Sunday, October 23, 2011
သေတမ်းစာ
  ပျောက်ဆုံးသွားတဲ့ လမင်းတွေကို
နှမြောတသဖြစ်ရင်း မျက်စိရှေ့ က အိပ်မက်တွေကို နင်းချေ
အတိတ်ရဲ့ လက်ဖ၀ါးထဲမှာ စွန်းထင်းခဲ့တဲ့
အစိမ်းရင့်ရင့် နှင်းဆီ
တမ်းတ လွမ်းမော မျှော်လင့် စောင့်စား
ပုံစံခွက်ထဲမှာ အိပ်စက်ညထက် အိပ်ပျက်ညတွေ များလာခဲ့
ချစ်သူ..ရေ….. တွန့် ဆုတ်နှုတ်ခမ်းထက်မှာ ထင်ကျန်
ဧပရယ်ရဲ့ နေခြည်ရွှန်းမှာ
ပိတောက်တို့ ဝင့်ဝင့်ကြွားကြွား ပွင့်လန်းလှပနေခဲ့
ဒီအချိန်ဆို..
ရွက်ခြောက်တို့ ခင်းကျင်းတဲ့ တောလမ်းကလေးမှာ
ချစ်သူရဲ့ ကိုယ်သင်းရနံ့ လေးတွေ သင်းပျံ့ နေမလား
ခေါင်းစဉ်ပေါင်းများစွာနဲ့  စွဲလမ်းရူးမက်ခဲ့ရတဲ့
နေ့ ရက်တွေမှာ မျက်ဝန်းတစ်ချက်နဲ့  ဖြေသိမ့်ခဲ့
သြဂုတ်ရဲ့ လေကြမ်းမိုးတွေကို
မျက်နှာလွဲ ဘာနဲ့ မှ ငြှိမ်းလို့ မရတဲ့ မီးတောက်
စကားတစ်ခွန်းမှာ စိမ်းလဲ့သွားတဲ့ မီးတောက်
သေဆုံးခြင်းမှန်း မသိခင် သေဆုံးသွား
ရင်ဘတ်မှာ မီးမုန်တိုင်းတွေ စိမ်းတောက်လို့ 
တုံးအမှုရဲ့ နောက်ကြောင်း ရာဇ၀င်လား
ရိုးစင်းမှုရဲ့ သမိုင်းနောက်ခံလား
ခက်ခက် ဝေဖြာခွင့် မရခင်မှာ သေဆုံးသွားတဲ့
သစ်ပင်လေးရဲ့ သေတမ်းစာ
ခရမ်းေ၇ာင်  ခရမ်းရောင်
ခရမ်းရောင်
သေတမ်းစာ
ကြေကွဲခြင်း… ကျရှုံးခြင်း… သေဆုံးခြင်း။
မိုးအိမ်လူ
စောင့်စားခြင်း
ပြန်ဆုံကြမလား
နွေဦးရဲ့ လေပူတွေနဲ့ အတူ ရင်ထဲမှာလည်း နေဆယ်စင်း
နံရံရဲ့ တစ်ဖက်က ရင်ခုန်သံတွေ
လေထုကို လှုပ်ခါ
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်တယ်
နေ့ ရက်များစွာတို့ ရဲ့ ညနေခင်းတွေကို ဆုပ်ကိုင်
ချစ်ခြင်းရဲ့ အဓိပ္ပာယ်မှာ ရောင်စဉ်တို့ လှိုင်းခတ်
ယုံကြည်မှုကို မွေးဖွားဖို့ ဧဒင်ဥယျာဉ်လို တယ်
ကွဲပျက်သွားတဲ့ သံစဉ်တွေကို ငေးရင်း
လခြမ်းကွေးလေးရဲ့ အောက်မှာ
မျှော်လင့်ခြင်းတို့ ရုန်းဆန်
( အိပ်မက်တိုင်းမှာ ချစ်သူရှိတယ် )
ရံဖန်ရံခါ ရွာချင်ယောင်ဆောင်တဲ့ မိုးစက်တွေ
စိတ်ရှိတိုင်း ရွက်လွှင့်ပစ်မယ့် ဆောင်းရာသီနဲ့ 
ဟိုးအဝေးမှာ နေ၀င်ချိန်တို့ တိုးတိတ်စွာ ရှိုက်ငိုနေတယ်။
မိုးအိမ်လူ
အိပ်မက်သစ်သီး
တစ်ကြောင်းဆွဲ ပုံရိပ်တစ်ခုနဲ့ 
တစ်ချက်တည်း လဲပြိုသွားတဲ့…
သတိရခြင်းနဲ့ ဖန်ဆင်းရမယ့် ကောင်းကင်နဲ့ 
နေညိုချိန်တိုင်း လွန့် လူးသွားတဲ့…
ကျန်ရစ်ခဲ့တဲ့ မနေ့ ကရဲ့ မနက်ဖြန် နဲ့ 
ငေးရဦးမယ့် သက်တံလေးကြောင့် ကျိုး ပျက်သွားတဲ့…
အပြာရင့်ရင့်သစ်သီးတစ်လုံး
ပျားရည်သုတ်ထားတဲ့ ဓားသွားနဲ့ 
ခပ်ဖွဖွ လေး ဆွဲခြစ်လိုက်တဲ့အခါ……။
မိုးအိမ်လူ
မိုးငှက်ရဲ့ သံစဉ်
အပြာရောင် ရွှဲရွှဲစိုနေတဲ့ ကောင်းကင်
မွှေးညင်းလေးတွေ လှုပ်ခတ်ရုံ
တိုက်ခတ်သွားတဲ့ လေညှင်းလေးကို ဖမ်းဆုပ်
အိပ်မက်သစ်မှာ
မြူနှင်းတို့ ထာဝရ ဝေနေဆဲ
ကြိုးစားပမ်းစား ဖန်ဆင်းခဲ့တဲ့ မိုးတိမ်သစ်ပင်လေး
စကားလုံးစိမ်းစိမ်းတို့ ရဲ့ ချေဖျက်မှုမှာ
မျှော်လင့်ခြင်း ငှက်ငယ် အတောင်ကျိုးခဲ့တယ်။
မေ့လို့ မရတဲ့ မျက်ဝန်းကြည့်တွေ
ကမ္ဘာဦးတေးတစ်ပုဒ်ညည်းရင်း
ဂစ်တာကြိုးပြတ်တဲ့ ညက ကြယ်စင်တွ ငိုကြွေးလို့ 
နွေခေါင်ခေါင်မှာ မိုးကရွာတယ်
မှားယွင်းခဲ့တဲ့ ရှေ့ ဖြစ်ဟောစာတမ်းကို အခါခါဖတ်
ဆောင်းပျော်ငှက်တို့ အိပ်တန်းဝင်ခဲ့တယ်။
အသည်းကွဲငှက်ရဲ့ အငွေ့ ပျံ့ နေ့ ရက်တွေမှာ
ခရမ်းရင့်ရင့် ပုရပိုက်ကို ရင်မှာပိုက်
အ၀ါရောင် သစ်သီး တစ်လုံးနဲ့ ဖြတ်သန်းခဲ့
ရက်ရောခဲ့တဲ့ ပေးဆပ်ခြင်းတွေ
အလွမ်းပုံပြင်တို့ ပင်လယ်သေထဲမျောတဲ့အခါ
ဝင်ရိုးစွန်းကမ္ဘာမှာ မီးတောင်တွေ ပေါက်ကွဲ
သန်းခေါင်ယံမှာ ညဉ့် ငှက်တို့ ပျော်ချင်ယောင်ဆောင်ခဲ့ကြတယ်။
မိုးအိမ်လူ
ကြွပ်ကြွပ်အိတ် လူတန်းစား
ကြွပ်ကြွပ်အိတ် လူတန်းစား
မစားရအညှော်ခံ ကြွယ်ဝမှုတွေ အတွက်
အခြေမကြီး အနေ မကြီးပေမယ့်
ကိုယ်လည်း အထာ ကိုင်ချင်သေးတယ်
ရှေ့ မကြည့် နောက်မကြည့်
လောဘ အလိုဖြည့်မှုတွေ နဲ့ 
စတား မဖြစ်နိုင်လည်း
စတိုင်လ်တော့ ထုတ်ချင်သေးတယ်
အမှောင်ဖုံးနေတဲ့ အသိဥာဏ်နဲ့ 
မည်းနေတဲ့ အသားအရေက
ကိုရီးယားမင်သားလို ဖြူချင်ဖြူ
ပွယောင်းနေတဲ့ နှာခေါင်းက
ကိုရီးယားမင်းသမီးလို နှာတံ ဆင်းချင်ဆင်း
လူတုပ်ကွေးထက် ကြောက်ဖို့ ကောင်းပေမယ့်
စားသုံးကြည့်တော့လည်း
အဲ…မိုက်သဟေ့
အမျှော်အမြင် ရှိစရာ မလို
အပေါ်အပင် ရှိရင် လူကြည့်ကြမယ်
မောဟကို မသိပေမယ့်
အဖုံးမခံနိုင်ဘူးဆိုတဲ့ ….
ကိလေသာကို မသိပေမယ့်
ကပ်သမျှ ငြိပစ်မယ်ဆိုတဲ့ …
နောင် အနှစ်တစ်သန်းကြာတောင်
ဘယ်သောအခါမှ မပျက်စီး မပျောက်ပျက်သော…။
မိုးအိမ်လူ
သံတူ ကြောင်းကွဲ
နေညိုချိန်တိုင်း
ဒီမြင်ကွင်းကိုမှတ်မှတ်ရရ
အဆိပ်တောက်သီးတွေ ပြည့်နှက်
ငါကတော့
သူမကို ဘာသစ်သီးမှ မစားစေချင်ဘူး
အိပ်စက်ချိန်တိုင်း
အိပ်မက်မက်လိုက်ပါ
စံချိန်မီ ညှို့မျက်ဝန်းတွေရဲ့ ရာဇ၀င်
ငါ တတ်စွမ်းသမျှ ရေးသား
ဒီမိုးစက်တွေ
ငါ့ဦးခေါင်းကို မထိခင်
ဟော ဟိုသစ်ပင်အိုမှာ
ငါ့ မှတ်တမ်းတွေ ရှိတယ်
Someone ရေ
ကဗျာဆရာဆိုတာ
မျက်ဝန်းတွေတင် မကဘူး
မျက်မှန်တွေကိုပါ ရင်ခုန်ခံစားတတ်ရတယ်
မင်းရဲ့မျက်မှန် သမိုင်းကြောင်းနဲ့ 
ငါ့ရဲ့ ဂန္တ၀င်မျက်ဝန်း အိပ်မက်
ခံစားတတ်ရင်
ငါတို့ နှလုံးသားတွေ ခုန်နှုန်းမြန်လို့ ရပါသေးတယ်
အချစ်မှာ မူးယစ်ရီဝေခြင်းနဲ့ 
အရက်မှာ မူးယစ်ရီဝေခြင်း
နှိုင်းယှဉ် ဆုံးဖြတ်ရင်း
ငါတို့ ရဲ့ စကားလုံးတွေမှာ
အယ်လ်ကိုဟော နံ့ သင်းခဲ့သလား
နှင်းဆီနံ့  သင်းခဲ့သလား
Someone ရေ
မင်းက မိုးစက်တွေကို သက်ဝင်ရင်ခုန်
ငါကတော့ မိုးရာသီကို အိမ်ဖွဲ့ 
ငါတို့ ကမ္ဘာဦးကို မမီကြပေမယ့်
ကမ္ဘာဦး ပုံပြင်တွေကို
ရင်ခုန်ကြတယ်
မင်းက မင်းရဲ့ ရင်ခုန်သံ ကျယ်ကျယ်မှာ
သီတာမြစ်တစ်စင်း စီးဆင်းစေခဲ့ဖူးသလို
ငါကတော့
ငါ့ဘ၀ အိပ်မက်တွေကို
နတ်သမီး တစ်ပါးဆီမှာ ရင်းနှီးမြုပ်နှံ ခဲ့
တမ်းတချင်တိုင်း တမ်းတ
ရူးသွပ်ချင်တိုင်း ရူးသွပ်ခွင့်ရတဲ့
လူငယ်ဘ၀ရဲ့ ရွှေစင်အချိန်တွေကို
ငါတို့ ဘယ်လို ဈေးဖြတ်ခွင့်ရကြမလဲ
မင်းလည်း မေ့လိုက်ပါ
ငါကတော့
ငါ့ခေါင်းကို အရက်ပုလင်းနဲ့ ရိုက်ခွဲ
ဟိုး အတိတ်တွေကို
မဟူရာ ပိတ်ကား ချလို့ 
မင်းလည်း မေ့ လိုက်ပါ
ပြောခွင့်ရရင် ပြောလိုက်ချင်ပါတယ်
အဲဒီ မျက်ဝန်းဘုရင်မကို
Someone ရေ
မင်းက ကဗျာဆရာ
မင်းလို ငါက မဖွဲ့ နွဲ့ တတ်
အချစ်ဆိုတာ
ဟောဒီ မျက်ဝန်းမှာပဲ လှပတဲ့
အလှတစ်ပါးရဲ့ ကကြိုးဆိုတာ
မင်းသိမှာပါ
ငါက အချစ်ရူး
ရေခဲမုန့် ကလွဲရင်
ရွှေပုစွန်ကိတ်တောင် အကောင်း မမြင်တတ်ခဲ့ဘူး
ဒီလို ရူးမိုက်ရင်းနဲ့ ပဲ
ငါက
မိုးရာသီရဲ့ ဘုရင် ဖြစ်ချင်တာ
လမ်းကြုံရင်ပြောလိုက်ပါ
ငါ လွမ်းနေတဲ့ အကြောင်း
ငါက ငါ့ရဲ့ ဧဒင်ဥယျာဉ်မှာ
ခရမ်းရောင်ပန်းတွေပဲ စိုက်ပျိုးခဲ့
မှားယွင်းခဲ့တဲ့ မျိုးစေ့တွေအတွက်
ဥတုသုံးပါးကို
ခွဲခြမ်းစိတ်ဖြာပြီး ရှင်းမပြချင်ခဲ့
ငါက အမြဲ လက်ကမ်းခဲ့သူပါ
ကမ်းတဲ့လက်ကို
တွဲဆက်ဖို့ နဲ့ ပုတ်ချဖို့ က
သက်ဆိုင်သူတို့  အခွင့်အရေး
ငါ မေ့ခဲ့ပါတယ်
Someone ရေ
အခုချိန်ဆို
မင်းလည်း မင်းအိပ်မက်နဲ့ မင်း
မင်း ဆဲချင်တိုင်း ဆဲလို့ ရတဲ့ မင်း ကမ္ဘာနဲ့ 
မင်း ဖြစ်ချင်တိုင်း ဖြစ်လို့ ရတဲ့ မင်းကမ္ဘာနဲ့ 
မင်းလည်း သိပြီပေါ့
အသည်းကွဲတယ်ဆိုတာ
လူအချို့မြင်တွေ့ခွင့် မရလိုက်တဲ့
နေကြတ်ချိန်ဆိုတာ
မေ့လိုက်ပါ မင်းရဲ့ အမှတ်တရ နှစ်တွေကို
မေ့လိုက်ပြီ ငါ့ရဲ့ အမှတ်တရ နေ့ ရက်တွေကို
ဒီလိုနဲ့ 
မင်း ရင်ခုန်သက်ဝင်ခဲ့တဲ့ မိုးစက်တွေနဲ့ 
ငါ အိမ်ဖွဲ့ ခဲ့တဲ့ မိုးရာသီကြားမှာ
သူတို့ ပြောတဲ့ ရေပွက်တွေ
ဗွက်အိုင် ဖြစ်ခဲ့ပြီ
မင်းလည်း မေ့လိုက်ပါ။
မိုးအိမ်လူ
13 Jun 2009