနှင့်
ထိုအရာအား ပုဒ်မချဖို့ တွန့်ဆုတ်နေသော လက်တစ်စုံဖြင့်။


မိုးအိမ်လူ

ပစ္စက္ခ + မီး + ရှင်သန်မှု


. 

မပြောမဆိုချင်မိသော စိတ် ပါးစပ် နှုတ်ခမ်း အရေးတယူမဟုတ်ဘဲ လောခ့်ချထား
ယမန်နေ့ ဒိုင်ယာရီ ကွက်လပ်ကြီးငယ် က အစ ဒဏ်ရာ အတိမ်အနက်
စိတ်လွတ်ကိုယ်လွတ်ကြီး မဟုတ်ဘဲ လွတ်လပ်မှုက  ဘာ ဖရီးဒမ် က ဘာ အစ သဖြင့်
သံယောဇဉ် အထုံးအကြီးအသေး မီးနီ ပြမှု မရပ်တန့်ခြင်း ကြိမ်တို့ခံရမှု
ဘယ်လမ်းက ဖြစ်ဖြစ် စီးဆင်းမယ့် ရေ။ ထို့အတူ အလိုမတူ ၀မ်းကျောင်းနေရ။
ဘာသာစကားထဲမှာ ပိတ်မိနေပြီး ကဗျာဟာ ရှေးရှေးတုန်းကလို သျှောင်ထုံးနဲ့ မဟုတ်ဘဲ
တွစ်စတာလေး သေနတ်ပစ်သလို ဘိုကေပဲလား အဲဒီလို မသေချာမှု
မဲပြာပုဆိုး မနက်ဖြန်တွေထက် စာရင် မနက်ဖြန်သာမယ့် နေ ထဲမှာ ပိုးမွှားတွေ ပို
ပိုလာမလား ငယ်စဉ်တောင်ကျေးကတည်းက စွဲကပ်ခံရတဲ့ စိုးရိမ်စိတ်နဲ့
ကော်ဖီဒကာတွေ နေ့စဉ်နဲ့ အမျှ ရှာဖွေနေရတဲ့ ခေတ်ပညာတတ် အရာရှိငယ်
ဘ၀က နွေ မိုး ဆောင်း မခွဲမခြား တစ်ရာသီတည်း ပူလောင်အိုက်စပ်နေကြောင်း
ဒီမိုကရေစီ နိုင်ငံတော် အသစ်ကျပ်ချွတ်ကြီးမှာ နိုင်ငံကို ထမ်းပိုးထားရသူလိုလို
ပျင်းရိခြင်း အလေ့အထ ကျန်းမာရေး လိုအပ်ချက်အရ နောက်ဆက်တွဲ လူမှုရေး ကြမ်းတမ်းမှု
နာရီလက်တံနဲ့အတူ ရွေ့နေတဲ့ စိတ် ထဲ လှေနံဓားထစ် တွေ လက်ခမောင်းခတ် ဟစ်ကြွေး
နားညည်းတယ် ဘယ်လို ဆင်ထားမှန်းမသိတဲ့ ဖဲထုပ်ထဲမှာ ဘယ်လိုနံပါတ်မျိုးနဲ့
ဘ၀က ဖဲချပ်ပေါ်မှာ ကပ်ခွာလုပ်ထားမလဲ လိုလားသည် ရှိသော် မရှိသော်
ရက်စွဲ အစုတ်အပြတ်ထဲ စိတ်စွဲအမှားတွေကို စတာပလာနဲ့ ချုပ်ထားလျက် တန်းလန်း
ကမ္ဘာပြီးတော့ ကမ္ဘာပါ အခြား အချင်းအရာကြီးကြီးမားမား မရှိ ဘ၀ပြီးတော့ ဘ၀ ပါ
ထို့အတူ စကားလုံး အယိုအဖိတ်များအားလည်း ကဗျာပြီးတော့ ကဗျာအဖြစ်။

24.4.12

မိုးအိမ်လူ

.မှန်ထဲက ပုံရိပ်မှာ ဖြတ်ပြေးနေတဲ့ စကားလုံးတွေဟာ …..


. 



မမှားဖူးတဲ့ ကိစ္စတွေလည်း ဖျစ်ဖျစ်မြည် မှားဖူးတဲ့ ကိစ္စတွေလည်း ဖျစ်ဖျစ်မြည်
ဘယ်သူ့အပေါ်မှာမှ အလင်းရောင် မသမ်းဖူးတဲ့ ပြတင်းတံခါး တစ်ချပ် ။
ဒီနေ့ စားသုံးသမျှ ပြန်အန်ချ ကြည့်တော့ အရေးတော်ပုံနဲ့ မဆိုင်တာတွေပဲ ခေါင်းထဲဝင်တယ်။
တကယ်က ကိုယ်လည်း ကိုယ်ယုံကြည်ရာနဲ့ ကိုယ်။ ကိုယ် မယုံချင်တာကို မယုံချင်သလို လုပ်လို့ လုပ်ဖို့
ပျင်းစရာပါ။ အားလုံး အရွဲ့အစောင်း ဇာတ်လမ်းတွေမှာ ပျော်ဝင်နေကြတာ ဘယ်လောက်ကြာပြီလဲ။
လေပေါ်က မြို့ကြီး ပြကြီးမှာ ခင်ဗျားတို့ ပျော်နေမြဲ ပျော်နေဆဲ လုပ်ကြီဦးမလို့လား။
သူတို့ က စစ် ဆို မင်းကလည်း စစ် လိုက်တာပဲ။ သူတို့က မီး ဆို မင်းကလည်း ပူလိုက်တာပဲ။
ကျွန်တော်ပြောသမျှ ပုံပြင်တွေချည်း ဖြစ်ကြောင်း အမှာစာမှာ ရေးထားတယ်။
မမှီဝဲဘဲ မကင်းနိုင်ဖြစ်နေတဲ့ အဲဒီ ဖြစ်နေကျ ဇာတ်လမ်းကြီးထဲမှာ ငါ ဟာ ပြာတာတာ
ဘယ်သူသိဖို့ လိုမလဲတော့မသိဘူး။ လိုလို မလိုလို လိုအပ်ချက်တိုင်းဟာ စစ်မှန်ဖို့ ဘယ်သူမှမစစ်ဆေးနိုင်
ပရီးမီးယားလိဂ် မကြည့်နိုင်တဲ့ ဒုက္ခနဲ့ ။ စိတ်အာသာပြေ ဇာတ်ကားတွေ မကြည့်နိုင်တဲ့ ဒုက္ခနဲ့။
သူသူ ငါငါ ဘာသာတရားရှေ့ရောက်တော့လည်း ခပ်တည်တည်ပဲ ၀ပ်တွားလိုက်ကြတာပဲ
ဘာမှ မရှိတာ ဘယ်သူ သိနိုင်မလဲ။ ဖြည်နေကျ အထုပ်ကို နေ့စဉ် မပြတ် ဖြည်ရင်း မိုးသည်း လေသည်း။
ဒီနှစ် မိုးခေါင်တော့ ပူတာပေါ့။ ဒါပဲ သိတဲ့ မြို့လယ်ခေါင်က ဈေးသည်နဲ့ ။ ဒီနှစ်မိုးခေါင်တော့ မဖူလုံတော့ဘူးပေါ့။
သိနေကျ ညီမျှခြင်းပါဘဲ။ အားလုံး သိနေကျ မေ့နေတဲ့ ညီမျှခြင်းတွေ။ ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်တော့။
ကမ္ဘာမြေအတွက် သီချင်းဆိုတာတွေကလည်း ခေတ္တ ခဏ ထက်သန်မှုကနေ လွင့်ထွက်လာတဲ့ ရောင်စုံ ကဒ်ပြား
ထိတ်ဟယ် လန့်ဟယ် သတင်းတွေ နေ့လွဲ ညစာ အိပ်မက် မက်ရင်း ကြယ်မသာရင် မိုးအုံ့လို့ပဲ ။ ဘာခက်လဲ။
တစ်ခုခုတော့ မှားနေတာလား။ ငါကပဲ ဟို ဇာတ်ကားထဲက မင်းသားလို ဖြစ်နေတာလား။ မဟုတ်သေးပါဘူး။
ဘာလို့ လူတိုင်း မင်းသား ဖြစ်နေပြီး ။ ဘာလို့ လူတိုင်း ဇာတ်ပို့ ဖြစ်နေပြီး။ ဘာလို့ လူတိုင်း ဗီလိန်ဖြစ်နေပြီး။
မိုးလင်းတော့ အိပ်မက်တွေ ထ ပြေးကုန်ရော။ အမှားတွေကျန် ။ အမှန်တွေကျန် ပြီး။ သမိုင်းတွေ ချန်ပြီး။
သက်တမ်းပြည့် အရေပြားနဲ့ သက်တမ်းနု စိတ်ထားတွေ ရွက်ပိုးပြီး ။ မိုးလင်းတော့။

24.9.12
မိုးအိမ်လူ

ရပ်နေတဲ့ ခြေထောက် မှာ အာမခံ သက်တမ်း ကုန်နေပြီ


. 


ယုံတစ်ချက် မယုံတစ်ချက်။ အဲဒီချိန်းဆက်တွေ တဂျိုးဂျိုး တဂျွတ်ဂျွတ်။
လိုအပ်ရင် လိုအပ်သလို ဟောဒီ ဖုန်းနံပါတ်ကို ခေါ်ဆိုပါ စိတ်ထဲကအတိုင်း
မနှစ်သက်တာတွေ စိတ်ထဲထား နှစ်သက်တာတွေ ထိန်းမနိုင် ပေါက်ပေါက်ဖောက်
တနလာင်္လူများ နှစ်ခါသေကြ၏။ ကမ္ဘာတစ်ပတ်မလည်ခင်။
ယမန်နေ့က ကိစ္စများအား ယမန်နေ့က စိတ်များဖြင့် ယမန်နေ့ကလိုပင် ယနေ့
အသေခံ ဗုံးခွဲပြီးနောက် သူ၏နောင်တများ ပြာကျသွားခဲ့
ပိုးမွှားတိုင်းဟာ ရောဂါဖြစ်ဖို့ မသေချာပေမယ့် ရောဂါပိုးမွှား
မြန်မာနိုင်ငံမှာ ကြွယ်ဝမှုက ( ) စိတ်ဓာတ် ဆင်းရဲမှုက ( ) စိတ်ဓာတ်
၎င်းလစ်ဟာချက်များအား ရှာဖွေ ဖြည့်ဆည်းပြီးနောက် သင်
အကျွတ်တရားရနိုင်ပြီး ဖြစ်ပေမယ့် နောက်မှာ ငုတ်ရိုက်ထားသော
သံယောဇဉ်အနှောင်အဖွဲ့ ကိစ္စပြဿနာများသည်လည်း ပူပင်စရာ
ရုပ်ရှင်ရုံမှ အထွက် လူငယ်များရဲ့ မျက်နှာဟာ နွမ်းလျလန်းဆန်းနေတယ်
ကိုယ်ကလည်း ပူတင်လို ရုပ်တည်ကြီးနဲ့ လူဆိုးမလုပ်တတ်
သမ္မတကြီးက အစ ကမ်းနားလမ်းမှာ မုန့်ဖိုးတောင်းတဲ့ ကလေးတွေ အထိ
ဟို စကားလို သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာ ရှိကြပြီး ဖြစ်၏
ဆက်စပ်၍ အတ္တစိတ်သည်လည်း ကြီးကောင်ကြီးမား ရှိနေပြန်ရာ
ဘယ်သူမှ မမှားသော ရှေ့နေများနှင့် မသေသော ဆေးသမားများ
မမှားကြပါဘူး သေဖို့ကတော့ ကံ ကံ၏အကျိုး နှင့်သာ သက်ဆိုင်တယ်
သင့်ကြောင့်ဆိုပြီး ထိုးသော လက်ညှိုးများ မပုပ်မသိုး လတ်ဆတ်
ခုနှစ်ရက် ကောင်းဆိုး ဟောင်ဖွာဟောင်ဖွာ ကိစ္စများ  ဤတွင်
နှုတ်ပိတ်နေပါသည် စကားဝှက်မေ့နေပါသည် အသုံးပြုသူ အမည်
မမှတ်မိပါ။ အကောင့်အမည်လည်း သတိမရပါ ။ ထို့ကြောင့်
သင် ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားပါပြီ ။ ပေးဝေမှုများအတွက်
မိတ်ဆွေများထံမှ ပြန်လည်တောင်းယူရန်သာရှိ။

6.9.12
မိုးအိမ်လူ

မြိုမိတဲ့ အမြီးက ကိုယ့်ဟာ ဟုတ်မဟုတ်


. 


နောက်ခံအခင်းအကျင်း။ တောတောင် ရေမြေ။ တစ်ခုခုတွေ တစ်ခုပြီး တစ်ခု အခိုးအငွေ့တွေ အပါအ၀င်
ကြွက်ကိုက်ရာတလျှောက် ငါ သံတွေ ငါတို့ သံတွေ ဖွာလန်ကြဲ အေဒီ နှစ်ထောင်အလွန်
ဘ၀အပေါ် မက်စက်မှု အ၀ိဇ္ဇာ တဏှာ အကြီးစားကြီးနဲ့ လျှောက်လမ်းတွေ ပျောက်ပျက်ရ
မပြီးဆုံးတဲ့ ၀ါကျတွေ စာရွက်ကုန်တော့ တို့လို့တန်းလန်း အမျှင်တန်း ရှည်ရှည် စိတ်
အပုပ်နံ့ထွက် ဘော်ဒီကြီး လိုအပ်တာထက် ပိုပြီး အနံ့ မလှိုင်အောင် အဆင်ပြေရာတွေနဲ့
အဆင်ပြေနေကြောင်း လစ်နေတဲ့ စိတ်ထဲကို အညစ်ရောင်တွေ ညှစ်ချခံထားရသလား
သက်တမ်းတစ်ခုပြီးတော့ နောက်ထပ် သက်တမ်းတစ်ခု ပုထုဇဉ် ပီသမှု ဘယ်လောက်
ပရ ဘယ်လောက် အတ္တ ဘယ်ရွေ့  ရွတ်နေကျ ဇာတ်နိပါတ်ကြီးထဲက အတိုင်း ဒီဟာတွေချည်း
သိ သိ နဲ့ မိုက် သိ သိ နဲ့ မှောင် သိသိဟာ သိသိ အဖြစ် သက်သက် ကျောက်စစ်တုံး
နွေအကုန် မိုးအကူး မင်ရည်ကျဲ ရှင်သန်မှု တွေ မိုးခါးရေ ထပ်ပေါင်းမှု ဖြစ်စဉ်နဲ့
အညှိအကြေး ထုထည်တွေသာ တက်လာတယ် အဲဒီ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ဝေးရာကို
မရွေ့နိုင်သေးသမျှ ဟမ်ဘာဂါ ကိစ္စ မေ့ထားပြီး ပဲပြုတ်နဲ့ ထမင်းကြမ်း ကိစ္စကိုပဲ
မြောက်ဘက်ပြီး အနောက်ဘက် တံခါးတွေ ပျက်နေတဲ့ အိမ်ထဲမှာ ကြောင်အော်သံတွေ
ဆူတယ်ကွာ။ မနှစ်ကလည်း ဒီလိုပဲ။ လူတွေသာ ပြောင်းတယ်။ ဇာတ်လမ်း မပြောင်းဘူး။
ရိုးအီလာတော့လည်း ရိုးအီလာသလို ရိုးရိုးကြီးပဲ စကားလုံးတွေကို ကာရန် နဘေ ပြန်ချိတ်ရမလား
ချိတ်။

မိုးအိမ်လူ

Thursday, November 1, 2012

သစ်ပင်လေးရဲ့ အိပ်မက်


.


တစ်ယောက်တည်း ရှိနေတတ်တဲ့ အခါမျိုးမှာ စိတ်ဟာ အနားတွေ ဖွာလာတတ်တယ်။ အနားဖွာနေတဲ့ စိတ် တွေဟာ အကျင့်ရသွားပြီး လူကြား သူကြား ပျော်ကြားရွှင်ကြား ငိုကြား မဲ့ကြား ထဲမှာတောင် အနားတွေ ဖွာတတ်လာ တယ်။ မွေးရပ်မြေမှာ အိပ်မက်လေးတစ်ပုဒ် အလွမ်းတွေ ငွေ့ရည်ဖွဲ့လို့။ တောတန်းစိမ်းတွေကြားမှာ လူစိမ်းတွေနဲ့ အစိမ်းရောင် ဟာ စိတ်ရဲ့ အနာတရ ဖြစ်လာသလိုလို။ ခံစားရတာ အေးတယ်။ ဒီလိုနဲ့ ခံစားမှုတွေ ဟာ စကားလုံးတွေ ကို ပိတ်ဆို့ထားပြီး မီးစာတို့သာ တသွင်သွင်။

*

စာရွက်ခေါက်ထဲက ငှက်ကလေးဟာ ငိုကြွေးနေတယ်။ နေ့စဉ်ရက်ဆက်။ အချို့က ဘ၀ကို သိုဝှက်ထား တယ်။ အချို့က ဘ၀ကို မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းထားတယ်။ အချို့က ဘ၀ကို လေတံခွန်လို။ အချို့က ဘ၀ ကို ရေသန့်ဗူးလို။ အချို့က ဘ၀ကို တဲရော့ဖဲချပ်တွေပေါ်က ရုပ်ပုံတွေလို။ အိပ်မက်ပွဲတော်မှာတော့ သူတို့ နှင်းမသည်းခဲ့ကြပါဘူး။ စကားလေးတစ်ခွန်းအတွက် တစ်သီးပုဂ္ဂလပိုင်ဆိုင်မှုတွေ မုန်တိုင်းထဲ ပြေးဝင်ကြသလိုမျိုး။ ကြယ်စုံတဲ့ ညတွေဟာ မက်လောက်စရာကောင်းလာခဲ့တယ်။

*

လှေကလေး သေဆုံးသွားတာ ကြာပါပြီ။ လမ်းကြမ်းတွေမှာ စိတ်တွေ ဖိတ်စင်ပြန့်ကျဲသွားခဲ့တာ ပြန်လည် ကောက်ယူလို့ မရတဲ့အထိ။ အ၀ါရောင်။ ခရမ်းရောင်။ မှိုင်းညှို့ပြင်းထန်တဲ့ ရောင်စဉ်တွေကြားမှာ ၀လုံးကလေးခဗျာ မူးဝေလို့။ တိမ်တွေ အရောင်ပြောင်းသွားခဲ့ပြီ။ သစ္စာစကားတို့ တောင်နံရံကို ခြေစုံကန်ပြီး အရင်းမူလ နှလုံးသားဆီကို ပြန်ဝင်လာနေပြီ။ လွမ်းလိုက်တာကွယ်။ အခုချိန်ဆို သီချင်းတွေဟာ အသားဓာတ် ပြည့်ဝလို့ နေမှာပေါ့။

*

မိုးအလွန်မှာ အနာဂတ်တွေ ၀တ်စုံသစ် ၀တ်ခဲ့တာလေ။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ ကကြီး ၊ ခခွေး ၊ ဂငယ် အစရှိတဲ့ သက်ရှိ ဇာတ်ကောင်တွေဟာ ၀တ္ထုတစ်ပုဒ်ကို အသေသတ်လိုက်တဲ့ နေ့စွဲမှာပေါ့။ အကြောင်းအရာ နဲ့ အရေးအသား ဟာ ရင်ဘတ်ဟကွဲ နဲ့ အသည်းတွေ ဟတ်တတ်ကွဲနေခဲ့တယ်။ မှော်ဆရာလေးရဲ့ နှင်းဆီဖူးလေးဟာ တကယ်ကို ချစ် တတ်လာခဲ့ပြီ။ ဒါတွေဟာ ကောင်းကင်ရဲ့ မာယာတွေလား။ ချောက်ကမ်းပါးထက်မှာ ရပ်နေတယ်။ တိမ်တွေဟာ ရွေ့လျားနေဆဲ။ အဆုံးမသတ်နိုင်တဲ့ တေးတစ်ပုဒ်အတွက် တိမ်တွေဟာ ရွေ့လျားနေဆဲ။

*

လွမ်းမိတယ်။ ဆည်းလည်းသံထွက်တဲ့ မျက်ရည်ဥတွေကို။ အဆင်မပြေတဲ့အခါ အဆင်မပြေသလို ပုဒ်မတွေ ချလိုက်ရပေမယ့် ၀ိဥာဉ်လေးကတော့ လွင့်ပါးလို့ မ၀နိုင်သေးတာ သေချာတယ်။ နတ်ဘုရားတို့ရဲ့ နန်းတော်မှာမှ ပန်းကလေးကလည်း ပွင့်ရက်တယ်။ လွမ်းမိတယ်။ စိတ်ရူးပေါက်ရတဲ့ ပျော်ရွှင်မှုတွေကို။ ဘယ်သူသိမလဲ နွေဦးရာသီရဲ့ ရနံ့ကို။ အခုတော့။ လွမ်းမိတယ်။ ဆင်ခြင်ပိုင်းဖြတ်ထားမှုအရ အမှန်တရားလို့ သိပေမယ့်လည်း ဘယ်သူ ပျော်နိုင်မှာ လဲ။ ရာသီစာ အရယ်အပြုံးတွေ နဲ့ လိပ်ပြာငယ်တို့လည်း တောင်ပံခတ်ရတာ ညောင်းလှပြီ။ အခုတော့။ လွမ်းမိတယ်။

*

စိတ်တစ်စဟာ ကဝေပျိုတို့ရဲ့ အိပ်မက်မှာ ငြိတွယ်နေလေရဲ့။ မြစ်တွေ အကုန်လုံး စီးဆင်းခဲ့ပြီးပြီလေ။ ခလုတ် တစ်ချက်နှိပ်ပြီး ဘ၀ကို ရပ်ထားတယ်။ ဖျက်ထားတယ်။ ပိတ်ထားတယ်။ လင်းထားတယ်။ မှောင်ထားတယ်။ စကားသံတွေဟာ တောအုပ်လေးကို မကျော်လွနိုင်ခဲ့ဘူး။ လျှို့ဝှက်ထားတဲ့ နွေဦးသေတ္တာလေးကို သူတို့ ရှာတွေ့သွား ကြပြီ။ ပန်းပွင့်တို့ရယ် ရဲရဲရင့်ရင့် ပွင့်ဝေလိုက်စမ်းပါ။ အမှားဆိုတာ အမှန်မရှိရင် ရှိလာမှာ မဟုတ်ဘူးလေ။ ဘာအတွက်နဲ့ ပုံပြင်တွေကို ရင်ဘတ်ထဲမှာ သိမ်းဆည်းထားရသလဲ။

*

ရင့်ရော်မှုတွေ ခက်ထန်လာနေပြီ။ မဟုတ်သေးဘူး။ ခက်ထန်မှုတွေ ရင့်ရော်လာနေပြီ။ ပြတ်တောက်နေတဲ့ အဆစ်အပိုင်း တစ်ခုစီမှာ ပုံပြင်တစ်ပုဒ်စီ အကြောင်းအရာမဲ့စွာ ခံစားချက်တွေ ပြင်းထန်လို့။ ပန်းပွင့်တို့ ငိုလေပြီ။ မပြီး ပြတ်နိုင်သေးသော တေးတို့ ဆွံ့အကြလေပြီ။ ဒဏ်ရာတို့သာ လတ်ဆတ်မြဲ လတ်ဆတ်လျက်။ မနက်ဖြန်များ လက်ခုံ ပေါ်မှာ လာရောက်နားခိုရင်း ကြယ်စင်တို့ကို ခြွေချနေခဲ့။ စိတ်တစ်စဖြင့် အိပ်မက်များ ဖြင့် စကားသံများဖြင့် ပုံရိပ်တုများဖြင့် မလင်းလက်နိုင်သော သက်ရှိ။

*


23.11.2011
PM :2:11

မိုးအိမ်လူ



Tuesday, October 30, 2012

သဲထဲ ရေ သွန်


.

သဲထဲကို ရေသွန်ပြီးတဲ့နောက် မိုးကပါ ထပ်သွန်တယ် သွန်သင်ဆုံးမမှုကင်းမဲ့စရိုက်စတိုလ်။
အလားတူ ပေါက္ခရ၀ဿမိုး ရဲ့ အပေါ့အငန်ကလည်း ချိန်ခွင်လျှာလွဲ ခါးသီးလွန်းတယ်။
သူတို့က စပြီး ဖောက်ပြန်ကြတာပါ။ အကြောင်းကြောင့် အကျိုး ဖြစ်တဲ့ ဇာတ်လမ်းတွေလို။
မိုးရာသီကို ချစ်နေတုန်း။ မိုးရွာတာကို ချစ်နေတုန်း ။ မိုးစိုတာကို ချစ်နေတုန်း။
အခန်းပွင့် အမှောင်တိုက်ထဲ တောင်ပံကျိုးတစ်ကောင်လို။ ခံပြင်းခါးသီးနေတဲ့ စိတ်။
ဟိုးရှေးရှေးက ဘ၀နဲ့ လက်ရှိဘ၀ ။ ကိုယ့်ကို ကိုယ် မယုံကြည်နိုင်။
အကုသိုလ် လမ်းမကြီးမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တာ ကျွန်တော့်ကြောင့်။

ဒါက အခါလွန်တေး။ ၎င်းပြဿနာအထွေထွေနဲ့ ပြဿဒါးပြီး ပြဿဒါး ဆိုးရွား။
မြိုးမြိုးမြက်မြက် ရက်ရာဇာများလည်း မစားရတာကြာပြီ။ ထိုသူ့သစ္စာ ထို စကားကြောင့်
ကြောင်များ ငါးကင်ပစ်လေသတည်း။ ဇီဝဖြစ်စဉ် တွေ ယိမ်းယိုင်။
မ အ တဲ့ ပါးစပ်က စကားသံကောင်းကောင်း မထွက်ဘူး။ ဥပမာ- လိပ်သံ ၊ ပေါက်တူးသံ။
အာဃာတ မီးတောက်ကြီးများ ရောမမြို့ထဲသို့ ချဉ်းနင်း ၀င်ရောက်ပြီး။
အိပ်မက်တစ်အုပ် ထ ပျံသွားတယ်။ ရေဆာလိုက်တာ အမေရာ။
ဝါခေါင်ညကြီးမှာ အတွေးခေါင်ရတာ အရသာကို တက်လို့။

တံခါးလောခ့်ပြုတ်သွားတဲ့အခါ ၀င်သူက ၀င် ထွက်သူက ထွက်။
အဓိက မျက်လုံးကြီးဟာ ကန်းနေ။ မှော်တန်ခိုးနဲ့ တည်ဆောက်မရတဲ့။
ကော်ဖီကောင်းကောင်း။ စာအုပ်ကောင်းကောင်း။ ကွန်နက်ရှင်ကောင်းကောင်း။
လက်တွေ တပြိုင်နက်တည်း လေပေါ် ဝှေ့ယမ်းသွားတယ်။
လက်မရွံ့တပ်သားကြီးတွေ မြို့ထဲ ၀င်လာတော့ ကလေးတွေပဲ တွေ့ရတော့တယ်။
အရွက်ခြွေသူ ခြွေ။ အသီး ခြွေသူ ခြွေ။ အကိုင်း ဖျက်သူ ဖျက်။
ရိုးရိုးအေးအေး နေ့ကူး နံ ကူး ကာလမှာ မိုးတွေလည်း သဲထဲကို သွန်တာ
ပထမဆုံး ၀ါကျ လိုပဲ။

10.9.12



Monday, October 29, 2012

အသစ်လို့ပြောကြတဲ့ ခေတ်ထဲက အဟောင်းနဲ့ ဆက်စပ်သမျှ ရှင်သန်မှု


.


ပြောဖို့ ကြိုးစားပြီး ပြောလိုက်တာပဲ ဖြစ်မလာတော့လည်း စကားတွေပဲ စိတ်ထဲမှာ ကျန်တာပေါ့
စဉ်းစဉ်းစားစား ကိစ္စတွေ သိပ်မစဉ်းစားချင်တော့သလိုလို နဲ့ အတ္တကိစ္စပဲ ရှေ့တန်းတင်
စနစ်ဟောင်းထဲက / အကျင့်ဟောင်းထဲက / အစဉ်အလာဟောင်းထဲက / မကျွတ်လွတ်နိုင်
နေ့စဉ်ရက်ဆက်တွေမှာ လူမှုဆက်ဆံရေး တံတိုင်းကို ဘယ်လို ခတ်ထားရမလဲ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာကြီးက ရိုးလွန်းတယ်
သုံးစွဲနေတဲ့ ဘာသာစကား အဆောက်အအုံထဲမှာ နေ့စဉ်ဘ၀ကို အခါခါ စဉ်
ကြိမ်နှုန်းများ ကျင့်သားရ လက်ဖ၀ါးတွေလို တွေဝေခြင်း ကင်းမဲ့နေဆဲ
အသိအမြင်သစ်ပါ သင်ခန်းစာအသစ်ပါ အရေးအသားအသစ်ပါ ကဗျာအသစ်ပါ
ကျွန်တော်ဟာ နှင်းဆီဝါ ပွင့်ဖတ်တစ်ချပ်ပေါ်ကနေ လမင်းကြီးကို ငေးကြည့်ချင်နေတုန်း
အသွေးအသားနဲ့ တည်ဆောက်ထားပြီး သံယောဇဉ်တွေ မေတ္တာတွေ နဲ့ ပျိုးထောင်
ထားတဲ့ အသက်ဓာတ်ကိုယ်စီ ကိုယ်စီဆိုတော့ မက်မောကြမှာပဲ
ပါဠိဘာသာစကားနဲ့ ဘ၀ကို ရှုပ်ထွေးမပစ်ချင်ပဲ ရှုပ်ထွေးပစ်နေရ
ဆုံးရှုံးသွားတဲ့ အနာဂတ်တွေရော။ ပြင်ဆင်လိုက်ရတဲ့ မနက်ဖြန်တွေရော။
မင်ရည်ကျဲ စိတ်ဓာတ်တွေ ယိုစီးကျမြဲ ကျပြီးနောက် အခုချိန်မှာ
ခင်ဗျားကို အဲဒီစိတ်ဓာတ်ကြီးနဲ့ မြင်ရတာ အော့နှလုံး နာတယ်။
တစ်ခုခုတော့ ပြီးမြောက်သွားပြီး ပေးဝေသူနဲ့ လက်ခံသူ လည်း ချိန်ညီသွားပြီး
ကျွန်တော့်အိပ်မက်တွေကို အဲဒီလို အစကနေ ပြန်ကောက်ယူ
ပြီးတော့လည်း မယုံမရဲ မိုးလင်းနေရတုန်း။

5.9.12
မိုးအိမ်လူ