ဆီသွပ်ဗူးထဲ ထည့်ထားသော စိုးရိမ်မှုအချို့ အလိုလို ပုပ်သိုးသွားခြင်းမှာ အမေရိကန်
ဘဏ်များ ဒေ၀ါလီ ခံသော ကြောင့် ၊ စီချွမ်မြေငလျင်ကြောင့် ၊ နာဂစ်မုန်တိုင်းကြောင့် ၊
ကမ္ဘာအနှံ့ ရေကြီးမှုများကြောင့် ဖြစ်သည်။ ထိုအဆိုမှာ မှားပါ သည်။ နည်းနည်းမှားပါသည်။
နည်းနည်းလေး မှားပါသည်။ သို့ ဖြစ်၍ မှန်ပါသည်။ ( ဘာမှ မဆိုင်ပါ။ )
၂၁ ရာစုတွင် မြန်မာနိုင်ငံ၌ ခေတ်လူငယ်အချို့ ဂျီတော့ခ် အသုံးများခြင်းကြောင့်
အမေရိကန်ဘဏ်တွေ ဒေ၀ါလီ ခံသွားကြပါသည်။ စီချွမ်တွင် မြေငလျင် လှုပ်သွားပါသည်။နာဂစ်မုန်တိုင်း
တိုက်ခံသွားပါသည်။ ကမ္ဘာအနှံ့ ရေကြီးမှုများ ဖြစ်ပေါ်လာပါသည်။ မဆိုင်ပါ။နည်းနည်းမှ မဆိုင်ပါ။
လုံးဝ မသက်ဆိုင်ပါ။
ဝန်ရိုးစွန်းဒေသများတွင် ရေခဲတောင်များ အရည်ပျော်လာကြသည်။ ရေကြီးမှုများ ဖြစ်လာသည်။
ကုန်းမြေပေါ် တွင် စံချိန်သစ်တင်နိုင်သော မောဟ တောင်တန်းကြီးများ ပေါ်ထွန်းလာသည်။ လူသားတို
့ထံတွင် ကိန်းအောင်းနေသော လောဘ အပူများ မြင့်တက်လာခြင်းကြောင့်
ကမ္ဘာကြီး ပူနွေးလာပါသည်။ သေလျှင် ကိုယ့်နောက် မပါသော အရာများ အပေါ် မာန်မာန ဘ၀င်စိတ်များ
မြှင့်တင်နေကြခြင်းကြောင့် အိုဇုန်းလွှာများပေါက်ပြဲလာသည်မှာ မာမွတ်တို့  ဒန်အိုး မဖာ
ဘဲ အိုဇုန်းလွှာ လိုက်ဖာနေခဲ့ရာ ယခုဆိုလျှင် ဘီလျံနာ ဖြစ်နေပြီ ဖြစ်ကြောင်း။
အမေရိကန်ငွေ ဒေါ်လာ ၊ မြန်မာငွေ ကျပ် တို့အပေါ် လိုချင်မျက်စိနှင့် ကြည့်၍ ကြွယ်ဝမှု
စည်းစိမ်ကို အဟုတ် ထင်နေသော ဦးနှောက်တို့ ၏ အထူးတလည် ကြိုးပမ်းမှုကြောင့် လူသားတို့၏
နှလုံးသားသည် အော်တို ပလက်စတစ် နှလုံးသားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ ဘာသာသူ နေ
နေသော ခေတ်ကို စိန်ခေါ်နေပါသည်ဟု မတရားစွပ်စွဲ သော ပညာရှင်များဟု ခေါ်သော လူတန်းစားကြောင့်
ဗြဟ္မာစိုရ်တရားလေးပါးမှာ ရွာပြန်၍ လယ်စိုက်နေ နေခဲ့ရကြောင်း။
ရာစုနှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရသော တိရစ္ဆာန်များ၏ ဆန့်ကျင်ပုန်ကန်မှုကြောင့်
အနေအထိုင်မတတ်သော လူတစ်စုသည် တိရစ္ဆာန်ရောဂါ ခံစားခဲ့ရသည်။ ထိုဖြစ်ရပ်နှင့်ဆက်လျဉ်း၍
ဆေးပညာတက္ကသိုလ်မှ ကျောင်းသားများသည် လူခန္ဓာဗေဒမှ တိရစ္ဆာန် ခန္ဓာဗေဒသို့ ပြောင်းလဲသင်ယူခဲ့ရကြောင်း
၊ အထက်ပါ ရောဂါနှင့် ပတ်သက်၍ ဆင်ခြေဖုံးရပ်ကွက် တစ်ခုမှ ကြက်ခြံပိုင်ရှင် တစ်ဦး ပြောကြားသည်မှာ
ထိုတိရစ္ဆာန် ရောဂါ ပေါ်လာ၍ သူခိုးကြီးများနေ့ က သူ ကောင်းစွာ အိပ်စက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာကျော် သတင်းထောက်ကြီးများ စုဆောင်းထားသော သတင်းအချက်အလက်များနှင့် ပတ်သက်၍
မည်သူမျှ အငြင်းမပွားကြ။ ကိုယ်သောက်နေကျ နွားနို့ သောက်ကောင်းလျှင်ပြီးတာပဲ ။ သူ့ ဘာသာ
မြောက်ပြန်လေ တိုက်တိုက် အရှေ့တောင်လေ တိုက်တိုက်။ မနေ့ ညက မီးပျက်သောကြောင့် သူ ဖယောင်းတိုင်မီးနှင့်
စာဖတ်ခဲ့ရသည်။ ထို့ ကြောင့် မျက်လုံးတွေ နာနေသည်။ မျက်မှန်တပ်သင့်နေပြီ ဟု သူ ထင်သည်။
မျက်မှန်တပ်ရရင်တော့ ဟယ်ရီပေါ်တာ မျက်မှန် တပ်ချင်သည်။
ညက သူ ကဗျာတစ်ပုဒ် ရေးဖြစ်သည်။ ရေးဖြစ်သည်သာ ဆို ရတာ ထိုကဗျာသည် ယခု မရှိတော့။
သူ့ ကဗျာ သည် အတောင်ပံတွေ အကြောင်းကို မော်ဒန်ဆန်ဆန် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ကဗျာသည်
ရေးပြီးပြီးချင်း ထပျံသွား သည်။ သူ ဖမ်းလို့ လည်း မမိတော့။ ကိစ္စတော့မရှိ။ ကဗျာမှာ သူ
့ကလောင်နာမည် ပါသွားသည်။ ဖမ်းမိတဲ့သူ လာပေး လိမ့်မည်။ ပေးချင်မှလည်း ပေးလိမ့်မည်။
သူလည်း အိပ်မရမယ့် အတူတူ ရုပ်ရှင်ကြည့်ရန် ရုပ်ရှင်ရုံသို့ ထွက်ခဲ့သည်။ ရုပ်ရှင်ရုံရောက်တော့
ဇာတ်ကားက ပြနေပြီ။ ဟောလီဝုဒ် ရုပ်ရှင်ဖြစ်သည်။ သိပ္ပံလွန် ဇာတ်ကားဖြစ်သည်။ သူ ကြည့်နေရင်း
မကြိုက်တော့၍ အိမ်ပြန် အိပ်နေ လိုက်သည်။
တီဗွီက နိုင်ငံတကာ သတင်း လာနေသည်။ တီထွင်မှုတွေအကြောင်း အများဆုံးကြေငြာသွားသည်။
သူလည်း တီထွင်ချင်သည်။ ဘာ တီထွင်ရင်ကောင်းမလဲ စဉ်းစားနေမိသည်။ အချိန်သာ ကြာသွားသည်။
အတွေးက ပေါ်မလာ။ ဒါနဲ့  သူ အိပ်ပစ်လိုက်သည်။
နွားနို့ခွက်မှာ အေးနေပြီ။ သူ တစ်ကျိုက်တည်း ကုန်အောင် မော့သောက်လိုက်သည်။ လက်ဘက်ရည်ဆိုင်က
မိုးယုစံ ပါသော ဗွီဒီယိုကား ပြနေသည်။ မိုးယုစံသည် ချောတော့ ချောပါသည်။ အဲ ဒါပေမယ့်
ချောတော့….အင်း.. ချော ပါသည်။ ဆိုင်ရှေ့တွင် လူတစ်ယောက် ပူဖောင်းတွေ ကိုင်ရင်း အဓိပ္ပာယ်တွေ
ရမယ် အဓိပ္ပာယ်တွေ ရမယ် ဟု အော်နေ သည်။ တီဗွီထဲက မိုးယုစံက အဓိပ္ပာယ်မရှိတာတွေ မပြောနဲ
့ဟု ပြောနေသည်။
နိုင်ငံတကာ ဆေးပညာရှင်များ၏ သုံးသပ်ချက်အရ ဒေါ်ဘုမ၏ ၀က်ကလေးသေဆုံးခြင်းသည် ကိုယ့်ကိုကိုယ်
သတ်သေခြင်း ဖြစ်ကြောင်း ၊ ကူးစက်ရောဂါနှင့် လုံးဝ မသက်ဆိုင်ကြောင်း ၊ ၀က်ကလေး၏ အလောင်းကို
စစ်ဆေးစဉ်က ၀က်ကလေးတွင် လျှာမရှိတော့၍ ကိုယ့်လျှာကို ကိုက်သေခြင်း ဖြစ်နိုင်ကြောင်း
သတင်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဒေါ်ဘုမ ကတော့ မည်သို့ ပင်ဖြစ်စေ သူကတော့ ၀က်ကလေးကို ပေါ်စားမည်
ဖြစ်ကြောင်း ၊ အသားယူရန် ကြိုတင်စာရင်း ပေးသွင်း ထားသူများ အများအပြားရှိနေကြောင်း
၊ အမေရိကန်သမ္မတကြီး မစ္စတာ အိုဘာမားကိုလည်း သုံးထပ်သား တစ်တွဲ လက် ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း
CNN သတင်းဋ္ဌာနသို့  ယနေ့ မနက်က ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းတစ်ရပ်မှာ ၀က်သားစားသူများအတွက် မည်သို့ သော ဘေးအန္တရာယ်မျှ
ရရှိမည် မဟုတ်ကြောင်း နှင့်ကြွပ်ကြွပ်အိတ်များ ကမ္ဘာကြီးအား ဒုက္ခပေးနေမှုအပေါ် ပညာရှင်တစ်စု၏
ခန့်မှန်းသုံးသပ်ချက်မှာ ပလက်စတစ်နှင့် ပလက်စတစ်လုပ် ပစ္စည်းများသည်လည်း ကမ္ဘာကြီး ကို
ဆိုးကျိုးများစွာ ဖြစ်စေကြောင်း ၊ ပလက်စတစ် နှလုံးသား ရှိနေသူများသည်လည်း ဇီဝဆဲလ်များ
ပြောင်းလဲမှုအရ အချိန်မရွေး ပလက်စတစ်ရုပ် သို့ မဟုတ် ပလက်စတစ် လူသားများ အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း
ထုတ်ပြန်ကြေငြာခဲ့တယ်လို့ သတင်းရရှိပါသည်။
သူ အိပ်ရာမှ နိုးသောအခါ သူ့ ခေါင်းအုံး အောက်က အဓိပ္ပာယ်များ ပျောက်ဆုံးနေသည်ကို
တွေ့လိုက်ရသည်။ အဓိပ္ပာယ်များ မရှိသည့်အတွက်
သူ့ အဖို့  ဘာမှ မဖြစ်သော်လည်း အခြားလူသားများကတော့ သေရေးရှင်ရေးလို သဘောထားနေကြသည်။
ထို့ ကြောင့် သူ အဓိပ္ပာယ်များကို ရှာကြည့်သည်။ ခုတင်အောက်မှာလည်း မတွေ့၊ ဗီရိုထဲမှာ
လည်း မရှိ ၊ စာအုပ်စင်မှာလည်း မမြင် ။ သွားပြီ။
သူ ဒီနေ့ မြို့ထဲသွားလို့ မရတော့ ။ လူတွေက အဓိပ္ပာယ်မရှိသော သူ့ ကို မြင်လျှင် စိတ်ဆင်းရဲနေကြလိမ့်မည်။
သူ လူတွေကို စိတ်မဆင်းရဲစေချင်သောကြောင့် အဓိပ္ပာယ်တွေ ပြန်ဝယ်ရလိမ့်ဦးမည်။ ပြီးမှ
မြို့ ထဲကို သွားရမည်။ ဒီနေ့ တော့…။
*
မိုးအိမ်လူ
Teen Magazine , June , 2012
No comments:
Post a Comment