Wednesday, November 2, 2011

ချောက်က ခြောက်တယ်




အရှေ့အရပ်က
ခက်ထန်တယ်
အနောက်အရပ်က
စာရိတ္တညံ့ဖျင်းတယ်
တောင် အရပ်က
စိတ်ထားယုတ်တယ်
မြောက်အရပ်က
မာယာများတယ်
အခုရပ်နေတာက
ကောင်းကင် အောက်မှာ.။

မိုးအိမ်လူ

မျှော်လင့်ချက်




လွင့်တက်လာတဲ့
နွေက
ခရမ်းရင့်ရင့်
ဝမ်းသာအားရ
ဆန္ဒတွေနဲ့
မနက်ဖြန်အတွက်
မီးတစ်တို့လောက်။

မိုးအိမ်လူ

တစ္ဆေ




ခေါင်းလောင်း တစ်ချက်တီး
မိုးရွာဖို့ ပြင်နေတယ်
စာရွက်တစ်ရွက်လောက်
စာတစ်ကြောင်းနဲ့
ကမ္ဘာ ဖျက်ချင်လို့…။

မိုးအိမ်လူ

တံခါး




မျက်လုံး ။ အမြင် ။ စေ့ဆော်မှု ။ အာရုံ ။ ခံစားမှု။
လိပ်ပြာတောင်ပံ တစ်ချပ် လေစီးကြောင်းမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လို့ အဆုံးမဲ့
နက်ရှိုင်းခြင်း ဂါထာတစ်ပိုဒ်ရဲ့ အစ ခေါင်းကိုက်တယ် အိပ်ရေးပျက်တယ် ထုံထိုင်းတယ် ယောကျား
တစ်ယောက်ရဲ့ ဘ၀မှာ မိန်းမတစ်ယောက်ရဲ့ အရေးပါမှု ရာခိုင်နှုန်း မိန်းမတစ်ယောက်ရဲ့ ဘဝ
မှာ ယောကျားတစ်ယောက်ရဲ့ အရေးပါမှု ရာခိုင်နှုန်း တိုက်ရိုက် ပြောင်းပြန် ချိန်ခွင်လျှာလွဲ တစ်ဖက်စောင်းနင်း
အလိမ်အညာ  လတစ်စင်းရဲ့ ကိုယ်ရေးရာဇ၀င်မှာ ပွဲတော်ကျင်းပဖို့ ရာသီဥတုဟာ ကိုယ့်ကိုယ်ကို အဆိပ်
သောက် လုပ်ကြံ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ သွေးယိုစိမ့်မှု စီးကြောင်းနဲ့အတူ မျက်လုံးက ရေစီး
ကမ်းပြို ရင်ဘတ်ဟာ မို့ချည်မောက်ချည် ကြိုးတစ်ချောင်းဟာ ပိုင်ရှင်မရှိလို့ စိတ်လေ ထိုင်းမှိုင်း
မြောက်ဝန်ရိုးစွန်းကို ကြိုးနဲ့ အသေချည် တောင်ဝန်ရိုးစွန်းထဲ ခုန်ချ စက္ကန့် အရွေ့တိုင်းမှာ ဆွဲနှောင်ထား တဲ့
မှော်ဝင်အိပ်မက်နဲ့ ခဏတာ အပိုင်းအခြားလေးပဲ စိုက်ထူထားတဲ့ နှင်းဖွဲမှတ်တိုင် မျှော်လင့်ချင်တယ် မမျှော်လင့်
ဘူး ဘာမှမမျှော်ကိုးဘူး တစ်စိတ်တစ်ဒေသ အရူးထခြင်းနဲ့အတူ ဘယ်နှခုနှစ်မှာ ဘယ်သူ ၀ါကျင့်ကျင့် သက္ကရာဇ်ရဲ့ မုတ်ဆိတ်ကျင်စွယ် ဖြူတူတူတွေကြား မိုးသောက်ယံလှိုင်းတွေ တဘုန်းဘုန်း ကမ်းက ဘယ်မှာလဲ
ရွက်က ဘယ်မှာလဲ တက်က ဘယ်မှာလဲ အကျိုးအပဲ့ မြို့ဟောင်းမှာ ဖုန်တွေ ထ လွန်းတယ် ချုံတွေ ထူလွန်း
တယ် ခြောက်သွေ့လွန်းတယ် တံခါးရွက်က ရွဲ့တိရွဲ့စောင်း ဆွေးဆွေးမြေ့မြေ့ သစ်သားပြားမှာ ပါတီပွဲ ကျင်းပ
နေကြတဲ့ မျိုးဆက်သစ် ခြကောင်တွေရဲ့ ပျော်ရွှင်မှု ပိတ်မှာလား ဖွင့်မှာလား အ၀င်လား အထွက်လား အပြင်
လား အတွင်းလား ကပ်ငြိသမျှ ဖယ်ရှားတိုင်း ဖယ်ရှားလို့မနိုင်တဲ့ အမှိုက်သရိုက် မော်ဒယ်မြင့်မြင့်လာတဲ့
ပင့်ကူအိမ်တွေနဲ့ ကြိုဆိုပါ၏ ဤအသိုင်းအ၀ိုင်းမှ ကြိုဆိုပါ၏ လည်ပင်းကို တင်းတင်းချည် ခံတွင်းပျက်နေလည်း
အကိုက်ပဲ ခြေမလွန်ခင် လက်မလွန်ခင် နားရွက်လေးကို ရင်ခုန်မြတ်နိုး တမ်းတ ငှက်တစ်ကောင်ရဲ့ဖီလိုဆိုဖီနဲ့
ပစိဖိတ်သမုဒ္ဒရာထဲ ငါးမျှားထွက် လက်ကာပြတယ် ခေါင်းရမ်းပြတယ် မျက်လုံးက ငြင်းဆန်တယ် နှစ်တစ်နှစ်
မှာ အရင်းပြုခဲ့တဲ့ ၀ိဥာဉ်တစ်ကောင်ရဲ့ သန္ဓေက အိမ်နီးချင်းနှစ်တစ်နှစ်မှာ မူကြိုတက်ဖို့ ပြင် စာတတ်လေ
အရူးရင့်လေ ထင်ရက်စရာမရှိအောင် ချာလပတ်ရမ်းသွားတာ မျက်နှာလည်းဖျက် မျက်စိလည်း ပျက်
စကားလုံးတွေ ကသောင်းကနင်း ပြေးလွှား စောင့်စည်းမှု ကျင့်ဝတ် အဖြူထည်မှာ အတ္တတံဆိပ် လိုဂို ခပ် ဆန်း
ဆန်း သေချာအောင် စီစစ်လေ မရေမရာ ကွဲလွဲသွားလေ သူ့ထက်ကဲ တွေချည်း ရုပ်မရှင်းတဲ့ ရုပ်ရှင် အသံမ
ထွက်တဲ့ ရုပ်ရှင် ပြသချိန်မစခင် လူရှင်းသွား  မိုးအုံ့နေတဲ့ ပစ္စုပ္ပုန် ဒုက္ခိတရဲ့ ညည်းညူသံ တအဲ့အဲ့ တအီအီ
မှာ ပြက္ခဒိန်မှာ လ တစ်လ တိုး ( ၁၃ ) လမြောက်မှာ ရာသီဥတု သာယာတယ် လက္ခဏာကြည့် အရမ်း
ကေင်းတယ် ဗေဒင်တွက် အရမ်းကောင်းတယ် ယတြာမှာ တံခါးကိုရှောင် ပြတင်းပေါက်ကိုရှောင် ယူနိုင်သမျှ
ယူပြီးလို့ ကိုယ့်ကိုယ်ကို ငုံ့ကြည့် ဖာရာ ချုပ်ရာ အပေါက်အပြဲ အနားဖွာလန်ကြဲ နေတဲ့ ခန္ဓာတစ်ရွက်
မီးတစ်တို့ ရဖို့ ကမ္ဘာဦးလူသားကို လိုက်ရှာရ သစ်သီးတစ်လုံးနဲ့ နံရိုးတစ်ချောင်းကိုင်ပြီး ဝေခွဲရခက်နေတဲ့
အပျင်းကြီးတဲ့ တိမ်တစ်မျှင်နဲ့ ရှေ့ဘ၀ကို ချိတ်ဆက် အသာအယာလေးတွန်းဖွင့် တံခါးက နဲ့တဲ့တဲ့ရယ်
ဆေးဝါးတွေ တံဆိပ်အသစ်တွေနဲ့ အများကြီးထုတ် ရောဂါပိုးမွှားတွေ ရုပ်ချောချော ဘက်တီးရီးယားတွေ
နာမည်အသစ်တွေနဲ့ ဗီဇာမလို ပတ်စ်ပိုစ့်မလိုဘဲ ရောက်လာ နှုတ်ဆက်လိုက်ဦး သူတို့က အငိုသန်
တယ် မျက်ရည်လွယ်တယ် အနုပညာသမား မဟုတ်ပေမယ့် ခံစားမှု အားကောင်းတယ် ရွေးချယ်ခွင့်မှာ
ရက်စ် နိုး မပါဘူး could လား should လား  must လား ဘာလိုလိုနဲ့ အင်္ဂလိပ်တွေ ၀င်လာပြန်ပြီ
အတိအကျမလိုဘူး ပွဲစား မလိုဘူး ဒီနေရာမှာ ဒီလောက်နဲ့ ရပ်ရင် ဘယ်လောက်ရမယ် ပဟေဠိ နန်းတော်
မဟုတ်ဘူးနော် ဆုံးဖြတ်ပြီးရင် ညာဘက်လက်နဲ့ အားသုံးပြီး ဖွင့်လိုက် ဘာတဲ့ မှောင်နေလည်း အမှောင်ပဲ
ဒီမှာ လျှပ်စစ်မသုံးဘူး နောက်ကြောင်းပြန်တဲ့ အခန်း ဒီဇာတ်လမ်းမှာ မပါဘူး ရှေ့ကိုသာကြည့် ရှေ့ဆိုရင်
တော့ သွေးထွက်များမှ အမှတ်တရ နည်းမယ်နဲ့ တူတယ် နားရွက်လေး အဲဒီ နားရွက်လေး အာ ဆံပင်
ကြားက ထွက်နေတဲ့ နားရွက်လေးလေကွာ အသံတိတ်ပြဇာတ်မှာ ခြေသံတောင်မပါဘူး အသက်ရှုသံက
ကျယ်ကျယ်လာတယ် နွေမရောက်ခင် ငြိမ်ငြိမ်နေ လူတိုင်းလိုချင်နေတဲ့ လူတိုင်းရှာဖွေနေတဲ့ လူတိုင်း
မက်မောနေတဲ့ လူနဲ့ မတည့်တဲ့ အရာပါဆို လူတွေဆီ ဘယ်တော့မှ မလာဘူး အစီအစဉ် ကမြောက်
ကခြောက်နဲ့ မျက်လုံးက အရင်စ လှမ်း ပြီးရင် ရေပေါ်မှာ ရေးတဲ့ အရုပ်မှန်း သိသိကြီးနဲ့ကို အမြဲ
အပိုင် လိုချင်နေတာ ချိန်ကိုက်ဗုံး မဟုတ်ဘူး အာရုံခံ စနစ်နဲ့ မကြိုက်တဲ့ လူဆို ပေါက်ကွဲမှာ နွေရာသီ
တစ်ရက်နေ့ ရဲ့ လက်တံနဲ့ လှမ်း ဖိတ်လိုက်ပါဦး အားနာလို့ တိုက်ခတ်တဲ့ လေပဲ ဖြစ်ဖြစ် ပြီးပြီးရော
စိတ်ဓာတ်နဲ့ စိတ်ဓာတ်က တဖြည်းဖြည်း မြေခ ခံစားမှုတွေ တစိမ့်စိမ့် ခမ်းခြောက် ကောင်းကင် ဗလာ
လား ဒါဆိုလည်း မီးခိုးတွေ လွှတ်တင်ကြမယ်လေ ရှင်းနေရင် မကြိုက်တဲ့ စရိုက်က နောက်ကျောကို
ဓားနဲ့ ထိုးနေတာ မမှားဘူးလို့ ထင်ထင်နေတဲ့ သံသယက ကို မှားနေတာတဲ့ သေချာကြည့်ရင်
မှင်စာနဲ့ တူတဲ့ မျက်နှာကိုမှ အိပ်မက်ထဲထည့် မောချင်ယောင် ဆောင်မနေနဲ့တော့ ငါးပေလေးလက်မ
လောက်ဆို မဆိုးပါဘူး နိုင်ငံတကာ အသိအမှတ်ပြုစရာမလိုဘူး တစ်ဦးတစ်ယောက်ရဲ့ ထောက်ခံစာ
နဲ့ လက်ခံလိုက်မယ် အဆင်ပြေလား မပြေဘူးလား ဆဌမမြောက် ဂြိုဟ်က ပေါက်ကွဲသွားပြီ ခရမ်းလွန်
ရောင်ခြည်တွေ ဖိတ်ကျလာပြီ ဇာတာက အဲ့လောက် ကောင်းတာ ထီပေါက်တဲ့နေ့ ကမ္ဘာပျက်တဲ့နေ့ပဲ
လက်မှတ်လေးတော့ သိမ်းထား ဘ၀အသစ်အတွက် တံခါးက ဖွင့်စရာမလိုတော့ဘူး ပွင့်နေပြီ ခေါ်နေပြီ
အားလုံးကို နှုတ်ဆက် ရုပ်ကို နှုတ်ဆက် နာမ်ကို နှုတ်ဆက် စုဆောင်းရသမျှ အတ္တလေးပိုက်ပြီး သွားပေ
တော့ အမှန်က အဲဒီ မှင်စာမျက်နှာနဲ့ နားရွက်လးကို တကယ် စွဲလမ်းနေတာ မှားပါတယ် မောင်သိန်းဇော်
ရယ် ခင်ဗျားမိန်းမကို မျက်မှန်မတပ်ခိုင်းပါနဲ့ ပွင့်ဖြူသားနဲ့ တူတူနေလို့ တံခါးရွက်ကို မရှိတော့ဘူး ပိတ်ဖို့
လမ်း မမြင်မှတော့ နေရစ်ခဲ့တော့ ပင့်ကူရေ.။

မိုးအိမ်လူ

Monday, October 31, 2011

ကောင်းကင်မဲ့သူများအကြောင်းနှင့် နောက်ဆက်တွဲ လမင်းပျောက်ဆုံးခြင်း




ထူးဆန်းစွာပဲ အခန်းနံရံပေါ်မှာ ကြယ်တွေ တောက်နေတယ်။ နံရံများ ပျောက်ဆုံးသွားပြီလားလို့ လက်နဲ့ ကိုင်ကြည့်လိုက်သေးတယ်။
မပျောက်ဘူး။ နံရံရဲ့ ဂုဏ်သတ္တိအပြည့်နဲ့ ထိတွေ့မှုကို ခံစားရတယ်။ ခက်တာက ကြယ်တွေပဲ။ ခက်တာက ကိုယ်က ကြယ်တွေအကြောင်း
ဘာမှ နားမလည်။ ကိုယ် သိတာဆိုလို့ ခုနှစ်စဉ်ကြယ်နဲ့ ဓူဝံကြယ်ပဲ သိတာ။ ရှာကြည့်လိုက်တော့ အမယ် သူတို့လည်း ရှိပါသကော။
ဒါဟာ ပြဿနာလား။ ဟုတ်တယ် ဒါဟာ ပြဿနာပဲ။ ကိုယ့် အခန်းနံရံမှာ ကြယ်တွေ တောက်နေတာ တစ်နည်းအားဖြင့် ကောင်းကင်
ရောက်နေတာ။ ကိုယ် ဘယ်လို လုပ်ရမလဲ။ မဖြစ်သေးဘူး။ ဒီကိစ္စကို လူတွေကို အသိပေးမှ။ အဲဒါလည်း မဖြစ်သေးဘူး။ တော်ကြာ
ထူးဆန်းအံ့ဖွယ်ဆိုပြီး လူတွေ ၀ိုင်းလာကြည့် သတင်းသမားတွေ လာကြည့် နဲ့ ကိုယ့်အခန်းတစ်ခုလုံး ရစရာမရှိဖြစ်သွားလိမ့်မယ်။
အရင်ဆုံး သူငယ်ချင်းတွေကို ခေါ်ပြရမလား။ အင်း ဟုတ်တယ် သူတို့နဲ့ တိုင်ပင်သင့်တယ်။ အရင်ဆုံးသတိရလိုက်တာက ပေါက်တတ်ကရ
တွေ အရမ်းတွေးတတ်တဲ့ ရင်နင့်အောင်ကြီး။ ဟုတ်တယ် ။ ရင်နင့်အောင်ကြီးက ခေါ်ပြရမယ်။ သူက ကိုယ့်ထက် အသက်ကော  အတွေး
အခေါ်ကော ကြီးတဲ့သူဆိုတော့ အဲ ကျန်တာတွေလည်း ကြီးချင်ကြီးမှာပေါ့နော် ။ ဟုတ်တယ် သူ့ကို ခေါ်ပြရမယ်။ ရင်နင့်အောင်ကြီးကို
ပြောပြတော့ သူက မယုံဘူး။ မဖြစ်နိုင်တာကွာ တဲ့။ လိုက်ကြည့်ဗျာဆိုပြီး အခန်းကို ခေါ်ပြီး ပြလိုက်တော့ သူ လည်း အံ့သြသွားတယ်။
ဟာ အမိုက်စားပဲ ငမိုးအိမ်ရာ ။ အာဗျာ ကျုပ်ကို အဲ့လို မခေါ်စမ်းပါနဲ့။ ဟုတ်တယ်လေ သူက အဲ့လိုခေါ်လိုက်တိုင်း ကိုယ့်နားထဲမှာ ငမိုးရိပ် ပဲ
ပြေးပြေး မြင်နေတာ။ အဲ့ဒါ ဘယ်လိုလုပ်မလဲ ဟေ့လူကြီး လို့ ကိုယ်က မေးတော့။ သူက မေးစေ့ကြီး ပွတ်ပြီး အင်း ကုန်ကြမ်းပဲ ကုန်ကြမ်း
ပဲ ဆိုပြီး နံရံ အဲ ကောင်းကင် နံရံပေါ့ဗျာ အဲဒီကြီးကို တွေတွေကြီး ရပ်ကြည့်နေလေရဲ့။ ခက်ပြီ ။ ဘယ်လိုလုပ်မလဲ ပြောဦးလေဗျာ လို့
ကိုယ်က အတင်းမေးတော့ အာ နေစမ်းပါ ငမိုးအိမ်ရာ ။ ဒီလို အံ့သြထူးဆန်းတဲ့ အဖြစ်မျိုးနဲ့ ကြုံတုန်း ၀တ္ထုကောင်းတစ်ပုဒ်ရအောင်
ကြိုးစားရမယ်ကွ။ ဟာဗျာ ခင်ဗျားကြီးကလည်း။ ဘယ်လိုပြောပြော ရမယ့်ပုံမပေါ်တော့ ကိုယ်လည်း စိတ်လေသွားတယ်။ ဒါဆိုလည်း နောက်တစ်ယောက် ရှာတာပေါ့။ စ တွေ့တာပဲ။ နေ့ခင်းကမှ နေလင်းထွန်းကြီးနဲ့ တွေ့ထားတာ။ အဲဒီလူကြီးကို မေးရမယ်။
သိပ်တော့မထူးပါဘူး။ သူကလည်း ထူးဆန်းအံ့သြပြီး ရင်နင့်အောင်ကြီးဘေးမှာ ထိုင်ချလိုက်တယ်။ အေးကွာ အမိုက်စားပဲ တဲ့။
ဟိတ်ကောင် မင်း အတုလုပ်ထားတာတော့ မဟုတ်ပါဘူးနော် တဲ့ သူက သံသယနဲ့ ပြန်မေးသေးတာ။ ဟာဗျာ ကျုပ်က အဲ့လောက်
အလုပ်ရှုပ်ခံ ပါ့မလားလို့ ကိုယ်က ပြန်ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလောက် ကြယ်ပေါင်းသောင်းခြောက်ထောင် ရှိနေတဲ့
ကောင်းကင်ကြီးကို ကိုယ်က ဘယ်လို အတုလုပ်ရမလဲ။ လုပ်ရင်လည်း အတော်လက်ဝင်မှာ။ ကိုယ်က အဲ့လောက် ၀ီရိယ ကောင်းတဲ့သူ
ဇွဲရှိတဲ့သူလည်း မဟုတ်။ ခက်ပြီ။ ဒီလိုနဲ့ ကိုယ်လည်း ရှိသမျှ သူငယ်ချင်းတွေ အကုန်ခေါ်ပြတယ်။ မထူးပါဘူး။ အကုန်လုံး အမိုက်စားနဲ့
လွတ်လပ်လိုက်တာ လှလိုက်တာ နဲ့ စုံနေတာပဲ မှတ်ချက်တွေပေးပြီး တွေတွေကြီး ထိုင်နေကြတယ်။ ခက်တာက ကိုယ့်မှာ သူတို့
ခေါ်ထားတော့ ကိုယ့်အခန်းက ပျောက်နေပြီ။ အရေးထဲ ကောင်းကင်ကြီးက တစ်ခါတစ်ခါ တိမ်တွေ ဖြတ်ပြေးသွားလိုက် ကြယ်တွေ
ကြွေပြလိုက်နဲ့။ သူတို့ကို ဖမ်းစားထားသလို ဖြစ်နေတယ်လေ။ ဒီကဗျာဆရာ စာရေးဆရာတွေများ ထူးဆန်းတဲ့ ကိစ္စတောင်
ထူးဆန်းသလိုမနေဘဲ ခံစားချင်ရတာနဲ့ ဖွဲ့နွဲ့ချင်ရတာနဲ့။ နောက်ဆုံး ကိုယ်လည်း မတတ်နိုင်တဲ့ အဆုံး သက်ဆိုင်ရာကို အကြောင်းကြား
ရတယ်။ သိုသိုသိပ်သိပ် လုပ်ပေးဖို့လည်း ပြောရတယ်။ သူတို့တွေ ရောက်လာပြီး ပညာရှင်တွေ အကြောင်းကြား ပညာရှင်တွေကလည်း
ဟုတ်တိပတ်တိ မှတ်ချက် မပေးနိုင်ပါဘူး။ နောက်ဆုံး အသားမည်းမည်း ၀၀ ပုပုနဲ့ လူကြီးက ဒါကို အမျိုးသား ပြတိုက် ပို့သင့်တယ်လို့
ဆုံးဖြတ်ချက်ချလိုက်တယ်။ သေတာပဲ။ ၀န်ထမ်းတွေက နံရံကြီးကို အချပ်လိုက် ခွာပြီး မ သွားရော။ နံရံခွာချတာတောင် ကောင်းကင်
ပုံရိပ်က မပျောက်ဘူးဗျာ။ ဘယ်လို ကျိန်စာလဲ မသိပါဘူး။ ကြယ်တွေလည်း လင်းတုန်း တိမ်တွေလည်း ပြေးတုန်း။ တော်သေးတယ်
ညကောင်းကင်မို့သာပဲ။ နေ့ကောင်းကင်သာဆို အသားလွတ်ပူနေဦးမယ်။ အခုတော့ ကိုယ့်မှာ တစ်ဖက်လပ် အခန်းကြီးနဲ့ ပွင့်ပွင့်
လင်းလင်းကြီး ကျန်နေခဲ့တော့တယ်။ ဟိုစာရေးဆရာအုပ်စုကတော့ မိုက်တယ် ခိုက်တယ် ဒီလို အနီးကပ် မြင်ရတာ ဒါပထမဦးဆုံးပဲတွေ
ဘာတွေနဲ့ အိမ်ပြန်သွားကြလေရဲ့။ ကိုယ့်မှာတော့ လပ်နေတဲ့ နံရံကို လောလောလတ်လတ်ပိတ်ဖို့ ထရံတစ်ချပ် အမြန်သွားဝယ်လိုက်ရ
တယ်။ အဲဒီညမှာတော့ ကောင်းကင်မှာ ဘာကြယ်မှာ မရှိတော့ဘူး။ ပကတိ အနက်ကြီးနဲ့ ။ နောက် ညပေါင်းများစွာအထိ။ လူတွေမှာတော့
ညကောင်းကင်ကြယ်စုံစုံ ကို ကြည့်ချင်ရင် ပြတိုက်ကို သွားသွားကြည့်ကြရတယ်။ လူတွေကတော့ ကိုယ့်ကို မြင်ရင် မကောင်းဆိုးဝါး
ကောင်လိုလို ကြည့်ပြီး ရှောင်ရှောင်သွားကြလေရဲ့။ တစ်ခု ထူးဆန်းတာက လမင်းဟာ ပြတိုက်ထဲက ကောင်းကင်မှာလည်း မရှိဘူး
အပြင်ဘက်က ကောင်းကင်မှာလည်း မရှိဘူး။ ဘယ်ပျောက်နေလဲတော့ အခုထိ ဘယ်သူမှ မသိခဲ့ကြဘူး။



မိုးအိမ်လူ

ကိုရင်နင့်ကြီးနဲ့ ကိုနေလင်းထွန်းကြီးအား ချစ်ခင်စိတ်ဖြင့် ကြယ်စီထားသော ညီလေးအား ခွင့်လွှတ်တော်မူ။ ကျန်သော သူငယ်ချင်းများက
လည်း သူတို့ မပါဝင်၍ မချစ်ခင်ဘူးဟု ထင်မှာစိုးသောကြောင့် စာရေးဆရာအုပ်စုတွင် မိုဘာမှ စာရေးသူများ အားလုံးပါဝင်ကုန်မူ။
ဤကား စကားချပ်တည်း။