Saturday, October 22, 2011

အကျည်းတန် တိမ်တိုက်များရဲ့  အဆုံး


အကျည်းတန် တိမ်တိုက်များရဲ့  အဆုံး
 

ကွယ်ဝှက်ထားမှတော့ ဆန္ဒတွေကို
သော့ခတ်လိုက်ပါတော့
မနေ့ က ရွာတဲ့မိုးရေနဲ့ 
ဒီနေ့ မှာ အေးချမ်းစေချင်တဲ့ စိတ္တဇကို
အနာဂတ် အိမ်ရာအတွက် မီးတင်ရှို့ 
တိမ်တိုက်တွေနဲ့  ကောင်းကင်ပြာ သေဆုံးသွားမလား
အနာတရ ရင်ခုန်မှုတွေကို မေ့လိုက်ချင်ပြီ
ဘယ်သူ့ ကို အရူးတံဆိပ်ကပ်ရမလဲ ရွေးချယ်ရခက်နေတဲ့
နေ့ နေ့ ည ည
လက်ညှိုး ညွှန်ရာ ရေဖြစ်တဲ့ ဘ၀ တွေကို မုဒိတာ ပွားနေရုံနဲ့
သူသူ ငါငါ ဘ၀ တွေဟာ စိုပြည်လာမှမဟုတ်ဘူးဆိုတဲ့
စိတ်ဓာတ်အညံ့စားကို ဘယ်လို ခွာချရမလဲ
သစ္စာလေးပါးလည်း သိပါရဲ့ 
လောကဓံ ရှစ်ပါးလည်း သိပါရဲ့
ကံ ကံ၏အကျိုးကိုလည်း သိပါရဲ့
သိစိတ်ဟာ သိစိတ်မှာပဲ ရပ်တန့်သွားတဲ့
လိုအပ်ချက်တွေဆာလောင်နေခဲ့တဲ့
ယောင်တိယောင်ကန်း ဘ၀တစ်ခု
မျက်နှာထက်မှာ အရေးအကြောင်းတွေကို တိုးစေခဲ့ရင်း
ရှေ့က ဘ၀ တစ်ခု၇ဲ့  အဆီအနှစ်က  သေနေ့ ကို စောင့်ဆိုင်းခြင်းထက် မပိုခဲ့။
 

မိုးအိမ်လူ
                                                               

လူမှုရေး


လူမှုရေး


ကိုယ်တိုင် ထုဆစ်ထားတာ
မဟုတ်ခဲ့တော့
သူ လည်း သူ့ လွတ်လပ်မှု နဲ့ 
ကောင်းကင်ကို ပြာချတယ်

မေးပြီးမှ မှားသွားမှန်းသိခဲ့တော့
ကိုယ့် ပါးကိုယ် ပိတ်ရိုက်မိတဲ့
ဆက်ဆံရေးတွေ
ပိတ်လို့ ရရင် ပိတ်လိုက်ပါ
တံခါး မရှိရင် ဓားလည်းရှိမှာမဟုတ်တော့ဘူး။

                                                 
                          မိုးအိမ်လူ

ခေတ်သစ်အိပ်မက်

ခေတ်သစ်အိပ်မက်



ကျဉ်းမြောင်းလာတဲ့
အသက်ရှင်သန်မှု တစ်ခု
ရာသီမရွေး တိုက်စားတတ်တဲ့
နတ်ဆိုးတစ်ကောင်ရဲ့
ကျိန်စာ နံပါတ် ( ၁၃ ) က
အခုချိန်ထိ ပေါ်ပြူလာဖြစ်တုန်း
ရွေးချယ်မှုတွေ ကျပ်တည်းလာမှာတော့
မနက်ဖြန်ဆိုတာ
မျှော်လင့်သင့်တဲ့အရာမဟုတ်တော့ဘူး
လွတ်ရာကျွတ်ရာ ထွက်ပြေးရင်း
ရုပ်နဲ့ နာမ် ဟာ ဂိုဏ်းဂဏတွေ အကွဲအပြဲ ဖြစ်ရင်း
နေညို ချိန်မှာ နေ၀င်ဖို့  သတိမရခဲ့ကြဘူး..။


                                                                                       မိုးအိမ်လူ

ကြိုးနဲ့  ယက်လုပ်ထားတဲ့ ကောင်းကင်


ကြိုးနဲ့  ယက်လုပ်ထားတဲ့ ကောင်းကင်


နှောင်တွယ်သမျှကို
ချခင်းကြည့်လိုက်တော့
ခုနှစ်စဉ်ကြယ်မပါတဲ့
ဓူဝံကြယ် အပဲ့တစ်လုံးက ငိုင်စင်းလို့ 
စေလိုရာစေ ဆန္ဒတွေရဲ့ 
တောက်လောင်အားနဲ့ 
စကြာဝဠာ ဆိုတာ တကယ်ပဲ ကျဉ်းမြောင်းလွန်းတယ်


                                                                                      မိုးအိမ်လူ

မိုး၇ွာသွန်းမှု နဂ္ဂတစ်များ


မိုး၇ွာသွန်းမှု နဂ္ဂတစ်များ

                                                           
အမှားမှားအယွင်းယွင်း ရွာကျမှု မိုးရေထဲ
မျှော်လင့်ချက် အချို့  မိုးရေစိုသွား
ဘယ်သူ့  ဘယ်သူ့  ရယ်လို့ မှ အပြစ်ဖွဲ့ လို့ မရတဲ့
ကံကြမ္မာစီရင်မှု ဖြစ်ပျက်တစ်ခုမှာ
နောင်တတွေကပဲ အဓိကဇာတ်ဆောင်ဖြစ်ခဲ့သလား
ငေးနေတုန်းမှာ ဝေးသွားတဲ့ တောင့်တမှု ပြယုဒ်တွေ
အိမ်မက်တွေမှာပဲ အတောင်ပံတွေက သန်စွမ်းခဲ့တာလေ
ခဏတဖြုတ်စိတ်ကောင်းဝင်ခဲ့တဲ့ မိုးရွာသွန်းမှုကိုပဲ ကျေ
းဇူးတင်ရဦးမှာတဲ့
သစ္စာတရားတို့ ရယ်
ဒီလူက ဓားနဲ့ ထိုးလည်း သေတတ်ပါတယ်....... ....... ............ .................။

                                           
                                                    မိုးအိမ်လူ

ပိတ်ကားမလိုတဲ့ ရုပ်ရှင်


ပိတ်ကားမလိုတဲ့ ရုပ်ရှင်


ရွေးချယ်ခွင့် နည်းပါးမှုတွေနဲ့  ၇ှင်သန်ခဲ့ရတဲ့ ဘ၀တစ်ခုက အသက်ရှူရကျပ်ခဲတယ်ဆိုတာကတော့ အမှန်ပဲ။ လရောင်
ကျဲပါးတဲ့ ညတွေမှာ  ကိုယ့်အရိပ်ကိုယ်ကို ပြန်ကြောက်ရင်း ညတာတွေ ၇ှည်လွန်းခဲ့တာ ကိုယ်တစ်ယောက်ပဲ သိခဲ့တဲ့ အမှန်တရားတစ်ခုပေါ့...။
တိတ်ဆိတ်ညဆိုတာ ကိုယ် မြတ်နိုးတဲ့ အရာတွေထဲမှာ ပါတာ မှန်ပေမယ့် တစ်ခါတစ်လေမှာ ကိုယ်ကြောက်ကြောက်နေမိတယ်။ ဟိုးအဝေးက အမှောင်နံရံထက်မှာ နတ်ဆိုးတို့  မီးပုံပွဲ ကျင်းပနေပြီ...။
သံစဉ်မဲ့ တေးသီချင်းတစ်ပုဒ်ကို သီဆိုရင်း နာရီလက်တံတွေ ဇက်ကျိုးကျချိန်ကို ကိုယ် စောင့်မျှော်မိတယ်။ တစ်ခါတစ်ခါ
လမ်းနီကလေးကို သတိရရင် ကိုယ် သီချင်းဆိုတတ်တယ်။ အမှန်ကတော့ ကိုယ် မှားခဲ့တယ် ထင်ပါတယ် ။ ကိုယ်ဟာ လူပီသစွာ တစ်ကိုယ်ကောင်းဆန်တယ်။ လူပီသစွာ အတ္တကြီးတယ် ။ ကိုယ့်ရဲ့ လုပ်ရပ်တွေမှာ အမှားလက္ခဏာတွေ များပြားလွန်းတာကို သူတို့မှမဟုတ်ဘူး ကိုယ်လည်း ဘယ်နှစ်သက်ပါ့မလဲ ။ ဒါပေမယ့် ကိုယ် လိုချင်တိုင်းဖြစ်နေရင်လည်း လောကကြီးက လောကကြီး ဘယ်ဖြစ်တော့မလဲ။ မဖြစ်နိုင်မှုလေးတွေ ၇ှိမှာပေါ့။ ဒါတွေကို ကိုယ်နားလည်ပါတယ် ။ တစ်ခုတော့ရှိတယ် ။ ကိုယ့်အတွက် လောကကြီးကပေးတဲ့ မဖြစ်နိုင်မှုတွေက သူများတွေထက်ပိုများနေသလိုပဲ။ အနောက်တောင်လေ တိုက်ခတ်တိုင်း သွေးညှီနံ့ ရရနေတတ်တာ ဒီနှစ်မိုးဦးကျကတည်းကပဲ။
မျှော်လင့်ခြင်းကြီးစွာနဲ့  ကိုယ် စောင့်မျှော်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ရှိတယ်။ အဲ့ဒီပန်းလေးရဲ့အရောင်က အဖြူရောင်..။
ကိုယ်က အဲ့ဒီ ပန်းလေးကို မြတ်နိုးတယ်.။ကိုယ်က အဲ့ဒီပန်းလေးကို ချစ်တယ် ။ အဲ့ဒီပန်းလေး က သနပ်ခါး ပါးကွက်ကလေးကို အမြဲလိမ်းတယ်။
သနပ်ခါးပါးကွက်ကလေးနဲ့ ပန်းလေးကိုမြင်လိုက်ရရင် ကိုယ်လေ ဘယ်လိုဖြစ်မှန်းမသိဘူး ...အရမ်းချစ်တာပဲ။ ချစ်နေခွင့်ရတာကိုက ချစ်တာပဲတဲ့.။ အချစ်ဆိုတာ မျှော်လင့်ကောင်းတဲ့အရာမဟုတ်ဘူးတဲ့.။ အဲ့ဒီစကားတွေကို ဘယ်သူတွေ ပြောသွားမှန်း ကိုယ်မသိပါဘူး။ အဲ့ဒီ စကားကြားတဲ့နေ့ က ကိုယ့်ကောင်းကင်မှာ တိမ်းမည်းတွေ ရုတ်ချည်းအုံ့ စိုင်းသွားတာ ပြောရင် ယုံမှာမဟုတ်ဘူး။
တိုက်ဆိုင်မှုတွေ ၇ှိလာတိုင်း ကိုယ် ဆိုတတ်တဲ့သီချင်းတစ်ပုဒ်ရယ် ၊ ကိုယ် ရွတ်တတ်တဲ့ ကဗျာတစ်ပုဒ်ရယ် ကို ပန်းလေး
က သဘောကျတယ်တဲ့.။ ဒီလို မိုးရွာပြီးစ ပေါ်လာတတ်တဲ့ သက်တံလေးတွေကိုပဲ ကိုယ်က တန်ဖိုးထားရင်း ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေခဲ့တာလေ..။ လေပြည်တွေမှာ စီးမျောလာတတ်တဲ့ ပန်းရနံ့ လေးတွေထဲမှာ ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့ များပါမလားလို့ အရူးအမူးလိုက်ရှာ မိတတ်တာလည်း ကိုယ့်ရဲ့ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ။
ဘ၀ ဟာ ထင်သလောက် မရိုးစင်းမှန်း ကိုယ် အပါအ၀င် လူတိုင်းသိကြပါတယ်..။ ကိုယ်ဟာ ဖေဖေနဲ့ မေမေအတွက်
လိမ်မာတဲ့သားတစ်ယောက်မဟုတ်ခဲ့သလို ကိုယ့်သူငယ်ချင်းတွေအတွက်လည်း ကောင်းမွန်တဲ့ ရဲဘော်ရဲဘက်မဟုတ်ခဲ့ဘူး။ သိတဲ့အတိုင်း ကိုယ်က အမှားများတဲ့လူလေ။ တစ်ခါတစ်ခါ ကိုယ့်ရဲ့ အပြုအမူတွေအတွက် နောက်တ တွေရမိတာတော့ အကြိမ်ကြိမ်ပဲ..။ ကိုယ်ဘာလို့ ဒီလောက်အမှားများနေခဲ့တာလဲ။ ဒါဟာ ကိုယ့်ညံ့ဖျင်းမှုပဲ ဆိုတာ ကိုယ်သိပါတယ်..။ ဒါပေမယ့် ကံတရားကလည်း ကိုယ့်ဆို မျက်နှာသာ မပေးချင်ခဲ့ဘူးနဲ့တူတယ်။
လွဲမှားစွာ ခြယ်သခဲ့တဲ့
ရောင်စဉ်တွေရဲ့
ကျိန်စာတစ်ပိုဒ်နဲ့ 
ကိုယ့်ကို
သူတို့ က စည်းထဲကို အ၀င်မခံခဲ့ကြဘူး

ရှောင်ပုန်းချင်ပေမယ့် ရှောင်ပုန်းရမယ့် နေရာမရှိခဲ့တဲ့ နေ့ တွေ..။ လက်ခံချင်ပေမယ့် ပေးအပ်မယ့်သူမရှိတဲ့ အချိန်တွေ..။
ငြင်းပယ်ချင်ပေမယ့် ငြင်းပယ်လို့ မရတဲ့ အချိန်တွေ...။ ကိုယ်လေ နောင်တတွေကို အရမ်းမုန်းလာပြီ..။ ကိုယ်တွေ့ ဖူးတဲ့ ဘ၀အချို့ ဟာ ကိုယ့်လောက်မခက်ခဲကြတာ အမှန်ပဲ..။ သစ္စာတွေ အထပ်ထပ်ဖြိုချရင်း ကောင်းကင် ထက်မှာ ကိုယ့်အတွက် တောင်ပံတစ်စုံကို ကိုယ် အသဲအသန်လိုက်၇ှာမိတယ်..။ လူတော်မဖြစ်ချင်နေပါ .. လူကောင်းလေးတော့ ကိုယ် ဖြစ်ချင်သေးတယ်..။
လမ်းဘေးမှာ ဖြုန်းခဲ့တဲ့ အချိန်တွေကို တန်ဖိုးရှိအောင် ဘယ်လိုစစ်ထုတ်ယူရမလဲ..။ ကိုယ့် ဘ၀ ကို ကိုယ်
တစိမ့်စိမ့်သတ်ရင်း ပျော်ရွှင်စရာ အချိန်တွေက အခုချိန်မှာ မျက်ရည်တွေကျလို့ ..။ ကိုယ်က အိပ်မက်တွေကို ရူးသွပ်တတ်သူ ။ တရှိုက်မက်မက် ကိုယ်စားသုံးဖူးတဲ့ အိပ်မက်တွေ ၇ှိတယ်..။ အနောက်တောင် ပင်လယ်မှာ လှိုင်းထန်နေတဲ့အချိန် ကိုယ်ကတော့ ခေါင်မိုးပေါ်က မိုးစက်ဂီတသံနဲ့  အိပ်မက်တွေကို အပိုင်သိမ်းဖို့  ကြိုးစားနေခဲ့တယ်..။
တိတ်ဆိတ်တဲ့ ညတစ်ညမှာ ကိုယ့်ဆီကို ပင်လယ်တစ်ခုရယ် မြစ်တစ်စင်းရယ် ကောင်းကင်တစ်ခု ရယ် ကြယ်တစ်စင်း
ရယ် လမင်းတော့မပါဘူးပေါ့.. အလည်ရောက်လာခဲ့ကြတယ်။ သူတို့ က ကိုယ့်ဆီက ကော်ဖီသောက်ပြီး ကိုယ့်ကို စစ်မလို့တဲ့လေ..။
ပင်လယ်ကြီးက ကိုယ့်အိပ်မက်တွေအကြောင်းကို စစ်တယ်..။ မြစ် ကလေးက ကိုယ့် ရဲ့ ညံ့ဖျင်းမှုတွေကို စစ်တယ်.။ ကောင်းကင်ကြီးက ကိုယ့်ရဲ့အမှားတွေကို စစ်တယ်.။ ကြယ်လေးက ကိုယ့်၇ဲ့ ပန်းလေးအကြောင်းစစ်တယ်..။ နောက်ဆုံး အားလုံးသဘောတူညီချက်နဲ့ ကိုယ့်ကို
အမှား တစ်ထုပ် ဆုချသွားတယ်..။
                                          
စကားပြောတတ်တဲ့ အိပ်မက်တစ်ပုဒ်ရဲ့ 
ခပ်ခါးခါး ကော်ဖီတစ်ခွက်ကို
ခိုးသောက်ရင်း
ငါ့ မှာတိုးလာတဲ့စွမ်းအင်က
တိမ်တွေကို ဖျောက်ပစ်နိုင်စွမ်းမရှိသေးဘူး
အလိုလောဘတွေက
ဆတိုးနဲ့  ကြီးထွားလာရင်း
ချွေးထွက်များတဲ့ လူမှုဆက်ဆံရေးထဲမှာ
ငါ ကိုယ် ငါ ပြန်ရှာနေရတာကို က
အလုပ်တစ်လုပ်

ပျောက်ဆုံးသွားတဲ့ ကံတူအကျိုးပေးတွေကို တမ်းတရင်း ကိုယ့်ရဲ့  ဥယျာဉ်မှာ ပန်းပေါင်းစုံဟာ ပွင့်လန်းနေခဲ့ပြီ..။
နေခြည်ထွေးကို ဖိတ်ခေါ်ရင်း ကိုယ့်ရဲ့  နံနက်စာ ဟာ ကော်ဖီတစ်ခွက်တည်းနဲ့  ပြည့်စုံနေပါပြီ..။ ကိုယ့် ရဲ့ မျှော်လင့်ခြင်းတွေအကြောင်း နေ၀င်ချိန်တွေမှာ သတိရရင်း စိတ်တစ်ခုတည်းနဲ့  ဘ၀ ကို ပြည့်စုံအောင်နေတတ်ဖို့ ကိုယ် ကြိုးစားနေပါပြီ..။ တကယ်တမ်း ရူးသွပ်မှုတွေကို အဖြေစစ်ထုတ်လိုက်တော့ ကိုယ် မက်နေကျ အိပ်မက်လေးလောက်တောင် ၇င်ခုန်စရာမကောင်းတာ ကို တွေ့ခဲ့ရပြန်ပြီ..။ အားလုံးဟာ အမှန်တရားနဲ့ အစစ်တရားကို ကျောခိုင်းပြီး ကမ်းပါး ထက်မှာ မျက်စိစုံမှိတ်အော်ဟစ် တောင့်တနေကြတာကိုလည်း ကိုယ် မြင်တတ်ခဲ့ပါပြီ..။
မောဟတွေကို ရိတ်သင်ရင်း ကိုယ် ၇ဲ့ အိမ်ပြန်လမ်းလေးမှာ ငှက်ကလေးတွေ တေးသီဆိုဖို့  ကိုယ့် ရဲ့ ခြေလှမ်းတွေကို ခပ်ဖွဖွလေးနင်းလျှောက်လာခဲ့တယ်..။


                                                                                                                                                                                                                           
  မိုးအိမ်လူ