Thursday, November 10, 2011

သရုပ်မှန် ( ၀ါ ) သရုပ်ဖော် ( ၀ါ ) ဘ၀ သရုပ်ဖော် ၀တ္ထုတို




အေးမြ ကွမ်းယာရောင်းသည်။ သူမ၏ အမေလက်ထက်ကတည်းက လုပ်ခဲ့သော မိဘလုပ်ငန်းတစ်ခုဖြစ်သည်။ အေးမြ အသက် 16 နှစ်မှာ
ကွမ်းယာဆိုင်ထိုင်ရသည်။ ဈေးကွက်စီးပွားရေးအရ ၀ယ်သူများ စိတ်ဝင်စားလာစေရန် ၀န်ဆောင်မှုပေးသောအနေဖြင့် သူမ အမေ၏
အမြော်အမြင်ရှိမှုတွင် အေးမြတစ်ယောက် ငယ်ငယ်ရွယ်ရွယ်ဖြင့် လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်ခဲ့ရသည်။ အေးမြ စလုပ်စဉ်က သို့မဟုတ်
စ ပြီး ကွမ်းယာဆိုင် ထိုင်စဉ်က ရောင်းအား အတော်တက်ခဲ့သည်။ အေးမြကလည်း ရုပ်ရှိသည်ကိုး။ သို့သော်သိပ်မကြာပါ။
ဖူးစာရေးနတ်၏ ၀ီရိယ စိုက်ထုတ်မှုဖြင့် အေးမြတစ်ယောက် ခပ်ပိန်းပိန်းယောကျားတစ်ယောက်ရပြီး ယခု ကလေးနှစ်ယောက် ပင်
တောက်တောက်နှင့် ပြေးလွှားဆော့ကစားနေပြီ။ အေးမြ ယောကျားရပြီး ကလေးတစ်ယောက်ရပြီးနောက် လုပ်ငန်း၏ေ၇ာင်းအား ကျဆင်း
လာခဲ့သည်။ အေးမြလည်း ဤအလုပ်မှ လွဲ၍ အခြားအလုပ်မလုပ်တတ်။ သို့ဖြစ်၍ လိမ်ဖယ်လိမ်ဖယ်နှင့်ပင် နေ့စဉ်ဘ၀ကို ရုန်းကန်နေရ
သည်။ အေးမြ အမေကြီး ဆုံးသွားခဲ့သည်မှာလည်း ကြာပြီဖြစ်သည်။ အဖေကတော့ အေးမြ ငယ်ငယ်ကတည်းက ဆုံးသွားသည်ဟု
အမေ့ပြောစကားအရ သိရသည်။
ခေတ်ကို ထင်ဟပ်သော ၊ ခေတ်တွင် ရှင်သန်နေရသော ဘ၀များ အကြောင်းကို အရှိအတိုင်း စာရေးသူ၏ စိတ်ကူးမပါ ရေးသားခြင်း
တင်ပြခြင်းကို သရုပ်မှန် ၀ါ သရုပ်ဖော် ၀ါ ဘ၀သရုပ်ဖော် စာပေဟု ဆရာသမားများက သတ်မှတ်ကြ၏။ ခေတ်ကိုထင်ဟပ်သော ဘ၀များ
တွင် ဤကဲ့သို့ ဆင်းရဲနုံချာသော ဘ၀များရှိသလို...

@

သင်းကြည် တစ်ယောက် ရုံးချိန်နီး၍ ခပ်သုတ်သုတ် အိမ်က ထွက်လာမိသည်။ ဘတ်စ်ကားလည်း မီတော့မည် မထင်။ ကိုကျော်ကို
ဖုန်းဆက်လှမ်းခေါ်ရင် ကောင်းမလား စဉ်းစားသေးသည်။ မဖြစ်သေး။ တော်ကြာ သူ့ကိုအထာပေးတယ်အထင်ခံရဦးမည်။ မတတ်နိုင်။
တက်စ်စီ ပဲ ငှားသွားတော့မည်။ ဖိနပ်ဝယ်ဖို့စုထားတဲ့ အထဲက နည်းနည်းတော့ ပဲ့သွားပြီ။ ဖိနပ်ကလည်း ၀ယ်ဖို့ ကြံနေတာ အတော်
ကြာနေပြီ။ အခုထိ အကောင်အထည် မမြင်သေး။ စုလိုက် ဟိုထဲ ဒီအထဲ ပါသွားလိုက်နှင့်။ နှစ်ကုန် ဘောက်ဆူးရမှပဲ ၀ယ်နိုင်တော့မည်
ထင်သည်။ အလျင်စလို အိမ်က ထွက်လာပြီးမှ တစ်ခုခု ကျန်နေခဲ့သလို စိတ်ထဲမှာ ထင်နေမိသည်။ ပစ္စည်းတွေ သွားရင်း စစ်ကြည့်တော့
ဘာမှမကျန်။ စိတ်က ထင်နေတာပဲ ဖြစ်မည်ထင်သည်။ ဘောက်ဆူးရလည်း ဖိနပ်က ၀ယ်နိုင်ချင်မှ ၀ယ်နိုင်မှာ။ ပြီးခဲ့တဲ့ ပိတ်ရက်က
မှော်ဘီမှာ နေတဲ့ အမေလာသည်။ အိမ်ကို ပြုပြင်ဖို့ ငွေလိုသည် ပြောသည်။ အမေ့ကို ပေးရဖို့ကလည်းရှိသေးသည်။ အမေ့မှာ ပြန်သာ
သွားတာ ဘာမှ ပါမသွား။ စိတ်တော့မကောင်း။ သို့သော်မတတ်နိုင်။ သင်းကြည်တို့မှာ အမေတစ်ခု သမီးတစ်ခု သာ ၇ှိသော်လည်း
ငွေပိုငွေလျှံက ဘယ်တော့မှ မရှိ။ ဘာတွေ ကုန်နေမှန်းလည်း သင်းကြည် မသိ။ ဘာပဲ ဖြစ်ဖြစ် အမေ့ကိုတော့ ပြန်ထောက်ရဦးမည်။
မှော်ဘီမှာ အမေတစ်ယောက်တည်း ပန်းရောင်းရတဲ့ ငွေ နဲ့ လောက်ငသည်ဆိုသော်လည်း အခြား သုံးစရာလေးတွေကလည်း ရှိနိုင်
သည်ပင်။ တွေးနေတုန်း တက်စ်စီ တစ်စီး သင်းကြည်ရှေ့မှာ လာရပ်သည်။
ဤကဲ့သို့ ဆင်းရဲ မနုံချာသော်လည်း ပြည့်စုံ ကြွယ်ဝမှု မရှိသော ဘ၀များအကြောင်းကို အရှိကို အရှိတိုင်း ရေးသားတင်ပြခြင်းသည်လည်း
သရုပ်မှန်စာပေ ဖြစ်သည်ဟု ဆရာကြီးများဆိုသူတို့က ပြောဆိုသတ်မှတ်ကြသလို...

@

တစ်နေ့ တစ်နေ့ ဒီလိုပဲ နေရတာ မေလေး တစ်ယောက် စိတ်တွေ ကျဉ်းကျပ်လာသည်။ သင်တန်းတွေ တက်၇အောင်လည်း တက်စရာ
သင်တန်းက မရှိ။ ခြံအကျယ်ကြီး အိမ်အကျယ်ကြီးထဲမှာ တစ်ယောက်တည်း တစ်ကိုယ်တည်း ဘယ်မှ သွားလို့ လာလို့မရ။ လိုချင်တာ
မှန်သမျှ အကုန်ရပေမယ့်လည်း တစ်ခုခုတော့ အဓိပ္ပာယ်ရှိတာ လုပ်ချင်သည်။ ဖေဖေကလည်း အလုပ်ကိစ္စတွေ နှင့် လုံးထွေးနေတော့
မေလေးကို အချိန်မပေးနိုင်။ သူ့ ကုမ္ပဏီမှာ လုပ်မည်ဆိုတော့လည်း ဖေဖေက လက်မခံ။ ကိုယ်ပိုင် အလုပ်လုပ်မည်ဆိုတော့လည်း
မေလေး နှလုံးရောဂါနှင့် က ဘာကိုမှ ပင်ပင်ပန်းပန်းလုပ်၍ မဖြစ်။ တစ်နေ့ တစ်နေ့ အိမ်အပေါ်ထပ် တက်လိုက် အိမ်အောက် ဆင်းလိုက်
ခြံထဲ လျှောက်လည်လိုက် အွန်လိုင်းတက်လိုက်နှင့် ။ ပျင်းရိလွန်း၍ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပင်ပေါက်နေသည်။
ဤကဲ့သို့ ပစ္စည်းဥစ္စာ ကြွယ်ဝသော်ငြားလည်း စိတ်ပျော်ရွှင်မှု စိတ်ငြိမ်းချမ်းမှု မရှိသော ဘ၀များအကြောင်းကို အရှိတိုင်း ရေးသားတင်
ပြခြင်းသည်လည်း သရုပ်မှန်စာပေ ဖြစ်သည်ဟု ဆရာကြီးများဆိုသူတို့က ပြောဆိုသတ်မှတ်ကြသလို

@

ထွန်းအောင် တစ်ယောက် ဒီလို နေထိုင်တာကို အချို့က ပေါတောတောနေသည်ဟု ဆိုကြသည်။ ထွန်းအောင်ကတော့ သူ့ကိုယ်သူ
ပျော်ပျော်နေတတ်တာဟု ပြန်လည် ခြေပ ကာကွယ်ပြောဆိုတတ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ ထွန်းအောင်က အဖေမရှိ အမေ
မရှိ။ တစ်ကောင်ကြွက်။ အဒေါ် ဖြစ်သူ အပျိုကြီးနှင့် နေသူ။ ဘ၀က သိပ်တော့ အဆင်မပြေ။ အဒေါ်က အိမ်ဆိုင်လေးဖွင့်သည်။
ထွန်းအောင်က ကုမ္ပဏီတစ်ခုမှာ စာရေး။ တူဝရီးနှစ်ယောက်ပေါင်း ၀င်ငွေက စားလောက်ရုံ။ သို့သော် သူတို့ က
ပျော်ပျော်ပဲ နေသည်။ သူများလို ဘာမရှိလို စိတ်ညစ်ရတယ်။ ဘာ မလုပ်နိုင်လို့ စိတ်ဆင်းရဲရတယ်။ ဆိုတာမျိုးတွေ ထွန်းအောင်ဆီက
တစ်ခါမှ မကြားရ။ ထွန်းအောင်က စိတ်သဘောထားကောင်းသည်။ ကူညီတတ်သည်။ ပျော်ပျော်ရွှင်ရွှင်ပေါတောတော နေတတ်သည်။
တစ်ခုတော့ ထွန်းအောင် စိတ်ညစ်တာရှိသည်။ ငယ်ငယ်ကတည်းက ကြုံရသော ဒုက္ခတစ်ခုလည်းဖြစ်သည်။ ထွန်းအောင်ရဲ့
အဖေနဲ့ အမေအကြောင်းကို ထွန်းအောင် မသိရ။ ဒေါ်လေးကတော့ သေပြီ ဟုပြောသည်။ ထွန်းအောင်ကတော့ သိပ်မယုံချင်။
အဖေနဲ့ အမေနဲ့ ပတ်သက်တာ မှန်သမျှ ဓာတ်ပုံလေးတစ်ပုံတောင် ထွန်းအောင် မမြင်ဖူး။ ဒီတော့ ရုပ်ရှင်တွေထဲကလို အဖေနဲ့
အမေက သူ့ကို ပစ်သွားတာလား ဘာလားပေါ့။ အချိန်အားလို့ ပျင်းတဲ့အခါတွေမှာ ထွန်းအောင်တစ်ယောက် ဒီကိစ္စကို အဖြေရှာရင်း
တွေးမိသည်။ ခက်တာက ဒီကိစ္စက သူတစ်ယောက်တည်း ရှင်းလို့၇တဲ့ ကိစ္စတော့မဟုတ်။ ဒီတော့ မတွေးတော့ဘဲ မေ့ထားကာ
ထွန်းအောင် တစ်ယောက် ပျော်ပျော်သာနေတော့သည်။ စားလည်း ပျော်အိပ်လည်းပျော် သွားလည်း ပျော် အကုန်ပျော်။
ဤကဲ့သို့ ဘ၀မှာ ပဟေဠိတွေ ရှိသော်ငြားလည်း စိတ်ညစ်စရာတွေ ရှိသော်ငြားလည်း ပျော်ရွှင်စွာ နေတတ်သူတို့ အကြောင်းကို
အရှိအတိုင်း တင်ပြခြင်းသည်လည်း သရုပ်မှန်စာပေဖြစ်သည်ဟု ဆရာသမားများက သတ်မှတ်ကြသည်။ သို့သော် လက်ရှိ ခေတ်တွင်
ရှင်သန်နေထိုင်သော ဘ၀များကို အရှိအတိုင်း ဖော်ပြရမည်ဆိုသော်ငြားလည်း သပွတ်အူတွေ အရှုပ်အထွေးတွေ ဆင်ပြီး
ဇာတ်လမ်းကို အမြင့်ဆုံးထိေ ခ်ါသွားတတ်ကာ နောက်ဆုံးမှ တဖြည်းဖြည်းခြင်းရှင်း ပြီး ဇာတ်သိမ်းတတ်သော သရုပ်မှန်ဝတ္ထုများ လည်း
ရှိလေ၏။ ထိုသို့ ဇာတ်လမ်းကို စိတ်ဝင်စားအောင် ဖန်တီးကြရာတွင် အချို့ မှာ မဖြစ်နိုင်တာတွေ ရှိသော်ငြားလည်း လောကမှာက
မဖြစ်သေးတာပဲ ၇ှိတယ် မဖြစ်နိုင်တာမရှိဘူး ပိတ်ပြောကြသောအခါ ကျွန်တော် မောင်မိုးအိမ်လည်း ဤကဲ့သို့

@

ဦးထွန်းနိုင်တစ်ယောက် စိတ်တွေ လေနေ၏ ။ အသက် ခြောက်ဆယ်ကျော်မှ စိတ်လေတော့ နည်းနည်းတော့ လူကြားမကောင်း။
စိတ်လေရတဲ့အကြောင်းက မနေ့က သူ့အလုပ်တစ်ခုနဲ့ စမ်းချောင်းဘက်ရောက်တော့ သူ့ဇနီးဟောင်း မမြင့်ကြည်နဲ့ တွေ့သည်။
မမြင့်ကြည်တစ်ယောက် အတော်ပင် အိုစာသွားသည်။ သူနဲ့ တွေ့တော့ နည်းနည်းအံ့သြပုံ ဖြစ်သွားသည်။ ပြီးတော့ ဟိုပြော ဒီပြောနှင့်
သမီးလေး သင်းကြည်အကြောင်းရောက်သွားသည်။ သမီးလေး သင်းကြည်တစ်ယောက် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေသည်ဟု သိရ
သည်။ သမီးတောင် ဒီအရွယ်ေ၇ာက်နေပြီပဲ ဟု ဦးထွန်းနိုင်တစ်ယောက် တွေးမိသည်။ နောက်တော့ စကားဖြတ်ကာ လမ်းခွဲခဲ့သည်။
ဘာမှတော့ သိပ် ထွေထွေထူးထူးမပြောဖြစ်ခဲ့ကြပေမယ့် စိတ်ထဲမှာ အရင်တုန်းက အကြောင်းတွေ စဉ်းစားဖြစ်သွားသည်။ ဟိုတလောက
လည်း မျိုးသိန်းတစ်ယောက် မှော်ဘီဘက်သွားပြီး အပြန်မှာ ရင်မြရဲ့ သမီး အေးမြတစ်ယောက် ကွမ်းရောင်းနေကြောင်း သတင်းပေးသွား
သေးသည်။ ဒီကောင်က ရင်မြနှင့် ဦးထွန်းနိုင် သုံးလလောက် တိတ်တိတ်ပုန်း ပေါင်းစဉ်က အကုန် ကူညီခဲ့သူဖြစ်သည်။ ဦးထွန်းနိုင်လည်း
ရင်မြရှိတုန်းကတော့ လှမ်းလှမ်းထောက်သေးသည်။ ရင်မြဆုံးတော့ မထောက်ဖြစ်တာ ကြာပြီ။ ဘာပဲပြောပြော အေးမြကလည်း သမီးပဲ
မဟုတ်လား။ ဦးထွန်းနိုင် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ သား ထွန်းအောင်တစ်ယောက်ကတော့ ပေါတောတောနှင့် သူ့ဘ၀သူ ပျော်နေပုံ။
ဦးထွန်းနိုင်ကိုလည်း အဖေလို့ ယောင်လို့ တောင် ထင်တဲ့ပုံ မပေါ်။ ဘာပဲပြောပြော ထွန်းအောင်အမေ လှတင့် တစ်ယောက် စောစော
သေသွားတာပဲ ကောင်းတယ် တွေးရမည်။ မဟုတ်ရင် သားဖြစ်သူကို သူ့ အနားဘယ်ခေါ်ထားလို့ ရပါ့မလဲ။ အိမ်က တရားဝင်သမီးလေး
မေလေးအတွက်တော့ သူ့ရောဂါကလွဲပြီး ကျန်တာ စိတ်ပူစရာတော့မ၇ှိ။ ဦးထွန်းနိုင်ကလည်း အလုပ်က ရှုပ်သူမို့ မေလေးအတွက်
အချိန်မပေးနိုင်တာတစ်ခုတည်းရယ်။ ထိုသို့ တောင်စဉ်ရေမရ လျှောက်တွေးနေတုန်း ဦးထွန်းနိုင်၏ ဟန်းဖုန်းက အသံမြည်လာသည်။
ဦးထွန်းနိုင် ဖုန်းကိုင်လိုက်တော့
ဟဲလို အကိုကြီးလား
ချွဲချွဲပစ်ပစ်အသံနှင့် သီရီ ထိပ်ထားခင်။ သူလည်း ချစ်စရာလေးပဲဟု ဦးထွန်းနိုင် အမြဲ တွေးမိတဲ့ တစ်ယောက်။
သီရိ ဗိုက်ဆာတယ် အကိုကြီး။ ထရိတ်ဒါးမှာ နေ့လည်စာ ကျွေးနော်
အော် အေးပါ အချစ်လေးရယ်။ ခဏနေတွေ့မယ်နော်။
နေ့လည်စာ ပြီးရင်တော့ ဟဲဟဲ
ဟင် အကိုကြီးကလည်း ဟင်းဟင်း
ဤကဲ့သို့ စိတ်ပျက်ဖွယ်ရာ ဘ၀များလည်း ရှိသေးသည်မို့ ထိုဘ၀များအကြောင်းကို မချွင်းမချန် အရှိအတိုင်း ရေးခြင်းသည်လည်း
သရုပ်မှန်စာပေဖြစ်တဲ့အကြောင်း ဆရာကြီးများ ပြောဆိုကြသောအခါ ကျွန်တော်လည်း သရုပ်မှန် ၀တ္ထုကောင်းတစ်ပုဒ်ရရန်
ဘယ်အကြောင်းကို ရေးရမလဲ စဉ်းစားရင်း ရင်း ရင်း ရင်း...။

@  @  @

မိုးအိမ်လူ

10.11.2011
PM:3:50

Wednesday, November 9, 2011

ဒိုင်ယာလောခ့် ကဗျာ



ကိုယ်က မင်းရဲ့ နားရွက်လေးကို သိပ်ချစ်တာ
အဲဒီဝတ္ထုကို ကျွန်မ ဖတ်ဖူးတယ်
မင်းရဲ့ ဆံနွယ်ရှည်တွေကိုလည်း ကိုယ် စွဲလမ်းတယ်
ကဒါဖီပြီးရင် ဘယ်သူထပ်ပြီး ဇာတ်ခုံပေါ် တက်ဦးမလဲ မသိဘူးနော်
မင်းနဲ့ ပတ်သက်ရင် အားလုံးကို ကိုယ် ချစ်တာပါပဲကွာ
သဘာဝ ဘေးအန္တရာယ်တွေ မြန်မာနိုင်ငံမှာ အဖြစ်များလာတယ်နော်
မင်း ကိုယ့်ကို ပြန်ချစ်နိုင်မလား ဟင်
ကျွန်မက ကိုရီးယား မင်းသားတွေ မကြိုက်ဘူးရှင့်.. နုလွန်းတယ် သူတို့က
ကိုယ်သာ မင်းအချစ်ကို ရခဲ့ရင် လောကမှာ အပျော်ဆုံး လူသားဖြစ်မှာ သေချာတယ်
စတိဗ်ဂျော့ကြီး စောစော သေတာ နှမြောဖို့ကောင်းတယ်နော်
ကိုယ်တို့ နှစ်ယောက် ချစ်သူတွေဖြစ်ရင် ကိုယ်မင်းကို အရမ်းဂရုစိုက်မှာပါကွာ
တရုတ်ကိုတော့ ကျွန်မ ကြည့်မရချင်တော့ဘူး
မင်း  ဖြစ်ချင်တာ မှန်သမျှ အကုန် ကိုယ် ဖြည့်ဆည်းပေးပါ့မယ်
တော်သေးတယ် ကျွန်မတို့ ဧရာဝတီ ရေတိမ်နစ်တော့မလို့
ကိုယ်မင်းကို အပျော် မတွဲပါဘူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အနာဂတ်ကမ္ဘာအတွက် အရမ်းကို အရေးကြီးလာပြီပဲ
တစ်နှစ်လောက်တွဲပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်လေ
လူတိုင်း ကိုယ်စီ အသိစိတ်ဓာတ်ရှိရင် ကမ္ဘာကြီး သက်ဆိုးရှည်မှာပါလေ
ကိုယ်တို့ လက်ထပ်ပြီးရင် အခြားမြို့တစ်မြို့မှာ အခြေချကြမယ်
ကျွန်မကတော့ ပရဟိတကို စိတ်ဝင်စားတယ်ရှင့် ..ရှင်ကော
ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းကြမယ်
သက်ကြီးရွယ်အိုတွေကိုလည်း ဒီအတိုင်း ပစ်မထားသင့်ဘူး
ကိုယ်တို့ ကလေး လေးတွေလည်း အများကြီး မွေးမယ်နော်
အမေရိကန်မှာ အိုဘားမား သမ္မတ ဆက်ဖြစ်ရင် ဘယ်လိုနေမယ်လို့ ၇ှင်ထင်သလဲ
တစ်ယောက်က မင်းနဲ့တူမယ် နောက်တစ်ယောက်က ကိုယ်နဲ့ တူမယ်
မြောက်ကိုရီးယားကိုလည်း သတိထားသင့်တယ်
ကိုယ့်ကို ပြန်ချစ်နိုင်မလားဟင်
ကျွန်မက ခေတ်လူငယ်ရှင့် တစ်လမ်းသွားမဟုတ်ဘူး

မိုးအိမ်လူ

ကျပ်စည်းထားတဲ့ ၀ိဥာဉ်




ဆွဲခွာချခဲ့တဲ့
ငါ  .. က
နောက်က တကောက်ကောက်

အတ္တတွေထဲ
ကျွံကျခဲ့တဲ့
ဆုံးဖြတ်ချက် အယိုင်အနဲ့တွေ
ကိုယ်မှ ထွေးပိုက်ခွင့် မရှိတာပဲ

လည်ပင်းနဲ့ မလောက်လို့
တုတ်ကူထားရတဲ့
ဦးခေါင်းက
အရေခွံနွှာထားသလို

မိုးခါးရေတွေပါ
ခံမထားလို့
နောင်တရစရာ မရှိပါဘူး။

မိုးအိမ်လူ

ရက်စွဲ တစ်ခုရဲ့ ဖြောင့်ချက်



ခြားနားခြင်းရဲ့ အကျိုးဆက်
လေဟာနယ် ခံစားချက်တွေနဲ့
ဘယ်ကာလမှာ တစ်တောလုံး ကြွေခဲ့မိ

တိုးဂှေ့လာတဲ့ သစ်ခက်သံရဲ့
ခပ်ဆတ်ဆတ် လှုပ်နှိုးမှု
ကိုယ်ရေးကိုယ်တာ ခက်ဆစ်အဖွင့်
ဖွင့်အန်ပြရဦးမှာပေါ့

နွေလှိုင်းတို့ရဲ့ ခက်ထန်မှုနဲ့
မျှော်လင့်တောင့်တခြင်း
ဦးနှောက်ရဲ့ ရိုက်ချိုးမှုမှာ
တစ်စစီ တစ်စစီ

ရွက်ကြွေပြက္ခဒိန်ရဲ့
နောက်ဆုံး နံပါတ်မှာ
မီးအိပ်မက်တွေ အငွေ့ပျံသွားခဲ့ပြီ။

မိုးအိမ်လူ

ကြယ် မျှား သူများ




တိမ်တွေပြိုတဲ့နေ့
ငါတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
စီးဆင်းမယ့် ကြယ်စင်တွေနဲ့အတူ
လမင်းကို ခွဲတမ်းချ

မတည်မြဲဘူးဆိုတာ သိရက်နဲ့
ဆုပ်ကိုင်ထားချင်မှတော့
ဒုက္ခဆိုတာ
ပျားရည်ထက် ပိုချိုပါတယ်။

မိုးအိမ်လူ

ကိတ်ဝင်းစလက် လေးချိုး





မြင်တွေ့မှု မြင်ကွင်းထဲသို့ အလှတစ်ပါး ကြွချီလာ၏။ နှလုံးခုန်နှုန်းတို့ ပရမ်းပတာ ။ ပြုမူ လှုပ်ရှားမှုတို့ ကချော်ကချွတ်။ ရုပ်ပျက်ဆင်းပျက်
ဟူသော စကားလုံးအား တတ်စွမ်းသမျှ ပုံဖော်မိခဲ့လေပြီ။ ထိုအတွက် ပရစ်တီ တစ်ယောက် ရယ်မောနေမည်လား။ ပရစ်တီအတွက်တော့
ဒါတွေဟာ မထူးဆန်းတဲ့ နေ့စဉ် ကြုံတွေ့မှုတွေ ဖြစ်နေခဲ့ပြီ။ လှရက်ပါပေတယ် ပရစ်တီရယ်။ လျှောက်လှမ်းလိုက်တိုင်း ဝေ့ကနဲ လွင့်ပျံ
သွားတဲ့ ဆံနွယ်တွေက ကိုယ့်ညတွေကို အသေသတ်နေခဲ့ကြတယ်။ မခို့တရို့ ကြည့်တတ်တဲ့ မျက်ဝန်းတွေက ကိုယ့်နေ့တွေကို အဆိပ်
ခတ်တယ်။ အစရှိသဖြင့် ပရစ်တီနဲ့ ပတ်သက်သမျှအရာအားလုံးဟာ ကိုယ့်ကို အစဉ်သဖြင့် တိုက်ခိုက်လို့သာ နေတော့တယ်။
ပရစ်တီကတော့ သိပါ့မလား။ သိမှာပါ။ ပရစ်တီက ငတုံးမှ မဟုတ်တာ။ ပရစ်တီက ပါးနပ် ထက်မြက်တဲ့ မိန်းမတစ်ယောက်။ မာနတ၀င့်ဝင့်နဲ့
အနှောက်အယှက်မှန်သမျှကို အနားကပ်မလာအောင် စွမ်းဆောင်နိုင်တဲ့ နတ်ဘုရားမ။ အို ကိုယ်တော့ ရူးပြီ ထင်ပါရဲ့။ ဒီလို မိန်းမကိုမှ
ဘာလို့ စွဲလမ်းမိရတာပါလိမ့်။

@

ဟောလီဝုဒ် မင်းသမီးတွေထဲမှာ ကိုယ်ကြိုက်တဲ့ မင်းသမီးတွေက အများသား။ အဲဒီအထဲက တစ်ယောက်ကို ရွေးပြရရင် ကိတ်ဝင်းစလက်
ဆိုပါတော့။ အဲ အခု အသက်သုံးဆယ်ကျော်ကိတ်ဝင်းစလက် မဟုတ်ဘူးနော်။ ဟိုး တိုက်တန်းနစ် ရုပ်ရှင်ရိုက်တုန်းက အသက်နှစ်ဆယ်
အရွယ် ကိတ်ဝင်းစလက်။  အင်း ပရစ်တီလည်း ကိတ်ကို အရမ်းကြိုက်တယ်။ ( ကိတ် ဆိုသည်မှာ စားသော ကိတ်မုန့်ကို ပြောခြင်းမဟုတ်။
ကိတ်ဝင်းစလက်နာမည်ကို အဖျားဆွတ်၍ ကိတ် ဟု ခေါ်ခြင်းဖြစ်သည်။ ပရစ်တီသည် နာမည်ကြီး ဆယ်လီဘရစ်တီများအား သူမ၏
ဆွေမျိုး ရင်းချာများလို သဘောထား၍ ဤကဲ့သို အဖျားဆွတ်ခေါ်တတ်သည်။ ) ။ သူ့ကိုတော့ အခုထိ ကြိုက်တုန်းပါပဲ။ သူက အရမ်း
တော်တဲ့ မင်းသမီးပဲလေ။ အင်း ဟုတ်တယ် အခုတော့ ကလေးနှစ်ယောက်နဲ့ အိမ်ထောင်ကွဲနေတယ်။ အော် ဒါကတော့ သူတို့ဆီမှာ
ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်ဘဲ။ အင်း ။ ကိတ်ရဲ့ ဖက်ရှင်တွေကိုလည်း အရမ်းသဘောကျတာ။ ကိတ်မှ မဟုတ်ပါဘူးလေ အခြား ဟောလီ
ဝုဒ် မင်းသမီးတွေ မော်လ်ဒယ်တွေရဲ့ ဖက်ရှင်ကိုလည်း သဘောကျတာပါပဲ။ အခု ကျွန်မ ၀တ်ထားတာ ရီဟာနာ ဖက်ရှင်လေ။
ရှင် သိပါ့မလား မသိဘူး။ ပြီးခဲ့တဲ့ အမ်တီဗွီ ဆုပေးပွဲတုန်းက သူ ၀တ်တဲ့ ဖက်ရှင်ပေါ့။ ကျွန်မနဲ့ လိုက်ရဲ့လား။ အင်း လိုက်ပါတယ် ။
ကျွတ်မှ မကျဘဲ။ ဒီစကားကိုတော့ မပြောဖြစ်ခဲ့ပါ။

@

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ပရစ်တီ ။ ကိုယ်ကတော့ မင်းကို ရူးနေအောင်ကို ချစ်ခဲ့မိတယ်။ လရောင်ဆမ်းစရာမလိုဘူး။ မင်း အပြုံးနဲ့တင်
အေးမြပါတယ်။ နေရောင်ခြည်ရဲ့ အလင်းမလိုဘူး။ မင်း မျက်ဝန်းနဲ့တင် လင်းလက်ပါတယ်။ အို အခြားအခြားသော ဘာအရာမှ ကိုယ်
မလိုပါဘူး။ မင်း ရှိနေရင်ကို ကိုယ့်အတွက် အရာအားလုံးဟာ ပြည့်စုံခဲ့ပြီးပြီ ပရစ်တီ။ အဲဒီလို ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ
ဆန့်ကျင်ဘက် အရာတွေ တွဲဆက်နေတတ်တာကိုတော့ ကိုယ် လည်း မတတ်နိုင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ ဗီဇစိတ်ဆိုတာ ဘယ်လို
ပြောင်းလဲလို့ရမှာလဲ။ ချစ်တာက ချစ်ခဲ့တာပဲ။ ချစ်ခြင်းနဲ့ ပတ်သက်လို့ အဆုံးအစွန်ထိ ကိုယ် လိုက်လျောခဲ့ပြီး ချစ်ခဲ့တယ်။ အဲဒီလိုပဲ
မင်းရဲ့ အသုံးမ၀င်တဲ့ အကာတွေအပေါ် ရွံရှာမိတာကတော့ ကိုယ် လည်း မတတ်နိုင်ဘူး ပရစ်တီ။ ကိုယ့်မှာ မင်းနဲ့ တွေ့တိုင်း
မင်းကို ချစ်လိုက် မင်းကို ကြည့်မရလိုက် မင်းကို ပြန်ချစ်လိုက် မင်းကို စက်ဆုပ်လိုက်နဲ့။ တစ်ခါတစ်ခါ မင်းကို ဘယ်လို မိန်းကလေးပါ
လိမ့်လို့ စိတ်ထဲမှာ ပြောမိသလို ကိုယ်ကကော ဘယ်လို ကောင်ပါလိမ့်ကို ကိုယ့်ကိုကိုယ် ပြန်ပြန်မေးမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
ပရစ်တီ။ ကိုယ်ကတော့ မင်းကို ရူးနေအောင် ချစ်ခဲ့မိတယ်။

@

မင်း ဟောလီဝုဒ်မှာ ရုပ်ရှင်မင်းသမီးများ သွားလုပ်မယ်လို့ စိတ်ကူးထားသလား။ အင်း ကမ်းလှမ်းလာရင်တော့ မငြင်းရက်ပါဘူး။
( သေစမ်း )။ မင်း တစ်နေ့တစ်နေ့ ဒါတွေ ၀တ်ဝတ်ပြီး လူရှေ့ လျှောက်ပြ ဘာမှ အကျိုးမရှိတာတွေကို ဘာလို့ လုပ်နေရသလဲ။
သူတို့တွေ ဖက်ရှင်ဆိုတာဘာလဲလို့ နားလည်လာအောင်လို့ပါ ...စေတနာသက်သက်နဲ့ ငွေအကုန်ခံ လူ အပင်ပန်းခံပြီး ၀တ်စား
လမ်းသလားပြနေရတာ။ ( ထပ် သေစမ်း )။ မင်း ကျောင်းမတက်တော့ဘူးလား။ ကျောင်းတက်တော့ ဘာလုပ်ရမှာလဲ။ အော် ဘွဲ့လေး
ဘာလေးရ ။ အလုပ်လေးဘာလေးလုပ်ပေါ့ကွ။ အလုပ်ရဖို့ကတော့ ဒယ်ဒီသေရင် သူ့ကုမ္ပဏီက တို့အတွက်ပဲလေ။ ( အန် နှစ်ထပ်ကွမ်း
သေစမ်း )။ ဒါဆို မင်းက မင်း အဖေ မသေမချင်း ဒီအတိုင်း ပေါက်တတ်ကရတွေ ၀တ်စားလမ်းသလားနေဦးမှာပေါ့။ ဒါပေါ့။ အခြား 
ဘာလုပ်စရာ ရှိတာ မှတ်လို့။ ဟင်း ရင်လေးတယ်။ နေစမ်းပါဦး ။ ရှင်ကကော ဘာလို့ ရှင့်ဘ၀အတွက် ဘာမှမလုပ်ဘဲ တို့အနားမှာ
တစ်ချိန်လုံး လိုက်ကပ်နေရတာလဲ။ အဲ။

@  @  @


မိုးအိမ်လူ

9 November 2011
PM:9:20

Sunday, November 6, 2011

ပန်းပွင့် အယ်လ်ဘမ် ( ၁ )




အဖြူရောင်တွေ လက်လက်တောက် အဘယ်နတ်ဘုရားရဲ့ ဖန်ဆင်းမှုနဲ့ ခင်ဗျား ဒီလောက် တောက်ပ နေရသလဲ။ ညှို့ဓာတ်ပြင်းတို့နဲ့
ကျွန်တော့်ရဲ့ အိပ်မက်တွေကို ဘယ်နှကမ္ဘာအထိ ခင်ဗျား ချုပ်နှောင်ထားဦးမှာလဲ။ အသေကောင် လို ခင်ဗျား ရဲ့ မျက်ဝန်းအောက်မှာ
ဝပ်စင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ သက္ကရာဇ်တွေ ... ခင်ဗျား ကတော့ ပြုံးလျက်ပါပဲလား မစံပယ်။
ဒီလို နှင်းငွေ့တွေ ရိုက်ခတ်လေ့ရှိတဲ့ ဆောင်းဦးညတွေကို ကျွန်တော် မုန်းမိတယ်။ အလှတစ်ပါးမှာ ကျရှုံးခဲ့ရတဲ့ လူတစ်ယောက်ရဲ့
ဘ၀ ။ နောက် ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးများ။ မသာယာလှဘူး။ မသာယာခဲ့ဘူး။ ဘယ်တော့မှလည်း သာယာဦးမှာ မဟုတ်ပါဘူး။
ဒါတွေကို ခင်ဗျား သိချင်မှ သိလိမ့်မယ်။ သိချင်စိတ်လည်း ရှိချင်မှ ရှိလိမ့်မယ်။ ဒီလိုပဲလေ ကျွန်တော်ဆိုတဲ့ကောင်ကလည်း မလိုအပ်တာတွေ
ရေစီးကမ်းပြိုရမယ်ဆို ကမ္ဘာဦးကတည်းက ရေတွက်ရင် ပထမဆုံး ပဲမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်
သေချာမှုတစ်ခုကတော့ ကျွန်တော် ခင်ဗျားကို ချစ်နေဆဲပါပဲ။

@    @     @

နေမသာတဲ့ နေ့ မိုးမရွာတဲ့ နေ့ .. ဒီလို အေးစိမ့်မှုလေးတွေ ခန္ဓာကိုယ်အနှံ့ အင်းဆက်ပိုးမွှားတွေလို ကပ်ညှိ စိမ့်ဝင်နေတဲ့ နေ့မျိုးတွေမှာ
ခင်ဗျား မယုံကြည်တဲ့ အချစ်ဆိုတာကို ကျွန်တော်က အလေးထား တန်ဖိုးထား မြတ်မြတ်နိုးနိုး ခွဲခြမ်းစိတ်ဖြာနေတတ်တယ်။
ဒီလိုပဲပေါ့။ အချစ်နဲ့ နောက်ဆက်တွဲ အလွမ်းတွေလည်း ဒရောသောပါ ကျွန်တော့်  ဦးနှောက်ထဲကို သို့မဟုတ် ကျွန်တော့် နှလုံးသားထဲ
ကို ရောက်လာခဲ့တယ်။ ကျွန်တော် ခင်ဗျားကို တကယ် လွမ်းနေခဲ့တယ် မစံပယ်။ ကဗျာဆရာတွေလို ကျွန်တော့်အလွမ်းတွေက
နုရွ နေမှာ မဟုတ်ဘူး။ လှပ နေမှာမဟုတ်ဘူး။ ခမ်းနားနေလိမ့်မယ်လို့လည်း မထင်မိဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်အလွမ်းက
ကျွန်တော်တစ်ယောက်တည်း စိတ္တဇ ဆန်ဆန် ခံစားနေရတဲ့ ခံစားမှု တစ်ခုမို့လို့ပါ မစံပယ်။ ကျွန်တော် လွမ်းနေကြောင်း ခင်ဗျား မသိလို့
ကျွန်တော် ခင်ဗျားကို စိတ်ဆိုးမှာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဆိုးလို့လည်း ခင်ဗျားက ၀မ်းနည်းနေမှာ မဟုတ်ပါဘူး။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို လွမ်းနေတယ်ဗျာ။

@   @   @

ကျွန်တော့်အလွမ်းတွေက ရွှေမှုန်ကြဲမထားပါဘူး။ ရိုးရိုးလေးရယ်ပါ။ အချစ်ရူးတွေလိုလည်း အချိန်ပြည့်  စိတ်ထဲထည့်ပြီး ပေတေ လေလွင့်
စားချိန်တန် စား အိပ်ချိန်တန် အိပ် ပြီးတော့ လွမ်း အိပ်စားလွမ်း ဆိုပြီး ကိုယ့်ကိုယ်ကို မထိခိုက်အောင် လွမ်းနေတာလည်း မဟုတ်ပါဘူး။
ရိုးရိုးလေးရယ်ပါ။ ခင်ဗျားနဲ့ ပတ်သက်တဲ့ အမှတ်တရ အချို့များ ကျွန်တော့်ရှေ့မှာ မနေတတ်မထိုင်တတ် ရောက်လာတဲ့ အချိန်ဖြစ်ဖြစ်
အလိုက်ကန်းဆိုးမသိတဲ့ မိတ်ဆွေဆိုသူတွေ ခင်ဗျားနာမည်ကို ထည့်ပြောတဲ့ အချိန်ဖြစ်ဖြစ် အဲ့လို ဖြစ်နိုင်ချေ အကြောင်းတရား တစ်ခုခု
ပေါ်ပေါက်မှသာ ကျွန်တော် လွမ်းတာပါ။ ခက်တယ် မစံပယ်။ ခင်ဗျားကို လွမ်းလိုက်တိုင်း ကျွန်တော့် ရင်က စူးစူး အောင့်တတ်တာကတော့
ဝဋ်ကြွေးတစ်ခုပေပဲလား။ ကျွန်တော် အနေနဲ့ ခင်ဗျားကို လွမ်းတယ်ဆိုတဲ့ ခံစားချက်လေးကို မထိန်းကွပ်နိုင်ဘဲ စိတ်ထဲ လွှတ်ပေးမိလိုက်
ရုံ သက်သက်လေးရယ်နဲ့ ကျွန်တော့်မှာ နာကျင်မှုကိုပဲ အပို ခံစားနေရတယ်။ ဒါတွေ ဒီလို ခံစားရလို့ ခင်ဗျားကို ကျွန်တော် အပြစ်မတင်
ပါဘူး။ ကိုယ်မကောင်းလို့ ခေါင်းရွေ့တယ်ပဲ ကျွန်တော် သဘောထားလိုက်ပါတယ်။ တိုက်ဆိုင်မှုတွေကိုတော့ ကျွန်တော် အတတ်နိုင်ဆုံး
ေ၇ှာင်၇ှားသင့်တာပေါ့ဗျာ။

@   @    @

သေချာစဉ်းစား ကြည့်လိုက်ရင် ခင်ဗျားလို ကျွန်တော်က ဘာလို့ စိတ်ဓာတ်မခိုင်မာရသလဲ ... သေချာစဉ်းစားကြည့်လေ စဉ်းစားလို့
မရလေပဲ။ ခင်ဗျားက အရာရာကို ဆင်ခြင်တယ်။ ကျွန်တော်က စိတ်နောက်ကိုယ်ပါ။ အခုဆို ခင်ဗျား မပေးဘဲ ကျွန်တော် ယူခဲ့တဲ့
လက်ဆောင်တွေ ကျွန်တော့် ဆီမှာ အဟောင်းနံ့ သင်းသင်းနဲ့ နေ့တိုင်း ကျွန်တော့်ကို တိုက်ခိုက်လို့။ ခင်ဗျားနှုတ်ခမ်းသုတ်ခဲ့တဲ့
တစ်ရှုးပေပါ။  ခင်ဗျား ခေါင်းက ပြုတ်ကျကျန်ရစ်ခဲ့တယ် စံပယ်နှစ်ပွင့်။ မင်ကုန်လို့ ခင်ဗျား လွှင့်ပစ်ခဲ့တဲ့ ဘောလ်ပင် တွေ ။ ခင်ဗျား
ခုံနံပါတ်တပ်ထားတဲ့ နောက်ဆုံးနှစ်က နောက်ဆုံးစာမေးပွဲ မေးခွန်းလွှာတွေ။ ကျွန်တော့်သူငယ်ချင်း ရေးပေးခဲ့တဲ့ ခင်ဗျား ပုံတူ ခဲခြစ်။
နောက် ဘာရှိဦးမလဲ။ အများကြီးပဲဗျ။ ကျွန်တော် အထိန်းအသိမ်းမကောင်းလို့ ပျောက်သွားတာတွေလည်း ရှိသေးတယ်။ ခက်တော့
ခက်တယ် မစံပယ်။ ခင်ဗျားကို မြတ်နိုးလှပါပြီရဲ့ ဆိုတဲ့ ကျွန်တော်လိုကောင်ကတောင် ခင်ဗျား နဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ဒီလို
ပျောက်ပျက်အောင် ထားမှတော့ ခင်ဗျားကတော့ ဝေးပြီ ထင်ပါရဲ့။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ရင်ထဲက ခင်ဗျား ထွက်ခွာမသွားသေးတာ
ကတော့ သေချာပါသေးတယ် မစံပယ်။ ခင်ဗျားရဲ့ ရူးကြောင်ကြောင် ဒဿန စကားလုံးတွေ ကျွန်တော် ပြန်လည် ကြားချင်မိသေးတယ်။
ခင်ဗျားရဲ့ မာနထက်ထက်နဲ့ ချိန်ညှိထားတဲ့ အပြုံးတွေ ကျွန်တော် မြင်ချင်မိသေးတယ်။ တစ်ခါတစ်လေ လူကြီးရုပ်ကြီးနဲ့ ကလေးတစ်
ယောက်လို လွတ်လွတ်လပ်လပ် ရယ်လိုက်တဲ့ ခင်ဗျားရဲ့ ရယ်မောပုံလေးကိုလည်း ကျွန်တော်မြင်ချင်မိသေးတယ်။ အစသဖြင့်ပေါ့ဗျာ။
ခင်ဗျားနဲ့ ပတ်သက်သမျှ ခင်ဗျား အပါအ၀င် အရာအားလုံးကို ကျွန်တော် ပြန်လည် ထိတွေ့ ခံစားချင်မိသေးတယ်။ ဟိုး အရင်
ခင်ဗျားနဲ့ စပြီး မတွေ့တော့တဲ့ သောကြာနေ့ကနေ ဒီနေ့ အထိ ကျွန်တော် ပြန်လည်..။

@   @   @

မိုးအိမ်လူ

6 November 2011
PM : 9:20

Wednesday, November 2, 2011

အလင်း ဝေး



တိုးတိုးလေး ရယ်ပါ။ ညင်ညင်သာသာလေးရယ်ပါ။ ကျွန်တော် နှုတ်ခမ်းတွေ လှုပ်ခတ်သွားရုံလေးပါ။
ကျွန်တော့်ကို ခွင့်လွှတ်ပါ..။ ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ။
ဒီလို အိပ်မက်တွေ အသေသတ်ခံလိုက်ရတဲ့ ညတွေ နေ့စွဲတွေမှာ ကျွန်တော် နူးနူးညံ့ညံ့ အညံ့ခံလေ့ ရှိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။
ကြက်ခြေခတ်တွေ ... ကြက်ခြေခတ်တွေလေ.. အရောင်မဲ့ အရိပ်မဲ့ ကျွန်တော့် ရင်ဘတ်ပေါ် ကပ်ကပ်သွားကြတယ်။
တောင်းဆိုမှုတွေဟာ မရပ်တန့်နိုင်သလို ရှုတ်ချမှုတွေဟာလည်း မစဲတော့ဘူး။ အိပ်မက်တွေမလှတော့ဘူး အရှင်။
ဇွဲ လုံ့လ နည်းစွာ ခံနိုင်ရည် နည်းစွာ ရှင်သန်မှုတစ်ခုကို ဖျော့တော့စွာပဲ ကျွန်တော် အသက်သွင်းနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။

@   @   @

ချိန်ခွင် မပီသတဲ့ ချိန်ခွင်တစ်ခုကို ကျွန်တော့်နှလုံးသားထဲမှာ ဘယ်သူ လာထည့်ပေးသွားတာလဲ။ ကံကြမ္မာလား ။ နတ်ဆိုးလား။
ချိန်ခွင်လေးဟာ ဘယ်တော့မှ မညီမျှခဲ့ဘူး။ အမြဲတမ်း တစ်ဖက်စောင်းနင်း။ အလေးပေါ့တဲ့ ဘက်ကို အားဖြည့်ပေးလိုက်တိုင်း မဆုံးနိုင်တဲ့
တောင်းဆိုမှုတွေဟာ အမြဲ ပေါ်ပေါ်လာတတ်တယ်။ သာတဲ့ဘက်ကလည်း ထပ်လိုချင်တယ်။ ပေါ့တဲ့ဘက်ကလည်း ထပ်လိုချင်တယ်။
ဘယ်လို စိတ်ဓာတ်မျိုးနဲ့ မှ ညီမျှခွင့် မပေးတဲ့ ကျွန်တော့်ရဲ့ 2011 ချိန်ခွင်လေးပေါ့။ သည်းခံနိုင်စွမ်းနည်းပါးစွာ တုန့်ပြန်လိုက်တော့
ကျွန်တော်ဟာ အပြောကြမ်းတဲ့သူ အတ္တကြီးတဲ့သူ စာရိတ္တညံ့ဖျင်းတဲ့သူ တဲ့။ ကျွန်တော် ပြုံးမိတယ် ။ ပြီးတော့ ကျွန်တော် အားရပါးရ
ရယ်မောမိတယ်.။ ဒါဟာ လောကကြီးက သီကုံးပေးတဲ့ ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်။ ကျွန်တော့်  နှလုံးသားတွေ နာကျင်ကျိန်းစပ်မှု
ကို မခံစားနိုင်တော့အောင် မခံစားတတ်တော့အောင် အဲဒီသီချင်းလေးကို နေ့စဉ် နားထောင်ခဲ့ရတယ်။ ဒီလိုနဲ့ပါ ကျွန်တော်ဟာ
လက်မှတ်ရ လူဆိုးလူမိုက်ကြီး ဖြစ်ခဲ့ပါတယ်။ ( လမ်းမှာတွေ့ရင် ရှောင်ကြပေါ့ )

@  @  @

သီချင်းတစ်ပုဒ်ကြားဖူးတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အရမ်းကြိုက်တဲ့ သီချင်းလေးပေါ့။
တောင်ပံတွေ မီးတောက်တော့မယ်
ပိတ်ဆို့တဲ့ လေနီကြမ်း
အန္တရာယ် မုန်တိုင်းတွေ နဲ့ ခရီးကြမ်း ငါ ဖြတ်သန်း / မခံနိုင်အောင် အရက်စက်ဆုံး
မမြင်နိုင်တဲ့ လမ်းရဲ့ အဆုံးမှာ ကြိုနေမယ် အိပ်မက်များ
အတောင်ပံတွေဖြန့် ငါ ပျံသန်းရင် သေမယ် ဒီလမ်း *
ဘ၀ဟာ ရင်မောစရာတွေနဲ့ ပြည့်နှက်နေသလား။ ဒါမှ မဟုတ် ကျွန်တော်ကပဲ ဆန္ဒတွေ များနေခဲ့တာလား။ သူတို့ကပဲ လိုချင်နေကြတာ
လား။ ဒါမှမဟုတ် ကျွန်တော်ကပဲ ပေးဆပ်လွန်းနေရတယ်လို့ ထင်မှတ်နေပြီး ကိုယ့်အတွက်ကိုယ် လောဘတွေ တက်နေမိခဲ့သလား။
ကျွန်တော့်အတွက်တော့ ဘ၀ဟာ မလှပတဲ့ ပန်းချီကားတစ်ချပ် အရှင်။
မဆုံးနိုင်တဲ့ ခါးသီးမှု တွေနဲ့ နာကျင်မှု လေထုဟာ ကျွန်တော့်ရပ်ဝန်းမှာ သိပ်သည်းလို့။

@ @ @

ကောက်ရိုးတစ်မျှင်။ မနက်ဖြန်။ မျှော်လင့်ချက်။ အဖြူရောင် အလင်းမိုး။
ဟုတ်ပါတယ်။ ကျွန်တော်ဟာ တကယ်ပဲ လောဘ ကြီးတဲ့သူတစ်ယောက်ပါပဲလေ။ အနာတရတွေ များများလာသလောက် အသိဥာဏ်ဟာ
အမှန်တရားနဲ့ ဝေး ဝေး လို့လာ။ ကောင်းမြတ်ခြင်း လက်တစ်ဆုပ်လောက် တပည့်တော်ကို စွန့်ကြဲတော်မူပါ။
ညဘက်ရောက်တိုင်း ကောင်းကင်ထက်မှာ အပြိုင်အဆိုင် တောက်စားနေတဲ့ ကြယ်ပွင့်လေးတွေကို ကြည့်ရင်း ကျွန်တော့်ကို ကိုယ်စားပြု
တဲ့ ကြယ်ကလေးဟာ ဘယ်လို ကြယ်လေးမျိုးလဲလို့ ကျွန်တော် အမြဲ ရှာဖွေနေမိတယ်။ တကယ်က ကျွန်တော် ရူးတာပါ။ ကျွန်တော့်ကို
ကိုယ်စားပြုတဲ့  ကျွန်တော်နဲ့ ထပ်တူကျတဲ့ ကြယ်လေးဟာ ဘယ်လိုလုပ် အခြားကြယ်တွေလို့ တောက်စားနိုင်မှာလဲ။ ဖျော့တော့စွာပဲ
အလင်းနုလေးတွေနဲ့ ဟိုးအဝေးမှာ မှိန်ဖျောက်နေမှာပေါ့။ ကျွန်တော် ရူးခဲ့တာပါ။ အလင်းရောင် အားနည်းတဲ့ ကြယ်လေးဟာ ကမ္ဘာမြေနဲ့
အဝေးဆုံးမှာ တည်ရှိနေလို့ ဒါမှမဟုတ် .....။ အဲ့ဒီလိုမျိုးပေါ့ ကျွန်တော်ရဲ့ ကြယ်လေးလည်း ...။
ကျွန်တော် ပျော်ရွှင်ရပါလို၏ လို့ ဆုမတောင်းတတ်တော့ဘူး ။ ကျွန်တော့်စိတ်လေး ခဏတာ ချမ်းမြေ့ရမယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်
နေမှာ။ ကျွန်တော့်စိတ်လေး ခဏတာ လွတ်လပ် ခွင့်ရရင်ကိုပဲ ကျွန်တော်ပျော်နေမှာ။ ကံကြမ္မာကို အပြစ်မဖို့လိုပါဘူး။ ခဏတာလေးပါပဲ။
ဘယ်သူ့ ဘယ်သူရယ်လို့ အပြစ် မဖို့လိုပါဘူး။ ခဏတာလေးပါပဲ။ ခဏတာ လေး ပါ ပဲ။
အသန့်စင်ဆုံး အလင်းမိုးတို့ မသည်းချင်နေပါ ဖွဲဖွဲလေးပဲ ရွာကျမယ်ဆိုရင်ပဲ ကျွန်တော် ပျော်နေမှာပါ အရှင်။

 @   @  @

*  ငှက်တစ်ကောင်ရဲ့ အိပ်မက် - ဆို / မျိုးကြီး ။ ရေး / ကိုမိုး

မိုးအိမ်လူ

2 November 2011
PM : 8:53

လူယုတ်မာ




ယူတယ် ရိတ်တယ်
စီးတယ် ပြီးတော့
ပြုံးတယ်
ရှေ့မှာ
မျက်ရည် နဲ့ မျက်ခွက်..။

မိုးအိမ်လူ

သံပတ်မြည်ချိန်




လေညွှန်တံနဲ့
လမ်းထွင်ဖို့
နေ မရှိတဲ့ ခေတ်
လ မရှိတဲ့ ခေတ်
လက်ဖ၀ါးနုနုကြောင့်
ပေါက်ပြဲသွားတဲ့
အရေပြားတွေ
အရှေ့ကို ကြိုပါ
မမှောင်ခင် မီးငြှိမ်းကြစို့။

မိုးအိမ်လူ

ချောက်က ခြောက်တယ်




အရှေ့အရပ်က
ခက်ထန်တယ်
အနောက်အရပ်က
စာရိတ္တညံ့ဖျင်းတယ်
တောင် အရပ်က
စိတ်ထားယုတ်တယ်
မြောက်အရပ်က
မာယာများတယ်
အခုရပ်နေတာက
ကောင်းကင် အောက်မှာ.။

မိုးအိမ်လူ